Pages

Monday, January 6, 2014

၁၉၉၇-၁၉၉၈ အာရှဘဏ္ဍာရေးနှင့်စီးပွားရေး အကျပ်အတည်းမှ ပေါ်ထွက်လာသည့် အရေးပါသော သဘောတရားများ

ခင်မောင်ညို (ဘောဂဗေဒ)

အာရှဘဏ္ဍာရေး အကျပ်အတည်းဖြစ်ချိန်က ထွက်ပေါ်လာသော စာရင်းစာတမ်းများကို ပြန်လည်သုံးသပ်ရာမှ အကြံဥာဏ်များ၊ စိတ်ကူးစိတ်သန်းများထပ်တလဲလဲ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ကို ရှင်းပြမှတ်သားရန် လိုအပ်ပါသည်။ ထိုသဘောတရား များကို နားလည်လျှင် အတိတ်ကတွေ့ကြုံခဲ့ပြီး မကြာမီကလည်းတွေ့ကြုံခဲ့ရသော ကမ္ဘာ့စီးပွားရေးအကျပ်အတည်းများနှင့် ကျဆင်းမှုများအကြောင်း နားလည်သဘောပေါက်စေနိုင်ပါသည်။ သဘောတရားငါးခုကို အောက်တွင်ဖော်ပြထားပါသည်။


ပထမသဘောတရားမှာ “ဟောသည့်အတိုင်းဖြစ်လာအောင် ကိုယ်တိုင်လုပ်ခြင်း” ဖြစ်ပါသည်။ အမျိုးသမီးငယ်တစ်ယောက် ဆိုပါစို့။ ချောမောလှပသည့် အမ်ဘီအေဘွဲ့လည်းရထားသည်။ စီးပွားရေးလုပ်ငန်းတစ်ခု၏ ဦးဆောင်ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။ သူ့ကိုယ်သူ လင်ကောင်းသားကောင်းရထိုက်သူဟု ယုံကြည်သည်။ သို့သော်ပို၍ သေချာစေရန် ဗေဒင်မေးသည်။ လက္ခဏာကြည့်သည်။ လက္ခဏာဆရာက သူ့လက်ဝါးကိုကြည့်ပြီး “အိမ်ထောင်ရေးကံကောင်းမယ်၊ ဒေါက်တာတစ်ယောက် နဲ့ရမယ်၊ ပါရဂူဘွဲ့ရတဲ့သူကိုပြောတာမဟုတ်ဘူး၊ တကယ့်ဆရာဝန်နဲ့ရမှာ” ဟောလိုက်သည်။ ထိုအမျိုးသမီး အတော်ကျေနပ် သွားသည်။ သူ့စိတ်ထဲတွင် ဆရာဝန်တစ်ယောက်နှင့် ရမည်ဆိုသည့် ဟောကိန်းကစွဲနေသည်။ ဆရာဝန်တစ်ယောက်နှင့် ဆုံတိုင်းသူ့ချစ်သူက ဒီလူလေလားဟု တွေးမိသည်။ သူနှင့်တွေ့ကြုံသော ဆရာဝန်များကို ပို၍အာရုံစိုက်သည်။ ဆွဲဆောင်မှု ကလည်းရှိ၊ ဆရာဝန်တွေကိုလည်း အာရုံစိုက်သောအခါ နောက်ဆုံးတွင် ဆရာဝန်တစ်ယောက်နှင့် လက်ထပ်ရသည်။ ဗေဒင် မှန်သွားသည်။ ဤဖြစ်ရပ်ကို ဟောသည့်အတိုင်းမှန်အောင် ကိုယ်တိုင်ဖြည့်ဆည်းလိုက်ခြင်းဟုခေါ်သည်။ အခြားသော သာဓက တစ်ခုမှာ ထိုင်းဘဏ္ဍာရေးဝန်ကြီးက CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် “တစ်ဒေါ်လာကို ၃၅ ဘတ်နှုန်းဖြစ်နေတာ မဖြစ်သင့်ဘူး။ တစ်လအတွင်း ၄၅ ဘတ်နှုန်းဖြစ်လာလိမ့်မယ်လို့တွက်တယ်” ဟု ပြောကြားလိုက်သည်။ သူ့ပြောကြောင့် ထိုင်းစတော့ဒိုင်တွင် ယောက်ယက်ခတ်လှုပ်ရှားသွားသည်။ ဝန်ကြီး၏ဟောကိန်းသည် တစ်လအတွင်းမဟုတ်ဘဲ တစ်ပတ် အတွင်းမှန်သွားသည်။

