Sunday, November 10, 2013

ကျွန်တော်နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Foreign Direct Investment (FDI)နဲ့ ပတ်သက်လာရင် မြန်မာပြည် အပါအဝင် နိုင်ငံတိုင်းလိုလိုမှာ အယူအဆ၊ အမြင်အမျိုးမျိုးရှိကြပါတယ်။

တချို့က FDI ဟာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့အရာလို့ ယူဆကြပြီး တချို့ ကတော့ FDI ဟာ နိုင်ငံခြားသားတွေကို ဦးစားပေးတာမို့ နိုင်ငံသားတွေအတွက် အနှောင့်အယှက် အန္တရာယ်ဖြစ်တယ်လို့ ထင်ကြတယ်။



မှန်တယ်၊ မှားတယ်ဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းရဲ့ ဆန္ဒဖြစ်တာမို့ မပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်ကိုတော့ စာဖတ်ပရိသတ်တွေကို မျှဝေချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံခြားဝင်ငွေ ရနိုင်တဲ့လမ်းသွယ် လေးရပ် ရှိပါတယ်။

ပထမလမ်းသွယ်က Official Development Assistance (ODA)ဖြစ်ပါတယ်။ ODA က ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ချမ်းသာတဲ့နိုင်ငံတွေက ပေးအပ်တဲ့ အထောက်အပံ့ ဖြစ်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရတဲ့နိုင်ငံများ စုစုပေါင်း ၂၂ နိုင်ငံ ရှိပါတယ်။ ဒီနိုင်ငံတွေကို စုပေါင်းပြီး (OECD) နိုင်ငံများလို့ခေါ်ပါတယ်။ OECD နိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံများကို မိမိတိုင်းပြည်ဝင်ငွေရဲ့ ဝ ဒသမ ၇ ရာခိုင်နှုန်းကို အထောက်အပံ့ပေးဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်လောက်ကတည်းက ကတိပေးခဲ့တယ်။ ဝ ဒသမ ၇ ရာခိုင်နှုန်းကို အလွယ်တကူ နားလည်အောင် ငွေ ၁ဝဝ ဝင်ငွေရှိရင် ပြား ၇ဝ ကို အထောက်အပံ့ အဖြစ်ပေးဖို့ သဘောတူမှုသာ ဖြစ်ပါတယ်။

ပမာဏအနေနဲ့ မများလှပါဘူး။ ၂ဝ၁၂ ခုနှစ်မှာ OECD နိုင်ငံ ၂၂ နိုင်ငံအနက် ငါးနိုင်ငံမျှသာ ဒီရည်မှန်းချက် ပြည့်မီနေတာကို တွေ့ရပါတယ်။ ဒုတိယလမ်းသွယ်က ကုန်သွယ်မှု (Trade) ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံဟာ ကုန်သွယ်မှု အလုပ်တွေကို ဦးစားပေးအနေနဲ့ သတ်မှတ်ဖို့ လိုတယ်။ ကုန်သွယ်မှု အားကောင်းဖို့ Open Trade လွတ်လပ်စွာ ကုန်သွယ်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။ လွတ်လပ်မှုလို့ ပြောတဲ့နေရာမှာလည်း အခွန်အကောက်တွေ၊ အတားအဆီးတွေကို လျှော့ပေါ့ဖို့ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ တစ်ချိန်က ကမ္ဘာ့စီးပွားရေး စနစ်နဲ့ ကင်းကွာခဲ့တယ်။ မပတ်သက်ခဲ့ဘူး။ ပြည်တွင်းဖူလုံမှုကိုသာ စဉ်းစားပြီး အပြည်ပြည်ဆိုင်ရာ ဆက်သွယ်၊ ဆက်ဆံမှုတွေကို ရှောင်ခဲ့တယ်။

