မြန်မာတိုင်းမ် ဂျာနယ်၊ ၁၄-၁၁-၁၃။ စာ- ၁၀။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်ကို ခရီးထွက်ပါတယ်။ ထူးခြားချက်ကတော့ ခရီးစဉ် နေရာတိုင်းမှာ သမ္မတ ကို တောင်းဆိုကြတာကတော့ လျှပ်စစ်မီး ရရေးပါ။ တကယ်လည်း ရခိုင်ပြည်နယ် ဆိုတာ လျှပ်စစ်မီး မရတဲ့၊ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေရှိတဲ့ စစ်တွေ၊ သံတွဲ မှာဆိုရင် တစ်ယူနစ် ကျပ် ၄၀၀ ကျော် ၅၀၀ ပေးရတဲ့ ပြည်နယ် တစ်ခုပါ။ ဆင်းရဲရတဲ့အထဲ အရင် စစ်အစိုးရအာဏာပိုင်တွေက လျှပ်စစ်မီးရရေး ဘာမှ လုပ်မပေးသွားတော့ အလွန်ခက်ခဲနေတဲ့ ပြည်နယ် တစ်ခုဖြစ်နေတာပါ။
ဒီအတွက် ပြည်နယ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် သမ္မတ က မွန်ပြည်နယ်မှာ တရုတ် EXIM ဘဏ်က ချေးငွေ ဒေါ်လာ ၅၇ သန်းနဲ့ ၅၀ မဂ္ဂါဝပ် ထွက်မယ့် ဂက်စ်တာဘိုင် တစ်ခု တည်ဆောက်မယ့် စီမံကိန်း တစ်ခု ရှိတယ်၊ အခု မွန်ပြည်နယ်မှာ အခြား အကူအညီတွေရနေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းတွေ ရှိလာနေပြီ၊ အဲဒီ စီမံကိန်းကြီးတွေ ပြီးသွားရင် မွန်ပြည်နယ် တစ်ခုလုံးတင်မက အခြား ပြည်နယ်နဲ့ တိုင်းတွေကိုပါ မီးပေးနိုင်မယ်၊ ဒါကြောင့် မော်လမြိုင်က စီမံကိန်း ရခိုင်ဘက်ကို ရွှေ့လာပေးမယ် ဆိုပြီး ကတိပေးခဲ့ပါတယ်။
အားလုံးသိကြတဲ့အတိုင်း အဲဒီနောက်ပိုင်း သမ္မတက မွန်ပြည်နယ်က စီမံကိန်း ရခိုင်ဘက်ကို ရွှေ့မယ်လို့ လွှတ်တော်ကို သ၀ဏ်လွှာပေးပို့၊ လျှပ်စစ် ၀န်ကြီးကို စေလွှတ် ရှင်းလင်းစေခဲ့ပါတယ်။ လွှတ်တော်ထဲမှာ မွန်ပြည်နယ် အမတ်တစ်ယောက်က ကန့်ကွက်ပါတယ်။ ဒီနောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ထိခိုက်နိုင်တယ် ဆိုပြီး လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတရဲ့ သ၀ဏ်လွှာကို လက်မခံခဲ့ပါဘူး။ အဲဒီနောက်ပိုင်း သမ္မတ နဲ့ အစိုးရအဖွဲ့ဟာ ရခိုင်ကို မီးပေးနိုင်ဖို့ နောက်ထပ် စီမံကိန်း အသစ် ဘယ်လိုလုပ်မလဲ၊ ရင်းနှီးမြှုပ်နှံမှု ဘယ်က ရမလဲ၊ ဂက်စ်တာဘိုင်ဆို ဂက်စ်ကရော ရမလား ရှာရဖွေရပါတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ အနေနဲ့ ရခိုင်တိုင်းရင်းသားတွေကို ပေးခဲ့တဲ့ ကတိ လောလောဆယ် ပျက်ခဲ့ရပါပြီ။ ပြောရရင် ဒါဟာ လတ်တလော သမ္မတနဲ့ အစိုးရ ရင်ဆိုင်ရတဲ့ အကြပ်အတည်းတွေထဲက တစ်ခုပဲ ရှိပါသေးတယ်။
