Pages

Wednesday, December 4, 2013

အချိန်မီသာပြင်ဆင်ခွင့်မရှိခဲ့ရင်....

ဒီကာတွန်းဟာ ဦးဘဂျမ်းကာတွန်းပွဲတော်မှာ ပထမဆု ရတယ်လို့ ရေးကြပြောကြတာကို ဖတ်ရပါတယ်။ အဲဒါကို ကျွန်တော်မသိပါ။ အတည်ပြုချက် မပေးနိုင်ပါ။ ဒီကာတွန်းနဲ့ ပတ်သက်ပြီး NLD က မကျေမနပ် ဖြစ်နေတယ်လို့လည်း ရေးကြပြောကြပါသည်။ အဲဒါလည်း ကျွန်တော် သေချာမသိပါ။ ကာတွန်းဆရာနဲ့ ဆုပေးတဲ့ အဖွဲ့ နှစ်ခုလုံးဟာ ဦးနှောက်မရှိဘူးဟု ဒေါ်စုဂုဏောများက ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်ဟုလည်း ကြားရပါသည်။ ထိုသတင်းကိုလည်း ကျွန်တော်တိတိကျကျ မသိပါ။


ကျွန်တော်ပြောလိုသည်က ၂ ချက်ရှိပါသည်။

၁။ ကာတွန်းဆရာသည် ယခုမှ စိတ်ကူးပေါက်၍ ထရေးသူတစ်ဦး မဟုတ်ပါ။ ဂျာနယ်တွေ၊ နေ့စဉ် ထုတ် သတင်းစာတွေမှာ ကျွန်တော်တို့ ဖတ်နေကျ၊ မြင်နေကျ ကာတွန်းဆရာ ဖြစ်ပါသည်။ သမ္မတအစ လွှတ်တော်အဆုံး အစိုးရအဖွဲ့မကျန် သူမြင်သမျှကို သရော်သော၊ ဝေဖန်သော၊ ထိုးနှက်သော ကာတွန်းများ ရေးဆွဲနေသူတစ်ဦး ဖြစ်ပါသည်။ ထိုစဉ်က အားလုံးဝိုင်း၍ လက်ခုပ်တီးခဲ့ကြပါသည်။

၂။ ယခု ကာတွန်းကို ကောင်းသည်၊ ဆိုးသည် ကျွန်တော် မဆွေးနွေး မငြင်းခုန်လိုပါ။ သို့သော် ဤကာတွန်းသည် လက်တွေ့ဘ၀မှ ပြည်သူများ၏ အမြင်ကို ထင်ဟပ်ကြောင်း ၉၉.၉၉ ရာခိုင်နှုန်း အာမခံပါသည်။ ကျွန်တော် မကြာခဏ ရေးခဲ့ပြီးဖြစ်ပါသည်။ NLD ထိပ်ပိုင်းက ဘယ်လိုပဲ အကြောင်းပြပြ တစ်နိုင်ငံလုံး နားလည်ထားတာက ဖွဲ့စည်းပုံကို ပြင်ဆင်လိုခြင်းသည် ဒေါ်စုကို သမ္မတနေရာ မရအောင် လုပ်ထားခြင်းကြောင့်ဟုသာ။ အခြားသော ဒီမိုကရေစီစံနှုန်းနှင့် ညီသည်၊ မညီသည်၊ တပ်မတော်ကို အာဏာ အလွန်အကျွံပေးထားသည်၊ မပေးထားသည် စသည်များကို သာမန်ပြည်သူတွေ မသိပါ။ ဘယ်သူကမျှလည်း သိအောင်မလုပ်ပေးကြပါ။ ရှေ့ကရေးခဲ့သည့် ပို့စ်မှာပဲ ကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ NLD က လူငယ်ပဲလာလာ၊ လူကြီးပဲလာလာ သူတို့ပြောတာ အရှင်းဆုံး။ ဒေါ်စုကို သမ္မတဖြစ်စေချင်သလား၊ အဲဒါဆိုရင် ဖွဲ့စည်းပုံကို ပြင်ရမယ်တဲ့။ ကျွန်တော်က ဒါမျိုးကို ကြိုက်သည်။ ကျန်တဲ့ စံနှုန်းတွေ၊ ဘာနှုန်းတွေကို သူတို့မသိ။ သူတို့သိတာ သူတို့ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်စုသည် ဖွဲ့စည်းပုံကို မပြင်လျှင် သမ္မတမဖြစ်နိုင်။ ထို့ကြောင့် အဲဒါကြီးကို ပြင်မှရမည်။ ဒါပဲ။ ဘယ်လိုပြင်ရမလဲ... လာမမေးနဲ့ မသိဘူး။ ပြင်ရမယ်ဆိုတာတော့ သေချာသိတယ်။ အဲဒါက ပြည်သူ့အမြင်နဲ့ ထပ်တူဖြစ်ပါသည်။ ထို့ကြောင့် ယခုကာတွန်းသည် ပြည်သူ့အမြင်ကို အပြည့်အ၀နီးပါး ထင်ဟပ်ကြောင်း ကျွန်တော် ဆိုခြင်း ဖြစ်ပါသည်။

သမ္မတကို ဒီကာတွန်းဆရာက ဝေဖန်ကလိနေတုန်းကတော့ အားလုံးက တပြုံးပြုံး လုပ်နေခဲ့ကြပြီးမှ သူတို့ကို တစ်ကွက်ကလေး ထိသွားတော့ ဆတ်ဆတ်နာသည်ဆိုတာကတော့ ဒီမိုကရေစီ မဆန်ဘူးဟု ထင်မိပါသည်။

ဘာပဲပြောပြော ဒီနှစ် ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲကို မသွားဖြစ်နိုင်ခဲ့ပါ။ ထို့ကြောင့် အရင်နှစ်တွေ ကလို ဟိုကာတွန်းကြည့်လိုက်၊ လမ်းလယ်ခေါင်မှာ မတ်တတ်ရပ်ရင်း ရယ်လိုက်၊ ဓာတ်ပုံတွေ ရိုက်လိုက် မလုပ်ဖြစ်နိုင်ခဲ့ပါ။ အခုမြင်ရသည့် တစ်ပုံဆိုတစ်ပုံဆိုသလောက် ကာတွန်းကိုတော့ဖြင့် သဘောကျမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
ည ၈ နာရီ ၆ မိနစ်တွင်ပြီး၏။

https://www.facebook.com/politicalarticlesofmyanmar

No comments:

Post a Comment