Tuesday, November 19, 2013

နိုင်ငံတော် သမ္မတ၊ လစာသိန်း ၅၀ နဲ့ စာရင်းဟောင်းများ

ဘုန်းအောင်

နိုဝင်ဘာ ၁၃ ရက်က ကျင်းပခဲ့တဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များရဲ့ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးရာမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "ဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားကို မယူဘူးဆိုရင်တော့ ဒါဟာ ဥပဒေကို ဆန့်ကျင်တာဖြစ်ပါတယ်။ ဥပဒေတစ်ခုကို ညွှန်ကြားချက် တစ်ရပ်က ကျော်လွန်နိုင်ခြင်း၊ ပယ်ဖျက်နိုင်ခြင်း မရှိပါဘူး။ ဥပဒေကို လွှတ်တော်ကနေပဲ ဥပဒေအနေနဲ့ ပြန်ပြင်ပေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မူလက သိန်း ၅၀ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ 


ဥပဒေမှာ ဘယ်လိုပဲရှိရှိ ၁၅ သိန်းပဲ ယူမယ်ဆိုလို့ ပြဋ္ဌာန်းပေးနိုင်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။ သိန်း ၅၀ လည်း သဘောတူပါတယ်။ နိုင်ငံရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သိန်း ၅၀ ပဲထားမယ်ဆိုလည်း ရတယ်။ သို့သော် ယူရမယ်။ ဥပဒေမှာ ရှိပြီးတော့ မယူဘူးဆိုရင်တော့ ဥပဒေကို ဆန့်ကျင်တာ ဖြစ်ပါတယ်၊ သမ္မတထုတ်ထားတဲ့ အုပ်ချုပ်မှု အမိန့်ကို ဥပဒေနဲ့အညီ ဖြစ်အောင် ဒီလိုလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ယူမယ်ဆိုရင် သိန်း ၅၀၊ သိန်း ၁၀၀ ဆိုလည်း သဘောတူပါတယ်။ နိုင်ငံရဲ့အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဥပဒေမှာ မည်ကဲ့သို့ ပြဋ္ဌာန်းစေကာမူ အုပ်ချုပ်မှုအမိန့်၊ ညွှန်ကြားချက်လေး တစ်ခုနဲ့ ဒီလိုယူတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ သမ္မတက ၁၅ သိန်းယူမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိလို့ ဒီလိုလုပ်ရတာ။ သမ္မတ ၁၅ သိန်း၊ ဒုတိယသမ္မတ ၁၂ သိန်း။ ဒုတိယ၀န်ကြီးတွေကိုသာ ဒါအမှန်အတိုင်း ပြောရရင် လုံလောက်တဲ့လစာ၊ စရိတ်ရရှိခြင်း အားဖြင့် ကျန်တဲ့ အကျိုးသက်ရောက်မှုတွေ အတွက် သန့်ရှင်းတဲ့ အစိုးရအဖြစ် ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်အောင် မြှင့်တင်ပေးထားတာ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာဆိုရင် ၀န်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့လစာက ကွာခြားမှု သိပ်မရှိဘူး။ ဒီမှာက ၀န်ကြီးတွေ လစာနဲ့ယှဉ်ရင် ၁၀ ပုံ တစ်ပုံလောက်ပဲ ရှိနေတယ်။ ဒါကြောင့် ပြန်လည် ပြင်ဆင်နေရတာ ဖြစ်ပါတယ်" လို့ ပြောကြား ခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌရဲ့ ဆိုလိုရင်းကတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေမှာ နိုင်ငံတော်သမ္မတ လစာကို သိန်း ၅၀ ၊ ဒုသမ္မတများ လစာ သိန်း ၄၀ ၊ ၀န်ကြီးများ သိန်း ၃၀ ၊ ဒုတိယ ၀န်ကြီးများ သိန်း ၂၀ လို့ သတ်မှတ်ထားသော်လည်း နိုင်ငံတော်သမ္မတက ရာထူးလက်ခံပြီး အစိုးရအဖွဲ့ စတင်ဖွဲ့စည်း ခဲ့စဉ်ကတည်းက နိုင်ငံရဲ့ စီးပွားရေး အခြေအနေအရ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်များအားလုံးဟာ ယခင် နယကခေတ်က အစိုးရအဖွဲ့ဝင်များ ခံစားခဲ့ကြတဲ့ လစာတွေအတိုင်း ခံစားကြမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သမ္မတက တစ်လကို ၁၅ သိန်း၊ ဒုသမ္မတများက ၁၀ သိန်း ၊ ၀န်ကြီး၊ ဒုဝန်ကြီး စသည်ဖြင့် လစာကို လျော့ယူခဲ့ကြတာဟာ ဥပဒေကို ချိုးဖောက်ရာရောက်နေတယ်လို့ ဆိုလိုတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် က သူ့ရဲ့ Facebook စာမျက်နှာအောက်ပါအတိုင်း ရေးသားထားတာ တွေ့ရပါတယ်-

`နိုင်ငံတော် သမ္မတဟာ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင် ပုဂ္ဂိုလ်များကို မူဝါဒ မိန့်ခွန်း ပြောကြားတဲ့အခါ နိုင်ငံတော်ရဲ့ လက်ရှိ အခြေအနေ၊ နိုင်ငံတော် ငွေရေးကြေးရေး အခြေအနေများကို ရှေ့ရှုပြီး သမ္မတအပါအ၀င် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဥက္ကဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဌနဲ့ ကောင်စီဝင်များရဲ့ လစဉ်ချီးမြှင့်ငွေများကို အပြည့်အ၀ မခံစားပဲ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ဗဟို အဖွဲ့အစည်းအသီး သီးက ပုဂ္ဂိုလ်များခံစားခဲ့တဲ့ လစဉ် ထောက်ပံ့ငွေများ အတိုင်းခံစားဖို့ ပြောကြား ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့ခြင်းဟာ နိုင်ငံတော်မှာ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ စတင်ဆောင် ရွက်စဉ်ကာလမှ တာဝန်ရှိ ပုဂ္ဂိုလ်များအနေနဲ့ ပြည်သူများ ခံစားနေရတဲ့အခြေအနေ၊ တိုင်းပြည် ဘဏ္ဍာ ရေးအခြေ အနေကို အသိအမှတ်ပြု ကိုယ်ချင်း စာနာမှု ကို ပြသခဲ့ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း နိုင်ငံမှာ စီးပွားရေး၊ ဘဏ္ဍာရေး အခြေအနေများ ပြုပြင်ပြောင်းလဲချိန်၊ ဒါမှမဟုတ် အခက်အခဲဖြစ် နေချိန်မှာ ခေါင်း ဆောင်များက စံနမူနာပြတဲ့အနေနဲ့ ကာလအတိုင်းအတာတစ်ခုအထိ လစာနဲ့ ခံစားခွင့်များကို လျှော့ ပေါ့ခံစားခဲ့တဲ့ သာဓက တွေရှိပါတယ်။ ဒီလုပ်ရပ်ကိုလည်း ပြည်သူများက အသိ အမှတ် ပြုကြ၊ နိုင်ငံရေး အဖွဲ့အစည်းများကလည်း ထောက်ခံခဲ့ကြပါတယ်။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို အသိ အမှတ်ပြု ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်ချက်အပေါ် အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ပြောကြားခဲ့တဲ့ မှတ်ချက်ဟာ ပြင်းထန်လွန်းတယ်လို့ မြင်ပါတယ်။ အကြံပြု ချင်တယ် ဆိုရင်လည်း ဒီထက် ငြင်သာသိမ်မွေ့တဲ့စကားနဲ့ ပြောလို့ရပါတယ်။ အဲဒီနေ့က ရုပ်မြင်သံကြားမှ အမျိုးသား လွှတ်တော်ဥက္ကဌကြီးရဲ့ အမူအယာ၊ စကားသံ တို့ကို ကျွန်တော် မြင်တွေ့ ရတဲ့အခါ သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးအနေနဲ့ သမ္မတကြီးအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ဒီနေရာမှာ ထောက်ပြချင်တဲ့အချက်က နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ ဥက္ကဌနှင့် အလုပ် အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီ ဥက္ကဌနဲ့ ကောင်စီဝင်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ များမှာ လစာ စရိတ်နဲ့ပတ်သက်ပြီး -- ခံစားခွင့် ရှိသည်လို့ ပြဋ္ဌာန်း ထားပါတယ်။ ဥပမာ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များဆိုင်ရာ ဥပဒေ ပုဒ်မ ၃ မှာ နိုင်ငံတော်သမ္မတသည် လစဉ်ချီးမြှင့်ငွေ ကျပ် သိန်းငါးဆယ် ခံစားခွင့် ရှိသည်လို့ ပြဋ္ဌာန်းထား ပါတယ်။ ဒါဟာ ခံစားချင်ရင်ခံစားလို့ရတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ မလုပ်မနေရ သဘောပါတဲ့ ---ရမည်လို့ ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ ဒီနှစ်ခု အဓိပ္ပါယ် ကွာခြားမှုကို ဥပဒေနားလည်သူတိုင်း သိနိုင်ပါတယ်။ ဒါ့ကြောင့် ရာထူး လက်ခံစဉ်မှာ နိုင်ငံတော်ဘဏ္ဍာမပြည့်စုံမှုနဲ့ ပြည်သူအများစု၏ မပြည့်စုံတဲ့အခြေအနေကို ထောက်ထားပြီး လစာ စရိတ်ကို ကာလအတိုင်းအတာ တစ်ခုအထိ လျှော့ပေါ့ခံစားရန် နိုင်ငံတော် သမ္မတက ဆုံးဖြတ်ခဲ့ခြင်းဟာ ဥပဒေကို ဖောက်ဖျက်ရာ မကျဘူးဆိုတဲ့ အကြောင်း စာနယ်ဇင်းများနဲ့ ပြည်သူများ သိရှိစေရန် တင်ပြအပ်ပါတယ်။´

