ထန်ဆွန်နတ် လေဆိပ်ထဲက ထွက်လိုက်တော့ ဗီယက်နမ်အကြောင်း ကြားခဲ့သမျှ တစ်ခုမှ
အပိုမရှိ၊ လိုတောင်လိုသေးသည်ဟု ချက်ချင်း တွေးမိသည်။ မှန်တာပြောရလျှင်
ထိုမျှလောက်တော့ ထင်မ ထား။ ပြာပုံဖြစ်ခဲ့သော တိုင်းပြည်ကို
အနှစ်သုံးဆယ်အတွင်း နတ်ဘုံနတ်နန်းလို ဖြစ်အောင် ဗီယက်ကောင်းတွေ ဟပ်ချလောင်း
ပေါ်လစီနဲ့များ လုပ်လိုက် သလားဟုပင် တွေးမိမလို။ ဆိုင်ဂုံ တစ်ဖြစ်လဲ
ဟိုချီမင်း စီးတီး၊ အန်သိုနီ ဂရေး၏
ဆိုင်ဂုံက စိတ်ဝင်စားဖို့ ကောင်းသလို ခေတ်သစ် ဟိုချီမင်း စီးတီး ကလည်း
ထိုသို့ပင် စိတ်ဝင်စားဖို့ ကောင်းသည်။ ကလပ်စစ်နှင့် မော်ဒန်သာ ကွာမည်ဟု
ကျွန်တော် တွေးလိုက်မိသည်။
ဗီယက်နမ်မှာ ယခုအချိန်အထိ တစ်ပါတီကြီးစိုးသော ဆိုရှယ်လစ်နိုင်ငံ ဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီအရေး ကိစ္စရပ်များနှင့်ဆိုလျှင် ဝေဖန်မှုများစွာ ရှိနေသော နိုင်ငံလည်း ဖြစ်သည်။ သို့သော် နိုင်ငံရေး ပါးနပ်လွန်းသော ဗီယက်နမ် ခေါင်းဆောင်တွေက ၁၉၈၆ ခုနှစ်ဝန်းကျင် လောက်မှစ၍ ဈေးကွက်ကို ဖွင့်လိုက်ရန် ကြိုးစားခဲ့သည်။ ဒေသတွင်း၌ စီးပွားရေး ဖွံ့ဖြိုးမှု အရှိဆုံးနိုင်ငံ ဖြစ်လာပါသည်။ ကျွန်တော်တို့ နိုင်ငံလည်း ၁၉၉၀ ကျော်နှစ်များအတွင်း ဈေးကွက် စီးပွားရေးကို သွားရန် စိုင်းပြင်းပြီး ကနဦး ကာလများတွင် အဆင်လည်း ပြေခဲ့ပါသည်။ ဆိုရလျှင် ဗီယက်နမ်က တစ်ပါတီပုံစံနှင့် ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ပါတီ မရှိသည့်တိုင် အတိုက်အခံ မရှိသော နိုင်ငံရေးပုံစံနှင့် ဈေးကွက် စီးပွားရေးကို သွားဖို့ စိုင်းပြင်းခဲ့ကြသည့် နောက်ခံကားချပ်မှာ အတူတူပင် ဖြစ်သည်။ ယုတ်စွအဆုံး ‘စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး’ ဆိုသည့် သဘောတရားရေးအထိ တူညီခဲ့သည်။ အလျဉ်းသင့်၍ ဆိုရလျှင် ဗီယက်နမ်မှာ ကမ္ဘာ့ ဆန်ဈေးကွက်တွင် အဓိက ဆန်တင်ပို့သည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး သုတေသနနှင့် ပတ်သက်၍ ရှေ့တန်း ရောက်လာသည်။ ဒါတင်မက ကမ္ဘာကျော် အမှတ်တံဆိပ် ပစ္စည်းတွေ ထုတ်သည့် စက်ရုံတွေ ဗီယက်နမ်မှာ အခြေစိုက်ပြီး ပစ္စည်းတွေ ထုတ်နေပြီ ဖြစ်သည်။ ဗီယက်နမ်ထုတ် ပစ္စည်းတွေ အတော်လေးကောင်းပြီး ထိုင်းကို ယှဉ်နိုင်လာသည်။ အထက်က ဆိုခဲ့သလို နောက်ခံချင်း ထပ်တူနီးပါး တူညီခဲ့သည့်တိုင် ဗီယက်နမ်က အောင်မြင်ပြီး ကျွန်တော်တို့ ဈေးကွက် ကျဆုံးမှုနှင့် ရင်ဆိုင်ရခြင်းမှာ အဘယ့်ကြောင့်နည်း။
စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ (Economic Sanction) ကြောင့် ဆိုသည့် ဆင်ခြေမှာ တစ်စုံတစ်ရာမျှသာ လက်ခံနိုင်သည့် အခြေအနေ ဖြစ်ပါသည်။ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ မရှိလျှင်ပင် လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့်ကဲ့သို့ အခြေခံ အဆောက်အဦများ၊ အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊ တည်ငြိမ်သော စီးပွားရေး မူဝါဒများ မရှိလျှင် မည်သည့် ရင်းနှီးမြှုပ်နှံမှုမှ လာရောက်မည် မဟုတ်ပါ။ ယခု ဒီမိုကရေစီ ပြောင်းလဲပြီးပါပြီဟု ကြွေးကြော်နေသည့် အချိန်အခါတွင်ပင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများမှာ မယုံမရဲနှင့် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြသေးသည်က သက်သေပင် ဖြစ်ပါသည်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ယခုအချိန်ကျမှ ဖြုတ်လို့ရတာမဟုတ်၊ စောစောစီးစီး ဖြုတ်ဖို့ ကြိုးစား၍ ရပါလျက်နှင့် မကြိုးစားဘဲ ခေတ်သစ်နယ်ချဲ့ဝါဒ မှိုင်းလုံးဖြန့်၍ ကိုယ်ကျိုးစီးပွားအတွက် လုပ်နေခဲ့ကြတာတွေက တိုင်းပြည်ကို ဆင်းရဲတွင်း နက်စေပြီး ပြည်သူတွေကို ကမ္ဘာကြီးနှင့် ဝေးကွာစေခဲ့တာ ဖြစ်ပါသည်။ တစ်ချိန်က အနှီမျက်နှာဖြူ နယ်ချဲ့နှင့် မီးကုန်ယမ်းကုန် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြသော ဗီယက်ကောင်း ကွန်မြူနစ်တွေက ‘စစ်လည်း တိုက်တတ်တယ်၊ ငြိမ်းချမ်းရေး လည်း လုပ်တတ်တယ်၊ နိုင်ငံတည်ဆောက်ရေးလည်း လုပ်တတ်တယ်’ ဆိုတာကို လက်တွေ့ပြပြီး ကျွန်တော်တို့ကို ကျော်တက်သွားလေပြီ။
ဗီယက်နမ် နိုင်ငံသည်လည်း ဒေသတွင်း နိုင်ငံများတွင် ခြစားမှုနှင့် ပတ်သက် ၍ အလွန်နာမည်ပျက် ရှိနေသည့်နိုင်ငံ ဖြစ်ပါသည်။ သို့နှင့်တိုင် ဗီယက်နမ် ခေါင်းဆောင်တွေ ခြစားသော်ငြား၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေသော်ငြား ဗီယက်နမ်တွင် မိုးမျှော်တိုက်ကြီးတွေ၊ ခေတ်မီကုန်တိုက် ကြီးတွေ၊ စီးပွားရေး စင်တာကြီးတွေ အများကြီး ကျန်ပါသည်။ လျှပ်စစ်မီး မှန်ပြီး အင်တာနက် လိုင်းလည်း ကောင်းပါသည်။ ပြည်သူတွေကို လုပ်ကိုင် စားသောက်လို့ရသည့် မူဝါဒလေးတွေတော့ အနည်းဆုံး ချပေးထားသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု တွေ အတွက် စီးပွားရေး ရေခံမြေခံတွေရော လုပ်သာကိုင်သာရှိသည့် မူဝါဒတွေပါ အဆင်သင့် ခင်းကျင်းပေးထားသည်။ ပညာရေးနှင့် လူသား အရင်းအမြစ်အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော တက္ကသိုလ်ကြီး များ ရှိပါသည်။ အဂတိ လိုက်စားသော်လည်း အနာဂတ်အတွက် အမြော် အမြင် ကြီးကြီးဖြင့် စားနိုင်ကြသော ဗီယက်နမ် ခေါင်းဆောင်များပါလားဟု သြချရပါသည်။
ဈေးကွက် စီးပွားရေး ကျင့်သုံးပြီး နိုင်ငံတကာနှင့် ဆက်ဆံရန်အတွက် အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေး အရေးကြီးသည်ဆိုသည့် အချက်တွေ ကိုလည်း ဗီယက်ကောင်းတွေ ကောင်းစွာ သဘောပေါက်သည်။ အမေရိကန်နှင့် ဗီယက်နမ် တစ်ချိန်က ခါးသီးသော ရန်ဘက်နှစ်ဦး မိတ်ဆွေဖြစ်ရန် မည်သူ့ဘက်က စတင်ကမ်းလှမ်းခြင်း ဖြစ်သနည်းဟု ဗီယက်နမ် သူငယ်ချင်းကို ကျွန်တော်က မသိသလိုနှင့် ကြုံတုန်း စကားစကြည့်သည်။ “မျက်နှာဖြူ နယ်ချဲ့တွေလေ၊ ငါတို့ဆီကနေ ခွေးပြေးဝက်ပြေး ပြေးရတာ၊ နောက်မှ အရှက်ပြေ သူတို့ပဲ လာခေါ်တာ” ဆိုသော အပေါစား အဖြေမျိုးမဟုတ်ဘဲ “ငါတို့ အတူတကွ ပြန်ပြီး ညှိနှိုင်းခဲ့ကြတာပါ” ဟုသာ သံတမန်ဆန်သည့် အသုံးအနှုန်းဖြင့် ဖြေကြားသွားသည်။
တော်လှန်ရေးကာလ အတွင်းက ဝါဒဖြန့်မှုများကို ဘေးချိတ်၍ အနာဂတ်တွင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်စေမည့် အတွေးအခေါ်မျိုးကို အစိုးရက ပြည်သူတွေထဲ ပြန်သွင်းပေးထားသည်က တွေ့ရတော့ ကျွန်တော် လက်ဖျား ခါသည်။ သို့ရာတွင် သူငယ်ချင်း ဆက်ပြောသည့် “ကမ္ဘာကြီးကို ကြည့်တတ်ဖို့ လည်း လိုတယ်။ တရုတ်လောင်းရိပ် အောက်က ထွက်နိုင်အောင် အဲ့ဒီအချိန် က အင်အားအကြီးဆုံး အမေရိကန်ကို ပြန်ပြီး ဆက်ဆံထားတာ မမှားဘူး၊ ဆိုဗီယက်ကလည်း ပြိုတော့မယ်၊ ငါတို့မှာ အဲ့ဒီအချိန်က တရုတ် ခြိမ်းခြောက် မှု လည်း ရှိထားတော့ ငါတို့ခေါင်းဆောင်တွေက အနာဂတ် အတွက် ကြိုစဉ်းစားခဲ့ရတယ်” ဟူသော အဖြေကြောင့် မေးမိသည့် ကျွန်တော့်မှာ ပါးစပ်ပြဲ သွားရတော့သည်။
တစ်ခါတစ်ရံတွင် ပြည်ပတွင် နေထိုင်သည့် မြန်မာများက ကိုယ့်နိုင်ငံကို ခပ်နှိမ်နှိမ်ပြောလျှင် တစ်သက်လုံး ငါးပိစား ကြီးလာပြီး ခုမှ ဘိုစာစား၊ ဘဝင်မြင့်တယ်ဟု ကျွန်တော်တို့ ဒေါသဖြစ်ရသည်။ သို့ရာတွင် နောက်ပိုင်း၌ ထိုကိစ္စကို နားလည်စ ပြုလာသည်၊ ကိုယ်ချင်းစာမှု ရှိလာသည်။ မိမိတို့ မြန်မာနိုင်ငံလည်း ထိုကဲ့သို့ ဖြစ်သင့် ဖြစ်ထိုက်ပါလျက် နောက်ကျ ကျန်ခဲ့ ရခြင်းကို ကရုဏာဒေါသဖြင့် ဝေဖန်ကြခြင်း ဖြစ်လိမ့်မည်ဟုသာ ဖြေတွေး တွေးတတ်လာသည်။ ဥရောပ နိုင်ငံကြီးတွေကို အသာထား မနေ့တစ်နေ့ကမှ ပြာပုံထဲက တက်လာသော ဗီယက်နမ်နှင့် ကမ္ဘောဒီးယား တို့ပင်လျှင် ယခုအခါ အဆင့်တစ်ဆင့်သို့ ရောက်နေကြပြီ ဖြစ်ရာ ရေတွင်းထဲက တက်သွားသော ဖားသူငယ်များမှာ ကောင်းကင်ပြင်ကြီးကို လုံးလုံးလျားလျား မြင်မှတော့ ကိုယ့်ရေတွင်းလေးအတွက် မချိတင်ကဲ ဖြစ်ရသည်မှာ သဘာဝကျသည့် ကိစ္စသာ ဖြစ်တော့သည်။
အစိုးရကိုချည်း အပြစ်တင်နေ၍တော့ မပြီးသည့်အပြင် မျှတမှုလည်း မရှိပါ။ အဓိကအားဖြင့် ကျွန်တော်တို့ ပြည်သူတွေလည်း အခြေခံ စိတ်နေ စိတ်ထားနှင့် အတွေးအခေါ်တွေကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းရပါ ဦးမည်။ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်နိုင်ငံတွေ ပြာပုံထဲက တက်လာနိုင်တာ အစိုးရ အမြော်အမြင် ကြီးသလို ပြည်သူတွေ စိတ်ဓာတ် ပြင်းပြတာလည်း ပါသည်။ ငါတို့ တိုင်းပြည်ကို ခေတ်မီအောင် တည်ဆောက်မယ်ဆိုသည့် စိတ်ပိုင်းဖြတ်မှုများဖြင့် ယနေ့လို ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံအဖြစ် ရောက်ရှိလာကြတာ ဖြစ်သည်။ ထိုသို့ အခွင့်အရေး ရခဲ့ကြသည့် ကော်ပိုရေးရှင်းတွေ၊ ကုမ္ပဏီတွေမှာ အရည်အသွေးမီ၊ စံချိန်မီ လုပ်ကိုင် ကြသဖြင့် အရှုံးပေါ်သွားသည် စီးပွားပျက်သွားသည် ဟူ၍လည်း မမြင်မိပါ။ စီးပွားရှာ၍ အကောင်းဆုံး အချိန် နှစ်ချိန် ရှိသည်။ တိုင်းပြည်ပျက်သည့် အချိန်နှင့် တိုင်းပြည် တည်ဆောက်သည့် အချိန်တို့ပင် ဖြစ်ပါသည်။ တိုင်းပြည် ပျက်တုန်းကလည်း စီးပွားရှာခဲ့ကြ ပြီးပါပြီ။ တပ်မတော် အစိုးရလက်ထက် တစ်လျှောက်လုံးလည်း မြို့ပြဆိုင်ရာ အဆောက်အအုံတွေ။ အဝေးပြေး လမ်းမကြီးတွေနှင့် စီမံကိန်း ကြီးတွေကို ကန်ထရိုက် ရခဲ့ကြပါသည်။ သို့နှင့်တိုင် ထိုအခြေခံ အဆောက်အဦတွေမှာ အစိုးရဟောင်းနှင့်အတူ ပါသွားပြီလောမသိ၊ တိုင်းပြည်အတွက် ထင်ထင်ရှားရှား ပြစရာ ဘာမှ မကျန်တော့ပါ။ ယနေ့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်နေသည့် အချိန်တွင် မိမိတို့ရသည့် အခွင့်အရေးကို ကိုယ်ကျိုး စီးပွားထက် တိုင်းပြည်၏ ပုံရိပ်ကို ဖန်တီးမည်ဟူသော နိုင်ငံပြု စိတ်ဓာတ် လေးဖြင့် လုပ်ကိုင်ကြလျှင် နောင်တစ်ချိန် အကျိုးများပါလိမ့်မည်။
