ဝမ်းဆက်တစုံ
အာဖျံကွီး
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ကျောင်းဆရာအလုပ်ဟာ ၀င်ငွေကောင်းပြီး ဂုဏ်လည်းရှိတဲ့ အလုပ်ဖြစ်လို့ ဘွဲ့ရပညာတတ်တွေ မက်မောတဲ့ အလုပ်တခု ဖြစ်ပါသတဲ့။ အာဖျံကွီးတို့ မြန်မာနိုင်ငံမှာတော့ ကျောင်းဆရာ လုပ်ရတာ လခနဲ့ မလောက်ငှလို့ ကလေးတွေကို စာသင်ရင်း မုန့်ပါတွဲရောင်းလို ရောင်းရ၊ ကိုယ့်အတန်းက ကလေးတွေကိုပဲ အိမ်ခေါ်ပြီး ၀ိုင်းကျူရှင် ပြလိုပြရနဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမတွေခမျာ နိစ္စဓူဝ ၀မ်းရေးပြေလည်ဖို့အရေး ဖတ်သီဖတ်သီနဲ့ လုံးချာလည်လိုက်နေကြရပါတယ်။ အဲဒီလို အများစု ကျောင်းဆရာ၊ ကျောင်းဆရာမတွေ ဆင်းရဲမွဲတေ ဒုက္ခရောက်နေကြပေမယ့် လင်ခရူဇာကားကြီးတွေ စီးပြီး ဟန်းဖုန်း လေးငါးလုံး (နိုင်ငံတကာမှာ ဟန်းဖုန်းဆိုတာ ကလေးရော ခွေးပါ အလွယ်တကူ ကိုင်နေကြတာ ဖြစ်ပေမယ့် မြန်မာပြည်မှာကတော့ ဟန်းဖုန်းဆိုတာ အခုအချိန်အထိ သူဌေးကိုင်ပစ္စည်း ဖြစ်နေတုန်းပါပဲ။ ဒါကလည်း လွယ်တာကို ခက်အောင် လုပ်ထားတဲ့ စစ်အုပ်စုရဲ့ စားပေါက်ထွင်မှုကြောင့် ဖြစ်နေရတာပါ။ အဲဒီလိုခက်မှလည်း စစ်အုပ်စုဝင်တွေ အိတ်ကပ်ထဲ သပိတ်ဝင်အိတ်ဝင် ရောက်မှာမဟုတ်လား။) နဲ့ ဇိမ်ကျနေတဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမကြီးတွေလည်း ရှိပါတယ်။ သူတို့ကတော့ အကပ်အရပ်ကောင်းလို့ ရန်ကုန်လို မန္တလေးလို မြို့တော်ကြီးတွေရဲ့ နာမည်ကြီးကျောင်းတွေမှာ ကျောင်းအုပ်ဆရာ၊ ကျောင်းအုပ်ဆရာမကြီး ဖြစ်နေကြသူတွေပေါ့။
ရန်ကုန်မှာ ဆိုရင်တော့ တီတီစီတို့၊ ဒဂုံ (၁) တို့၊ လသာတို့ … စတဲ့ ရန်ကုန်မြို့လယ်ခေါင် ကျောင်းတော်ကြီးတွေက ကျောင်းအုပ်ဆရာ၊ ကျောင်းအုပ်ဆရာမကြီးတွေပေါ့ခင်ဗျာ။ အဲဒီဆရာ၊ ဆရာမကြီးတွေ ဘယ်လိုဘယ်ပုံ ၀င်ငွေကောင်းကြတာလဲဆိုတော့ (စာအသင်အပြကောင်းလို့ မဟုတ်ဘဲ) သူတို့ကျောင်းကို ပြောင်းထားချင်တဲ့ ကျောင်းသားမိဘတွေဆီက တယောက်ကို ၃ သိန်း၊ ၅ သိန်း၊ ၇ သိန်း၊ ၁၀ သိန်း စသဖြင့် ငွေကြေးသော်လည်းကောင်း၊ တန်းဖိုးညီမျှတဲ့ ပစ္စည်းသော်လည်းကောင်း အမျိုးမျိုးတောင်းပြီး ချမ်းသာကြွယ်ဝနေကြတာပါတဲ့ခင်ဗျာ။ အဲဒီလို ကျောင်းပြောင်းကြေး ပေးဖို့အတွက် သူတို့က တိုက်ရိုက်အတွေ့မခံဘဲ ကျောင်းမှာရှိတဲ့ လက်အောက်ငယ်သား ဆရာ၊ ဆရာမတွေက ပွဲစားလုပ်ပေးကြရတာပါတဲ့။ အာဖျံကွီးလည်း ကြားကာစက အဲဒီသတင်းကို မယုံချင်ချင် ဖြစ်မိသေးရဲ့။ ပညာရေးလောကက လူတွေတော့ ဒီလောက်အထိ အကျင့်မပျက်လောက်သေးဘူးလို့ ထင်မိလို့ပါ။
အပြည့်အစုံသို့...

