Wednesday, November 6, 2013

အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများ


မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးချိန်မှစတင်ကာ ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများစွာတွင် ထင်သာမြင်သာရှိသည့် ပြုပြင်ပြောင်းလဲ မှုများကို ပြုလုပ်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ရာတွင် တချို့ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သလို၊ တချို့ကိစ္စရပ်များတွင် အဖုအထစ် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ရှေ့လျှောက်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပြည်သူတို့၏ နိုင်ငံရေးအသိနိုးကြားစေရန်၊ နိုင်ငံရေးအမြင် ကျယ်ပြန့်စေရန်၊ နိုင်ငံရေး ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး Political Dialogue နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းကို mntv နှင့် YMG (Yangon Media Group) တို့ ပူးပေါင်းပြီး အပတ်စဉ် တင်ဆက် သွားပါမည်။


ထိုဆွေးနွေးပွဲ စကားဝိုင်းမှသည် ပြည်တွင်း မတူညီသော အမြင်များကို လက်ခံပြီး တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းနှင့် မှန်မှန်ကန်ကန် ဆင်ခြင် သုံးသပ်နိုင်ခြင်း စသည့် အလေ့အကျင့်ကောင်းများကို ရရှိနိုင်မည် ဟု ယုံကြည်ပါသည်။
ယခုတစ်ပတ် Political Dialogue ဆွေးနွေးခန်းအတွက် ပထမဆုံး ရွေးချယ်ထား သည့် နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဖြစ်သည်။ ထို့ကြောင့် ဦးကိုကိုကြီးနှင့် YMG တို့၏ အသွင်ကူးပြောင်းရေး စိန်ခေါ်မှုများ ခေါင်းစဉ်ပါ ဆွေးနွေးချက်များကို အနှစ်ချုပ် ဖော်ပြလိုက်ပါသည်။

YMG- ပထမဆုံး သိချင်တာက ဦးကိုကိုကြီးအနေနဲ့ နိုင်ငံရေးဆိုတဲ့စကားလုံး၊ နိုင်ငံရေး ဆိုတဲ့ ဝေါဟာရကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုပါသလဲ ခင်ဗျား။

U K K G (88)- ဟုတ်ကဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးဆိုသည်မှာ ဆောင်းပါးထဲမှာ ပါတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အတိုင်းပါပဲ၊ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့ အရေးအရာကိစ္စတွေပေါ့။ ဒီနေရာမှာ စာရေးက စာရေးအလုပ်လုပ်တာ၊ ကျောင်းဆရာက ကျောင်းဆရာ အလုပ် လုပ်တာ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တစ်ဦး ဈေးရောင်းတာ အားလုံးဟာ နိုင်ငံရေးပဲ၊ နိုင်ငံသားတွေရဲ့ အရေးအရာကို လုပ်ဆောင်တာဟာ နိုင်ငံရေးပါပဲ။

YMG-အဲဒီတော့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အရေးအရာ ကိစ္စတွေ ဆောင်ရွက်တာ နိုင်ငံရေးလို့ ဆိုရမှာပေါ့။ အခု ကျွန်တော်တို့ နိုင်ငံမှာ စစ်တပ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းလာတယ်။ အဲဒီမှာ အသွင်ကူးပြောင်းရေး ကာလ သဘောလက္ခဏာ အတိုင်း စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရမှာပဲ။ ဒီတော့ အခုဘယ်လိုကဏ္ဍတွေမှာ စိန်ခေါ်မှုနဲ့ ကြုံနေရတာ ဆိုတာ ဦးကိုကိုကြီးရဲ့ အမြင်ကို ပြောပြပေးပါဦး။

U K K G (88)- အခုအချိန်ကတော့ အသွင်ကူးပြောင်းကာလလို့ ပြောတယ်။ ပညာရှင်တွေ ကတော့ ဖြေလျှော့နေတဲ့ ကာလလို့ပြောတယ်။ ဖြေလျှော့တယ်ဆိုတာက Liberation ပေါ့။ အရင်အစိုးရက တင်းကျပ်ထားတာကို ဖြေလျှော့ပေးတဲ့ သဘောပါပဲ။ အရင်ကဆို ကျွန်တော်တို့ နိုင်ငံမှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုပြီး ကြုံခဲ့ရတယ်။ အဲဒီ အမိန့်အဝဝကို စစ်အစိုးရက ထိန်းချုပ်ရာကနေ ဒါတွေဟာ တင်းကျပ်မှုကို ဖြေလျှော့လိုက်တယ် ဆိုတဲ့သဘောပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွှတ်တော် ပေါ်လာတယ်။ အစိုးရပေါ်လာတယ်။ ဒီလိုပေါ်လာလို့ အရင်ကထက် စာရင် တင်းကျပ်မှုတွေ လျော့သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီကာလကို စပ်ကူးမတ်ကူးကာလပေါ့၊ ဒီမိုကရေစီ ရောက်ပြီလားဆိုရင် မရောက်သေးပါဘူး။ ဒီကာလမှာ စိန်ခေါ်မှုတွေ အများကြီးပေါ့။ ခု ကျွန်တော် ဆွေးနွေးချင်တာက လူမှုရေးနယ်ပယ်ပေါ့။

