Thursday, November 7, 2013

သမ္မတ နဲ့ ၀န်ကြီးတွေ လစာ ဘယ်လောက် ရသင့်သလဲ


စည်သူအောင်မြင့်

ရန်ကုန်တိုင်းမ် သတင်းစာ၊ ၆-၁၁-၁၃။ စာ- ၆။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာလင်းအောင်က “ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များဇ။် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း ” နဲ့ ဆက်စပ် ဥပဒေကြမ်းတွေကို တင်သွင်းခဲ့ ပါတယ်။ ဥပဒေကြမ်းထဲမှာ ပါတဲ့ အဓိက အချက်ကတော့ မူလ ဥပဒေပါ ပုဒ်မ ၂၈ “ ဤဥပဒေအရ ခံစားခွင့်ပြုသည့် ၀င်ငွေအရပ်ရပ်အပေါ် ၀င်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်” ဆိုတဲ့ ပုဒ်မ ကို ပယ်ဖျက်ဖို့အတွက်ပါ။ သမ္မတ အပါအ၀င် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေ၊ အခြား တိုင်းနဲ့ ပြည်နယ် အဆင့် ပုဂ္ဂိုလ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တာဝန်ရှိသူတွေရဲ့ ၀င်ငွေနဲ့ ပါတ်သက်ရင်လည်း အလားတူ အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ ပုဒ်မတွေကို ပယ်ဖျက်မယ့် ဥပဒေကြမ်း ဖြစ်ပါတယ်။ 


ဒီ ဥပဒေကြမ်းကို အစိုးရပိုင် သတင်းစာတွေကနေ အများပြည်သူ သိအောင် ဖော်ပြပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မျက်စေ့လည်စရာ ထူးခြားသွားတာ တစ်ခုက ဒီ ဥပဒေကြမ်းနဲ့ ပါတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့ စိစစ်တင်ပြချက်ပါ။ မူလ ဥပဒေကြမ်းမှာ တစ်ချက်ထဲပါရာကနေ အချက်အလက်ပေါင်းများစွာ ထပ်ပြီး ဖြည့်စွက်ထားပါတယ်။ အဲဒါဘာတွေလဲ၊ နောက်ခံ အကြောင်းအချက်ကရော ဘာတွေလဲ၊ ဒါနဲ့ ပါတ်သက်ပြီး ဘယ်လိုဖြစ်သင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဥပဒေကြမ်းကော်မတီဝင် ဦးစောမော်ထွန်းက နဂို အစိုးရအဖွဲ့ရဲ့ ဥပဒေကြမ်းထဲမှာ ထပ်ပြီး ဖြည့်စွက်ထားတာတွေကို တင်ပြပါတယ်။ အတိုချုပ်ပြောရမယ် ဆိုရင် အရင် စစ်အစိုးရက ပြဌာန်းပေးသွားတဲ့ နဂို “ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များဇ။် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ ” ထဲမှာပါတဲ့ သမ္မတ အပါအ၀င် ၀န်ကြီးတွေ၊ လွှတ်တော်ဥက္ကဌ တွေရဲ့ လစာနဲ့ အဆောင်ဆိုင်ရာ အချက်အလက်တွေကို ပြင်ဆင်ဖို့ပါ။ နဂို ဥပဒေထဲမှာ လစာ အနေနဲ့ သမ္မတဟာ တစ်လ ကျပ် သိန်း ၅၀၊ ဒုသမ္မတ တွေ တစ်လ ကျပ် သိန်း ၄၀၊ လွှတ်တော်ဥက္ကဌ နှစ်ယောက်နဲ့ တရားသူကြီးချုပ် တစ်လ ကျပ် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဌ ၂ ယောက်၊ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌ နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ရာထူးဝန်အဖွဲ့ ဥက္ကဌ တွေကို တစ်လ ကျပ် သိန်း ၃၀၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို တစ်လ ကျပ် သိန်း ၂၀ သတ်မှတ်ထားပါတယ်။