Tuesday, March 5, 2013
ပြုံးသူမှာ မျက်ရည်စတွေနဲ့ …
ဂျင်ဂလိ
ဘုန်းမီးနေလတောက်ပစဉ်က မြန်မာပြည်တနံတလျား လျှောက်ပတ်စားသောက်လေ့ရှိတဲ့ ပတ်တယောင် မင်းသားလေး ဗိုလ်ခင်ညွန့်ကို ကုလားထိုင်ပေါ်က ကန်ထုတ်လိုက်စဉ် ပူပူနွေးနွေးကာလက အဖြစ်အပျက်ကလေးတခုအကြောင်း ဂျင်ဂလိ ဖောက်သည်ချချင်ပါတယ်။ ဗိုလ်ခင်ညွန့် ၁၆ နှစ်ကျော်ကြာ တီဗွီမင်းသားကြီး ဖြစ်ခဲ့ချိန်မှာ သူကောက်ကျစ် နှိပ်စက်ခဲ့လို့ ဘ၀ပျက်ခဲ့ရတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေ တပြည်လုံးမှာ မရေမတွက်နိုင်လောက်အောင် ရှိခဲ့သလို သူနဲ့ ပလဲနံပသင့်ပြီး သူ့ပေးစာ ကမ်းစာ စားရလို့ ပြောင်ပြောင်ယောင်ယာင် ဖြစ်ခဲ့တဲ့ လက်တဆုပ်စာ လူတန်းစားလည်း ရှိခဲ့တယ်။ အဲဒီအထဲမှာ ဌာနဆိုင်ရာတွေက ဖော်လံဖားတတ်တဲ့ အရာရှိတွေလည်း ပါတယ်။ အဲဒီလူတွေအတွက်တော့ ဗိုလ်ခင်ညွန့်ဟာ ဘုရားတဆူ ဂူတလုံးပေါ့ခင်ဗျာ။
တရက်မှာ ဌာနဆိုင်ရာတွေဆီကို နအဖအစစ်အစိုးရက သူတို့လုပ်လေ့လုပ်ထရှိတဲ့အတိုင်း ခိုးကြောင်ခိုးဝှက် အမိန့်တခု ထုတ်ပြန်လာသတဲ့။ ဌာနဆိုင်ရာအတွင်းမှာရှိတဲ့ ဗိုလ်ခင်ညွန့်ဓာတ်ပုံတွေကို ဘယ်နှစ်ရက်အတွင်း အပြီးဖြုတ်ဆိုတဲ့ အမိန့်ဖြစ်သတဲ့။ အမိန့်အတိုင်းပဲ ဌာနတိုင်းမှာ ဗိုလ်ခင်ညွန့် ဓာတ်ပုံတွေကို အမြန်ဖြုတ်ချပြီး ချောင်ထဲမှာ သွားဖွက်ကြရသတဲ့ (ဂျင်ဂလိ မန္တလေးတောင်ပေါ် တက်ခဲ့တုန်းကတော့ ဗိုလ်ခင်ညွန့် ဓာတ်ပုံတွေကို ဖြုတ်ချပြီး ဘုရားရင်ပြင်တော် သံမံတလင်းပေါ်မှာ ပုံထားတာကို သံဝေဂရဖွယ် တွေ့ခဲ့ရတယ်)။ အဲဒီမှာ ဗိုလ်ခင်ညွန့်ကို ဖော်လံဖားပြီး သူနဲ့ ပလဲနံပသင့်ခဲ့တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနက အကြီးတန်းရာထူးနဲ့ အမျိုးသမီးတဦးဟာ သူမအခန်းထဲက ဖြုတ်ချထားတဲ့ ဗိုလ်ခင်ညွန့်ဓာတ်ပုံကို ကိုင်ပြီးကြည့်ကာ လွမ်းတသသနဲ့ မျက်ရည်စတွေ ဖြိုင်ဖြိုင်ကျနေသတဲ့။ ပါးစပ်ကနေပြီးတော့လည်း ဗိုလ်ခင်ညွန့် သူ့အပေါ် ကျေဇူးကြီးမားခဲ့ပုံတွေကို တီးတိုးရေရွတ်နေသတဲ့။