နောက်ပြသနာ တစ်ခုကတော့ လယ်ယာမြေ သိမ်းဆည်းခံရတာတွေကို ဖြေရှင်းရတဲ့ ကိစ္စပါ။ လွှတ်တော်ဘက်ကနေ သူတို့ဆီကို ရောက်လာတဲ့၊ သူတို့က စုံစမ်းစစ်ဆေးထားတဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြသနာတွေကို မြန်မြန်ဖြေရှင်းပေးဖို့ အစိုးရဘက်ကို တိုက်တွန်းထားပါတယ်။ တိုက်တွန်းရုံမက နှစ်လ တစ်ကြိမ်လောက် လွှတ်တော်မှာ လာ အစီရင်ခံပါ ဆိုပြီးတော့လည်း စည်းကမ်းချက် သတ်မှတ်ထားပါတယ်။ ဒါကြောင့် သမ္မတ က အဲဒီ ကိစ္စ ဖြေရှင်းနိုင်ရေး ဒုသမ္မတ တစ်ယောက်ကို ဥက္ကဌ ခန့်ပြီး အဖွဲ့ဖွဲ့စည်း ဆောင်ရွက်စေပါတယ်။ နဂိုက လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ
နောက်ပြသနာ တစ်ခုက စာရင်းစစ်ချုပ်က တင်ပြပြီး လွှတ်တော် ငွေစာရင်းဌာန က ဆွေးနွေးခဲ့တဲ့ ၀န်ကြီးဌာနတွေကနေ နိုင်ငံတော်ကို ပေးရမယ့် ကြွေးကျန်တွေ ကိစ္စပါ။ ကြွေးကျန်တွေအနေနဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ပထမ (၆)လမှာ ကျပ်ငွေ သန်း ၉၀၀ ကျော်၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ကြွေးကျန် ကျပ်ငွေ ဘီလျံ ၃၀၊ အရင်ခေတ်အဆက်ဆက်ကနေ ၂၀၁၃ အောက်တိုဘာ အထိ ကြွေးကျန်စုစုပေါင်း ကျပ်ငွေ တစ် ထရီလီရံ (ဘီလျံ တစ်ထောင်ကျော်)။ မနည်းပါဘူး။ ရွှေကြွေးတွေလည်း ရှိပါသေးတယ်။ အခု လွှတ်တော်တွင်း အစီရင်ခံစာတွေနဲ့ စာရင်းဇယားတွေအရဆို သမ္မတ ဦးသိန်းစိန်ဟာ အရင် စစ်အစိုးရခေတ် နှစ်ပေါင်းများစွာကတည်းက ကျန်နေတဲ့ ကြွေးကျန်ကိစ္စတွေကိုပါ ဖြေရှင်းရမယ့်ပုံ ပေါ်နေပါတယ်။ ၀န်ကြီးတွေက ဖြေရှင်းပါ့မယ်လို့ လွှတ်တော်မှာ လာထွက်ဆိုကြပေမယ့် တကယ့်လက်တွေ့ တစ်ချို့ ၀န်ကြီးဌာနတွေမှာ ဖြစ်နိုင်ချေ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စဟာလည်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အတွက် အနှစ်နှစ်အလလ အရင် တာဝန်ရှိသူ အဆက်ဆက် ရှုတ်သွားသမျှ ရှင်းကြရမယ့် အကြပ်အတည်း တစ်ခုဖြစ်ပါတယ်။
ခုတလော ပေါ်ပေါက်လာတဲ့ အရေးကြီး ပြသနာ တစ်ခုကတော့ လျှပ်စစ် ဓာတ်အားခ (မီတာခ) တိုးမြှင့်ကောက်ခံဖို့ စီစဉ်တာ ဖြစ်ပါတယ်။ မီတာခ တိုးမြှင့်ကောက်ခံဖို့ ကိစ္စနဲ့ ပါတ်သက်ပြီး အစိုးရအဖွဲ့ထဲမှာ ဆွေးနွေးနေကြ တာတော့ ကြာနေပါပြီ။ အခုနောက်ဆုံး ဆုံးဖြတ်ချက် တစ်ခု ရတဲ့အခါ အချိန်မဆိုင်းပဲ ကြေငြာလိုက်ပါတယ်။ အဲဒီ နောက်မှာမှ ဘာကြောင့် မီတာခ တိုးမြှင့်ကောက်ခံရကြောင်း ရှင်းပါတယ်။ ဒီအတွက် လျှပ်စစ်ဝန်ကြီးဌာနရဲ့ ခြေလှမ်းနောက်ကျသွားပါတယ်။ မီတာခတက်မယ်လို့ ကြေငြာလိုက်တာနဲ့ မီဒီယာတွေက အရင်ဝေဖန်ပါတယ်။ သိပ်မကြာခင် ပြည်သူတစ်ချို့ လမ်းပေါ်ထွက် ဆန္ဒပြပါတယ်။ အချိန်ကောင်းပါပဲ။ လွှတ်တော်ကျင်းပချိန် ဆိုတော့ လွှတ်တော်ကလည်း အရေးကြီးအဆို တင်ပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့ဘက်ကတော့ သူတို့အနေနဲ့ တိုင်းပြည်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အများကြီးရှိတယ်၊ ဒီအတွက် ရင်းနှီးမြှုပ်နှံဖို့ ငွေ အများကြီးလိုနေတယ်၊ နောက် ဒီကိစ္စ အစိုးရ တစ်ဖွဲ့တည်းနဲ့ လုပ်နေလို့လည်း မရဘူး၊ နိုင်ငံခြားနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ၀င်လာဖို့ လိုတယ်၊ ဒီအတွက် မီတာခ ဟာ ပြသနာ ဖြစ်နေတယ် ဒါကြောင့် မီတာခ တက်ရတာပါ။ ဒါပေမယ့် လွှတ်တော်ဘက်က သဘောမတူဘူး ဆိုရင် လွှတ်တော်က ဆုံးဖြတ်သလို နာခံပါ့မယ် ဆိုပြီး ပြောပါတယ်။ နောက်ဆုံး နိုဝင်ဘာ ၁၂ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ နာယက သူရဦးရွှေမန်းက မီတာခ တက်တဲ့ကိစ္စ ပယ်ချလိုက်ပါတယ်။ လာမယ့် ဘတ်ဂျက်နှစ် ရောက်မှ မီတာခ ဘယ်လို တိုးမြှင့်မလဲ ပြန်တင်ပြပါ ဆိုပြီး ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရေး ကြိုးစားနေရတဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့အတွက် ကြီးမားတဲ့ အကြပ်အတည်း ဖြစ်စေမှာ ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အကြပ်အတည်းတစ်ခုကတော့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး စစ်ဘက်၊ လွှတ်တော်ဘက် အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ ကြိုးစား အကောင်အထည် ဖော်ခဲ့ပါတယ်။ အဓိက လှုပ်ရှားသူကတော့ ၀န်ကြီးဦးအောင်မင်းပါ။ နဂိုရည်မှန်းချက်ကတော့ ဒီ ၂၀၁၃ မကုန်ခင် တစ်တိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးကြမယ်၊ လက်မှတ်ရေးထိုးပွဲကြီးကို နိုင်ငံတကာ သက်သေတွေရှေ့မှာ ခန်းခန်းနားနား လုပ်ကြမယ် မှန်းထားတာပါ။ ဒါပေမယ့် အခုနောက်ဆုံး အခြေအနေ တိုင်းရင်းသားတွေဘက်က တပ်ပေါင်းစုနဲ့ ဆွေးနွေးမယ်၊ တစ်ဖွဲ့ချင်းစီ လက်မှတ်မထိုးဘူး၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် ခိုင်မာတဲ့ ဆွေးနွေးပွဲ မူဘောင် ချမှတ်ပြီးမှသာ အပစ်ရပ်မယ် ဆိုတဲ့ လိုင်ဇာ ဆုံးဖြတ်ချက် ရှိလာပါတယ်။ တကယ်လို့သာ တိုင်းရင်းသားတွေရဲ့ လာမယ့် ဘားအံ ဆွေးနွေးပွဲမှာ အဲဒီ ဆုံးဖြတ်ချက် ပြုပြင်နိုင်ခြင်း မရှိရင် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ အကြပ်အတည်း တစ်ရပ် ဖြစ်လာပါဦးမယ်။