YMG- ကျွန်တော်တို့ စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး သိပ်ပြီး မတို့မထိတဲ့နယ်ပယ်၊ လူတွေ သိပ်မပြောကြ တဲ့နယ်ပယ်။ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟုတ်ကဲ့ ဆက်ပြီး ပြောပါခင်ဗျာ။

U K K G (88)- ၁၉၈၈ ခုနှစ်ကနေ အခု ၂၅ နှစ်တာကာလ ငွေရတု အချိန်အတွင်း ပြည်သူ တွေရဲ့ လူနေမှုဘဝတွေ ဘာတွေပြောင်းလဲသွားလဲ၊ ဘယ်လိုပြောင်းလဲသွားလဲ။ ဒီစိန်ခေါ် မှုတွေကိုပေါ့။

YMG- အဲဒီတော့ ဦးကိုကိုကြီး ခုနကပြောတဲ့အထဲမှာ ကျွန်တော်တို့ အမြဲပြောနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အပိုင်းကို ပြောနေကြပေမယ့် လူမှုရေးကိစ္စ social changes, social transform ပေါ့နော်။ သိပ်မပြောကြဘူး။ အဲဒါနဲ့ ပတ်သက်ပြီး သိသာတဲ့ စိန်ခေါ်မှု တချို့ကို ကောက်နုတ်ပြောပြပေးပါဦး။

U K K G (88)- နိုင်ငံတစ်နိုင်ငံရဲ့ အပြောင်းအလဲကို ခေါင်းဆောင်သမိုင်းလို့ ပြောကြတယ်။ တစ်ဖက်က ပြည်သူ့သမိုင်းဟာလည်း တော်တော်အရေးပါတယ်။ ခေါင်းဆောင် တစ်ယောက် စိတ်တိုလို့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တာနဲ့ နိုင်ငံသမိုင်းဟာ တအား ပြောင်းသွားနိုင်တယ်။ ဟစ်တလာလို ခေါင်းဆောင်ပေါ်တာနဲ့၊ မာတင်လူသာကင်းလို ခေါင်းဆောင်ပေါ်တာနဲ့ တိုင်းပြည် အခြေအနေဟာ အလွန်ကွာသွားတယ်။ စဉ်းစား ကြည့်တော့ အာဏာရှင်ရဲ့ သဘောသဘာဝက လူထုကို အထင်သေးတတ်ပြီး သူကောင်းမယ်ထင်ရင် အကုန်လုပ်မယ်ဆိုတဲ့ ခံယူချက်ကြောင့် နိုင်ငံမှာ လူထုလူတန်းစား သုံးလွှာ ပေါ်ပေါက်လာတာပဲ။ ပထမတစ်မျိုးက ဖိနှိပ်တာကို ဆန့်ကျင်တော်လှန်တဲ့ပုံစံ၊ ဒုတိယတစ်မျိုးက အမိန့်နာခံတဲ့ပုံစံ (သူတို့တွေက ကျိုးကြောင်း မစဉ်းစားတော့ဘူး) တာဝန်မဲ့ စိတ်ဓာတ်မျိုးပေါ့ဗျာ။ အထက်ကခိုင်းရင် အကုန်လုပ်မယ်ဆိုတဲ့ လူတွေလေ။ နောက်ဆုံးတစ်မျိုးက လည်သလိုနေမယ်ဆိုတဲ့ လူစားမျိုးတွေ။ အဲဒီလို လည်သလိုနေမယ့် လူတွေက လာဘ်ပေးလာဘ်ယူလုပ်ဖို့ သိပ်ဝန်မလေးဘူး။ ကိုယ့်အလုပ် အဆင်ပြေဖို့ လုပ်နေကြတဲ့လူတွေပဲ။

YMG- ဟုတ်ကဲ့ အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အဲဒီသုံးမျိုးသုံးစားထဲမှာ ဘယ်အုပ်စုက အများဆုံး ကျန်မယ်လို့ ဦးကိုကိုကြီး ထင်သလဲ။

U K K G (88)- အင်း. . ဘာသိဘာသာတွေကများတယ်။ ဒါပေမဲ့ ကိုယ့်ထမင်းကိုယ်စားပြီး ခို်င်းတာလုပ်မယ်ဆိုတဲ့ အဖိနှိပ်ခံလူတန်းစားတွေကို သိပ်ကြောက်ရတယ်။ အဲဒီပိပြားတဲ့ အလွှာပေါက်ကွဲရင် အလွန်ထိန်းရခက်တယ်။ ဥပမာပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီ အချက်ကို ကျွန်တော်တို့ တွေ့လိုက်ရတာပဲ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနေအထားနှစ်ခုကိုကြည့်ရင် ကောင်းကောင်းသိနိုင်တယ်။ တောက်လျှောက် ကြိတ်ခံထားရတော့ အခွင့်အရေးလဲရရော ကိုယ်မကြိုက်တဲ့လူတွေကို ကောင်းကောင်း ဆန့်ကျင်ပြလိုက်တယ်။

YMG- ဟုတ်ကဲ့၊ အဆင်ပြေသလို နေထိုင်သွားမယ်ဆိုတဲ့ လူတွေကိုလဲ အသိပညာပေးဖို့ လိုပါတယ်။ နောက်တစ်ခု ကျွန်တော်သိချင်တာက လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ တော်လှန်ရေးအမြင် ရှိသူတွေကရော သူတို့အမြင်တွေ ပြောင်းလဲဖို့လိုနေပြီလား။

U K K G (88)- တော်လှန်ရေးအမြင်ရှိတဲ့ အုပ်စုဆိုတာ ကျွန်တော်တို့လိုလူတွေလို့ ထင်ပါတယ်။ အမှန်ပြောရရင် ကျွန်တော်တို့ဟာ အရင်ကဆို Fight (တိုက်ခိုက်ခြင်း) စကားလုံးသုံးတယ်။ ပြီးတော့ Revolution (တော်လှန်ပြောင်းခြင်း) သုံးတယ်။ ခု အနေအထားက Fight လဲ မဟုတ်တော့ဘူး၊ revolution လဲမဟုတ်တော့ဘူး။ Struggle ဖြစ်သွားပြီ။ ဖြစ်စဉ်တစ်ခုကို အားကောင်းအောင်ဝိုင်းဝန်း Struggle လုပ်တာဖြစ်ရမယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ကိုယ်နဲ့အရင်က သဘောထားမတူတဲ့ လူတွေနဲ့လဲ တူတာကို ပူးပေါင်း Struggle လုပ်သွားဖို့ပဲ။

YMG- ဟုတ်ကဲ့ အဲဒီပူးပေါင်း Struggle လုပ်တဲ့နေရာမှာ အရင်က အမြင်မတူတဲ့လူနဲ့ ယုံကြည်မှုရအောင်၊ သံသယ စိတ်တွေပျောက်အောင်လုပ်ဖို့ ခက်ခဲမလား။

U K K G (88)- ခက်တာပေါ့၊ အဲဒါ အခက်ဆုံးပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ Trust Building မရှိဘူး။ နှစ်ပေါင်း ၆၀ ကြုံတွေ့ခဲ့ရတဲ့ အနေအထားတစ်ခုကို ချက်ချင်း ယုံကြည်ဖို့ ဆိုတာတော့ မလွယ်ဘူး။ ပြီးတော့ ယုံကြည်မှုကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အပေါ်မှာပဲ ထားတာဟာ ရေရှည်အာမခံချက် မရှိနိုင်ဘူး။ လူပုဂ္ဂိုလ်အပေါ် ယုံကြည်မှုထက်၊ စနစ်အပေါ် ယုံကြည်မှုကိုပဲ ပိုလုပ်ရမယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ မအောင်မြင်ခင် တက်ထောင် တတ်ကြတယ်။ အဲဒါက အတော်ခက်တယ်။

