Monday, November 11, 2013
★ မြန်မာ့နွေဦးအား အင်စတီကျူးရှင်း ဘောင်သွင်းခြင်း ★ (မှူးဇော်)
♦နိဒါန်း♦
မြန်မာ့နွေဦးဟု ကင်ပွန်း တပ်ကြကုန်သော မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးသည် ယခုထက်တိုင် အသွင်ကူးပြောင်းဆဲ အဆင့်တွင်သာ ရှိနေသေးသည် ဟူသည့်အချက်ကို သတိချပ်လျှင် Democracy Deficit ကို နားလည် သဘောပေါက်နိုင်မည်ဟု ယူဆနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို တွက်ချက်ကြရာ၌ အရနှင့် အသုံး ညီမျှအောင် ကြံဆောင် လုပ်ကိုင်ကြသော်လည်း လက်တွေ့ သုံးစွဲကြရာ၌ များသောအားဖြင့် လိုငွေပြလေ့ ရှိပြီး လိုငွေ အချိုးအစား သတ်မှတ်ချက် တစ်ရပ်ရပ်ဖြင့် သင့်လျော်ခြင်း ရှိ-မရှိ၊ လက်ခံနိုင်ခြင်း ရှိ-မရှိ တိုင်းတာလေ့ ရှိသည်။ မြန်မာ့ နွေဦး ခရီးပေါက်ခဲ့ပြီ ဖြစ်သော ၂ နှစ်ခွဲကျော် သက်တမ်းကို လည်ပြန်ကြည့်လျှင် (၁) ဘာတွေ ရရှိခဲ့ပြီးပြီလဲ။ ဘာတွေ သုံးပြီးပြီလဲနှင့် (၂) ဘာတွေရရန် ကျန်ရှိနေသေးသလဲ စသည့်အချက် များဖြင့် တိုင်းတာနိုင်မည် ဖြစ်သည်။ ထိုမှ ထွက်ပေါ်လာသော ရေတွက်ပုံ အမှတ်စဉ် သည်ပင်လျှင် မြန်မာ့နွေဦး၏ Democracy Deficit ပင် ဖြစ်ပေလိမ့်မည်။
♦အသွင်ကူးပြောင်းရေး အဆင့်များ♦
ကျောင်းတော်လာ သီအိုရီများအရ (၁) အခွါ (ဖြေလျှော့ရေး အဆင့်) ၊ (၂) အကူး (ကူးပြောင်းရေး အဆင့်) ၊ (၃) အခိုင် (ခိုင်မာရေး အဆင့်) အဆင့် (၃) ဆင့် ရှိရာတွင် မြန်မာ့နွေဦး ဘယ်ဆီ ရောက်ရှိနေသည်ကို ပြန်လည် တိုက်ဆိုင် စစ်ဆေးကြရန်သာ ရှိပေသည်။ ၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီက ဒီဘိတ် လုပ်ခဲ့ကြပြီးသော ပေးထားချက် (၂၀၀၈ အခြေခံဥပဒေ) သည် ယခုအချိန်တွင် ပေးထားချက်ကို ပြင်ရန် (ခွင်ကိုချဲ့ရန်) အခြေအနေအထိ ဆိုက်ရောက်လာနေကြောင်း တွေ့ရှိနိုင်သည်။ အခြားသော အသွင်ကူးပြောင်းရေး အဆင့်များနှင့် မတူညီသည်မှာ မြန်မာ့နွေဦး သည် ဒီမိုကရေစီ ကူးပြောင်းရေးသာမက အမျိုးသား ညီညွတ်ရေးကိုပါ ဒွန်တွဲဖော်ဆောင် လျှောက်လှမ်းနေရခြင်း ဖြစ်လေရာ မည်မျှ ခက်ခဲနိုင်သည်ကို မှန်းဆနိုင်ပေမည်။ အမျိုးသား ညီညွတ်ရေးတွင် (၁) နားလည်မှု တည်ဆောက်ရေး၊ (၂) ယုံကြည်မှု တည်ဆောက်ရေး၊ (၃) ညီညွတ်မှု တည်ဆောက်ရေး ဟူသော အဆင့်ကြီး (၃) ဆင့် ရှိသည့်အနက် နောက်ဆုံး ထုတ်ပြန်ခဲ့သော၊ မြစ်ကြီးနား ပူးတွဲထုတ်ပြန် ကြေညာချက်သည် ယခင် ခေတ်များက ဆိုလျှင် ရောက်နိုင်ခဲသော အဆင့်တစ်ဆင့်ဟု ဆိုသော် မှားမည် မထင်ပေ။ အကြောင်းရင်းမှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနှင့် ကြိုတင် သတ်မှတ်ချက် မထားဘဲ ဆောင်ရွက်ခဲ့သည့် ပထမဆုံးသော အမျိုးသားညီညွတ်ရေး ဒိုင်ယာလော့ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ယင်းအပြင် ဆယ်စုနှစ်များစွာ ဗဟိုဦးစီး တစ်သွေး တစ်သံ တစ်မိန့်တွင် ပုံစံဝင် အသားကျခဲ့သော အုပ်ချုပ်ရေးယန္တရား တစ်ခုလုံး အသွင်ကူး ပြောင်းနိုင်ရေး အတွက် အုပ်ချုပ်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက် လျက် ရှိသည့်အပြင် တံခါးပိတ် စီးပွားရေးစနစ်ဖြင့် နှစ်ပေါင်းများစွာ လည်ပတ် လှုပ်ရှားခဲ့သော ဈေးကွက် ယန္တရားကိုလည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် အလိုက်သင့် ချိတ်ဆက် ဆက်သွယ်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲရေးကိုလည်း တစ်ပြိုင်နက်တည်း ပုံဖော်လျက် ရှိသည်။ အုပ်ချုပ်ရေး ယန္တရားတွင် နှစ်ပေါင်း များစွာ တက်ခဲ့ကြကုန်သော သံချေး များကို ဤကာလ ဤအင်အားဖြင့် စင်ကြယ်အောင် ဆေးကြောရာတွင် သာမန် ဆပ်ပြာရည်ဖြင့် မရနိုင်ဟူသော မှတ်ချက်မှာလည်း မှန်သင့်သလောက် မှန်ပေမည်။ သို့သော် ယခုကဲ့သို့ သမိုင်းဝင် အသွင်ကူးပြောင်းရေးကို ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်း နေကြရသော လက်ရှိ အနေအထားတွင် အရပ်ရပ်နယ်ပယ်စုံ စွမ်းရည်မြှင့်တင်ရေး Capacity Building စိန်ခေါ်မှုသည် မည်မျှ အရေးပါသည်ကိုလည်း မဏ္ဍိုင်ကြီးများ အားလုံးနှင့် နယ်ပယ် အဖုံဖုံတို့တွင် မြင်တွေ့ နေရပေသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တို့တွင် ကြုံတွေ့ရလေ့ရှိသော (၁) အမျိုးသားရေး လှိုင်းလုံး၊ (၂) အိုင်ဒီယိုလော်ဂျီ အစွဲဟောင်းပြဿနာ၊ (၃) အမေရိကန်အိပ်မက် ပြည့်မီရေး စသည်တို့ကို နိုင်ငံရေး ခေါင်းဆောင်များ သတိပြုရန် လိုအပ်မည် ဖြစ်သည်။ အရှေ့ဥရောပနှင့် အာဖရိက အသွင်ကူးပြောင်းရေး မှတ်တမ်းတို့၌ ကြုံတွေ့ခဲ့ကြကုန်သော အမေရိကန်အိပ်မက် ပြဿနာမှာ ယခု ဒီမိုကရေစီကူး-ယခုအမေရိကန် လူမှု-စီးပွားအနေအထား ရရှိလိုသော မျှော်လင့်ချက်နှင့် လက်တွေ့ ပြဿနာပင် ဖြစ်နေသည်။ မြန်မာ စကားပုံအရ ဆိုရလျှင် ခုရေတွင်းတူး၊ ခုရေကြည်သောက်နှင့် နီးစပ်နိုင်သည်။ ဒီမိုကရက်တိုင်ဇေးရှင်း တို့တွင် ကြိုတင် ဖြည့်ဆည်းအပ်သော (၁) လူလတ် တန်းစား၊ (၂) အရပ်ဘက် လူ့အဖွဲ့အစည်း၊ (၃) တရားဥပဒေ စိုးမိုးရေး စသည့် စံချိန်စံညွှန်းများ ပြည့်မီခြင်း မရှိသော်လည်း