အခုနောက်ဆုံး ပြသနာကတော့ လွှတ်တော်ထဲမှာ ဆွေးနွေးတာပါ။ လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၃၆ ခု၊ ၀န်ကြီး ၃၆ ယောက်၊ ဒုဝန်ကြီး အယောက် ၆၀ စုစုပေါင်း ၉၆ ယောက်ရှိနေတာဟာ များနေတယ်၊ တစ်ချို့ ၀န်ကြီးဌာနတွေ မလိုအပ်ဘူးလို့ နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ် အမတ် ဒေါက်တာ ဗညားအောင်မိုးက ဝေဖန်ပါတယ်။ မြန်မာနိုင်ငံ အရင် ခေတ် အဆက်ဆက်က ၀န်ကြီးစာရင်းနဲ့ ပဲ နှိုင်းနှိုင်း နိုင်ငံတကာနဲ့ပဲ နှိုင်းနှိုင်း အရည်အတွက်များနေတယ်လို့ ပြည်ထောင်စုအဆင့် ချိးမြှင့်ငွေနဲ့ အဆောင်အယောင် ဆိုင်ရာ ဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်း ဆွေးနွေးစဉ် သူက ခုလို ပြောလိုက်တာပါ။ အဲဒီ ဥပဒေကြမ်း အတွဲတွေကို အတည်ပြုပြီးရင် ဒုသမ္မတ နဲ့ လစာနဲ့ ခံစားခွင့် တူညီတဲ့ လွှတ်တော်ဥက္ကဌ နှစ်ယောက်၊ ဒုဝန်ကြီးတွေနဲ့ လစာ တူတဲ့ အမတ်ပေါင်း ၆၆၀ လောက်ရှိတဲ့ လွှတ်တော် နှစ်ရပ်နဲ့ အစိုးရအဖွဲ့ ရင်ဆိုင်ရပါတော့မယ်။ ဒါဟာလည်း သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့အတွက် အကြပ်အတည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
တကယ်တော့ သမ္မတ ဦးသိန်းစိန်ဟာ အရင်စစ်အာဏာပိုင်တွေက နေရာချပေးမှုအောက်မှာ သမ္မတ ဖြစ်လာတာဖြစ်ပြီး အရင် အာဏာပိုင် တွေက ရွေးချယ်ပေးသွားတဲ့ အစိုးရအဖွဲ့ဝင်တွေကို ခေါင်းဆောင် လုပ်နေရ သူဖြစ်ပါတယ်။ စီမံခန့်ခွဲမှု အရည်အချင်းနဲ့ ပါတ်သက်ရင်၊ ရိုးသားမှုနဲ့ ပါတ်သက်ရင် မေးခွန်းထုတ်ခံနေရတဲ့ ၀န်ကြီးတွေကို ဦးဆောင်ပြီး အပြောင်းအလဲ လုပ်နေရသူ ဖြစ်ပါတယ်။ နဂိုဖြစ်တည်လာပြီးသား ပြဿနာ တွေကြားမှာ အခု အကြပ်အတည်းတွေ ထပ်ပေါင်းပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန်အတွက် စိန်ခေါ်မှုအသစ်တွေ ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။
Sithu Aung Myint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
No comments:
Post a Comment