ပြုပြင်ပြောင်းလဲမှု ကာလမှာတော့ ပြန်ပြီးချိတ်ဆက်နေတာ တွေ့ရတယ်။ မကြာခင် ကျွန်တော်တို့ လက်လှမ်းမီတဲ့ ဈေးကွက်ဟာ သန်း ၆ဝ က တစ်ဆင့်သန်း ၆ဝဝ အထိ တိုးလာတော့မှာ ဖြစ်တယ်။ ၂ဝ၁၅ ခုနှစ်မှာ မြန်မာနိုင်ငံဟာ AEC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာတော့မယ်။ အိမ်နီးနားချင်း နိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်ပြည်နဲ့ အိန္ဒိယ ပြည်တို့ဟာ၂၁ ရာစုမှာ စီးပွားရေး အင်အားကြီးတွေ ဖြစ်ကြတယ်။ ဒီဈေးကွက်နှစ်ခုကို ထပ်ပေါင်းလိုက်ရင် သန်း ၃ဝဝဝ နီးနီးလောက်ရှိသွားမှာ။ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက် နီးနီးပေါ့။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ကုန်သွယ်မှုကို အားပေးဖို့လိုအပ်တယ်။ Open Trade ပေါ်လစီ ကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နဲ့ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ဟာ Trade Liberalization ကုန်သွယ်မှုကို လွယ်ကူ သွက်လက် ချောမွေ့အောင် ဖြေလျှော့မှုတွေ လုပ်နေတာဖြစ်တယ်။ Trade not Aid အကူအညီ မလိုဘူး။ ကုန်သွယ်မှုပဲ လိုတယ်ဆိုတဲ့ ဆောင်ပုဒ်ကို ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။

တတိယဇာစ်မြစ်ကတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်ထွက်လုပ်ပြီး ရလာတဲ့ လုပ်ခဝင်ငွေ လစာတွေကို မိမိ မိသားစုကို ပြန်ပေးတဲ့ Remittances ဖြစ်ပါတယ်။ မြန်မာပြည်မှာ အခုလို ဆောင်ရွက်နေသူတွေ တဖြည်းဖြည်းပွားများ လာတာ တွေ့ရ ပါတယ်။ အာရှနိုင်ငံများအနက် ဒီကိစ္စနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ နိုင်ငံများက ဖိလစ်ပိုင်၊ သီရိလင်္ကာတို့ ဖြစ်ပါတယ်။

ဒီဇာစ်မြစ်ကို အထင်သေးလို့မရဘူး။ ၂ဝဝ၆ ခုနှစ်က စတင်ပြီး အလုပ်လုပ်ပြီး လုပ်ခဝင်ငွေ လစာကို ပြန်လည်ပို့တဲ့ ပမာဏဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ချိန်ဆတဲ့အခါ ပထမ ဇာစ်မြစ်ဖြစ်တဲ့ ချမ်းသာတဲ့နိုင်ငံများက ရရှိတဲ့ထောက်ပံ့ငွေ ပမာဏထက် များလာတာ တွေ့ရပါတယ်။ အခုလိုလုပ်ခဝင်ငွေ လစာတွေကို မိမိနိုင်ငံကို လွယ်လွယ်ကူကူ စိတ်ချလက်ချပို့ နိုင်အောင် ဖန်တီးပေးဖို့ အလွန်အရေးကြီးလှပါတယ်။

အများသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ ဟွန်ဒီလို့ ခေါ်တဲ့ ယုံကြည်မှုနဲ့ အခြေခံပြီး ငွေလွှဲတဲ့ စနစ်ကိုသာ အသုံးများကြပါတယ်။ မကြာသေးမီကာလမှာ မြန်မာနိုင်ငံမှာ Western Union အမည်ရှိတဲ့ အဖွဲ့အစည်းရုံး ဖွင့်ပြီးငွေလွှဲမှု စတင်ဆောင်ရွက်နေတာ ဝမ်းသာစရာ တွေ့ရပါတယ်။ ပင်ပန်းစွာ ရှာဖွေရရှိတဲ့ ချွေးနှဲစာတွေကို လုံခြုံစွာပြန်ပို့ ပေးနိုင် ဖို့ဟာ အလွန်အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ပြီး ချောမွေ့စွာဆောင်ရွက်နိုင်ဖို့ ဖန်တီးပေးရ မှာသာ ဖြစ်ပါတယ်။