အခု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်လိုတယ် ဆိုပြီး ဖြည့်စွက်ထားချက်မှာတော့ သမ္မတဟာ တစ်လ ကျပ် ၁၅ သိန်း ၊ ဒုသမ္မတ နှစ်ယောက်၊ လွှတ်တော်ဥက္ကဌ နှစ်ယောက်နဲ့ တရားသူကြီးချုပ် တစ်လ ကျပ် ၁၂ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဌ ၂ ယောက်၊ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌ နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ရာထူးဝန်အဖွဲ့ ဥက္ကဌ တွေကို တစ်လ ကျပ် ၈ သိန်း၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို တစ်လ ကျပ် ၆ သိန်း ပေးသင့်တယ်လို့ ဖြည့်စွက်ထားပါတယ်။

အခုဖြစ်စဉ်ရဲ့ ထူးခြားချက်ကတော့ အစိုးရအဖွဲ့ရဲ့ အချက်(၁) ချက်ထဲပါတဲ့ ဥပဒေကြမ်းကို လွှတ်တော်က အချက်ပေါင်းများစွာ ဖြည့်စွက်ဆွေးနွေးမယ်ဆိုတာ (၂) လစာနဲ့ ခံစားခွင့်ကို ပြောင်းလဲမယ်လို့ ဥပဒေကြမ်းကော်မတီက တင်ပြရာမှာ ဒုသမ္မတ အဆင့်နဲ့ လွှတ်တော် ဥက္ကဌ နှစ်ယောက်၊ တရားသူကြီးချုပ် အဆင့်တူ သတ်မှတ်လိုက်တာ (ဒီနေရာမှာ ဒုသမ္မတ တွေရဲ့ ဇနီးတွေနည်းတူ လွှတ်တော်ဥက္ကဌ နှစ်ယောက်နဲ့ တရားသူကြီးချုပ်ရဲ့ ဇနီးကိုလည်း အဆင့်တူ သတ်မှတ်တာ ပါဝင်တယ်) (၃) သတ်မှတ်လိုက်တဲ့ လစာတွေက နဂို ဥပဒေပါ ပြဌာန်းချက်ရဲ့ သုံးပုံ တစ်ပုံအောက်ပဲ ရှိတာ တွေ့ရမယ် ဖြစ်ပါတယ်။

တကယ်တော့ အစိုးရသစ် တက်လာပြီးကတည်းက သမ္မတ ဦးသိန်းစိန်ဟာ အရင် စစ်အစိုးရလက်ထက်က ဥပဒေအဖြစ်ပြဌာန်းပေးခဲ့တဲ့ လစာဟာ လက်ရှိ ပြည်သူနဲ့ နိုင်ငံရဲ့ အခြေအနေနဲ့ နှိုင်းစာရင် အလွန်မြင့်မားနေတယ်၊ ဒါကြောင့် အဲဒီ အတိုင်း မခံစားဘူး၊ အရင် စစ်အစိုးရခေတ်က ရတဲ့ လစာလောက်ပဲ လျော့ပေါ့ခံစားမယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ပြည်တွင်း စာနယ်ဇင်း သတင်းထောက်တွေနဲ့ ပထမ ဦးဆုံးလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ လက်ရှိ လစာ ကျပ် ၁၅ သိန်းပဲ ခံစားနေပါတယ်လို့ (အနားက လက်ထောက် တစ်ယောက်ကို ပြန်မေးပြီး) ဖြေပါတယ်။ ဒီလို အစိုးရအဖွဲ့ရဲ့ လစာခံစားမှုဟာ ဥပဒေ ပြဌာန်းချက်အတိုင်း လိုက်နာဖို့ မဖြစ်နိုင်ဘူးဆိုရင် ဥပဒေကို ပြင်ဆင်ဖို့ အစိုးရဘက်က တင်ပြလာရင် လွှတ်တော်ဘက်က ပြင်ဆင်ပေးမယ် ဆိုပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောဆိုခဲ့ဖူးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဘက်က ပြင်ဆင်လိုတဲ့ အချက်တစ်ချက် အပေါ် မူတည်ပြီး လွှတ်တော်ဘက်က အချက်ပေါင်းများစွာ ဖြည့်စွက် ပြင်ဆင်နိုင်ရေး ဆွေးနွေးကြပါတော့မယ်။ ဒီနေရာမှာ အရေးကြီးတာက အစိုးရအဖွဲ့၊ လွှတ်တော် တာဝန်ရှိသူတွေရဲ့ လစာ သတ်မှတ်မှုတွေကို လက်တွေ့လည်း ကျပြီး အဂတိလိုက်စားမှု ကာကွယ်ရေးကို အထောက်အကူဖြစ်စေမယ့်၊ အစိုးရ၀န်ထမ်းအားလုံးအတွက် စံပြဖြစ်စေမယ့် လစာနှုန်းထား ဖြစ်ဖို့ လိုပါတယ်။