ရဲရဲတင်းတင်းပင် နိုင်ငံတော်ရော နိုင်ငံသားများပါ တစ်ညီတစ်ညွတ်တည်း ခြေလှမ်းခဲ့ကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ နောက်ပြန်လှိုင်း သံသယများဖြင့် အကဲခတ် စောင့်ကြည့် နေကြသည့် ကြားမှ တဖြည်းဖြည်းနှင့် ရင့်ကျက် တည်ငြိမ်သည့် မျှခြေသို့ ကူးပြောင်း နေသည် (မျှခြေ မရောက်သေး) ကိုလည်း သတိချပ်သင့်သည်။ ယုံကြည်ချက် အကျဉ်းသား၊ ဖက်ဒရယ်၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်ထောင်စု တပ်မတော်၊ တန်းတူညီမျှရေး စသည့် စကားလုံး တစ္ဆေများ သည်လည်း ပြည်သူတို့၏ ရေလဲသုံး စကားလုံးများ ဖြစ်လာနေ သည်ကို တွေ့ရှိနိုင်သည်။
♦ပြည်နယ်-တိုင်းဒေသကြီး ဘတ်ဂျက်မူဝါဒ♦
(၁) ဗဟိုချုပ်ကိုင်မှု လျှော့ချရေး (Power) ၊ (၂) အခွန်အကောက် (Revenue) နှင့် (၃) သယံဇာတ ခွဲဝေရေး (Resources) ဟူသော ပြည်နယ်များ၏ အခွင့်အရေးသည် လက်ရှိ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် နှစ်ပေါင်း များစွာ တိုင်းရင်းသားတို့၏ တောင်းဆိုချက်များ ဖြစ်ခဲ့သည်။ ဤအချိန် ဤကာလတွင် အဆိုပါ လိုလားချက်များကို ဖြေလျှော့ ခွဲဝေပေးရန် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် အလေးပေး ဆောင်ရွက်နေပြီ ဖြစ်သော်လည်း တိုင်းရင်းသားခေါင်းဆောင် အချို့၏ ပြောကြားချက် များအရ (၁) ယခုလက်ရှိ ခွဲဝေပေးနိုင်ရန် ဆောင်ရွက်နေမှု များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး စိတ်ရင်းစေတနာ အရသာ ဖြစ်သည်၊ (၂) ၂၀၁၅ အလွန်တွင် နိုင်ငံတော် သမ္မတ မည်သူ ဖြစ်လာမည် မသိနိုင်သေး၊ (၃) ထို့ကြောင့် အခြေခံဥပဒေအရ ပေးအပ်ထားသည့် အခွင့်အရေးကိုသာ လိုချင်သည်ဟူ၍ ဖြစ်သည်။ ဤသည်ကို အဓိပ္ပာယ် ပြန်ဆိုရလျှင် (၁) ဗဟို (ပြည်ထောင်စု) က ထပ်ဆင့် ခွဲဝေပေးခြင်းမျိုးကို မလိုချင်၊ (၂) မူလ ကတည်းက (အခြေခံဥပဒေ အတွင်းမှာပင်) တရားဝင် ခွဲဝေ အပ်နှင်းထားသည်ကိုသာ လိုချင်သည် ဟူ၍ ဖြစ်ပေလိမ့်မည်။ ဤသည်မှာ သဘာဝကျသည်၊ ပြည်ထောင်စု မူဝါဒနှင့်လည်း ကိုက်ညီသည်။ လူကြောင့်ဖြစ်သော အပြောင်းအလဲကို မူဖြင့် ပြဋ္ဌာန်းပေးရန် လိုလားခြင်းဟု ဆိုနိုင်မည် ဖြစ်သည်။ မကြာခင် လာတော့မည့် ဘဏ္ဍာရေးနှစ် အတွက် ပြည်နယ်များ၏ ဘတ်ဂျက်များကို ရေးဆွဲကြရာတွင် ဆောင်ရွက်ရမည့် မူဝါဒနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးက ၉-၈-၂၀၁၃ ရက်နေ့ သမ္မတအိမ်တော်တွင် အောက်ပါအတိုင်း ထုတ်ဖော် ပြောကြားထားပြီး ဖြစ်သည်-
