Monday, November 25, 2013

တရုတ် ၊ ဗီယက်နမ် နှင့် မြန်မာ


( ဒီကနေ့ထုတ် the Voice weekly မှာ ရေးပါတယ်။ အပြောင်းအလဲကို အားလုံးလိုလားကြပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်လောက် ဘယ်လို ပြောင်းလို့ရမလဲဆိုတာ ပညာနဲ့အမြော်အမြင်ကို ကျကျနနသုံးမှ
ထိရောက်အောင်မြင်ပါမယ်။ ဒီမိုကရေစီတော့ အားလုံးလိုချင်ကြတာပါ။ ဒါပေမယ့် လုပ်လိုက်မှ ပိုကြာသွားတာမျိုးမဖြစ်စေချင်ပါ။ လုပ်သလောက် အရာမထင်တာတွေများလာရင် ဒီမိုကရေစီရေးကိုထိခိုက်နိုင်တာမို့ သတိပေးလိုရင်းပါ။

ကျနော်တို့အနေအထားက တရုပ်၊ဗီယက်နမ်တို့ထက် နိုင်ငံရေးအရ သာလွန်ကောင်းမွန်နေပြီဖြစ်တာကြောင့် နိုင်ငံတကာက တပ်အပေါ် အတင်းဖိတာမလုပ်တော့ပါဘူး။ ဒါဟာ ၂၀၁၅ မတိုင်ခင် အများကြီးပြင်လို့မရနိုင်ဘူးဆိုတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါကြောင်း။ )

အာရှရဲ့ အောင်မြင်တဲ့နိုင်ငံတော် မှ ထိန်းချုပ်သော စီးပွားရေးပုံစံ state
controlled economic model များကို ပြပါဆိုရင် တရုတ်နဲ့ ဗီယက်နမ်
တို့ကိုပဲပြရပါလိမ့်မယ်။ ဒီမိုကရေစီအခြေခံရှိတဲ့ ဈေးကွက်စီးပွားရေးသည်သာ
လူထုရဲ့ လူမှုဘဝ ဖွံ့ဖြိုးမှုကို အာမခံချက် အပြည့်အဝ ပေးနိုင်တယ် ဆိုတဲ့ သီအိုရီကို ကောင်းကောင်းကြီး စိန်ခေါ်နေတဲ့ တရုပ်နဲ့ ဗီယက်နမ်တို့ရဲ့ စီးပွားဖွံ့ဖြိုးမှုအရှိန်မြင့်မားလာခြင်းကို စီးပွားရေးနဲ့ နိုင်ငံရေး ကျွမ်းကျင်တဲ့ ပညာရှင်များက မျက်ခြေမပြတ်စောင့်ကြည့် နေကြရပြီလည်းဖြစ်ပါတယ်။
စီးပွားရေးနဲ့နိုင်ငံရေးဆက်နွယ်မှုကို သီအိုရီသမားတို့ပိုမိုအာရုံစိုက်လာဖို့ တရုတ်နဲ့ဗီယက်နမ်တို့က ကောင်းကောင်းကြီး လှုံ့ဆော်နိုင် စွဲဆောင်နိုင်ပါတယ်။

ဒီမိုကရေစီစနစ်သည်သာ လူ့အဖွဲ့အစည်း ချမ်းသာကြွယ်ဝရေးအတွက် အသင့်တော်ဆုံးဆိုတဲ့ ယူဆချက်ဟာ မှန်ကန်မှုမရှိတော့ကြောင်းကိုလည်
တရုတ်နဲ့ဗီယက်နမ်တို့ရဲ့ စီးပွားဖွံ့ဖြိုးမှုကသက်သေပြဖို့ ကြိုးစားနေပါပြီ။ ကွန်မြူနစ်ပါတီအစိုးရများက နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ လုံးဝငြင်းဆန်ပြီး စီးပွားရေးကိုတော့ ဒီမိုကရေစီနိုင်ငံများနည်းတူ ဈေးကွက် အခြေခံပုံစံသို့ ပြောင်းလဲပေးပြီး နိုင်ငံတော်ရဲ့ ပုံရိပ်ကို
အရှိန်အဟုန်ပြင်းပြင်နဲ့ မြှင့်တင်နိုင်တာကို
အထင်အရှားတွေ့မြင်နိုင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း
တရုတ်နဲ့ဗီယက်နမ်တို့ကို ပြန်မဆက်ဆံဘဲနေလို့မရအောင် ကွန်မြူနစ်အစိုးရများက ကောင်းကောင်း စွမ်းဆောင်နိုင်ကြရုံမက အဲဒီနှစ်နိုင်ငံရဲ့ ရှေ့ခရီးဟာလည်း ဖြောင့်ဖြူးနေပါတယ်။

တရုတ်တို့ဟာ စီးပွားရေးအရ ရည်မှန်းချက်ကြီးကြီးနဲ့
ကြိုးပမ်းနေတာဖြစ်ပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ
စတင်လုပ်ဆောင်ပြီး များမကြာမီမှာပဲ အာရှတိုက်တစ်ခုလုံးဟာ
တရုတ်ရဲ့အပြောင်းအလဲများကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ရပါတယ်။
အိန္ဒိယနဲ့ အင်အားတူလောက်ရှိတဲ့တရုတ်ဟာ
ဘတစ်ပြန်ကျားတစ်ပြန်ပြိုင်ဆိုင်ရင်း နောက်ဆုံး ဒီမိုကရေစီကို အခိုင်အမာ
တည်ဆောက်ထားနိုင်တဲ့ ပြိုင်ဘက်အိန္ဒိယကို နောက်ချန်ထားနိုင်ခဲ့ရုံမက အာရှရဲ့ထိပ်တန်းနိုင်ငံ၊ ကမ္ဘာရဲ့ဒုတိယ စီးပွားအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်ကိုပါ နောက်ချန်ထားခဲ့ပါပြီ။

မဟာအင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကားကိုတောင် နောက် ဆယ့်ငါးနှစ်မှာ
ကျော်ထက်ပြီး super power သရဖူကို လုယူတော့မယ့်နိမိတ်တွေရှိနေပြီဖြစ်ကြောင်း ပညာရှင်တို့
ယူဆလာကြပါပြီ။ တရုတ်ရောဗီယက်နမ်ပါ ပြုပြင်ပြောင်းလဲရေးကို
(နိုင်ငံရေးကိုချန်လှပ်ပြီး ) လုပ်နိုင်သလောက်လုပ်ဖို့ကြိုးစားနေကြတာဖြစ်ပြီး
ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးဟာ လူသားတိုင်းအတွက်
မရှိမဖြစ်ရသင့်တယ်ဆိုတဲ့အမှန်တရားအတွက် အာဏာရှင်ပုံစံ
အစိုးရများနဲ့နိုင်ငံများအပေါ် ဖိအားမျိုးစုံပေးခဲ့တဲ့နိုင်ငံတကာ အသိုင်းအဝိုင်းဟာလည်း အခုဆိုရင် အဲဒီနှစ်နိုင်ငံ နဲ့ ဆက်ဆံရေးကောင်းတွေပြန်လည်ထူထောင်တည်ဆောက်ဖို့
နည်းမျိုးစုံနဲ့ကြိုးစားနေကြပြီး နိုင်ငံရေးအပြောင်းအလဲအတွက် အတင်းအကျပ်ဖိအားပေးဆောင်ရွက်မှုတွေကို သိသိသာသာလျှော့ချနေကြတာ ထင်အရှားမြင်တွေ့နေကြရပြီဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပထမလား၊စီးပွားရေးပထမလားဆိုတဲ့
ငြင်းခုံမှုဟာလည်း တိတ်ဆိတ်စပြုလာပြီး စီးပွားရေးအရ ခိုင်မာတဲ့ လူ့ဘောင်တည်ဆောက်နိုင်ရေးဟာ နိုင်ငံရေးကို လွတ်လပ်တဲ့ ပုံစံ ချက်ချင်းပြောင်းလဲရေးထက် ဦးစားပေးစဉ်းစားလာနေကြပါတယ်။