အဲဒါကို သူမအခန်းက ပီအေကောင်မလေးက အတိုင်းသား ကြားနေသတဲ့။ အဲဒီအချိန်မှာပဲ ဓာတ်ပုံတွေ ဖြုတ်ပြီးမပြီး လှည့်လည်စစ်ဆေးတဲ့ ဌာနဆိုင်ရာလူကြီး ဗိုလ်ချုပ်တယောက်က သူမအခန်းထဲကို ရုတ်တရက် ၀င်လာတာနဲ့ သူမလည်း မျက်ရည်သုတ်ချိန်မရလိုက်ဘဲ ကမန်းကတန်း ပြုံးနေလိုက်သတဲ့။ အဲဒါကို တွေ့သွားတဲ့ ဗိုလ်ချုပ်ဆိုသူက သူမကို ‘ဒေါ် --- ဘာဖြစ်လို့ မျက်ရည်တွေကျပြီး ပြုံးနေရတာလဲ’ လို့ မေးသတဲ့။ အဲဒီမှာ သူမဟာ ကြံရာမရ ဖြစ်သွားပြီး ဓာတ်ပုံကို ဘေးချကာ ပျာပျာသလဲ ပြန်ဖြေလိုက်သတဲ့။ သူမရဲ့ အဖြေကို ကြားလိုက်ရတဲ့ ပီအေမလေးခင်မျာ ကြောင်စီစီ ဖြစ်သွားသတဲ့။ သူမ ပြန်ဖြေလိုက်ပုံက ‘ဟို … ဟို … သူ မရှိတော့လို့ ၀မ်းသာတာရယ်၊ သူ့ကြောင့် ဒုက္ခရောက်ခဲ့တဲ့ သူတွေအတွက် ၀မ်းနည်းမိတာရယ်ကြောင့်ပါ ဗိုလ်ချုပ်’ တဲ့။ အလျှောက်ကောင်းတော့ အထောင်းသက်သာ ဆိုတာ ဒါမျိုးထင်ပါရဲ့။ ‘တတ်လည်း တတ်နိုင်တဲ့ ဖော်လံဖားတွေ ပါလားနော်’ လို့ပဲ ဂျင်ဂလိ သြချမိတော့တယ်။
ဂျင်ဂလိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

Monday, March 4, 2013
ရယ်ရမလို ငိုရမလို
ဂျင်ဂလိ
ဂျင်ဂလိတို့ မြန်မာစကားမှာ “ခေတ်ကျပ်ရင် သဘင်သည် အရင်ငတ်တယ်” ဆိုတဲ့ ဆိုးရှိတယ်ခင်ဗျ။ အဲဒီဆိုရိုးစကားဟာ နအဖစစ်အာဏာရူးတွေ အုပ်စိုးတဲ့ခေတ်ကို ရည်ညွှန်းလေတာပဲရယ်လို့ ဂျင်ဂလိတော့ ထင်မြင်မိရဲ့။ ဘာဖြစ်လို့ အဲသလို ထင်မြင်ရသလဲဆိုတော့ ဒီကနေ့ သူတို့တတွေ ဗိုလ်ကျစိုးမိုးနေတဲ့ ဂျင်ဂလိတို့နိုင်ငံမှာ တိုင်းသူပြည်သားတွေက ဆင်းရဲမွဲတေ၊ ဟိုနားတအုံးအုံး ဒီနားတအုံးအုံး ဗုံးထထပေါက်နေလို့ နေရထိုင်ရတာ ကျီးလန့်စာစားဖြစ်၊ အဲဒီလိုအခြေအနေကြောင့် စစ်အာဏာရူးတွေက ဖျော်ဖြေရေးသဘင်တွေ ကျင်းပခွင့်မပေးရဲ၊ ချောက်တီးချောက်ချက် ကျင်းပခွင့်ပေးတဲ့ ဖျော်ဖြေရေးသဘင်တွေ ကျပြန်တော့လည်း လူတွေက မွဲနေကြလို့ လာရောက် အားမပေးနိုင်၊ အဲဒီလိုနဲ့ မုန့်လုံးစက္ကူကပ် ဇာတ်ထုပ်တွေခင်းပြီး အနုပညာသမား အများစုကြီးဟာ မုန့်ဟင်းခါး ရောင်းသူရောင်း၊ ဈေးဗန်းရွက်သူရွက်နဲ့ ကြုံသလို အသက်မွေးနေကြရတာ ကြာညောင်းလှပါပေါ့ နအဖတသက်။ ထိုထိုသော အကြောင်းကြောင်းတွေကြောင့်ပေါ့ခင်ဗျာ။ အခုအခါမှာ ဇာတ်သဘင်ဆိုတာ ချိုနဲ့လားလို့ မေးရမယ့် အနေအထားကို ရောက်ခဲ့ရပါပြီ။
ဇာတ်သဘင်ပဲလားဆိုတော့ မကသေးပါဘူး။ အဲဒီလို အခြေအနေတွေကြောင့် ရုပ်ရှင် ဗီဒီယို လောကလည်း ဇာတ်ပျက်၊ ဂီတလောကလည်း ခေါင်းကွဲဆိုတဲ့ အနေအထားမှာ မင်းသား မင်းသမီးတွေ၊ အဆိုတော်တွေဟာ ကုန်းတ၀က် ရေတ၀က် ငါးပက်လက်တွေဖြစ်ပြီး အသက်မျှင်းမျှင်း ရှူနေကြရတာပေါ့။ ဂီတလောကမှာဆိုရင် အဆိုတော်တွေခမျာ ငါးပွက်ရာငါးစာချ ကျိန်းသေမှ ထုတ်ဝေချင်ကြတဲ့ ထုတ်ဝေသူတွေ အလိုကျ ဆိုပေးရတဲ့ ဘ၀ကို ရောက်ကုန်ပြီး ‘ပြန်ဆိုတေး’ ဆိုတဲ့ ဂီတခေတ်ကြီးတခေတ် ဖွံ့ထွားစွင့်ငွားလို့ လာပါတော့တယ်။ ပြန်ဆိုဆရာတွေဟာ သေပြီးတဲ့ အဆိုတော်ရဲ့သီချင်းလည်း ပြန်ဆို၊ မသေသေးတဲ့ အဆိုတော်ရဲ့ သီချင်းလည်း ပြန်ဆို၊ မနေ့တနေ့ကမှ အဆိုတော်ဖြစ်တဲ့ အဆိုတော်ရဲ့သီချင်းလည်း ပြန်ဆို၊ ပြန်ဆိုပြီးသား သီချင်းကိုလည်း ပြန်ဆိုနဲ့ သီချင်းတော်တော်များဟာ ပြန်ဆိုတေး ၀ဲဂယက်ထဲမှာ ချာချာလည် မူးနောက်ပြီး ဖြူဖတ်ဖြူရော် ဖြစ်လာလို့ အရေးပေါ် ဆေးရုံပို့ရမယ့် အနေအထားကို ရောက်ကုန်ပြီ ဖြစ်ပါတယ်။

No comments:
Post a Comment