♦ တိုင်းဒေသကြီး ပြည်နယ်အစိုးရ ဝ၀န်ကြီးချုပ်များကို အဓိကထား မှာကြားလိုတဲ့ အချက်တွေကတော့-
♦ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီနဲ့ မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီတွေဟာ မြို့နယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေး လိုအပ်ချက်တွေကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော်ရေး အဖွဲ့တွေ ဖြစ်တဲ့အတွက် မြို့နယ်အတွက် ဦးစားပေး လုပ်ငန်းတွေကို ညှိနှိုင်းဆွေးနွေးတတ်၊ လုပ်တတ်ကိုင်တတ် ရှိအောင် သင်ကြား လေ့ကျင့် ပေးဖို့ လိုအပ်ပါတယ်။
♦ တိုင်းဒေသကြီး ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ မြို့နယ်အဆင့်ဟာ အခြေခံကျပြီး ပြည်သူတွေရဲ့ တစ်ဦးကျ ဝင်ငွေ၊ သောက်သုံးရေ လိုအပ်ချက်၊ လျှပ်စစ်မီး လိုအပ်ချက်၊ အလုပ်လက်မဲ့ အရေအတွက်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး၊ မြို့ကွက်ရွာကွက် အကျယ်အဝန်းနဲ့ လူဦးရေ တိုးပွားမှု သိပ်သည်းမှုအရ မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရေးဆွဲပြီး လယ်မဲ့၊ ယာမဲ့၊ အိမ်မဲ့များ စာရင်းကောက်ယူ နေရာချထားရေး စတဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန် ကိန်းဂဏန်း စာရင်းဇယားများကို မြေပြင် စာရင်းကောက်ယူ လေ့လာ သုံးသပ် ဆွေးနွေး စီမံ ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ဒီနေရာမှာ တောင်သူ လယ်သမားများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းတွေကို အမြန်ပြီးပြတ်အောင် ဆောင်ရွက် ပေးနိုင်တာနဲ့အမျှ ၎င်းတို့ ပိုင်ဆိုင်ခွင့်၊ ရောင်းချခွင့်၊ ပေါင်နှံခွင့်များ ရလာတာနဲ့အမျှ ချေးငွေရရှိရေး၊ ငွေကြေး အရင်းအနှီး ရရှိရေး ဆောင်ရွက်လာနိုင်မှာ ဖြစ်တဲ့အတွက် တောင်သူ လယ်သမားများရဲ့ လူမှုစီးပွားရေးဘဝ တိုးတက်လာမှာ ဖြစ်တဲ့အကြောင်း ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါလို့ မှာကြားလိုပါတယ်။
♦ မြို့နယ်ကော်မတီ အသီးသီးအနေနဲ့ အစည်းအဝေးများ ကျင်းပရာမှာ ပြည်သူများက ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များကိုပါ ဖိတ်ကြားပြီး ပြည်သူများ၏ လူမှုစီးပွားရေး လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား အခြေခံ အဆောက်အအုံ လိုအပ်ချက်များအနက် ဦးစားပေးများကို ရွေးချယ်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ လွှတ်တော်များသို့ အဆင့်ဆင့် တင်ပြသင့်သည်များကို ဘတ်ဂျက်၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှု အလားအလာပေါ် မူတည်ရွေးချယ်ပြီး ညှိနှိုင်းတင်ပြတဲ့ အစီအစဉ်များ ဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။