YMG- ဟုတ်ကဲ့၊ သတိရတုန်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲမှာပါတယ်။ လှေပြိုင်ပွဲမှာ ပန်းမဝင်ခင် တက်ထောင်တာ။ ၈၈ တုန်းကလဲ ဒီလိုတက်ထောင်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ဦးကိုကိုကြီး သဘောတူချင်မှတူမယ်။ အခု ဒီမိုကရေစီ Transition မှာလဲ တက်ထောင်မယ့် အရိပ်လက္ခဏာတွေ ကျွန်တော်မြင်နေရတဲ့ အပေါ်မှာရော ဦးကိုကိုကြီး ဘယ်လို သုံးသပ်ချင်လဲ။

U K K G (88)- သေချာတာပေါ့။ ဒါကြောင့် ဒီလို အောင်မြင်မှုရဖို့ သာမန်ပြည်သူတွေနဲ့ ထိတွေ့ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် မီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိနေတယ်။ မီဒီယာက လမ်းကြောင်းမှန်မှန်နဲ့ လူထုကိုထိန်းသွားရမယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ “ရွာဓလေ့” သင်ခန်းစာကို အရမ်းသဘော ကျတယ်။ အဲဒီလို သင်ရိုးညွှန်းတမ်းကောင်းတွေကို ကျောင်းတွေမှာ ပြန်သင်ပေးပြီး မိမိအိမ်၊ မိမိပတ်ဝန်းကျင်၊ မိမိ မြို့ရွာ အဲဒီကတစ်ဆင့် မိမိနိုင်ငံကို အကျိုးပြုမယ့် အလေ့အကျင့်တွေ မွေးစေချင်တယ်။

YMG- ဟုတ်ကဲ့ ကျွန်တော်တို့ တုန်းကဆိုရင် Normal Life အတိုင်းသွားတယ်။ ခုခေတ် ကလေးတွေက ဆယ်တန်းအောင်တာနဲ့ စာပေးစာယူတတ်ပြီးတော့ လုပ်ငန်းခွင်ဝင်ရတယ်။ အဲဒီတော့ အသင်းအဖွဲ့လဲ ပါဝင်ခွင့်မရဘူး။ ဒါကြောင့် ဒီပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုမလို ဦးကိုကိုကြီးရဲ့ အမြင်လည်း သိပါရစေ။

U K K G (88)- ကျွန်တော်တို့ ပညာရေးစနစ်က နောင်ဆယ်နှစ်မှာ ဘယ်လိုရလဒ်တွေ လိုချင်လဲ ဆိုတဲ့ ပညာရေး တာဝန်ရှိသူတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဖို့လိုတယ်။ အားလုံးကို တစ်ပွဲတိုး လုပ်နေကြတယ်။ သိပ္ပံနဲ့ဝိဇ္ဇာ ပေါင်းလိုက်၊ ခွဲလိုက်နဲ့ အမျိုးမျိုး လုပ်နေတော့ တဖြည်းဖြည်း ပညာရေးက အစမ်းသပ်ခံဖြစ်လာပြီး အားနည်းလာခဲ့တယ်လို့ပဲ မြင်တယ်။

YMG- ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ နောက်ထပ်ဆိုးရွားတဲ့ ကိစ္စတစ်ခုက အုပ်ချုပ်သူ ဘက်က ဘာလာလာ အုပ်ချုပ်ခံဘက်က ဘာမျှမယုံကြည်တော့တဲ့ ပြဿနာပဲ။ ဒီကိစ္စကိုရော ဘယ်လိုမြင်လဲ။

U K K G (88)- သိပ်ဟုတ်တာပေါ့။ နယ်တွေမှာ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပါလို့ စည်းကမ်း ထုတ်ထားပေမယ့် ဘယ်သူမှမဆောင်းကြဘူး။ ယာဉ်ထိန်းရဲရှေ့ရောက်မှ ဟန်ပြ ဆောင်းကြတယ်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ဒီဆိုင်ကယ်စီး ဦးထုပ်ဆောင်းဖို့ ကိစ္စဟာ သူ့အတွက် မဟုတ်တော့ဘူး။ ယာဉ်ထိန်းရဲအတွက် ဖြစ်သွားတယ်။ အဲဒါက ဘာကို ပြောချင်လဲဆိုတော့ အုပ်ချုပ်သူတွေ ဘာပြောပြော ဆန့်ကျင်မယ်ဆိုတဲ့ စိတ်အခံက စွဲနေပြီ။

YMG- ဟုတ်ကဲ့ အဲဒီကိစ္စတွေ ပြုပြင်ပြောင်းလဲဖို့ ဘယ်သူတွေမှာ တာဝန်ရှိလဲ။ လွှတ်တော်လား၊ အစိုးရလား၊ နိုင်ငံရေးသမားလား၊ မီဒီယာလား အကုန်လုံးလား။