ဒုတိယအရေးပါသော သဘောတရားတစ်ခုမှာ အရဲစွန့်လွန်းသူကို အားပေးအားမြှောက်လုပ်ပေးခြင်း (Moral Hazard) ဖြစ်ပါသည်။ ဥပမာ- ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၏သားရှိသည်။ အဖေသူဌေး၏ လုပ်ငန်းတွေက ကျယ်ပြန့်သည်။ သူအနားယူလျှင် သားက သူ့လုပ်ငန်းတွေကို ဆက်ခံစေလိုသည်။ သို့သော်သားက စီးပွားရေးလုပ်ငန်းတွေကို စိတ်မဝင်စား၊ ရော့ခ်ဂစ်တာသမားနှင့် ရုပ်ရှင်မင်းသားသာဖြစ်လိုသည်။ သူကသူ့အဖေကိုပြောသည်။ “အဖေ၊ ကျွန်တော် စီးပွားရေးမလုပ်ချင်ဘူး။ အဖေ့ကုမ္ပဏီတွေ ကျွန်တော်လုပ်ကြည့်ရှင် အကုန်ရှုပ်ကုန်မယ်။ ပိုက်ဆံတွေအများကြီးရှုံးမယ်။” အဖေက “မပူနဲ့ ကုမ္ပဏီတစ်ခုပျက်သွားရင်တောင် ကုမ္ပဏီနှစ်ရာကျန်သေးတယ်၊ ငါချမ်းသာတာတွေ အများကြီးရှိသေးတယ်။ မင်းလုပ်လို့ကိုင်လို့ ဒုက္ခရောက်ရင် မင်းကြိုက်သလောက်သုံးလို့ရတယ်။” ဟုပြန်ဖြေသည်။ ယခုအခါ သားက အဖေနှင့် ဥစ္စာဓနများ၊ သြဇာအရှိန်အဝါများက သူ့ကို ကျောထောက်နောက်ခံပေးထားကြောင်း၊ အရေအကြောင်းရှိလျှင်ကယ်တင်ပေး နိုင်ကြောင်း၊ သဘောပေါက်သည်။ ထိုအခါ သူကဂရုတစိုက်မရှိတော့။ အန္တရာယ်များသည့်အလုပ်တွေကို မဆင်မခြင်လုပ်သည်။ အခြားဆင်ခြင်စဉ်းစားတတ်သူတွေ ရှောင်ရှားမည့်မလုပ်တွေကို ဇွတ်တိုးလုပ်သည်။ ဥပမာ- ဆော်ဒီအာရေဗျကို သဲသွားရောင်း လျှင်မြတ်မည်ထင်ပြီး သဲသွားရောင်းချင်သည်။ ဤအခြေအနေမျိုးကို ဇွတ်တိုးသည်။ အားပေးအားမြှောက်လုပ်သည်ဟု ခေါ်သည်။ လူတစ်ယောက်၊ လုပ်ငန်းတစ်ခုက၊ အစိုးရသို့မဟုတ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့သို့မဟုတ် မိတ်ဆွေ တစ်ယောက်ယောက်က ဒုက္ခရောက်သည့်အချိန်တွင် သေချာပေါက်အကူအညီပေးမည်ကိုသိလျှင် ဂရုမစိုက်တော့ဘဲ သာမန် အခြေအနေတွင် မလုပ်မည့် စွန့်စားမှုတွေကို လုပ်ဆောင်လေ့ရှိသည်။
တတိယသဘောတရားမှာ အများလုပ်သလိုလိုက်လုပ်တတ်သည့်အပြုအမူ (Herd Instinct) ဖြစ်သည်။ ကြွက်နှင့်တူသည့် lemming ခေါ်အကောင်လေးတွေ အာတိတ်ဒေသတွင်ရှိကြပြီး ယုန်ကဲ့သို့ပင်သားပေါက်နှုန်းမြန်သည်။ အကောင်လေးတွေ အလွန်များပြားလာသည့်အခါ ရွှေ့ပြောင်းချင်စိတ်ပေါက်လာကြသည်။ အချို့ Lemming အကောင်လေးတွေကစပြီး ရွှေ့ကြ သည်။ အုပ်စုအတွင်း သူများလုပ်သလို လိုက်လုပ်တတ်သည့် အလေ့အထကြောင့် အခြားအကောင်လေးတွေက လိုက်ရွှေ့ ကြသည်။ မကြာမီ၌ပင် အသည်းအသန်ကမူးရူးထိုးပြောင်းရွှေ့ကုန်ကြသည်။ ပထမတွင် ရာဂဏန်း၊ ထို့နောက်ထောင်ချီ၊ သောင်းချီ၍ ရွှေ့ကုန်ကြသည်။ လယ်ကွင်းတွေ၊ ချိုင့်ဝှမ်းတွေ၊ စမ်းချောင်းတွေ၊ ချုံပုတ်တွေ၊ ရေကန်တွေကိုဖြတ်ကြရင်း နောက်ဆုံးတွင် သမုဒ္ဒရာအထိရောက်လာကြသည်။ သူတို့စိတ်ထဲတွင် နောက်ထပ်ရေကန်ကြီးတစ်ခုဟု သဘောထားကာ ခုန်ချပြီး တစ်ဖက်ကမ်းရောက်အောင်ကူးကြသည်။ ထောင်သောင်းချီ၍ ရေနစ်ကုန်သည်။ Lemming ကောင်လေး သူများ လုပ်သလိုလိုက်လုပ်ကြခြင်းသည် သဘာဝက ကောင်ရေမတိုးပွားစေရန် ထိန်းချုပ်သည့်နည်းတစ်ခုဖြစ်ပုံရသည်။