ပြောရရင် အရင်စစ်အစိုးရခေတ် တစ်လျောက်လုံးနဲ့ လက်ရှိ အချိန်အထိ အရင် ဗိုလ်ချုပ်မှူုးကြီး၊ လက်ရှိ သမ္မတ အပါအ၀င် အဆင့်ဆင့်သော အရပ်ဘက် စစ်ဘက် တာဝန်ရှိသူများရဲ့ တရားဝင် လစာတွေဟာ လူရယ်စရာကောင်းလောက်အောင် နည်းပါးလွန်းလှပါတယ်။ ဒါပေမယ့် အခြား တစ်ဖက်မှာတော့ မယုံနိုင်စရာ ကောင်းလောက်အောင် အလွန့်အလွန် ကြွယ်ဝချမ်းသာ သူတွေ၊ မိသားစုဝင်တွေဟာလည်း အလွန့်အလွန် ကြီးကျယ်တဲ့ လုပ်ငန်းနဲ့ ပိုင်ဆိုင်မှု ရှိသူတွေ ဖြစ်လာကြပါတယ်။ တိုင်းသူပြည်သားတွေနဲ့ နိုင်ငံတကာက ကောက်ချက်ချတာကတော့ ဒါဟာ တရားဝင် လုပ်ခ လစာတွေကြောင့် မဟုတ်ပဲ ပုံစံ အမျိုးမျိုးသော အဂတိလိုက်စားမှုတွေကနေ ရလာတာတွေလို့ သုံးသပ်ကြပါတယ်။ တကယ်လည်း တစ်ချို့ ၀န်ကြီး၊ ညွှန်ချုပ်တွေဆိုရင် သူတို့ လစာ ဘယ်လောက်လည်း သူတို့ မသိ၊ ဘယ်တုန်းက နောက်ဆုံး လစာ ထုတ်ထားသလဲ မမှတ်မိသူတွေတောင် အများကြီး ရှိခဲ့ပါတယ်။ တစ်ချို့ ညွှန်ချုပ်တွေဆို သူတို့ တရားဝင်လစာ တပည့်တစ်ယောက်ယောက်ကို လစဉ် ပေးကမ်းသည်အထိ ရက်ရော ကြပါတယ်။

အခု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ သတ်မှတ်ချက်အရ ၀န်ကြီးလစာ ဆိုတာဟာ စာနယ်ဇင်းလောကက တော်တဲ့ ၀ါရင့် အယ်ဒီတာ တစ်ယောက် လစာလောက် ရှိပါတယ်။ သမ္မတ နဲ့ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဌ နှစ်ယောက် လစာ ဟာ သရော်စာတွေ လှည့်ပါတ်ရေးနေသူ စာရေးဆရာ တစ်ယောက် တစ်လ ၀င်တာထက်တောင် နည်းနေပါတယ်။ ဒါတွေဟာ လက်တွေ့မှာ အဆင်ပြေပါ့မလား၊ အဲဒီသူတွေဟာ အဂတိမလိုက်စားပဲ အဲဒီ လစာတွေနဲ့ တကယ် ရပ်တည်နေနိုင်ကြမှာလား၊ ဒီလစာ ခံစားခွင့်နဲ့ အစိုးရ၀န်ထမ်းအားလုံးရဲ့ စံပြပုဂ္ဂိုလ်တွေအဖြစ် ရပ်တည်နိုင်ပါ့မလား ဆိုတာကိုတော့ ၀ိုင်းဝန်း ဆွေးနွေးသုံးသပ် ပြောဆိုကြဖို့ လိုနေပြီဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

Sithu Aung Myint facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

No comments:

Post a Comment