U K K G (88)- အဲဒီနောက်ဆုံးစကားကိုပဲ ပြောရမှာပဲ။ အကုန်လုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ တာဝန်သိစိတ်ကိုပဲ ပြောချင်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေပြုရမယ်၊ ဥပဒေ ဖျက်ရမယ်၊ ဥပဒေပြင်ရမယ်။ ပြောချင်တာက လူ့အဖွဲ့အစည်းမှာ ပြည်သူတွေ အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်နေတဲ့ ဥပဒေတွေ၊ တည်ဆဲဥပဒေတွေ ဖျက်ရမယ်။ ပြင်ရမယ်။ နိုင်ငံသား အကျိုးစီးပွား အကာအကွယ်ပေးနိုင်မယ့် ဥပဒေပြဋ္ဌာန်းရမယ်။ Law Enforcement ရှိအောင် လုပ်ရမယ်။ Punishment အပိုင်းကို အသက်ဝင်အောင် လုပ်ရမယ်။ ပြီးတော့ အိမ်နီးချင်း စောင့်ကြည့်တဲ့ပုံစံ Neighbour Watch ပုံစံနဲ့ အိမ်နီးချင်း အချင်းချင်း ပြန်လှန်စောင့်ကြည့် ထိန်းသိမ်းရမယ်။

YMG- နိုင်ငံမှာ ကားတွေကျပ်လို့ အစိုးရက လမ်းချဲ့တယ်။ ပလက်ဖောင်းလဲပြီးရော လမ်းဘေး ဈေးသည်တွေရောက်လာတယ်။ အဲဒီတော့ လမ်းတွေကျပ်ပြီး Traffic Jam ထပ်ဖြစ်တယ်။ ဖြစ်စဉ်က ဂျာအေးကို သူ့အမေရိုက်ဖြစ်နေတယ်။ ဒီအပိုင်းကိုရော ဦးကိုကိုကြီး ဘယ်လို မြင်လဲ။

U K K G (88)- ဒီနေရာမှာ အုပ်ချုပ်ခွင့် အခွင့်အာဏာရှိသူများ Executive Authorities တွေက ဒါလုပ်၊ ဒါမလုပ်နဲ့လို့ အမိန့်ထုတ်နိုင်တယ်။ အရေးယူနိုင်တယ်။ လူထုသြဇာလွှမ်းတဲ့ Moral Authorities ဖြစ်တဲ့လူတွေကလည်း ဝင်ပြောဖို့လိုပါတယ်။ Executive Authorities တွေရဲ့ ညွှန်ကြားမှုထက် Moral Authorities ဖြစ်တဲ့လူတွေရဲ့ စကားက ပိုပြီး ထိရောက်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ ပြီးတော့ လူတွေ သက်တောင့်သက်သာ လိုက်နာနိုင်မယ့် ဥပဒေတွေကို ပြဋ္ဌာန်းဖို့လိုတယ်။ Moral Authorities လို့ ပြောရင် နိုင်ငံရေးသမားကြီးပဲ မဟုတ်ဘူး၊ လူမှုရေး၊ စာပေ၊ အနုပညာ၊ ဘာသာရေး နယ်ပယ် အသီးသီးက အားလုံးပါတယ်။ သူတို့တွေက ပြည်သူ့နီတိနဲ့ အညီ ပြည်သူတွေကို ပြောဆို စည်းရုံးရမယ်။ နောက်တစ်ခုက အဲဒီလူတွေကို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရဖို့ သတင်းစာ၊ တီဗွီစတဲ့ မီဒီယာတွေမှာ ပါဝင်ခွင့် ပေးသင့်တယ်။ နိုင်ငံပိုင် မီဒီယာတွေမှာလဲ သူတို့ရဲ့ Opinion တွေကို တင်ပြခွင့်ပေးပြီး လူထုနဲ့ ပိုပြီးထိတွေ့ဆက်ဆံခွင့် ပေးသင့် ပါတယ်လို့ပဲ ပြောပါရစေ။

ဟုတ်ကဲ့၊ အခုလို သိလိုသမျှကို ပြည့်ပြည့်စုံစုံ ဆွေးနွေးဖြေကြားပေးတဲ့ ဦးကိုကိုကြီး ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ဆွေးနွေးပွဲ စကားဝိုင်းကို နိဂုံးချုပ်လိုက်ပါရစေ။ ကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၉) အမှတ်(၁၉)မှ ကူးယူဖော်ပြသည်

No comments:

Post a Comment