တစ်ချိန်က အရှေ့တောင်အာရှ၏ ရေမြေသယံဇာတ၊ အကြွယ်ဝဆုံး တိုင်းပြည်၊ အောက်စဖို့ တက္ကသိုလ်နှင့် တန်းညှိနိုင်သော ရန်ကုန် တက္ကသိုလ်နှင့် ပညာတတ်တွေ ပေါများသော လူသားအရင်းအနှီး၊ အရှေ့တောင်အာရှ၏ အကောင်းဆုံးလေဆိပ် စသည်ဖြင့် ဒေသတွင်း နိုင်ငံတွေက အားကျငေးမော အတုယူခဲ့ရသော မြန်မာနိုင်ငံ ဆိုသည်မှာ ယုံတမ်းစကားမျှသာ ဖြစ်လာပြီ။ စင်ကာပူက ရန်ကုန်မြို့ကြီးလို ဖြစ်အောင် ကြိုးစားမည်ဟု ကြွေးကြော်သံနှင့် ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်နိုင်ငံ ဖြစ်နေချိန်တွင် ရန်ကုန်မြို့ကြီးကို စင်ကာပူလို ဖြစ်အောင် လုပ်မည်ဟု အသံယဲ့ယဲ့ဖြင့် ကြွေးကြော် ရသည်မှာလည်း ပြက်လုံးတစ်ခုလို မဖြစ်စေချင်တော့။
ဒီကနေ့ ကျွန်တော်တို့ နိုင်ငံ၏ အခြေအနေက ကုသိုလ်ကံ အကျိုးပေးချိန် တစ်ပတ် ပြန်လည်လာပြီဟု ဆို၍ရသည်။ ဒီလို အခြေအနေမျိုး ရောက်ဖို့ နှစ်ပေါင်းခြောက်ဆယ် စောင့်ခဲ့ရသည်။ ပို၍ ကုသိုလ်က ကောင်းသည့် အချက်က ပြည်ပမှာ မြန်မာပညာတတ်တွေ ရှိနေသလို ပြည်တွင်းက လူငယ်တွေလည်း ပညာသင်ဆုလိုဟာတွေ မျှော်မှန်း၍ ရနေပြီ။ အစိုးရကလည်း တစ်စုံတစ်ရာ ပွင့်လင်းမှု ရှိလာပြီ၊ ယခုပင်လျှင် ဒေသတွင်း နိုင်ငံများထက် နှစ်ပေါင်းရာချီ ပြတ်၍ ကျန်နေခဲ့ပြီ။ ဒီတစ်ကြိမ်မှ မရုန်းကြလျှင်တော့။
ပြည်သူတွေသည် မိမိတို့နှင့် ထိုက်တန်သော အစိုးရကိုသာရမည်၊ ငွေပေး၍ ဖြေရှင်းရသော အာဏာပိုင်မျိုးကို လိုချင်လျှင် ငွေများ တရားနိုင်ခေတ်ကို ရောက်မည်၊ ပေးနိုင်မှ လူရာဝင်မည်၊ လည်သူ စားစတမ်းဖြင့် တိုင်းပြည် အတွက် ဘာမှကျန်မှာမဟုတ်။
ဆိုင်ဂုံ ခရီးစဉ်က ပေးလိုက်သည့် သင်ခန်းစာတွေမှာ အစိုးရလုပ်နည်း သင်ခန်းစာ တစ်နည်းအားဖြင့် နိုင်ငံရေး သင်ခန်းစာဟုသာ ဆိုရပေလိမ့်မည်။ အစိုးရဆိုတာ ကွန်မြူနစ်လား၊ ဆိုရှယ်လစ်လား၊ ဒီမိုကရေစီလား ဆိုသည်က အရေးမကြီး၊ အရေးကြီးတာက စနစ်တစ်ခု တည်ဆောက်တတ်ဖို့၊ စနစ်နဲ့ အညီ အလုပ်လုပ်တတ်ဖို့၊ အေးအေးသက်သာနဲ့ မှန်မှန်ကန်ကန် လုပ်စားရရင် ဘယ်ပြည်သူမှ ဆူဆူပူပူ မလုပ်ဘူး။ ဒါကြောင့် အစိုးရဆိုတာ ဒီလိုလုပ်ရ တယ်၊ ဒီလို လမ်းကြောင်းပေးရတယ်၊ ခေါင်းဆောင်ဆိုတာ၊ အစိုးရဆိုတာ တိုင်းပြည်အတွက် ဘယ်လို အမြော်အမြင် ကြီးရတယ်ဆိုသည့် အတွေးစတွေ မှာ ဆိုင်ဂုံက ပေးနေသော နိုင်ငံရေး သင်ခန်းစာတွေသာ ဖြစ်တော့သည်။
ချစ်ဦးကိုကို
http://thevoicemyanmar.com/ မှ ကူးယူဖော်ပြသည်

No comments:
Post a Comment