ကျွန်တော်ကတော့ နိုင်ငံတော်သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ လစာ လျော့ယူတာဟာ ဥပဒေ ချိုးဖောက်တာ ဟုတ်/ မဟုတ် မဆွေးနွေးလိုပါဘူး။ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ လစာလျော့ယူခြင်းဟာ နိုင်ငံအတွက် တစ်နှစ်ကို ကုန်ကျစားရိတ် ဘယ်လောက်သက်သာတယ်၊ ဘာတွေ အကျိုးရှိတယ် ဆိုတာကိုပဲ နိုင်ငံသား တစ်ယောက် အနေနဲ့ ဆွေးနွေးတင်ပြလိုပါတယ်။ လက်ရှိ အစိုးရအဖွဲ့မှာ သမ္မတတစ်ဦး၊ ဒုသမ္မတနှစ်ဦး၊ ပြည်ထောင်စုဝန်ကြီး ၃၃ ဦးနဲ့ ဒုဝန်ကြီး ၆၀ ခန့်ရှိပါတယ်။ ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များ ၊ ၀န်ကြီးများနဲ့ အခြားသော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များပါ ထည့်သွင်း တွက်ချက်မယ်ဆိုရင် အကြမ်းအားဖြင့် ၀န်ကြီးအဆင့် ၅၀ ၀န်းကျင်နဲ့ ဒုဝန်ကြီးအဆင့် ၁၀၀ ၀န်းကျင် လောက် ရှိပါတယ်။ ဒီတော့ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေရဲ့ လစာကို လျော့ယူတဲ့အတွက် နိုင်ငံတော်ရဲ့ တစ်လအတွက် ကုန်ကျစရိတ် သက်သာမှုဟာ အောက်ပါအတိုင်းရှိပါမယ်-

(က) သမ္မတ - ၃၅ x ၁ = ၃၅ သိန်း
( ခ) ဒုသမ္မတများ - ၂၀x၂ = ၄၀ သိန်း
( ဂ) ၀န်ကြီးအဆင့်များ - ၂၀x၅၀ = ၁၀၀၀ သိန်း
(ဃ) ဒုဝန်ကြီးအဆင့်များ - ၁၅x၁၀၀ = ၁၅၀၀ သိန်း
စုစုပေါင်း တစ်လအတွက် သက်သာသောငွေ = ၂၅၇၅ သိန်း

သမ္မတနဲ့ဝန်ကြီးတွေ လစာလျော့ယူတဲ့အတွက် တစ်လကို ကုန်ကျစရိတ် အကြမ်းဖျဉ်း ၂၅၇၅ သိန်း အကုန်အကျ သက်သာပါတယ်။ ဒီပမာဏဟာ ၀န်ထမ်းတစ်ဦးကို တစ်လထောက်ပံ့ကြေး သုံးသောင်းနဲ့ တွက်ရင် ၀န်ထမ်းပေါင်း ၈၅၀၀ ကျော်ကို ထောက်ပံ့ ကြေးပေးနိုင်တဲ့ သဘောဖြစ်ပါတယ်။ ၀န်ထမ်းဦးရေ သန်းဂဏန်းရှိတဲ့ နိုင်ငံမှာ ၀န်ထမ်း တစ်သောင်းလောက်ဆိုတာ မဖြစ်စလောက် ပမာဏ လို့ ပြောနိုင်ပေမယ့် ၀န်ထမ်းအကြီး အကဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် တစ်ဦးရဲ့လစာဟာ တစ်လကို (ထောက်ပံ့ကြေးမပါ) နှစ်သိန်းနှစ်သောင်းလောက်ပဲ ရချိန်မှာ ဒုဝန်ကြီး၊ ၀န်ကြီးတွေက ညွှန်ချုပ်လစာရဲ့ ၁၀ ဆ လောက် မယူတာဟာလည်း ကိုယ်ချင်းစာစိတ် တစ်မျိုးလို့ မြင်မိပါတယ်။ အလားတူပဲ တစ်နိုင်ငံ လုံး လိုလို ဆင်းရဲကြပ်တည်းနေကြတဲ့အချိန်မှာ အစိုးရအဖွဲ့ဝင်တွေက မြင့်မားတဲ့လစာ ကို ခံစားခြင်း မပြု တာဟာ ကျန်တဲ့နိုင်ငံသားတွေအပေါ် ကိုယ်ချင်းစာစိတ်လို့လဲ မြင်မိပါတယ်။

အလားတူပဲ ကျန်တဲ့နိုင်ငံတွေမှာလဲ နိုင်ငံစီးပွားရေးအခြေအနေပေါ်မှာ မူတည်လို့ နိုင်ငံအကြီး အကဲတွေက လစာလျော့ယူကြတဲ့ သာဓကတွေရှိခဲ့ပါတယ်။ မကြာသေးခင် ဧပြီလကပဲ အမေရိကန် သမ္မတ အိုဘားမားဟာ နိုင်ငံဘတ်ဂျတ်ကို နိုင်ငံသားတွေ ခါးစည်း ခံနေတာကို ကိုယ်ချင်းစာတဲ့ အနေနဲ့ သူ့လစာရဲ့ ၅ % ကို ပြန်အပ်ခဲ့ပါတယ်။ အမေရိကန် ကွန်ဂရက်က သမ္မတ အိုဘားမား ဥပဒေချိုးဖောက် နေတယ်လို့ စွပ်စွဲသံ မကြားဖူးပါဘူး။ အလားတူ ပြင်သစ်သမ္မတ ဖရန် ဆွာသြော်လန်း ကလည်း သူ့လစာ ကို ၃၀% လျော့ယူခဲ့တာကို ဥပဒေ ချိုးဖောက်နေပါတယ်လို့ ပြင်သစ်လွှတ်တော်က စွပ်စွဲခဲ့တာ မကြား ဖူးပါဘူး။