ဗီယက်နမ်ကိုကြည့်ရင် လက်ရှိမဟာအင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကားကို
မိတ်ဆွေအဖြစ်ပြောင်းလဲယူနိုင်ခဲ့ပြီး တစ်ချိန်က ဗီယက်နမ်စစ်ပွဲကြောင့်
ကြီးကြီးမားမားရန်ငြိုးတွေရှိခဲ့ဖူးတယ်ဆိုတဲ့အချက်ကိုတောင်မှ ကမ္ဘာကြီးဟာ
မကြာခင်မေ့လျော့သွားတော့မှာဖြစ်ပါတယ်။ အာဆီယံအသိုက်အမြုံရဲ့
နောက်တိုးကျားတစ်ကောင်အဖြစ်ပြောင်းလဲလာနေတဲ့ဗီယက်နမ်နိုင်ငံကို
ထိန်းကျောင်းမောင်းနှင်နေတဲ့အစိုးရအဖွဲ့ဝင်များဟာ
ကွန်မြူနစ်များဖြစ်တယ်ဆိုပြီး ဘယ်တိုင်းပြည်ကမှအလွန်အကျူး
ပြစ်တင်ပြောဆိုလို့မရတော့ပါဘူး။ နှစ်ဆယ့်တစ်ရာစုဟာ ကမ္ဘာ့
စီးပွားရေးခိုင်မာတောင့်တင်းအောင် တည်ဆောက်ရေးဟာ နိုင်ငံတကာ ဆက်ဆံရေးရဲ့ ပင်မရည်မှန်းချက် ဖြစ်မှန်း မသိဖြစ်လာနေပါတယ်။နိုင်ငံရေးစနစ်များအကြောင်းကို
ပြောဆိုနေကြပေမယ့် အာဏာရှင်ဆန်ဆန် အစိုးရများအုပ်ချုပ်တဲ့ နိုင်ငံများမှာ
ဒီမိုကရေစီအခိုင်အမာဖြစ်ထွန်းရေးဆိုတဲ့ နိုင်ငံတကာအသိုင်းအဝိုင်း (
ဒီမိုကရေစီအင်အားကြီးနိုင်ငံများ ) ရဲ့ ရည်မှန်းချက်ဟာ
နှစ်ဆယ်ရာစုကထက်စာရင် မှေးမှိန်လာနေတာဖြစ်ပြီး ဒီမိုကရေစီအစိုးရများဟာ
သူတို့နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့မဲဆွယ်တဲ့အချိန်မှာပ
လူထုသည်းခြေကြိုက်ဖို့ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးကို
ခပ်ကျယ်ကျယ်ပြောတော့တဲ့ အနေအထားကိုရောက်လာပါတယ်။
ရွေးကောက်ပွဲတွေလွန်မြောက်တာနဲ့ ဒီမိုကရေစီမဟုတ်သေးတဲ့နိုင်ငံများနဲ့
စီးပွားရေးအရ အခိုင်အမာချိတ်ဆက်နိုင်ဖို့ တွန်းလုပ်လာကြပါတယ်။

ဒီလိုဖြစ်လာရတဲ့ အဓိကအကြောင်းရင်း နှစ်ရပ်ရှိပါတယ်။ ၁။
အာဏာရှင်စနစ်မျိုးစုံဟာ ကမ္ဘာနဲ့အဝှမ်း မှာ
ဇာတ်သိမ်းခန်းကိုရောက်ရှိလာနေခြင်းနဲ့ ၂။ တရုတ်နဲ့ဗီယက်နမ်ကဲ့သို့သော
အာဏာရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံရေးခေါင်းဆောင်တို့က
တိုင်းပြည်စီးပွားရေးကို အံ့မခန်းမြှင့်တင်နိုင်ကြခြင်း တို့ဖြစ်ပါတယ်။