♦ ဒီလို ပြည်သူများ ပူးပေါင်းပါဝင်တဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးအတွက် ရည်မှန်း ဆောင်ရွက်နေတဲ့ ပြည်သူ ဗဟိုပြု အုပ်ချုပ်မှု စနစ်သစ် တစ်ရပ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်မှသာ အစိုးရ အုပ်ချုပ်ရေး ယန္တရားရဲ့ ပွင့်လင်းမြင်သာ ရှိမှု၊ ပြည်သူ့အသံနှင့် ဆန္ဒကို သိရှိ ဦးစားပေး၍ ထိရောက်စွာ အကောင်အထည်ဖော်မှု ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ လိုက်နာဆောင်ရွက်လျက် လာဘ်ပေးလာဘ်ယူ တားဆီး ထိန်းသိမ်းနိုင်မှု မြို့နယ် အေးချမ်းသာယာပြီး တရားဥပဒေ စိုးမိုးမှု၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမှာ ဖြစ်တဲ့အတွက် အလေးထား ဆောင်ရွက်သွားကြဖို့ မှာကြား လိုပါတယ်။၊ နိုင်ငံတော်သမ္မတကြီး ချမှတ်ထားသည့် မူဝါဒအရ လာမည့်ဘတ်ဂျက်နှင့် စီမံကိန်းများ ရေးဆွဲရာတွင် အုပ်ချုပ်ရေး အဖွဲ့များအနေနှင့် မြို့မိမြို့ဖများ ပါဝင်ဖွဲ့စည်းထားသည့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ စသည်တို့အပြင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ မိမိတို့ မြို့နယ်အတွက် မည်သည့် စီမံကိန်း ဆောင်ရွက်မည်၊ ဘဏ္ဍာငွေ မည်မျှ သုံးမည် စသည်တို့ကို ဆောင်ရွက်ကြရန် ဖြစ်သည်။ ပြည်သူလူထု ဗဟိုပြု ဘတ်ဂျက် မော်ဒယ်အသစ်ကို အစပြု အကောင်အထည်ဖော်ရာ၌ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေးနှင့် ပြည်သူများအကြား တည်ဆောက်ထားကြကုန်သော နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့အပေါ် မူတည်၍ ပြည်သူ့ဆန္ဒနှင့် အညီဖြစ်သော ဘတ်ဂျက် သုံးစွဲမှုများ ထွက်ပေါ်လာမည် ဖြစ်ပေသည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက်မှု ကောင်းကောင်းဖြင့် ဆွေးနွေး၊ တွက်ချက်၊ ရေးဆွဲသည့် ဘတ်ဂျက် လျာထားချက်များ အတည်ပြုပြီးချိန်တွင် လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် လွှတ်တော် အစည်းအဝေးများတွင် သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေများအတွက် မည်သည့် လုပ်ငန်းကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ-မရှိ ဟူသော မေးခွန်းများ မေးမြန်းနေစရာ လိုအပ်မည် မဟုတ်တော့ပေ။ အလားတူ မည်သည့်မြို့နယ်တွင် မည်သည့် လုပ်ငန်း ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုများလည်း တင်သွင်းစရာ လိုအပ်မည် မဟုတ်တော့ပေ။ ဥပဒေပြုရေး တွင်လည်း အမျိုးသားမူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စု၏ အရေးအရာ ကိစ္စရပ်များကို အလေးထား၍ ဆွေးနွေး တိုင်ပင်နိုင်ကြတော့မည် ဖြစ်သည်။ မြို့နယ်ကိစ္စ၊ မိမိတို့ မဲဆန္ဒ နယ်မြေ ကိစ္စများနှင့် စပ်လျဉ်း၍ ပြည်နယ် အဆင့်မှာပင် ညှိနှိုင်းဖြေရှင်း ပူးပေါင်း ဆောင်ရွက်ကြရန်သာ အရေးကြီးပေလိမ့်မည်။
♦နိဂုံး♦
ဒီမိုကရေစီအိပ်မက် (အမေရိကန်အိပ်မက်) နှင့် နှိုင်းယှဉ်လျှင် ဒီမိုကရေစီ လိုငွေပြမှု အချိုးသည် များစွာ ကြီးမား များပြား နေပါလိမ့်မည်။ ဒီမိုကရေစီသို့ ချီရာလမ်းတွင် နိဂုံးပန်းတိုင်ဟူ၍ တိတိကျကျ မရှိနိုင်သလို ဖြတ်သန်းရမည့် အဆင့်များသည်သာ မြန်မာ့နွေဦး၏ တည်ရာ အရပ်ကို ပြဆိုနေမည် ဖြစ်သည်။ ဒီမိုကရေစီ ဟူသည် အများဆန္ဒဖြင့် အုပ်ချုပ်ခြင်း ဖြစ်ရာ အားလုံးပါဝင်မှု မြင့်မား ကျယ်ပြန့်လာသည်နှင့်အမျှ အပြန်အလှန် ထိန်းကျောင်းမှု ယန္တရားများ ခိုင်မာသည်ထက် ခိုင်မာလာကာ အာဏာ ရှင်ဆန်သော ဓလေ့ဟောင်းများ ပပျောက် လျော့ပါးသွားမည်သာ ဖြစ်သည်။ စနစ်ကိုလည်းပြင်၊ လူကိုလည်း ပြင်ရသည့် ခေတ်ပြောင်းချိန် ဖြစ်လေရာ မပြောင်းနိုင်သူများ အလိုအလျောက် ဘေးရောက်သွားကြမည် ဖြစ်ပေသည်။ အလားတူပင် လက်ဆယ်ချောင်း မပြည့်တတ်သည့် လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ၏ ဆန္ဒဖြင့် ပုံဖော်အပ်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဟူသည် အချိန်မရွေး ကွဲပြို ကြေမွသွားတတ်သော သဘောသဘာဝ ရှိနေသည် ကိုလည်း သတိကြီးကြီး သုံးသပ်ကြရန် လိုအပ်ပါလိမ့်မည်။ ရရှိထားပြီးဖြစ်သော အပြောင်းအလဲများ နောက်ပြန် မဆုတ်စေရန် အင်စတီကျူးရှင်းများဖြင့် တုပ်နှောင်ရန် လိုအပ်သည်။ သို့ဖြစ်ရာ နိုင်ငံရေး ခေါင်းဆောင်များ အားလုံးအနေနှင့် ရရှိထားပြီးသော ကူးပြောင်းရေးအဆင့်ကို ကူးပြောင်းရေး အဆင့်ဟု နားလည် တန်ဖိုးထား၍ ခိုင်မာစေသည့် အဆင့်သို့ မနှေးမမြန် ရောက်ရှိနိုင်စေမည့် အင်စတီကျူးရှင်းများ ခိုင်မာစေရေး ဆောင်ကြဉ်း ပေးပါမည့်အကြောင်း၊ ပွင့်ဖူးနေသော မြန်မာ့နွေဦးကို အင်စတီကျူးရှင်း ဘောင်သို့ သွတ်သွင်း ပေးကြပါမည့်အကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။
Hmuu Zaw Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment