ပုဒ်မ(၁၈)နဲ့ ပုံပျက်ပန်းပျက်ဒီမိုကရေစီ
ဘုန်းအောင်
ပုဒ်မ(၁၈) ဖျက်သိမ်းရေးအန္တရာယ်
ငြိမ်းစီလှည့်ဥပဒေရဲ့ ပုဒ်မ(၁၈)ကို ပြင်ဆင်မယ်ဆိုတဲ့
လွှတ်တော်တွင်းအဆိုတစ်ရပ် အတည်ပြု လိုက် တာကို ကြားသိရတော့ အထူးပဲ
စိုးရိမ်ပူပန်မိပါတယ်။ သူရဦးအောင်ကိုရဲ့ ရှင်းလင်းချက်အရ ဆန္ဒပြမယ့် နေ့၊
နေရာ၊ အချိန်၊ လူအင်အားကို အသိပေးရုံပဲ ဆိုတဲ့ သဘောမျိုး နားလည်မိပါတယ်။
ပုဒ်မ(၁၈) ပြဌာန်းချက်အရ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို ပိတ်ပင်ရာ
ရောက်နေပြီး အခြေခံဥပဒေနဲ့ သွေဖီရာ ရောက်နေတယ် ဆိုတာလည်း မှန်သင့်သလောက်
မှန်ပါတယ်။ ဒီအပေါ်မှာပဲ လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က
ပုဒ်မ(၁၈)ကို ပယ်ဖျက်မယ် ဆိုရင် ဥပဒေတစ်ခုလုံး ပယ်ဖျက်ပစ်ရမှာ ဖြစ်တယ်၊
ဥပဒေဆိုတာ ပြစ်မှုနဲ့ ပြစ်ဒဏ်ကို သတ်မှတ်ပေး ထားတာ ဖြစ်ပြီး အဓိကကျတဲ့
ပြစ်မှုနဲ့ ပြစ်ဒဏ်ကို ပယ် ဖျက်မယ်ဆိုရင် ဥပဒေတစ်ခုလုံး မလိုအပ်တော့ဘူး
ဆိုတဲ့ သဘောမျိုး ပြောသွားခဲ့တာလည်း တွေ့ရပါ တယ်။
ပုဒ်မ(၁၈)နဲ့ပတ်သက်လို့ ဖြေလျှော့ပေးဖို့ လိုတယ် ဆိုတာ လက်ခံပါတယ်။
ဒါပေမယ့် လက်ရှိ မြန်မာပြည်သူလူထုရဲ့ အနေအထားကို မှန်မှန်ကန်ကန်
သုံးသပ်ဖို့ လိုပါတယ်။ တစ်ကယ်လို့ ခွင့်ပြူချက် တောင်းခံစရာ မလိုတော့ဘူး
ဆိုတဲ့အချိန်မှာ တစ်နိုင်ငံလုံး အုံကြွမှုတွေကို အလွယ်တကူနဲ့အချိန်မရွေး
လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ရှိနေတဲ့
အဖျက်သမားအုပ်စုတွေရဲ့ အကွက်ချမှုတွေနဲ့ လူအုပ်စုကြီးလာတဲ့အခါ
ဖြစ်ပေါ်လာတတ်တဲ့ သွေးဆူမှုသဘောတရားကို သတိထားသင့်ပါတယ်။ လူတွေဟာ
တစ်ဦးတည်းဖြစ်ဖြစ်၊ လူနည်းစုပဲ ဖြစ်ဖြစ် စည်းရုံးလှုပ်ရှားမှုတွေ
လုပ်တဲ့အခါမှာ လူနည်းစုဖြစ် တဲ့အတွက် သတိအမြဲကပ်နေတတ် ပါတယ်။
လူအုပ်ကြီးများလာပြီ ဆိုရင် စိတ်ပညာသဘောအရ ပိုပြီး ရဲတင်းလာတယ်၊
အချုပ်ပြောရ ရင် ဥပဒေမဲ့ လုပ်ရပ်တွေကို အလွယ်တကူ လုပ်ဆောင်လာနိုင်တာ
တွေ့ရှိနိုင်ပါတယ်။ ဒါက မြန်မာပြည်မှာသာမဟုတ်ဘူး၊ ကမ္ဘာအရပ်ရပ်မှာလည်း
ဒီအတိုင်းပါပဲ။ လူအုပ်ကြီး များလာပြီ ဆိုရင် မကျေနပ်ချက်တွေ ရောနှော
ဖောက်ခွဲပြီး အဖျက်လုပ်ငန်းတွေ၊ အကြမ်းဖက်တာတွေ လုပ်လာကြတာ တွေ့နိုင်ပါတယ်။
ပုဒ်မ(၁၈) ပယ်ဖျက်လိုက်ပြီးတဲ့နောက်မှာ အနှစ်နှစ်အလလ
မကျေနပ်ချက်တွေကို အလွယ်တကူ ဖော်ထုတ်ဆန္ဒပြဖို့ လွယ်ကူလာတဲ့အချိန်မှာ ဘာတွေ
ဖြစ်လာမလဲ စဉ်းစားကြည့်နိုင်ပါတယ်။ အခုလို ပုဒ်မ (၁၈) ကန့်သတ်ချက်
ရှိနေတဲ့အချိန်မှာတောင် တမင်သက်သက် ချိုးဖောက်တာတွေ ရှိနေပါတယ်။ ဒီချိုး
ဖောက်မှုမှာ ပါဝင်လိုပေမယ့် ဥပဒေ ရှိနေတယ် ဆိုတဲ့အတွေးကြောင့် ပါဝင်ခြင်း
မပြုဘဲ နေရသူတွေ ရှိပါ တယ်။ ပုဒ်မ(၁၈)ကန့်သတ်ချက် မရှိတော့ဘူး
ဆိုတဲ့အချိန်မှာ လူစုလူဝေးနဲ့ ဆန္ဒပြအုံကြွမှုတွေ ကြီးထွား လာပြီ ဆိုရင်တော့
တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမယ့်
လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် တွေ့လာတော့ မှာ ဖြစ်ပါတယ်။ နောက်တစ်ခါ
ရခိုင်ပြည်နယ်က စတင် ခဲ့ပြီး နိုင်ငံအနှံ့ ကြိုကြားကြိုကြား ဖြစ်ပေါ်နေတဲ့
ဘာသာရေးကိုအခြေခံတဲ့ တင်းမာမှုတွေ ပေါက်ကွဲလာပြီ ဆိုရင် သိမြင်ကြပြီး
ဖြစ်တဲ့အတိုင်း ဒီနိုင်ငံနဲ့ ဒီလူထု ဘာတွေ ဖြစ်လာမလဲ တွေးကြည့်နိုင်ပါတယ်။
အခုမှ စွမ်းရည်ပြန်လည်တည်ဆောက်နေရတယ် လို့ တရားဝင် ၀န်ခံထားတဲ့
ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းသိမ်းနိုင် စွမ်းနဲ့ ပုဒ်မ(၁၈)ပယ်ဖျက်လိုက်မှုဟာ
တိုင်းပြည်အတွက် ဘယ်လောက်အထိ အန္တရာယ်ကြီးတယ်ဆိုတာ အလေးအနက်ထားပြီး
သတိပေးချင်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ Occupy Wallstreet ဆန္ဒ
ပြမှုတွေ ဖြစ်လာတဲ့အချိန်မှာ အလုပ်လက်မဲ့ လူငယ်တွေရဲ့ ပေါက်ကွဲမှုကြောင့်
ပြည်သူလူထုရဲ့ အိုးအိမ် စည်းစိမ်တွေ ဖျက်ဆီးတာတွေ ဖြစ်လာခဲ့ပါတယ်။
ဒီလူ့အဖွဲ့အစည်း(၂)ခုစလုံးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အဖွဲ့အစည်းထက်
အများကြီး ပိုပြီး ပညာတတ်တွေများတယ် ဆိုတာ သိရှိထားဖို့ လိုပါတယ်။ မထိန်း
နိုင် မသိမ်းနိုင် မဖြစ်အောင် လုံခြုံရေးတပ်ဖွဲ့အင်အား လုံလုံလောက်လောက်နဲ့
နှိမ်နင်းဖြိုခွင်းခဲ့တဲ့အတွက် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တယ် ဆိုတာ
တွေ့ပါလိမ့်မယ်။
ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားခဲ့တဲ့ ကျောင်းဆရာ၊
ဆရာမတွေကိုတောင် ကျောင်းသားတွေက ပြန်ပြီး ဆန္ဒပြနေတဲ့ တစ်ခါမှ မရှိဘူးတဲ့
ယဉ်ကျေးမှုတွေ ဖြစ်ပေါ်လာနေတဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ ဒီလို အုံကြွမှုများ
ဖြစ်ပေါ်လာနိုင်တဲ့ အားနည်းချက်တွေမှာ မြေယာကိစ္စ၊ အလုပ်သမားကိစ္စ၊
လယ်သမားကိစ္စ၊ စက်ရုံအလုပ်ရုံကိစ္စ၊ စီမံကိန်းကိစ္စ အများကြီး အများကြီး
ရှိနေပါတယ်။ ဒီလို မှိုလိုပေါက်နေတဲ့ ပြဿနာ တွေကနေ အုံကြွမှုတွေ ဖြစ်လာခဲ့ရင်
အခု တက်တက်ကြွကြွ ထောက်ခံခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ ဘာလုပ်ပေးမှာလဲ၊
ဘာလုပ်ပေးနိုင်မလဲ စဉ်းစားစရာပါ။ အလွန်ဆုံး အစိုးရကို တိုက်တွန်းကြောင်း
ပြော မှာလား၊ အစိုးရကိုင်တွယ်ဖြေရှင်းတာ ညံ့ဖျင်းတယ် လို့ ပြောမှာလား၊
ထုံးစံအတိုင်း တရားဥပဒေစိုးမိုးရေး ဓါတ်ပြားဟောင်းကြီး ဖွင့်မှာလား၊
ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီအချိန်မှာ အသက်ပေါင်းများစွာ၊ အိုးအိမ်ပေါင်း
များစွာ ဆုံးရှုံးခဲ့ရပြီ ဆိုရင်တော့ အဓိက လက်သည် တရားခံဟာ ဒီလိုဖြစ်စေမယ့်
အခြေအနေတွေ ဖန်တီး ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပဲ
ဖြစ်လာပါလိမ့်မယ်။ Lawmaker ဆိုတာ လက်ရှိ အနေ အထားကိုပဲ မကြည့်ဘဲ
နောင်နှစ်ပေါင်းများစွာအထိ ကြိုတင်မျှော်တွေးပြီး ဥပဒေပြုကြရသူတွေ ဖြစ်
ပါတယ်။ အရှည်ကိုမျှော်တွေးတာမျိုး အားနည်းပြီး ပြည်သူလူထု လက်ခုပ်သံ
လွယ်လွယ်ရရှိစေမယ့် ပေါ်ပြူလာလမ်းစဉ်ကိုလိုက်နေမယ် ဆိုရင် မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီ ဘယ်အဆင့်ကိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ လူထုအကြိုက်ကိုပဲ
လိုက်မနေဘဲ လူထုကို အတိုက်အခံလုပ်ပြီး လမ်းမှန်ကို လျှောက်ရဲကြဖို့
လိုပါတယ်။ လူမုန်းများမယ့် ကိစ္စဆိုရင် ဘယ်နိုင်ငံရေးသမားမှ
ထုတ်ဖော်ပြောကြားတာမျိုး မရှိကြပါဘူး။
အမှားသရုပ်ပြ အန္တရာယ်
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ NLD ပါတီရဲ့ နေပြည်တော် အခြေခံဥပဒေ
ရှင်းလင်းပွဲမှာ ဘယ်သူ ကမှ ကြားအမြင်နဲ့ ထောက်ပြတာမျိုး မတွေ့ရသေးပါဘူး။
အဓိကအားဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ပါဝင်နေတာ
ဖြစ်တဲ့အတွက် လက်ရှောင်ကြတာလည်း ပါပါလိမ့်မယ်။ ဒီကိစ္စဟာလည်း ပုဒ်မ(၁၈)နဲ့
အဓိကပတ်သက်နေပါတယ်။ နေပြည်တော်ကောင်စီက နေရာပြောင်းရွှေ့ပေးဖို့ ထုတ်တယ်၊
NLD က လက်မခံဘဲ မူလအတိုင်း ဆက်လုပ်သွားမယ် ဆိုပြီး ထိပ်တိုက်ရင်ဆိုင်တယ်။
စကားပြောကြပါ၊ ညှိနှိုင်းကြပါလို့ တဖွဖွပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့
မိန့်ခွန်းပြောကြားချက်နဲ့ အခု လုပ်ဆောင် ချက်ဟာ အပြောနဲ့ အလုပ်
အလွဲကြီးလွဲနေပါတယ်။ နေပြည်တော်ကောင်စီရဲ့ အကြောင်းပြချက် က
အများပြည်သူသွားလာမှု ထိခိုက်စေနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်၊ NLD ရဲ့
အကြောင်းပြချက်က အခြေခံဥပဒေပါ အခွင့်အရေး၊ ဒီတော့ NLD ဟာ
ငြိမ်းစီလှည့်ဥပဒေကို အသိအမှတ်မပြု မလိုက်နာဘူး ဆိုတဲ့
သဘောသက်ရောက်နေပါတယ်။ တစ်ချို့ကလည်း နေပြည်တော်ကောင်စီက သက်သက်မဲ့ညစ်တာ
ဆိုပြီး နားလည်နေကြပါတယ်။ ဒီကိစ္စဟာ မြန်မာနိုင်ငံမှာ အင်အားအကောင်းဆုံး၊
စွမ်းရည်အရှိဆုံး၊ ပြိုင် ဘက်မရှိ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD
ပါတီရဲ့ အမှားသရုပ်ပြ လုပ်ဆောင်ချက် လို့ပဲ ပွင့်ပွင့်လင်း လင်း
ပြောချင်ပါတယ်။ တည်ဆဲဥပဒေကို လိုက်နာရန် တာဝန်ရှိတာကို
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံတောင်းခရီးစဉ်မှာ
ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဒီမိုကရေစီ ဆန်တဲ့
စံနမူနာပြလုပ်ဆောင်ချက်တစ်ရပ်သဘော မျိုး ကျန်တဲ့ တက်ကြွလှုပ်ရှားသူတွေ
မှတ်ယူသွားခဲ့ပြီ ဆိုရင်တော့ ဦးသိန်းစိန်အစိုးရ ရှေ့လျှောက်
တည်ငြိမ်အေးချမ်းရေးကို မနည်း ကြိုးစားတည်ဆောက်ရပါ လိမ့်မယ်။
ဒီမိုကရေစီသဘောမှာ လွတ်လပ်ခွင့်ကို အပြည့်အ၀ လိုချင်ပါတယ်။ လိုက်နာရမယ့်
တာဝန်ကိုတော့ လျစ်လျူရှုတတ်ကြပါတယ်။ အမေရိကန်လို
ဒီမိုကရေစီဘိုးအေနိုင်ငံကြီးမှာ ဆန္ဒ ပြချင်တိုင်း ပြလို့ မရ ပါဘူး။
ပြည်နယ်တစ်ခုနဲ့တစ်ခုလည်း ဥပဒေတွေက မတူပါဘူး။ တစ်ချို့ပြည်နယ်တွေမှာ
တစ်ယောက် တည်းဆိုရင် ခွင့်ပြုချက် မလိုပါဘူး။ ငါးယောက်ထက်ကျော်လာရင်တော့
ခွင့်ပြုချက်လိုလာပါပြီ။ အာဏာ ပိုင်တွေဘက်တော့ အများပြည်သူကို
ထိခိုက်စေမယ့် လုပ်ဆောင်ချက်၊ ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေမယ့် လုပ်ရပ် လုံးဝ
လက်မခံပါဘူး။ အဲဒါမျိုးဆိုရင်တော့ ပိတ်ပင်ပါတယ်။ လိုက်နာမှု မရှိရင်
အရေးယူပါတယ်။ ဆန္ဒပြရာမှာ အများပြည်သူသွားလာမှုကို ထိခိုက်စေမှုနဲ့
ဒီမိုကရက်လွှတ်တော်အမတ် (၇)ယောက် လောက်ကို ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ပြီး
ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဓါတ်ပုံတွေ၊ သတင်းတွေ တွေ့မြင်ရတာ
သိပ်မကြာသေးပါဘူး။ ဒါဟာ ရဲတပ်ဖွဲ့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အများပြည်သူကို
ထိခိုက်နစ်နာလာစေ မယ် ဆိုရင်တော့ လွှတ်တော်အမတ်လည်း ခွင့်လွှတ်မပေးပါဘူး။
တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာပြီ ဆိုရင်တော့ ပြတ်ပြတ်သားသား
အရေးယူကြတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖမ်းဆီးခံရတဲ့အတွက် အစိုးရကို
လွှတ်တော်အမတ်တွေက ဘာပြန်လုပ်ခဲ့ပါသလဲ။ လွှတ်တော်အမတ်ဆိုတာ ဥပဒေကို စံနမူနာပြ
လိုက်နာ ဖို့ တာဝန်ရှိပါတယ်။ ပြည်သူလူထုကို အမှားသရုပ်ပြဖို့ မဟုတ်ပါဘူး။
မြန်မာနိုင်ငံလို မရင့်ကျက်သေးတဲ့ လူ့အဖွဲ့အစည်းမှာ လောလောဆယ်မှာတော့
လူထုဆန္ဒ၊ လူထု အကြိုက်တွေနဲ့ လမ်းမှားကို ခေါ်ဆောင် မသွားဖို့
သိပ်ကိုအရေးကြီးပါတယ်။
လူထုဆန္ဒ ဖော်ထုတ်မှုအတွက် အစိုးရတိုင်းရဲ့
စိုးရိမ်မှုက Public Order ပဲ ဖြစ်ပါတယ်။ Public Order ကို ထိခိုက်ခြင်း
ရှိ၊ မရှိကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက အဆုံးအဖြတ်ပြုကြရပါတယ်။ ဆန္ဒဖော်ထုတ်တဲ့
အကြောင်းရင်း ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဘယ်လောက်အထိ သက်ရောက်မှု
ရှိလာနိုင်တယ်ဆိုတာ ကိုလည်း စဉ်းစားကြရပါတယ်။ အီတလီနိုင်ငံမှာဆိုရင်
လူထုကျန်းမာရေးနဲ့ ကိုယ်ကျင့်တရားကို ထိခိုက် စေနိုင်တယ် ဆိုရင် ရဲတပ်ဖွဲ့က
ပိတ်ပင်ပိုင်ခွင့် ရှိပါတယ်။ ပြင်သစ်နိုင်ငံမှာဆိုရင်
တရားမ၀င်လှုပ်ရှားမှုတွေ ကို ထောက်ခံအားပေးတာမျိုးဆိုရင် ဆန္ဒဖော်ထုတ်ခွင့်
မပေးပါဘူး။ ပြင်သစ်၊ အစ္စရေး နိုင်ငံတွေမှာဆိုရင် ဆန္ဒဖော်ထုတ်မှုကို
ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြပွဲမတိုင်မီ ထုတ်ပြန်နိုင်ပါတယ်။
ကြိုတင်အသိပေး တင်ပြခြင်းမရှိတဲ့ ဆန္ဒဖော်ထုတ်မှုတွေကို တရားမ၀င်ဘူးလို့
သတ်မှတ်ပြီး တရားမ၀င် ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က လူစုခွဲနိုင်သလို
ဆန္ဒပြပွဲစီစဉ်တဲ့သူတွေကို တရားစွဲဆို အရေးယူနိုင်ပါတယ်။ ကနေဒါနိုင်ငံမှာ
ဆိုရင် ဆန္ဒပြပွဲ ပြုလုပ်ဖို့ (၂၁) ရက်အထိ ကြိုတင်တင်ပြရတာ ရှိပါတယ်။
တစ်ခါတစ်ရံမှာ အုပ်ချုပ်ရေး က မဟုတ်ဘဲ စည်ပင်သာယာရေးကော်မတီတွေကနေ
မြို့တော်သန့်ရှင်းမှုကို ထိခိုက်စေတဲ့အတွက် ပိတ်ပင် တာမျိုးတွေ အမေရိကန်မှာ
ရှိနေပါတယ်။ စကော့တလန်နဲ့ တောင်အာဖရိကနိုင်ငံတွေမှာ မြူနီစပယ်
အာဏာပိုင်တွေကို တင်ပြရပြီး များသောအားဖြင့် ဒေသဆိုင်ရာရဲတပ်ဖွဲ့ကို
တင်ပြရတာ တွေ့ရှိပါတယ်။ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာ
စီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးအရင်းအမြစ်တွေကို ထိခိုက်ခြင်း
ရှိ-မရှိကို အခြေခံပြီး အချိန်နဲ့ နေရာကို ခွင့်ပြုပေးကြတာ ရှိပါတယ်။
နယူးယောက်မြို့တော်မှာဆိုရင် ကုသမဂ္ဂ အဆောက်အဦရှေ့မှာ ဖြတ်ပြီး ဆန္ဒပြတာကို
ပိတ်ပင်ထားပါတယ်။ နိုင်ငံအတော်များများမှာ လွှတ်တော်နဲ့ အစိုးရရုံးတွေလို
အရေးကြီးတဲ့နေရာတွေမှာ ဆန္ဒဖော်ထုတ်ခွင့် ပိတ်ပင်ထားပါတယ်။
ပြင်သစ်နိုင်ငံမှာဆိုရင်လည်း နိုင်ငံ့အကြီးအကဲတွေ၊
အရေးကြီးနိုင်ငံခြားဧည့်သည်တွေကို ဆန္ဒမပြနိုင် အောင် ပိတ်ပင်ထားပါတယ်။
လုံခြုံရေးကိုလည်း အထူးအားဖြင့် တင်းတင်းကျပ်ကျပ် ချထားလေ့ ရှိပါ တယ်။
ဒါတွေဟာ ဘာဖြစ်လို့လဲ စဉ်းစားကြည့်ရင် တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်မှုတွေ
မဖြစ်ပေါ် ရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးကို
အုပ်ချုပ်တဲ့အစိုးရက အဓိက တာဝန်ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတာဝန်ကို
ထမ်းဆောင်နိုင်ခြင်း မရှိအောင် ပြုမူလုပ်ဆောင်လာခဲ့ရင် တစ်ကယ်လို့
ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရင် အစိုးရတွေအတွက်