စတုတ္ထအသုံးဝင်သော သဘောတရားမှာ နိုင်ငံတစ်ခု၏အောင်မြင်မှုနှင့်အတူ ကျဆုံးမည့် မျိုးစေ့များ ပါလာခြင်းဖြစ်သည်။ ဗြိတိန် နိုင်ငံသည် ဤအခြေအနေမျိုးကို ၁၈၉၀ ပြည့်လွန်နှစ်များတွင် အာဏာနှင့် ဂုဏ်သိက္ခာ ထိပ်ဆုံးရောက်ပြီးရွှေထီးဆောင်းချိန် တွေ့ကြုံရသည်။ ထိုအချိန်က ဗြိတိန်သည် စစ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရေတပ်အင်အားတို့တွင် ကမ္ဘာပေါ်၌ အကြီးမားဆုံးဖြစ်ခဲ့သည်။ ထိုအချိန်တွင် ဥရောပတွင် စက်မှုလက်မှု၌ ဂျာမနီနှင့် ယှဉ်ပြိုင်နေရသည့်အချိန်လည်းဖြစ်သည်။ ဤပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံအခြေမလှပေ။ ဗြိတိသျှတို့က ၎င်းတို့၏ ထုတ်ကုန်များကို ပေတွေ၊ လက်မတွေနှင့် ဖော်ပြသည်။ လက်စွဲစာစောင်တွေကို အင်္ဂလိပ်ဘာသာဖြင့်ရေးသည်။ ထိုအချိန်တွင် ဥရောပတိုက်သားတို့အတွက် ဈေးသက်သာသည့် ပစ္စည်းများကိုသာ ဝယ်ယူနိုင်ချိန်ဖြစ်သော်လည်း ဗြိတိသျှတို့က ဈေးပေါသောပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းမပြု။ ကမ္ဘာပေါ်တွင် နံပါတ် ၁ ဖြစ်နေသဖြင့် နာမည်ကောင်းကို ထိန်းသိမ်းရန်လိုသည်ဟု ဗြိတိသျှတို့က ယူဆပြီး ဈေးပေါသော ပစ္စည်းတွေမထုတ်။ ကမ္ဘာပေါ်တွင် ကိုယ့်ကိုယ်ကို အကြီးကျယ်ဆုံး၊ မိမိ၏နည်းလမ်းသည်သာ အကောင်းဆုံးဟု ယူဆယုံကြည် သောအခါ တစ်ခါတစ်ရံတွင် လက်တွေ့အခြေအနေနှင့်ကင်းကွာပြီး ထူးဆန်းမိုက်မဲသော အလုပ်တွေနှင့် လုပ်တတ်ကြသည်။

ပဉ္စမနှင့် နောက်ဆုံးသဘောတရားမှာ တစ်ခုချင်းမှန်သော်လည်း အားလုံးအတွက် မမှန်သည့် သဘာဝပင်ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းအတွက်မှန်သော်လည်း အားလုံးအတွက်မမှန်ပေ။ နိုင်ငံတစ်နိုင်ငံအတွင်းတွင် အခြားသူများထံမှ ခိုးယူကာ လူတစ်စုကြွယ်ဝချမ်းသာအောင် လုပ်နိုင်ကောင်းလုပ်နိုင်မည်။ သို့သော် တစ်နိုင်ငံလုံးက သူတစ်ပါးထံမှ၊ အချင်းချင်း အပြန် အလှန်ခိုးယူခြင်းဖြင့် ကြွယ်ဝချမ်းသာလာမည်မဟုတ်ပေ။ အလားတူပင် ဘောလုံးပွဲတစ်ပွဲတွင် ပရိသတ်တချို့က မတ်တတ်ရပ် ကြည့်လျှင် ဘောလုံးပွဲကိုကောင်းကောင်းမြင်နိုင်သော်လည်း ကွင်းထဲရှိ ပရိသတ်အားလုံးထကြည့်ကြလျှင် ထူးပြီး မြင်ကွင်းကောင်း လာစရာအကြောင်းမရှိပေ။

၇-၁-၂၀၁၄ ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်။
https://www.facebook.com/politicalarticlesofmyanmar

No comments:

Post a Comment