အာဏာရှင်စနစ်နဲ့ ဆက်ဒုက္ခရောက်နေတဲ့နိုင်ငံ အနည်းငယ်ဟာလည်း ဆက်လက်ဖိအားပေးခြင်းခံနေရတာတွေ့ရမှာဖြစ်ပါတယ်။
အမေရိကားနဲ့ အနောက်ကမ္ဘာက မြောက်ကိုးရီးယားကိုဆက်ဆံပုံနဲ့
တရုတ်ကိုဆက်ဆံပုံအကြားခြားနားမှုကို
ဂရုတစိုက် လေ့လာကြည့်ရင် မဟာဗျူဟာအရ အကြီးအကျယ် ကွာခြားနေတာကို အလွယ်တကူမြင်တွေ့ရမှာပါ။တောင်အမေရိကမှာ ရှိတဲ့
ဗင်နီဇွဲလားလိုနိုင်ငံမျိုးဟာလည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့
တစ်နည်းအားဖြင့် အာဏာရှင်စနစ်ကျဆုံးဖို့အတွက် အစိုးရကိုယ်တိုင် အမှားတွေ ကျူးလွန်လာတာတွေ့နိုင်ပြီး ဒီနေရာမှာလည်းတရုတ်၊ဗီယက်နမ်
ကွန်မြူနစ်ပါတီများနဲ့ အကြီးအကျယ်ခြားနားနေတာမြင်တွေ့နိုင်ပါတယ်။
မြောက်ကိုးရီးယားဟာလည်း စီးပွားရေးအရ
ပြုပြင်ပြောင်းလဲဖို့ဆက်လက်ငြင်းဆန်နေတာကြောင့် အမေရိကနဲ့ အနောက်ကမ္ဘာက အနီးကပ်စောင့်ကြည့်တာ ပြင်းထန်တဲ့ ဖိအားတွေ ပေးနေတာကို ခံနေရပါတယ်။ စီးပွားရေးကိုသာ ဒီအတိုင်းပိတ်ထားရင် မြောက်ကိုးရီးယား အာဏာရှင်ဟာ အနှေးနဲ့အမြန်သေချာပေါက်ပြိုလဲတော့မှာပါ။
ဒါဟာဘာကိုပြသလဲဆိုတော့ စီးပွားရေးအရ တောင့်တင်းတဲ့ အနောက်နိုင်ငံများဟာ အခုရာစုသစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားဖွံ့ဖြိုးတိုးတက်ရေး( Global Economic Development )
ကို ဒီမိုကရေစီရေးထက် ဦးစားပေးနေကြပြီဆိုတဲ့အချက်ကို
သိသာထင်ရှားစေပါတယ်။အာဏာရှင်စနစ်တစ်ခုအောက် လူ့အဖွဲ့အစည်းဟာ လူသားတို့ရဲ့မွေးရာပါအခွင့်အရေးဆိုင်ရာ
စံချိန်စံညွှန်းများ ပြည့်မီစွာ ရရှိခံစားနိုင်ရေးထက် စီးပွားရေးအရ လူစဉ်မီနိုင်ရေးကို အရင်ဦးစားပေးစဉ်းစားလာတဲ့သဘောဖြစ်ပါတယ်။
မြောက်ကိုးရီးယားလို ဗင်နီဇွဲလားလိုအာဏာရှင်များ ယိမ်းယိုင် ကျဆုံးအောင် ပိတ်ဆို့အရေးယူမှုအပါအဝင်နည်းစုံလမ်းစုံသုံးပြီး
ကြိုးပမ်းမှာဖြစ်သော်လည်း တရုတ်နဲ့ဗီယက်နမ်လို စီးပွားဖွံ့ဖြိုးလာတဲ့
နိုင်ငံများကိုတော့ စီးပွားရေးအရပဲ ခိုင်မာတဲ့ ဆက်ဆံရေးတွေထူထောင်ဖို့
ကြိုးစားမှာဖြစ်ပြီးဒီမိုကရေစီရေးအပြောင်းအလဲများပြုလုပ်ဖို့
အကြီးအကျယ်ဖိအားပေးတာ လုပ်ဖို့ ရည်ရွယ်ချက်မရှိတော့တဲ့ သဘောဖြစ်ပါတယ်။