အကျပ်အတည်းဖြစ်စေနိုင်ပါတယ်။ ဒီလိုအနေအထားမျိုး ရောက်ရှိလာရင်တော့
လူထုအနေနဲ့ မလုံခြုံမှုကို အစဉ်အမြဲခံစားနေစေမယ့် မင်းမဲ့ စရိုက်နဲ့
ပုံပျက်ပန်းပျက် လူ့အဖွဲ့အစည်းမျိုး ဖြစ်လာမှာ သေချာပါတယ်။
ချိန်ခွင်လျှာ မညီမျှမှု အန္တရာယ်
လွှတ်တော်ခေါင်းဆောင်တွေ ပြောပြောနေတဲ့
အပြန်အလှန်ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်ကိုလည်း မြင်သမျှ
စိတ်ရင်းစေတနာကောင်းနဲ့ ထောက်ပြလိုတာတွေ ရှိပါတယ်။ ဒီလိုထိန်းကျောင်း
တဲ့နေရာမှာ ချိန်ခွင်လျှာညီမျှနေဖို့ သိပ်ကိုအရေးကြီးပါတယ်။ ချိန်ခွင်လျှာ
မညီမျှရင်တော့ ပုံပျက်ပန်းပျက် ထိန်း ကျောင်းမှုပဲ ဖြစ်ပေါ်လာမှာပါ။
ပထမဆုံးအနေနဲ့ လက်ရှိအခြေခံ ဥပဒေ ခုံရုံးဟာ ပြည်သူ့ဘဏ္ဍာကို ရယူ ခံစားပြီး
အလုပ်လက်မဲ့ ဖြစ်နေတာကို တွေ့ကြရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ခုံရုံးတစ်ခုလုံး
စွပ်စွဲပြစ်တင်ခဲ့တဲ့ လုပ် ဆောင်ချက်ဟာ အခြေခံဥပဒေနဲ့ ညီသလား စဉ်းစားကြဖို့
လိုပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီ မဟုတ်ဘဲ ခုံရုံးတစ်ဖွဲ့လုံးကို
စွပ်စွဲပြစ်တင်ခြင်းဟာ အခြေခံဥပဒေမှာ မပါပါဘူး။ နောက် အသစ်ပြင်ဆင်ပြဌာန်း
ထားတဲ့ ခုံရုံးဥပဒေဟာလည်း အခြေခံဥပဒေနဲ့ ကွဲလွဲနေတာတွေ၊ သွေဖီနေတာတွေ လို့
ယူဆနိုင်တဲ့ ပြဌာန်းချက် တွေ အများကြီးပါပါတယ်။ လွှတ်တော်ခေါင်းဆောင်တွေကို
တာဝန်ခံရမယ့် အဖွဲ့ဝင်(၆)ယောက် ခန့်ထား ခြင်း အကျိုးဆက်အနေနဲ့
နောက်ကလွှမ်းမိုးမှုတွေကို ကျော်လွန်လို့ မရနိုင်တော့ပါဘူး။ ဒီတော့ ခုံရုံး
အဖွဲ့ဝင်သစ်တွေရဲ့ လွတ်လပ်စွာဆုံးဖြတ်နိုင်မှုဟာ အကန့်အသတ်ရှိနေပါတယ်။
လက်ရှိ ဥပဒေဟာ အခြေခံဥပဒေနဲ့ သွေဖီနေခဲ့မယ်ဆိုရင်
ဒီခုံရုံးကြီးတစ်ခုလုံးဟာလည်း တရားမ၀င်တဲ့ ခုံရုံကြီး ဖြစ်နေပါ လိမ့်မယ်။
ဖြစ်သင့်တာကတော့ ခုံရုံးဖွဲ့စည်းတည်ဆောက်မှုတစ်ခုလုံးကို
ဖျက်သိမ်းပစ်သင့်ပါတယ်။ ခုံရုံး အဖွဲ့ဝင်တွေလည်း ခန့်အပ်ခြင်း
မပြုပါနဲ့တော့။ တရားရုံးချုပ်ကိုပဲ Judicial Review လုပ်ပိုင်ခွင့် ပေးအပ်
လိုက်ပါ။ ဒါမှလည်း လွှတ်တော်ထဲမှာ အာဘောင်အာရင်းသန်သန်နဲ့ ဝေဖန်ခံနေရတဲ့
တရားစီရင်ရေး မဏ္ဍိုင်က လွှတ်တော်ကို ပြန်ပြီး ထိန်းကျောင်းခွင့် ရရှိလာမှာ
ဖြစ်ပါတယ်။ လွှတ်တော်က တရားရုံးတွေကို ထိန်းမယ်၊ တရားရုံးချုပ်ကနေ
လွှတ်တော်ကပြဌာန်းတဲ့ဥပဒေတွေကို အခြေခံဥပဒေနဲ့ ညီ၊ မညီ ဆုံးဖြတ် ပြီး
ပြန်ပြီး ထိန်းမယ်။ ဒါဟာ ဒီမိုကရေစီ သဘောသဘာဝပဲ ဖြစ်ပါတယ်။ များသောအားဖြင့်
အခြေခံ ဥပဒေဆိုင်ရာသီးခြားခုံရုံးဆိုတာ ပါလီမန်အုပ်ချုပ်ရေးစနစ်
ကျင့်သုံးတဲ့နိုင်ငံတွေမှာ ထားကြတာမျိုး ဖြစ်ပါ တယ်။ အာဏာ(၃)ရပ် သီးခြားစီ
ခွဲခြားတဲ့နိုင်ငံတွေမှာ တရားရုံးချုပ်ကိုပဲ ဒီအာဏာ အပ်နှင်းပေးထားတာ
တွေ့ရှိနိုင်ပါတယ်။ ဒါဆိုရင် နိုင်ငံနဲ့ ပြည်သူအတွက် ငွေကုန်ကြေးကျ
သက်သာစေမှာ ဖြစ်တဲ့အပြင် တရား ဥပဒေစိုးမိုးရေး ချိန်ခွင်လျှာကို ညီမျှစေမှာ
ဖြစ်ပါတယ်။ ဒီဟာကိုလည်း လက်ရှိ လွှတ်တော်က တာဝန်ယူ လေ့လာသုံးသပ်နေတဲ့
အခြေခံဥပဒေပြင်ဆင်ရေး မှာ ထည့်သွင်းပြင်ဆင်သွားသင့်ပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့
အခွင့်အရေးမြှင့်တင် တာတွေ ဖတ်ရပါတယ်။ လစာ(၆)သိန်း ယူမယ့်ကိစ္စကို