ဒီနေရာမှာ အလျဉ်းသင့်လို့ One-dollar salary ဆိုတဲ့အကြောင်းလေးကို ရှင်းပြချင်ပါတယ်။ အမေရိကန်၊ နယူးယောက်မြို့တော်ဝန် ဘလွန်းဘာ့ဂ် ဟာ တစ်နှစ်ကို (၁)ဒေါ်လာပဲ ရယူခဲ့ပါတယ်။ လော့အိန်ဂျလိ မြို့တော်ဝန် ရစ်ချက်ဟာလည်း တစ်နှစ်ကို (၁)ဒေါ်လာပဲ ရယူခဲ့ပါတယ်။ ကယ်လီဖိုးနီ ယားပြည်နယ် အုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး အာနိုးဟာလည်း တစ်နှစ်ကို (၁)ဒေါ်လာပဲ ရယူခဲ့ပါတယ်။ မကြာသေးခင်ကပဲ အိုဘားမားနဲ့ သမ္မတရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့တဲ့ ရီပတ်ဘလီကင်က မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး မစ်ရွန်းနီဟာလည်း တစ်နှစ်ကို (၁)ဒေါ်လာပဲ ရယူခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူးပြည်နယ် ၀န်ကြီးချုပ် (ရုပ်ရှင်မင်းသမီးဟောင်း) ဂျာယာလာလီသာလည်း တစ် နှစ်ကို (၁)ဒေါ်လာပဲ ရယူခဲ့ပါတယ်။ ပါကစ္စတန်ရဲ့ ပထမဆုံးသမ္မတ မိုဟာမက်အလီဂျင်းနားဟာလည်း လစာ (၁)ရူပီးပဲ ယူခဲ့ပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာနမှာ ၀န်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးခင်အောင်မြင့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး နိုင်ငံတော်သမ္မတ စ၀်ရွှေသိုက် လက်ထက်မှာ လစာ ဘယ်လို ယူခဲ့သလဲ ဆိုတာကို သိလိမ့်မယ် လို့လည်း ယုံကြည်ပါတယ်။ ပထမဆုံး သမ္မတ စ၀်ရွှေသိုက်ဟာ လွတ်လပ်ပြီးစ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးကို ငဲ့ကွက်ပြီး သမ္မတ လစာ အပြည့်မယူခဲ့ဘူး၊ ဒါကိုလည်း ငါးထောင်စားလို့ခေါ်ခဲ့ကြတဲ့ ပါလီမန်အမတ်တွေ အားလုံးက နားလည်သဘောပေါက်ကြတယ် ဆိုပြီး ဖတ်ဘူး၊ မှတ်ဘူးပါတယ်။ လစာ နှုန်းထား အတိအကျကိုတော့ ပြန်ပြီး ရှာဖတ်ရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်သမ္မတ စ၀်ရွှေသိုက်က သဘောရိုးနဲ့ စိတ်စေတနာကောင်းနဲ့ ဆောင်ရွက်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ အားလုံး နားလည် လက်ခံကြပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ်ရောက်တော့မှပဲ သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေ လစာလျော့ယူခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပါသည် ဆိုတော့ ဆန်းတော့ ဆန်း သလို ဖြစ်နေပါတယ်။ မြန်မာ့ဒီမိုကရေစီက ဒီမိုကရေစီ ပိုစစ်လို့လားတော့ မသိဘူး။