စတုတ္ထဇာစ်မြစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။ FDI ကို နိုင်ငံတိုင်းက လိုလားကြတယ်။ မျှော်လင့်နေကြတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများသာမက ချမ်းသာတဲ့နိုင်ငံတွေ ဟာလည်း FDI ကို မျှော်လင့်ကြတယ်။ ကြိုဆိုနေရတယ်။ FDI ဝင်လာအောင် မက်လုံး တွေ အမျိုးမျိုး ဖန်တီးနေကြတယ်။ ဆန်းသစ်တဲ့ မက်လုံးတွေ သူ့ထက်ငါ သာလွန်အောင် ကြိုးစားနေကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း နိုင်ငံတော်အစိုးရသစ် တက်လာတဲ့ အချိန်ကစတင်ပြီး FDI နဲ့ ပတ်သက်လို့ အလေးထားခဲ့တယ်။ အမျိုးမျိုးကြိုးစားခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ပြဋ္ဌာန်းပေးခဲ့တယ်။ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းသစ်တွေကို ဖော်ထုတ်ခဲ့တယ်။ ကျွန်တော့်အနေနဲ့လည်း ကိုယ်တတ်နိုင် တဲ့ အပိုင်းကနေ ထောက်ခံအားပေးခဲ့တယ်။ ဘာကြောင့်ဒီလို စဉ်းစားရတာ ကိုတော့ တင်ပြ ရှင်းလင်းချင်ပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေး အဆောက်အအုံဟာ ဘက်ထရီ ဒေါင်းသွားတဲ့ မော်တော်ယာဉ်တစ်စီးလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကားကို နှိုးလို့ မရတော့ဘူး။ စက်ရပ်သွားခဲ့တယ်။ အခုလိုအခြေအနေမှာ ဒီကားနိုးအောင် ဘယ်လို လုပ်ကြမလဲ။ ကားကိုတွန်းပြီး နှိုးလို့ ရမလား။ တွန်းရုံနဲ့ မနိုးနိုင်တော့ဘူး။ ပင်ပန်းရုံပဲ ဖြစ်တယ်။ တွန်းတယ်ဆိုတာက မိမိပြည်တွင်းအင်အားနဲ့ စုဆောင်းငွေနဲ့ စီးပွားရေး တက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံ ပြည်တွင်း စုဆောင်းငွေ ပမာဏဟာ လိုအပ်တဲ့ပမာဏ မရှိနိုင်တာ တွေ့ရတယ်။ ဒါကြောင့် FDI ကို အားကိုးပြီး Jump Start လုပ်ရမယ်။ မော်တော်ကား ဥပမာကို ပြန်စဉ်းစားရင် ကားနိုး အောင် တခြားမော်တော်ကား တစ်စီးရဲ့ ဘက်ထရီနဲ့ ချိတ်ပြီး ကားကိုနှိုးလို့ ရပါတယ်။

FDI ရဲ့အကြောင်း စဉ်းစားတဲ့နေရာမှာ စီးပွားရေးရှုထောင့် တစ်ခုတည်း ကြည့်ရုံမဟုတ်ဘဲ နိုင်ငံရေးအနေအထားကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပပြီးချိန်မှစပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် တစ်ချိန်တုန်းက နိုင်ငံရေးအခြေအနေကို အခြေခံပြီး ကန့်သတ်ခဲ့တဲ့ Sanction တွေ လျှော့ပေါ့ခြင်းခံခဲ့ရ ပါတယ်။ အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံတွေဟာ Sanction တွေကို ရုပ်သိမ်းခဲ့တယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ခုဆိုရင် ဝင်ရောက်လာကြတာ တွေ့ရပါတယ်။