နိုင်ငံတကာနှုန်းထားတွေ၊ နှိုင်းယှဉ် ချက်တွေနဲ့ ဆွေးနွေး သွားကြတာတွေလည်း
မြင်ရပါတယ်။ သတိထားမိသလောက်ကတော့ လွှတ်တော်အမတ်တွေ လစာ နည်းလို့
တိုးပေးသင့်တယ် ဆိုတာကို ဘယ်ပြည်သူကမှ ပြောတာ၊ တိုက်တွန်းတာမျိုး မတွေ့မိပါ
ဘူး။ နောက်ပြီးတော့ တစ်ချို့နိုင်ငံတွေဆိုရင် သမ္မတလစာ၊ ၀န်ကြီးတွေရဲ့လစာ၊
လွှတ်တော်အမတ်တွေရဲ့ လစာ တိုးမြှင့်ခံစားခွင့်ကို လက်ရှိသက်တမ်းမှာ
ဆောင်ရွက်နိုင်ခြင်း မရှိအောင် ကန့်သတ်ပိတ်ပင်ထားကြ ပါတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ကိုယ်လုပ်ပိုင်ခွင့် ရရှိတဲ့အချိန်မှာ ကိုယ့်အကျိုးစီးပွား၊
ကိုယ့်ခံစားခွင့်ကို ကိုယ့်ဘာသာကိုယ် ပြန်ပြီး လက်ဝါးချင်းရိုက်
ပေါင်းလုပ်သွားမှာ စိုးတဲ့အတွက် ဥပဒေတွေနဲ့ ပိတ်ပင်ထား တာ ဖြစ်ပါတယ်။ ဥပမာ
ပြောရရင် အခု လွှတ်တော်က သဘောတူလိုက်တဲ့ လစာ၊ စရိတ်တိုးမြှင့်ရေး ဥပဒေကို
နောက်လွှတ်တော်သက်တမ်း၊ နောက်အသစ်တက်လာမယ့် လွှတ်တော်အမတ်တွေသာ ရရှိခံစား
ခွင့် ရှိကြပါတယ်။ ဒါဟာလည်း မျှတမှု ရှိတဲ့ မူဝါဒတစ်ရပ် ဖြစ်ပါတယ်။
ကိုယ့်လက်ထက်မှာ ကိုယ်ခံစားခွင့် ကိုယ့်ဘာသာ ကြိုက်သလို မလုပ်နိုင်အောင်
ဆိုတဲ့ ဥပဒေမျိုး မြန်မာနိုင်ငံမှာလည်း ပြဌာန်းသင့်ကြောင်း တွေ့ရပါတယ်။
နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် ပြည်သူလူထုအတွက်
အကျိုးစီးပွားဖြစ်ထွန်းစေမယ့်၊ ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမယ့် ဥပဒေတွေ
လွှတ်တော်အမတ်တွေက ဘယ်နှစ်ခု တင်သွင်း အတည်ပြု ပြဌာန်းနိုင်ခဲ့ ကြပြီလဲ။
တည်ဆဲဥပဒေတွေထဲက ခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့ ဥပဒေ ဘယ်နှစ်ခု
ပြင်ဆင်ပြီးခဲ့ကြ ပြီလဲ။ လွှတ်တော်ကိုယ်စားလှယ်အခွင့်အရေးတွေ မြှင့်တင်ဖို့
ကြိုးပမ်းနေကြတာတွေ၊ လွှတ်တော်ဆိုင်ရာ လုပ်ပိုင်ခွင့်တွေ တိုးချဲ့ဖို့
ဆောင်ရွက်နေတာတွေဟာ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေ ဟုတ်ပါသလား။ ဘယ်မဲဆန္ဒရှင်
ဘယ်ပြည်သူတွေက လွှတ်တော် လုပ်ပိုင်ခွင့် ချဲ့ပေးပါ၊ လွှတ်တော်အမတ်တွေကို
လစာ(၆)သိန်းပေးပါ လို့ ပြောခဲ့ကြပါသလဲ။ ဒီရက်ပိုင်း အတွင်းမှာပဲ
ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်တဲ့အခါမှာ နိုင်ငံတော်သမ္မတရဲ့
လုပ်ပိုင်ခွင့် အတော်များများကို ပြည်ထောင်စုလွှတ်တော်ကို ယူလိုက်ပြီ
ဆိုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက
ပြောကြားလိုက်တဲ့ သတင်းကို ဖတ်ရှုလိုက်ရပါတယ်။ ပြောဟန်ဆိုဟန်နဲ့
ပြောကြားသွားတဲ့ စကားလုံးတွေအရ ဘာကို ဆိုလို သလဲ ဆိုတာ ခန့်မှန်းရတော့
စိုးရိမ်ပူပန်မိပါတယ်။ လွှတ်တော်ရဲ့ အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိတယ်
ဆိုတဲ့ စကားလို လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်၊ လွှတ်တော်ရဲ့ အာဏာကို
ချဲ့ထွင်ကြပါ။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီကို ပျက်ပြားစေမယ့်၊
အခြေခံဥပဒေကို ကျော်လွန်ရာ ရောက်စေမယ့် လုပ်ပိုင်ခွင့်တွေ ကိုတော့
မယူကြပါနဲ့ ဆိုတာကိုတော့ ထောက်ပြလိုပါတယ်။ ဥပဒေပြုရေးဟာ အုပ်ချုပ်ရေးအလုပ်
လုပ်စရာ မလို ပါဘူး။ မြင်သလောက်ပြောရရင် ဥပဒေပြုရေးကိစ္စတွေက
ခက်ခဲနက်နဲလှပြီး အပင်ပန်းခံရတာဖြစ်တဲ့ အတွက် အုပ်ချုပ်ရေးကို
စောင့်ကြည့်တဲ့အလုပ်က ပိုပြီး လွယ်ကူသက်သာ တယ်လို့ ယူဆနိုင်ပါတယ်။ ဒီတော့
အုပ်ချုပ်ရေးနယ်ပယ်တွေကို ၀င်ရောက် စွက်ဖက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
သမ္မတ လုပ်ပိုင် ခွင့်ထဲက ဘာတွေ ဘယ်လို ယူလိုက်သလဲ ဆိုတာ အတိအကျ မသိပေမယ့်
အခြေခံဥပဒေက သမ္မတကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ယူမယ်ဆိုရင်တော့
ဒါဟာ အခြေခံဥပဒေကို ကျော်လွန်တာပဲ ဖြစ်ပါ တယ်။ အုပ်ချုပ်ရေးကရော အသာတကြည်
လက်ခံ နိုင်မယ့် အလားအလာ မရှိပါဘူး။ မကြာသေးခင်ကပဲ သူရဦးရွှေမန်းက
အရင်တုန်းက န၀တ၊ နယက ပုံစံမျိုး မူဝါဒ ချမှတ်ပေးပြီး အခုသမ္မတက အရင်တုန်းက
ဝန်ကြီးချုပ်ပုံစံမျိုး အကောင်အထည်ဖော်ရမယ် ဆိုပြီး ပြောကြားခဲ့တဲ့
သတင်းကိုလည်း ကြားသိရတဲ့အခါ အံ့သြခြင်းကြီးစွာ ဖြစ်ရပါတယ်။ စနစ်ကို
နားမလည်လို့များ ဒီလိုပြောရတာလား ဆိုတာကိုလည်း တွေးမိ ပါတယ်။ အဲဒီစနစ်က
အာဏာသိမ်းအစိုးရအနေနဲ့ ရုပ်ပြအစိုးရကို ထားခဲ့တာ ဖြစ်ပါတယ်။ အခုသွားနေတဲ့
လမ်းကြောင်းက သမ္မတအုပ်ချုပ်ရေးစနစ် ပဲ ဖြစ်ပါတယ်။
နောက်တစ်ခါ
အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
ဗညားအောင်မိုးက အစိုးရအဖွဲ့မှာ ၀န်ကြီး၊ ဒုဝန်ကြီးတွေ များနေတာကို
ဝေဖန်ပြောဆိုပါတယ်။ ဒီပြောကြားချက်ကို အစိုးရဘက်က ပြန်ပြီး
အမေရိကန်မှာရှိတဲ့ လွှတ်တော်ကော်မတီ၊ ကော်မရှင်တွေထက် ပိုများနေတဲ့
မြန်မာနိုင်ငံလွှတ်တော်ကော်မတီ၊ ကော်မရှင်တွေကို ထောက်ပြပြီး ပြန်ချေပခဲ့တာ၊
တစ်ခြား နိုင်ငံတွေမှာ ၀န်ကြီး၊ ဒုဝန်ကြီး လို့ မခေါ်တဲ့ ဘုတ်အဖွဲ့တွေ၊
အကြံပေးတွေ၊ ကောင်စီတွေရဲ့ အရေ အတွက်နဲ့ ပြန်ပြီးချေပခဲ့တာတွေ တွေ့ရပါတယ်။
ဒီဇာတ်လမ်းဘယ်ကစ ဆိုရင် လစာ(၆)သိန်း ရဖို့ ဆွေး နွေးခဲ့တာက စခဲ့တာ
ဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေ အဆင်မပြေဘူး၊ အခက်အခဲတွေ ဖြစ်နေတယ်၊ ဒါ့ကြောင့်
လစာ (၆)သိန်း ရသင့်တယ် ဆိုတာကိုပဲ ပြောသင့်ပါတယ်။ ဒေါက်တာဗညာအောင်မိုးရဲ့
အုပ် ချုပ်ရေးကလူတွေက ဘယ်လိုတွေ ခံစားနေတာ၊ ငါတို့ကျတော့ ဒီလောက်ပဲ ရတယ်၊
သူတို့က လူ အများကြီး ဆိုတဲ့ ပြောဆို ဆွေးနွေးချက်တွေက နိုင်ငံနဲ့
ပြည်သူအတွက် အင်မတန်ကို အန္တရာယ်များ ပါတယ်။ ထောက်ပြစတမ်းဆိုရင် လစာ(၆)သိန်း
ရချင်တယ် ဆိုပြီး ပြောတဲ့ ဒေါက်တာဗညာအောင်မိုးကိုယ် တိုင် ဥပဒေကြမ်း
ဘယ်နှစ်ခု တင်ပြခဲ့ပြီးပြီလဲ။ ဥပဒေဟောင်း ဘယ်နှစ်ခု ပြင်ဆင်ပြီးပြီလဲ။
ဘယ်သူမဆို လုပ်လို့ရတဲ့ တိုက်တွန်းတာတွေ၊ အဆိုတင်တာတွေ ကိုတော့
ထည့်တွက်ဖို့ မလိုပါဘူး။ အမေရိကန်လို ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်အမတ်
မဖြစ်ခင်ကတည်းက ဘယ်လိုဥပဒေတွေ ပြဌာန်းနိုင်အောင် ကြိုးစားမယ်၊
လွှတ်တော်ထဲမှာ ဘာတွေလုပ်ဆောင်ပါ့မယ် ဆိုပြီး တက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးတော့ အဲဒီ ကတိတွေ တည်အောင် လွှတ်တော်ထဲမှာ စည်းရုံးလှုံ့ဆော်မှုတွေ
လုပ်ရတာမျိုး ဖြစ်ပါတယ်။
ပြည်သူတွေက ဘယ်သူ ဘယ်လောက်ရသလဲ
စိတ်မ၀င်စားပါဘူး။ ကိုယ့် စားဝတ်နေရေး အဆင် ပြေဖို့ပဲ စိတ်ဝင်စားကြတာပါ။
အခြားမဏ္ဍိုင်တွေကို တိုက်ခိုက်ဝေဖန်ပြီး ပြောမှ ဒီ အခွင့်အရေး ရသင့်တယ်
ဆိုတာ ကို ထင်ရှားစေမှာလား ဆိုတာ တွေးစရာ ဖြစ်နေပါတယ်။ အဓိကအချက် ကတော့
အပြန်အလှန် ထိန်းကျောင်းရေးကို အညီအမျှ ကျင့်သုံးနိုင်ဖို့၊