ဒုတိယသမ္မတများနဲ့ အဆင့်တူ၊ လစာတူများဖြစ်ကြတဲ့ လွှတ်တော်ဥက္ကဌကြီးများ ကရော လစာကို တစ်လ သိန်း ၄၀ ခံစား နေသလား၊ ဒါမှမဟုတ် ဒုသမ္မတများ လက်ရှိ ခံစားနေတဲ့ အတိုင်း ခံစားနေပါသလား၊ တကယ်လို့ လွှတ်တော် ဥက္ကဌများအနေနဲ့ လစာကိုလျော့ပြီး ခံစားနေတယ်ဆိုရင် လွှတ်တော်ဥက္ကဌများအနေနဲ့လည်း ဥပဒေကို ချိုးဖောက်နေခြင်း မဟုတ်ပါလော၊ တစ်ကယ်လို့ တစ်လကို သိန်း ၄၀ ခံစား နေတယ်ဆိုရင်လဲ နိုင်ငံတော်ရဲ့ အထွတ်အထိပ်နေရာကို ရထားတဲ့ နိုင်ငံတော် သမ္မတ ကတောင်မှ တစ်လ ကို ၁၅ သိန်းပဲ ခံစားနေတဲ့အချိန်မှာ လွှတ်တော် ဥက္ကဌများ က သိန်း ၄၀ ခံစား နေတာ ဖြစ်သင့်ပါရဲ့လား၊ နိုင်ငံသားအများစု ဆင်းရဲနေချိန်မှာ လွှတ်တော် ဥက္ကဌများအနေနဲ့ ဒီလောက် မြင့်မားတဲ့ လစာကို ခံစားနေတာကို စိတ်သန့်ပါရဲ့လား၊ လွှတ်တော် ကိုယ်စားလှယ်များအနေနှင့်လည်း နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေ တိုးတက် အောင် ထိထိရောက်ရောက် ဆောင်ရွက် ပေးနိုင်ခြင်းမရှိမီ လွှတ်တော်ကိုယ်စားလှယ်များအတွက် လစဉ်ချီးမြှင့်ငွေများကို နှစ်ဆတိုးပေးဖို့ တောင်းဆိုတာကို စိတ်သန့်ကြပါရဲ့ လားလို့ နိုင်ငံသားတစ်ဦးအနေနဲ့ မေးလိုက်ချင်ပါတယ်။

နိုင်ငံတော်သမ္မတအဆင့်ကို ဒုဝန်ကြီးအဆင့်က တယ်လီဖုန်း ဆက်ပြီး ချက်ချင်းအဖြေပေးဖို့ ပြောတာကို လက်ခံခဲ့တာ ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းဟာလည်း အများကြီး လိုအပ်နေကြောင်း တွေ့ရ ပါတယ်။ သမ္မတ ဖြစ်သူ ဘာအစီအစဉ်တွေ ရှိနေသလဲ၊ ဘာအစည်းအဝေးတွေ ရှိနေသလဲ ဒါတွေ စဉ်းစား ရမှာ ရှိပါသေးတယ်။ နောက်တစ်ခုက ဒုဝန်ကြီးဟာ ၀န်ကြီးဌာနကို ကိုယ်စားပြုပြီး ဖြေကြားနေ တာ၊ အစိုးရအဖွဲ့ကို ကိုယ်စားပြုပြီး ဖြေကြားနေတာ ဖြစ်ပါတယ်။ သူ့အထက်မှာ ၀န်ကြီး၊ အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတ အဆင့်ဆင့် ရှိပါတယ်။ ဒေါက်တာမောင်မောင်သိမ်းနေရာမှာ ၀င်ပြီး ကြည့်ရင် လွှတ်တောအမတ်တွေကြားမှာ ဖိအားပေးခံရလို့ ဒီလို လုပ်ဆောင်ခဲ့တာ ဖြစ်သော်လည်းပဲ အမှန်တော့ ကိုယ့်အဆင့် ကိုယ်ရာထူးကို နားလည်ဖို့ လိုပါလိမ့်မယ်။ ဒီလို တိုက်ရိုက်သတင်းပို့တာကို ပြန်လည် ဖြေကြားပေးတဲ့ သမ္မတဦးသိန်းစိန်ကို ကျေးဇူးတောင် တင်ရဦးမှာ ဖြစ်ပါတယ်။ ပြောရရင် ဦးခင်အောင် မြင့်ဟာလည်းပဲ န၀တ၊ နယက ခေတ်တစ်လျှောက်လုံး အခန်းကဏ္ဍတစ်နေရာက ပါဝင်ခဲ့သူ ဖြစ်တဲ့ အတွက် ဒီလိုမျိုး Chain of Command ကို ကောင်းကောင်း နားလည်မယ် လို့ပဲ ယူဆပါတယ်။

အမှန်တော့လည်း ဒီဖြစ်စဉ်တွေကို သေချာလေ့လာကြည့်ရင် လွှတ်တော်ဥက္ကဌနဲ့ နိုင်ငံတော် သမ္မတ ကြားက ဆက်ဆံရေးပေါ် မူတည်ပြီး ဖြစ်လာတာ လို့ ဆိုနိုင်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ အမေရိကန် သမ္မတဟောင်း ကလင်တန်က ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြဖို့ အရေးကြီးတာကို ထောက်ပြသွား ပါတယ်။ မှန်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ပုဂ္ဂိုလ်ရေးနဲ့ စိတ်ခံစားမှုကို အခြေပြုတဲ့ လုပ်ဆောင် ချက်တွေကြောင့် မညီညွတ်ခဲ့တာ သင်ခန်းစာ တစ်လှေကြီး ရှိနေပါတယ်။ ဒီလိုမျိုး ဆယ်စု နှစ်နဲ့ချီပြီး ပျောက်ဆုံးနေခဲ့တဲ့ ညီညွတ်မှုကို လက်ရှိ နိုင်ငံကို ခေါင်းဆောင်နေတဲ့၊ မဏ္ဍိုင်ကြီးတွေကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေက စံနမူနာပြဖို့ လိုပါတယ်။ လက်ရှိ နိုင်ငံရေးပွတ်တိုက်မှုတွေဟာ နောင်အစိုးရ အစဉ် အဆက်မှာ နမူနာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ အခု ဒီဖြစ်စဉ်တစ်ခုတည်းကပဲ နောင်အစိုးရ အစဉ် အဆက် ပြောစမှတ်တွင်သွားတော့မှာ ဖြစ်ပါတယ်။ ၂၀၁၃ တုန်းက ဒီလိုမျိုး ဖြစ်စဉ် ဖြစ်ခဲ့ဘူးတယ် ဆိုတာ ကို နှောင်းလူတွေ ပြန်လည်ပြောကြ၊ ကိုးကားကြ၊ ဆွေးနွေးကြ ရှိလာမှာပဲ ဖြစ်ပါတယ်။ လက်ရှိ လူတွေ ချီးကျူးမခံရသော်လည်းပဲ သမ္မတကြီးအနေနဲ့ နှောင်းလူတွေရဲ့ ချီးကျူးစကားတွေ နောင် တစ်ချိန် မှာ ရရှိလာမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက အခု လွှတ်တော်ထဲမှာ ထောက်ပြနေတဲ့ ၀န်ကြီးဌာနတွေရဲ့ ကြွေးမြီတွေကိစ္စ ဖြစ်ပါ တယ်။ ကြွေးမြီတင်နေတဲ့ ၀န်ကြီးဌာနတွေကို ကြည့်ရင် လယ်ဆည်၊ မွေးရေ၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ စက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ သိပ္ပံနည်းပညာ၊ ဟိုတယ်ခရီး ကြည့်လိုက်ပါဦး။ အစဉ်အဆက် တင်ရှိခဲ့တဲ့ ကြွေးမြီတွေ ဖြစ်နေပါတယ်။ အရင်လူတွေကတော့ ပြည်ထောင်စုလွှတ်တော်ကြီးထဲမှာ မိန့်မိန့်ကြီးထိုင်လို့ မသိသလိုမဆိုင်သလို ခပ်တည်တည်နဲ့ ရုပ် တည်ကြီးတွေနဲ့ ရှိနေကြပါတယ်။ လက်ညိုးတွေက ၀ိုင်းထိုးလိုက်ကြတာ လက်ရှိအစိုးရ ရှင်းပေတော့ ဆိုတဲ့သဘောကို မြင်တွေ့နေရပါတယ်။ ဒီစာရင်းဟောင်းတွေကိုလည်း ပြတ်ပြတ်သားသား ဖော်ထုတ်ပြီး အရေးယူဖို့ လိုပါတယ်။ သမ္မတကသာ ရှေ့နောက် ထောက်လို့ ဘယ်သူမှ မထိခိုက်အောင် ဖြေရှင်းနေ ပေမယ့် တုံ့ပြန်မှုတွေက တစ်မျိုးဖြစ်နေပါတယ်။ အရင်တုန်းက ဒီကိစ္စတွေမှာ ပတ်သက်ခဲ့တဲ့၊ တာဝန် ရှိခဲ့ပြီး အခု တာဝန်မယူတော့တဲ့ (အရင်ခေတ်တွေတုန်းက) ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ ဒီဂျီတွေ၊ အမ်ဒီ တွေ အကုန်လုံးကို ထိထိ ရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုလိုပါတယ်။