တရုတ်ရဲ့ ပြိုင်ဆိုင်နိုင်စွမ်းဟာ အမေရိကန်တို့
ဝန်မခံသော်လည်းတုန်လှုပ်ရတဲ့ ထိုးနှက်ချက်ဖြစ်ပြီး ရှေ့ကနေ ဦးဆာင်ပြီးဆက်ပြေးနိုင်ရေး မီးကုန်ယမ်းကုန်ကြိုးစားဖို့သာ ရှိပါတယ်။ တရုတ်တို့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးက အမေရိကရဲ့
အကျိုးစီးပွားအဖြစ်ရှိမနေတော့တာ သေချာပါတယ်။ တရုတ်က
ကျော်တက်ဖို့ကြိုးစားနေတယ်ဆိုတာကလည်း စီးပွားရေးအရသာအဓိကဖြစ်ပြီး ကျန်တဲ့ နည်းပညာ၊ စစ်ရေး၊ပညာရေးနဲ့
ကမ္ဘာလုံးဆိုင်ရာသြဇာလွှမ်းမိုးနိုင်မှုစတာတွေ အတွက်တော့အမေရိက ကိုမီဖို့ မလွယ်လှသေးပါဘူး။ ဒီတော့ အမေရိကအနေနဲ့တရုတ်ကို စီးပွားရေးအရ တတ်စွမ်းသလောက် နောက်ချန်ထားနိုင်ရေးနဲ့
အာရှပစိဖိတ်ဒေသတွင်းသြဇာလွှမ်းမိုးမှုချဲ့ထွင်နိုင်ရေးတို့ကို
ထိပ်တန်းဦးစားပေးမဟာဗျူဟာသစ်အဖြစ် ချမှတ်ပြီးဖြစ်တယ်ဆိုတာ အလွယ်တကူပဲ တွက်ချက်ကြည့်လို့ရနိုင်ပါတယ်။ ဒါကြောင့်
အာဏာရှင်စနစ်နဲ့သွားနေတဲ့တရုတ်နဲ့ဗီယက်နမ်အစိုးရများရဲ့ စီးပွားရေးအရ စွမ်းဆောင်နိုင်မှုဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးကို
တစ်ဆင့်ချင်း ဖြည်းဖြည်းမှန်မှန်ပဲ ဆောင်ရွက်လိုတဲ့ မြန်မာ့တပ်မတော်ရဲ့ ရည်မှန်းချက် အောင်မြင်ပေါက်မြောက်အောင်သွယ်ဝိုက်တဲ့နည်းနဲ့
အကြီးအကျယ်ပံ့ပိုးပေးနေတာတွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့
လက်ရှိနိုင်ငံရးအခင်းအကျင်းဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ချိန်ထိုးရင်
လိုအပ်ချက်တွေများစွာရှိနေသေးတာမှန်သော်လည်း
တရုတ်၊ဗီယက်နမ်တို့နဲ့နှိုင်းယှဉ်ကြည့်ရင်တော့ အများကြီး
တိုးတက်ဖြစ်ထွန်းနေတာဖြစ်ပြီး အပြောင်းအလဲဆက်ဖြစ်မယ့်
အကြောင်းတရားတို့အခိုင်အမာရှိနေပြီဖြစ်တယ်ဆိုတာကို အမေရိက ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက
ခိုင်ခိုင်မာမာအသိအမှတ်ပြုလက်ခံထားလိုက်ပြီဖြစ်ပါတယ်။ ဗီယက်နမ်နဲ့
ဗီယက်နမ်ထက် ပထဝီအနေအထားအရ များစွာအချက်အချာ ကျလှတဲ့ မြန်မာတို့ကို မဟာမိတ်အဖြစ်အခိုင်အမာ တည်ဆောက် ထားနိုင်ရေးဟာ အမေရိကရဲ့ မဟာအင်အားကြီးနိုင်ငံသရဖူကို
ကာကွယ်ထားနိုင်ရေးအတွက် အာမခံချက်တွေထဲကတစ်ခုဖြစ်နေပါတယ်။