FDI နဲ့ ပတ်သက်ပြီး ကျွန်တော်အမြဲ ဆွေးနွေးခဲ့တဲ့ အချက်သုံးချက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ FDI ဟာ မ သုံးလုံးနဲ့ ညီရမှာဖြစ်ပါတယ်။ပထမ''မ''ကတော့ ''မြန်'' ရမှာ ဖြစ်ပါတယ်။ အခု FDI ဝင်ရောက်လာတဲ့နှုန်းက ကျွန်တော်တို့မျှော်လင့်တဲ့အရှိန်အထိ မရောက်သေးတာ တွေ့ရပါတယ်။ မြန်မြန်လာဖို့ လိုပါတယ်။ ဒါ့ကြောင့်လည်း တာဝန် ရှိတဲ့သူတွေက တတ်နိုင်သမျှ FDI မြန်မြန်လာအောင် တိုက်တွန်းပေးနေကြတာ တွေ့ရ ပါတယ်။

ဒုတိယ''မ''ကတော့ FDIဟာ''များ''ရမယ်။ ပမာဏများခြင်းကို ဆိုလိုတာပါ။ ပမာဏနည်းရင် ကျွန်တော်တို့လိုအပ်တဲ့ အတိုင်း ဖြစ်လာမှာ မဟုတ်ပါဘူး။

နောက်ဆုံး ''မ'' ကတော့ ''မှန်'' ရမှာဖြစ်ပါတယ်။ မှန်ခြင်းလို့ ပြောတဲ့နေရာမှာ လူမှုရေး တာဝန်ကျေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ FDI ကို အားပေးတာကို ဝေဖန်ကြသူတွေရှိကြပါတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ အကျိုးကို ကြည့်သင့်တယ်။ နိုင်ငံခြားကုမ္ပဏီတွေကို ဦးစားပေးပြီး ကိုယ့်လူကိုတော့ အခွင့်အရေး မပေးဘူးလို့ ပြောကြတာကိုလည်း ကြားရပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေအတွက် အခွန်အကောက် လျှော့ပေါ့ပေးသလို ပြည်တွင်း လုပ်ငန်းရှင်တွေကိုလည်း ပေးစေချင် တယ်လို့ ပြောဆိုကြတယ်။

ကျွန်တော်နားလည်ပါတယ်။ ပြည်တွင်းကုမ္ပဏီတွေကို ကာကွယ်တယ် (Protect) လုပ်ပေးစေချင်တာကို သဘောပေါက်တယ်။ ကျွန်တော်က ကာကွယ်တယ်ဆိုတာထက် Promote ပြုစုအားပေးမှုမျိုး ဖြစ်စေချင်တယ်။

လုပ်ပုံတူပေမယ့် စဉ်းစားချက်က မတူပါဘူး။ ကာကွယ်မှုဗျူဟာ Protectionism ကို အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ လက်ခံခြင်း မရှိတော့တာ တွေ့ရပါတယ်။

တကယ်ဖြစ်ရမှာက စောစောက တင်ပြခဲ့သလို Open Trade ဖြစ်ရမှာ ဖြစ်ပါတယ်။ မကြာမီကာလမှာ မြန်မာနိုင်ငံဟာ AEC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ AEC အဖွဲ့ဝင်နိုင်ငံတွေမှာ Protectionism ကို ကျင့်သုံးလို့ မဖြစ်တော့ပါဘူး။ လွတ်လပ်စွာ ကုန်သွယ်မှုကို ကျင့်သုံးမှဖြစ်မှာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ မှတ်တိုင်တစ်ခုက အမေရိကန်နိုင်ငံက Coca Cola ကုမ္ပဏီနဲ့ ဂျပန်နိုင်ငံ နီဆန်းကား ကုမ္ပဏီတို့ မြန်မာနိုင်ငံမှာ လာရောက်ပြီး လုပ်ငန်းစတင် ဆောင်ရွက်မယ့် ကိစ္စပဲဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် အချိုရည်ထုတ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ ကားထုတ်တဲ့ ကုမ္ပဏီတစ်ခု ဘာဆန်းလို့လဲလို့ စဉ်းစားစရာ၊ ပြောစရာပါပဲ။

ဒါပေမယ့် အချိုရည်စက်ရုံ၊ ကားစက်ရုံ တစ်ခုအနေနဲ့တောင် မြင်လို့မရပါဘူး။ ဒီရင်းနှီး မြှုပ်နှံမှုတွေဟာ Symbols သင်္ကေတတွေဖြစ်ပါတယ်။ နိုင်ငံရေးဘောဂဗေဒမှာ သင်္ကေတ ဟာ အရေးကြီးပါတယ်။ မြန်မာပြည်မှာ Coca Cola ထုတ်စေပြီး နီဆန်းကားတွေ ထုတ်နေ ပြီလို့ ပြောလာရင် နိုင်ငံရေးအရ အလွန်အရေးကြီးပါတယ်။ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံခြားကုမ္ပဏီတွေက ယုံကြည်စိတ်ချတဲ့ သင်္ကေတတစ်ခု ဖြစ်တယ်။ အမှန်မှာလည်း တန်ဖိုးကြီးပါတယ်။ Coca Cola ဝင်လာပြီဆိုတဲ့အတွက် ပက်စီကလည်း ဝင်လာမှာပဲ။ နီဆန်းလာတဲ့အတွက် တိုယိုတာလည်း လာမှာပဲ။

ကျန်တဲ့ နီဆန်းကုမ္ပဏီဟာ ပြင်သစ်နိုင်ငံမှာရှိတဲ့ Renault ကား ကုမ္ပဏီကိုပိုင်တဲ့ အဖွဲ့အစည်း။ Renault ကားတွေ ဝင်လာနိုင်သလို Renault ကားဝင်တဲ့အတွက် ဥရောပ ကားကုမ္ပဏီတွေကလည်း စိတ်ဝင်စားကြမှာ။

ဥရောပကုမ္ပဏီတွေ စိတ်ဝင်စားမှုရှိရင် အမေရိကန်ကားကုမ္ပဏီတွေကလည်း မလွဲမသွေ ပါဝင်လာကြမှာဖြစ်တယ်။ နေပြည်တော်မှာ နီဆန်းကုမ္ပဏီရဲ့ အကြီးအကဲဟာ နိုင်ငံ့ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တယ်။ တည်ခင်းတဲ့ နေ့လယ်စာစားပွဲကို ကျွန်တော်တက်ခွင့် ရခဲ့တယ်။ သူ့ကို စာအုပ်တွေ၊ မဂ္ဂဇင်းတွေမှာမြင်ဖူး၊ တွေ့ဖူးနေတာတော့ ကြာခဲ့ပါပြီ။ သူက CEO တွေ အထဲမှာ နာမည်ကြီးတဲ့သူ၊ သူ့ကြောင့် နီဆန်းကုမ္ပဏီဟာ အခြေအနေ ကောင်းလာခဲ့တာမို့ သူ့ရဲ့စီမံခန့်ခွဲမှုပုံစံတွေကို စာအုပ်တွေမှာ ရေးသားခဲ့ပြီး စီးပွားရေးပညာ သင်ကြားတဲ့အခါမှာလည်း ကိုးကားခဲ့တယ်။

လူကိုယ်တိုင်တွေ့ရတော့ အတော်ထူးခြားတဲ့သူ၊ အမြော်အမြင်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို ပါဝင်ပတ်သက်ပြီး ကူညီချင်တဲ့သူ၊ နီဆန်း ကုမ္ပဏီဟာ ပဲခူးမြို့မှာ စက်ရုံဖွင့်ပြီး ကား ၁ဝဝဝဝ ထုတ်ဖို့ ပဏာမအနေနဲ့ အစီအစဉ်ရှိတယ်။ အခြေအနေပေါ် မူတည်ပြီး ဒီ့ထက်အဆပေါင်းများစွာ ထုတ်လုပ်ဖို့အစီအစဉ်ရှိကြောင်း သူကပြောလို့ ဝမ်းသာမိတယ်။

ကားစက်ရုံထောင်ရင် ကျွန်တော်တို့ဆီမှာ အလုပ်အကိုင်အခွင့်အရေး တွေရမယ်။ ငွေအရင်းအနှီး မြှုပ်နှံမှုတွေသာမက နည်းပညာတွေရမယ်။ အထူးသဖြင့် စီမံခန့်ခွဲမှု ပညာတွေ ရနိုင်တယ်။ အကယ်၍ အပိုပစ္စည်းတွေကို အဆင့်အတန်းမီ ထုတ်လုပ် နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အသေးစား၊ အလတ်စား ကုမ္ပဏီတွေမှာ အခွင့်အရေး တွေပေါ်လာနိုင်တယ်။