သမ္မတဦးသိန်းစိန်အနေနဲ့လည်း သဘောရိုးနဲ့ စိတ်စေတနာကောင်းနဲ့ ဘယ်လိုပဲ လုပ်ပါစေ၊ အမှားရှာ ပျော့ကွက်နှိုက် ဝေဖန်ပြစ်တင်တာတွေ ကြုံတွေ့လာနိုင်တဲ့အတွက် လစာကို အပြည့်အ၀ ယူစေချင် တယ်။ သမ္မတကြီးအနေနဲ့ လစာ သိန်း ၅၀ အနက်က ၁၅ သိန်းပဲ ယူချင်တယ် ဆိုရင် ကျန်တဲ့ ၃၅ သိန်း ကို ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက်၊ ချို့တဲ့နေတဲ့ ကလေးသူငယ်တွေအတွက်၊ ကျွန်တော်တို့ရဲ့ အမှန်တစ်ကယ် လိုအပ်ချက်တွေ ရှိနေတဲ့ အသိုင်းအ၀ိုင်းတွေ၊ ဒေသတွေကို ပြန်လှူပေးလိုက်ပါ။ သမ္မတ ကြီးရဲ့ ရိုးသား စစ်မှန်တဲ့ စေတနာကို ပြည်သူတွေ ခံစားရရှိကြရမှာ ဖြစ်ပါတယ်။ ဒါဟာလည်း သမိုင်း တစ်ခု အနေနဲ့ ကျန်ရစ်ခဲ့မှာပါ။ ပြီးတော့ လက်အောက် ၀န်ကြီးဌာနတွေကိုလည်း လစာအပြည့်ယူပြီး တာဝန်ခံမှု အပြည့်အ၀ ရှိအောင် ဆောင်ရွက်ပေးစေလိုပါတယ်။ အရင်က စာရင်းဟောင်းတွေရော၊ အခု လက်ရှိစာရင်းသစ်တွေရော ဘာကိုမှ ငဲ့ကွက်မနေဘဲ အကုန်လုံးကို ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်း ထန်ထန် ရှင်းလင်းပစ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် သမ္မတကြီးအနေနဲ့ လစာ သိန်း ၅၀ အပြည့်အ၀ ရယူသင့်ကြောင်း သဘောရိုး စိတ်စေတနာကောင်းနဲ့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

The Messenger ဂျာနယ် အတွဲ(၄)၊ အမှတ်(၂၆)မှ ကူးယူဖော်ပြသည်

No comments:

Post a Comment