စွက်ဖက်ရာမရောက်စေဖို့ လိုပါတယ်။ ဒီညီမျှမှုအတွက် အပြန်အလှန်လေးစားမှု
ရှိဖို့ လိုပါတယ်။ ဒီလိုမျိုး ပြောကြားချက်တွေ ဟာ အခု နောက်ပိုင်း
ပုဂ္ဂိုလ်ရေးဆန် လာတဲ့ လွှတ်တော်နိုင်ငံရေးမှာ အကျိုးစီးပွား အခြေခံ
ဥပဒေပြုရေးလုပ်ဆောင်ချက်တွေ ကြီးထွားလာတာ ကိုလည်း စိုးရိမ်မိပါတယ်။ ပါလီမန်
အုပ်ချုပ်ရေး ပုံစံမျိုးတွေ၊ နယကခေတ်က အာဏာရှင်ခေတ်ဟောင်း
ပုံစံမျိုးတွေကို ပြန်ပြီး အသက်သွင်းတဲ့ လုပ်ဆောင်ချက်တွေဟာ အခြေခံဥပဒေနဲ့
မညီသလို ပုံပျက်ပန်း ပျက် ဒီမိုကရေစီကိုပဲ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ပုံပျက်ပန်းပျက် ဒီမိုကရေစီ ကြီးထွားသထက် ကြီး ထွားလာပြီ ဆိုရင်တော့
ဘယ်အခြေအနေ ရောက်မလဲ စဉ်းစားစရာ လိုမယ် မထင်ပါဘူး။
လွတ်လပ်မှု အန္တရာယ်
ပြန်ပြီးချုပ်ရရင် အခွင့်အရေး အပြည့်အ၀ပေးဖို့ လိုသလို ပုံပျက်ပန်းပျက်
မဖြစ်စေဖို့ ဘယ် လောက်အထိ ထိန်းမလဲ ဆိုတဲ့အချက်က အရေးကြီးပါတယ်။
မြန်မာနိုင်ငံလို ပြဿနာပေါင်းစုံ ဗွက်ပေါက် နေတဲ့ နိုင်ငံ မျိုးမှာ
ပုဒ်မ(၁၈) လို ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ စဉ်းစားသင့်ပါတယ်။ အာဏာပိုင်တွေ
ဘက်ကလည်း ဘယ်လောက်အတိုင်းအတာအထိ ဖြေလျှော့မလဲဆိုတာ ၀ိုင်းစဉ်းစားဖို့
လိုပါတယ်။ ရဲတပ်ဖွဲ့ဘက်က သက်သက်ညစ်တာမျိုး မဖြစ်အောင်လည်း
သတ်မှတ်အချက်တွေနဲ့ ကိုက်ညီရင် ဆန္ဒဖော်ထုတ်မှုကို ငြင်းပယ်ခြင်း မရှိစေရ
ဆိုတဲ့ ပြဌာန်းချက်မျိုး၊ အချိန်နီးကပ်နေပြီ ဆိုလျှင် သတ်မှတ်ချက်နဲ့
ကိုက်ညီလျှင် အမြန်ဆုံးခွင့်ပြုပေး ရမည် ဆိုတဲ့ ပြဌာန်းချက်မျိုး၊
သာမန်အားဖြင့် (၃)ရက်အတွင်း ခွင့်ပြုပေး ရမည် ဆိုတဲ့ ပြဌာန်းချက်မျိုး
ပြင်ဆင်နိုင်ပါတယ်။ အလျှော့အတင်း ကောင်းကောင်း လုပ်လို့ရပါတယ်။ အလားတူပဲ
ပြစ်ဒဏ်ကိုလည်း (၇)နှစ် အမြင့်ဆုံးချမှတ်တာထက် အများပြည်သူကို
ထိခိုက်စေတာနဲ့ ဆက်နွယ်ပြီး ဘယ်ကိစ္စမျိုးဆိုရင် ဘယ်နှစ်နှစ် စတဲ့
ပြစ်ဒဏ်မျိုးတွေ ပြင်ဆင်ပြဌာန်းသင့်ပါတယ်။ အဓိက အချက် ကတော့
ဒီမိုကရေစီကူးပြောင်းမှုမှာ မြန်မာပြည်သူတွေ ဥပဒေနဲ့အညီ ပြုမူလုပ်ဆောင်မှုတွေ
လုပ်ဆောင် နိုင်ဖို့ ဥပဒေနဲ့ ထိန်းကျောင်းတာမျိုး ဖြစ်သင့်ပါတယ်။
မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေဟာ နှစ်ပေါင်း များစွာ
အာဏာရှင်စနစ်အောက်မှာ နေထိုင်လာခဲ့တာ ဖြစ်တဲ့အတွက် လွတ်လပ်ခွင့် အပြည့်အဝ
ပေးတာ ထက် ဖြေလျှော့တဲ့အဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့်ပေးအပ်သွားပြီး
ဥပဒေနဲ့အညီ နေထိုင်ကျင့်ကြံ နိုင်အောင် ၀ိုင်းဝန်း ထိန်းသိမ်းသင့်ပါတယ်။
ပုဒ်မ(၁၈)ပယ်ဖျက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တစ် ကယ်တမ်း
နင့်နင့်သီးသီးခံစားရမှာက ဒီနိုင်ငံနဲ့ ဒီပြည်သူတွေပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် လူထုလှိုင်းကို မစီးဘဲ လမ်းမှန်ပြဖို့ လမ်းမှန်ဆွဲခေါ်ဖို့၊
ပုံပျက်ပန်းပျက် ဒီမိုကရေစီ ဖြစ်ပေါ်မလာအောင် တားဆီးဖို့ လူထုကို
ဦးဆောင်မယ့် နိုင်ငံရေးသမားတွေမှာ တာဝန်ရှိတယ် ဆိုတာကိုပဲ ပြောပါရစေ။
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂ရ) မှ ကူးယူဖော်ပြသည်။
မြန်မာ့နိုင်ငံရေးဆောင်းပါးများ
No comments:
Post a Comment