FDI ကို ကျွန်တော်တို့အနေနဲ့ နိုင်ငံအကျိုးအတွက် ကြိုဆိုနေသလို ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေရဲ့ ရှုထောင့်ဘက်ကကြည့်ရင် အများကြီး အကျိုးအမြတ် ရနိုင်ပါတယ်။ စောစောကတင်ပြခဲ့သလို ကျွန်တော်တို့နိုင်ငံရဲ့ သန်း ၆ဝ ဈေးကွက်တင်မက AEC ဈေးကွက်ဟာ ၆ဝဝ ဖြစ်တာမို့ ရင်းနှီးတဲ့ ကုမ္ပဏီများအနေနဲ့ Re-export လုပ်နိုင်တဲ့အခွင့်အရေးတွေ အများကြီးရှိနိုင်မှာ ဖြစ်ပါတယ်။

FDI နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြသူတွေ ရှိကြပါတယ်။ စိုးရိမ်စိတ်တွေကိုလည်း နားလည်ပါတယ်။ တစ်ဖက်ကလည်း တာဝန်ရှိသူတွေက Sociality Responsible Investment (SRI) လူမှုရေးတာဝန်ကျေတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဝင်လာဖို့ ဖန်တီးနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လူမှုရေး ထိခိုက်မှုတွေ လျော့နည်းအောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး အာမခံချက်တွေကို တောင်းဆိုသလို စီမံခန့် ခွဲမှုအဆင့်တွေမှာ တိုင်းရင်းသားပညာရှင်တွေ ပါဝင်နိုင်အောင်သတ်မှတ်ချက်တွေကို ပြဋ္ဌာန်းလျက် ရှိပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ပါဝင်ပတ်သက်သူတွေ (Stakeholders)ရဲ့ သဘာထား တွေကိုလည်း စုစည်းလျက် ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးအရ နှောင့်နှေးခဲ့တယ်၊ နိမ့်ကျခဲ့တယ်။ ဒါကြောင့် အချိန်တိုအတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုဆောင်ရွက်ရာမှာ FDI ဟာ အလွန်အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တယ်။ ဒါကြောင့်လည်း Investor-Friendly Environment ရင်းနှီးမြှုပ်နှံလိုသူတွေ အဆင်ပြေစေမယ့် ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ဖန်တီးနေပါတယ်။

အမှန်တော့ မြန်မာနိုင်ငံဟာ Latecomer နောက်ကျကျန်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် နောက်ကျကျန်ခဲ့တာကို အားငယ်စရာ မဟုတ်ဘဲ အခွင့်အရေးတစ်ရပ်လို ယူဆခံယူပါတယ်။ နောက်ကျတဲ့ နိုင်ငံဖြစ်တာမို့ အရှေ့ကရောက်နေတဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို သင်ခန်းစာ ယူတတ်ဖို့ လိုအပ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ FDI နဲ့ ပတ်သက်ပြီး အင်မတန်ခါးသီးတဲ့ အတွေ့အကြုံတွေ ရခဲ့တယ်။ ဗီယက်နမ်နိုင်ငံမှာလည်း အခုလိုပဲဖြစ်ခဲ့တယ်။ တရုတ်နိုင်ငံမှာလည်း အတွေ့အကြုံတွေရှိခဲ့တယ်။ ကျွန်တော်တို့ အဖို့ ဒီသင်ခန်းစာတွေယူပြီး ကိုယ့်နိုင်ငံမှာ ဆောင်ရမယ့်ကိစ္စတွေ၊ ရှောင်ရမယ့်အရာတွေကို ရွေးချယ်သုံးသပ်ရမှာသာ ဖြစ်ပါတယ်။ ။

၁၁-၁၁- ၂၀၁၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်

No comments:

Post a Comment