ဒီတော့ မြန်မာအစိုးရအပေါ်နိုင်ငံရေးအရ ပြောင်းအလဲကို
အရှိန်မြှင့်တင်ရေးဖိအားပေးဖို့ထက် ဒေသတွင်းတည်ငြိမ်ရေးအပါအဝင်
မြန်မာနိုင်ငံနဲ့ အာဆီယံရဲ့စီးပွားတိုးတက်ဖြစ်ထွန်းမှုကနေ
အမေရိက အနာဂါတ်အတွက် အကျိုးအမြတ်ရယူနိုင်ရေးကို
ပိုပြီးအလေးအနက်ထားတော့မှာဖြစ်ပါတယ်။ စစ်အစိုးရပုံစံအုပ်ချုပ်ခဲ့တဲ့
ကာလတစ်လျှောက်လုံးမှာတောင်မှ ချမှတ်ထားတဲ့လမ်းစဉ်မူဝါဒ
ကို အခိုင်အမာ ဆုပ်ကိုင်ထားနိုင်ခဲ့တဲ့ တပ်မတော်ဟာ လက်ရှိ
ဖြေလျှော့ပေးလိုက်တဲ့ အခြေအနေသစ်ကို ကောင်းစွာ
ထိန်းကျောင်းမောင်းနှင်နိုင်တော့မယ်ဆိုတာ ကို နိုင်ငံတကာက
ကောင်းစွာသဘောပေါက်နေပြီဖြစ်တဲ့အပြင် တပ်မတော်အပေါ်ဖိအားပေးခြင်းအားဖြင့်
မြန်မာလူထုအတွက် အကျိုးမများတဲ့အပြင် များစွာ ထိခိုက်နစ်နာ ခဲ့ရတဲ့ သင်္ခန်းစာကိုလည်း ကောင်းစွာ အသုံးချတော့မှာဖြစ်ပါတယ်။ ပြည်တွင်း အတိုက်အခံအများက မည်သို့ပင်ငြင်းဆိုနေသော်လည်း
လက်ရှိကျင့်သုံးနေတဲ့ဖွဲ့စည်းပုံအခြေခံဥပေးဟာ ဖက်ဒရယ်စနစ်အထိ
ဆင့်ကဲဖြစ်စဉ်တစ်ခုနဲ့ ပြောင်းလဲယူနိုင်တယ်ဆိုတဲ့အချက်ကို အခြေခံဥပဒေကို ကျကျနနဖတ်ရှုလေ့လာပြီးဖြစ်တဲ့ အမေရိကနဲ့ ဒီမိုကရက်တစ်နိုင်ငံများက လက်ခံလိုက်ကြတာကြောင့်သာ
လက်ရှိအစိုးရနဲ့တပ်မတော်ကို အပြုသဘော ဆက်ဆံဖို့ကြိုးစားလာကြခြင်းဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ တရုတ်နဲ့ဗီယက်နမ်တို့ အာဏာရှင်စနစ်နဲ့ စံပြအဖြစ်ဆောင်ရွက်နိုင်တဲ့ စီးပွားဖြစ်ထွန်းမှုနဲ့
နှစ်ဆယ့်တစ်ရာစု နိုင်ငံတကာစီးပွားရေးနဲ့
ဆက်ဆံရေးပုံစံသစ်မှာ မြန်မာနိုင်ငံရဲ့ အရေးပါလာတဲ့ ပထဝီအနေအထားတို့ဟာ မြန်မာ့အပြောင်းအလဲကို လက်ရှိ ထိန်းကျောင်းမောင်းနှင်နေသူများအတွက် အရင်အစိုးရလက်ထက်က ဖိအားမျိုးတွေကနေကင်းလွတ်စေဖို့အပြင် စီးပွားရေးမြန်မြန် တွန်းတင်၊နိုင်ငံရေးဖြည်းဖြည်းပြောင်းဆိုတဲ့ တပ်မတော်ရဲ့ မူဝါဒကိုနိုင်ငံတကာက တိမ်းညွတ်လာဖို့ တပ်မတော်ကို အတိုက်အခံတို့နဲ့တန်းတူ ထောက်ခံ အသိအမှတ်ပြုဖို့အတွက်ပါ
တွန်းအားတစ်ခု ဖြစ်ပေါ်စေခဲ့ပါကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။ ။

ပိုက်တင်

No comments:

Post a Comment