ဗိုလ်ချုပ်ခင်ညွန့်၏ စစ်ကြောရေးဟူသော ငရဲခန်းသည် ကမ္ဘာကျော်သည်အထိ နာမည်ကြီးခဲ့သည်။ ထို့ကြောင့်ပင် ကမ္ဘာ့မီဒီယာများက ဗိုလ်ချုပ်ခင်ညွန့်အား “ဒု စရိုက်မင်းသားကြီး”ဟု ကမ္ဘာ့ သတင်း စာမျက်နှာများပေါ်တွင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ “အမှောင်ခေတ်၏ မင်းသားကြီး”ဟု ခေါ်ဝေါ်သော မီဒီယာများလည်းရှိခဲ့သည် . . .
ယခင်စစ်အာဏာရှင် အစိုးရလက်ထက်တွင် သြဇာအာဏာ
ထက်ရှ၍ မြန်မာ ပြည်၏ ထောက်လှမ်းရေး ယန္တရားကြီး တစ်ခုလုံးကို ထိန်းချုပ်ကာ
ပြည်သူ့ပါးစပ် မှ ““ဒီမိုကရေစီ””ဆိုသော စကားလုံးထွက် ရုံဖြင့်
ဖိနှိပ်ရက်စက် ပြစ်ဒဏ်ပေးလေ့ရှိသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ နှုတ် မှ
(၂၀၁၃ ခုနှစ် အရောက်တွင်မှ) တိုင်းပြည်အကျိုး သယ်ပိုး ဆောင်ရွက်ချင်သည်
ဟူသော စကားလုံး ထွက်လာသည်မှာ အနည်းငယ် ဆန်းကြယ်နေသည်ဟု နိုင်ငံရေး
အသိုင်းအ၀ိုင်းက ဝေဖန်သုံးသပ် ပြောကြားနေကြသည်။
““ကျွန်တော့်မှာ အတွေ့အကြုံတွေ အများကြီး
ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ အကြံပေး တစ်ယောက်အဖြစ်၊ ဗျူဟာ ချမှတ်သူ
တစ်ယောက်အဖြစ် အကူအညီ တောင်းခံတာမျိုး မရှိဘူးဗျ”” ““ကျွန်တော့်ဆီကို
ချဉ်းကပ်ပြီး အကူအညီ တောင်းလာရင်တော့ ဘယ်သူ့ကိုမဆို တိုင်းပြည်ကောင်းကျိုး
ဖြစ်မယ့်ဟာဆို အကြံဉာဏ် ကောင်းတွေ ပေးပါ့မယ်။
ကျွန်တော်ဟာ နိုင်ငံရေး
သမားတစ်ယောက်လည်း မဟုတ်ဘူး။ ဒါကြောင့် ဘယ်ဘက် ကို လိုက်မယ်ဆိုတဲ့ အစွဲလည်း
ကျွန်တော်ထားမှာ မဟုတ်ဘူး”” ဟု ဝေါလ်စထရိဂျာနယ်နှင့် တွေ့ဆုံစဉ်
ဦးခင်ညွန့်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သည် သမ္မတ
ဦးသိန်းစိန်၏ စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပြန်လည် လွတ်မြောက်
ခဲ့သည်။ လွတ်မြောက်လာချင်း ခဏတွင်ပင် ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် နာရီ
ဝက်ခန့် တွေ့ဆုံစဉ် “နိုင်ငံရေးလုပ်မည် မဟုတ်ကြောင်း” ဖြေကြားခဲ့သော်လည်း
၂၀၁၃ခုနှစ်တွင် ဝေါလ်စထရိ ဂျာနယ်နှင့် တွေ့ဆုံစဉ်၌ ပြောကြားသော စကားရပ်များ
နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျောက် တန်းမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်
အဖြစ် ၀င်ရောက် အရွေးခံမည် ဟူသော သတင်းများ ထွက်ပေါ်နေခြင်းကြောင့်
ဦးခင်ညွန့်အနေဖြင့် နိုင်ငံရေးနှင့် လုံးဝ ကင်းရှင်းပြီး နေမည်ဆိုသည်မှာ …သံသယ ဖြစ်ဖွယ်ကောင်းသည်ဟု မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းက စောင့်ကြည့် လေ့လာသုံးသပ်လျက် ရှိကြသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ၁၉၃၉ ခုနှစ်၊
အောက်တိုဘာ ၁၁ရက်နေ့တွင် ရန်ကုန်တိုင်း၊ သန်လျင်၊ ဗိုလ်ချုပ်ရွာ၌
မွေးဖွားခဲ့သည်။ တရုတ်နွှယ်ဖွား တစ်ယောက်ဖြစ်၍ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိ
ခဲ့သည်။ ဘွဲ့ရပြီးနောက် ပေါင်းတည်မြို့ အခြေခံပညာကျောင်း၌ ကျောင်းဆရာအဖြစ်
တာဝန် ထမ်းဆောင်စဉ် ဗိုလ်ချုပ်ကြီး နေ၀င်း လာရောက် လည်ပတ်စဉ်နှင့် ကြုံဆုံ၍
အကြောင်းတိုက်ဆိုင်ကာ တပ်မတော်တွင်း ရောက်ရှိသွားခဲ့သည်ဟု သတင်း
ရပ်ကွက်များက ဆိုသည်။ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၅ ကို တက်ရောက်ခဲ့ပြီး
ဦးနေ၀င်း သမီး ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် ရင်းနှီးသော ဆက်ဆံရေး
ရှိသည်ဟုလည်း ဆိုကြသည်။ ရာထူး အတက်မြန်ခဲ့ပြီး ဦးနေ၀င်း၏ ကိုယ်ရေးအရာရှိ
ဖြစ်လာကာ ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကြီး မတိုင်ခင်ကာလ တွင်ပင် တပ်မတော်
ထောက်လှမ်းရေး ညွှန်ကြားရေးမှူး (ဗိုလ်မှူးကြီး) ဖြစ်လာခဲ့ သည်။
၁၉၉၇ တွင် နအဖ အတွင်းရေးမှူး ၁ ဖြစ်လာကာ
ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် ထောက်လှမ်းရေး
ညွှန်ကြားရေးမှူးချုပ် အဖြစ်ပါ တာဝန်ယူ၍ ၎င်း၏ ထောက်လှမ်းရေး အင်အားစုကြီးကို
ထပ်မံတိုးချဲ့ ခဲ့သည်။ ထို့ပြင် စစ်မဟာဗျူ ဟာ လေ့လာရေး ကွပ်ကဲရေးမှူး
တာဝန်ပါ ပူးတွဲယူကာ အတိုက်အခံ နိုင်ငံရေးအင်အား စုများအား ဖြိုခွင်း
နှိမ်နင်း၊ ဖမ်းဆီးချုပ်နှောင် ရက်စက်မှုများ ပြုလုပ်၍ စစ်အာဏာရှင်စနစ်
တည်တံ့ခိုင်မြဲအောင် အခိုင်အမာ ရပ်တည်ပေးသော တံတိုင်းကြီးသဖွယ် ဖြစ်ခဲ့သည်။
တစ်နိုင်ငံလုံး လွှမ်းခြုံသော ထောက်လှမ်းရေး ကွန်ရက်ကြီးကို ဖြန့်ကြက်
နိုင်ခဲ့ပြီး စစ်အစိုးရနှင့် သဘောကွဲလွဲသူ နိုင်ငံရေးသမားနှင့် ကျောင်းသား
ပြည်သူများ၏ ဆန့်ကျင်လှုပ်ရှားမှု မှန်သမျှအား ၎င်း၏ ထောက်လှမ်းရေး ကွန်ယက်
ဖြင့် ထိန်းချုပ် ထားနိုင်ခဲ့သည်။ ထောက်လှမ်းရေးဘုရင် ဗိုလ်ချုပ်ခင်ညွန့်၏
လက်စွဲဆောင်ပုဒ်မှာ “နံရံတိုင်းတွင် နားရှိသည်” ဟူ၍ဖြစ်ပြီး ထိုဆောင်ပုဒ်
အတိုင်းလည်း လက်တွေ့ လုပ်ဆောင် ပြခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်
ဘုန်းမီးနေလ တောက်ပသော ကာလများ၌ သူ၏ နိုင်ငံရေးနည်း ပရိယာယ်များမှာ
သူ၏ပုံရိပ်အား နိုင်ငံ တစ်ဝန်း ထင်ရှား စေခဲ့သလို စစ်အာဏာရှင် စနစ်
တည်တံ့ရေး အတွက်လည်း များစွာ အထောက်အကူ ပြုခဲ့သည်။ ဗိုလ်ချုပ်ကြီး
ခင်ညွန့်၏ နိုင်ငံရေး နည်းပရိယာယ်များ အနက် အသုံးအများဆုံး နည်းပရိယာယ်
များမှာ-
(၁) လူထုမြင်ကွင်း၌ အမြဲမပြတ် သူ၏ ပုံရိပ်ထင်ဟပ် နေစေရန် ကြိုးပမ်းခြင်း
(၂) ၀ါဒဖြန့်ချိမှု ပုံသဏ္ဌာန်များမှာ ပါးနပ်မှုရှိ၍ လျင်မြန် ထိရောက်ခြင်း
(၃) ပြည်သူ့ လိုအပ်ချက်များအား ကြိုတင်ထောက်လှမ်း၍ ချွေးသိပ်သည့် သဘောဖြင့် ပြည်သူ ကျေနပ်အောင် ဖြည့် ဆည်းပေးခြင်း
တို့ဖြစ်၍ ထိုနည်းနာများအား ပိုင်ပိုင်
နိုင်နိုင် အသုံးချ နိုင်ခဲ့သည်။ ထို့ပြင် ယခင် အာဏာပိုင် ဗိုလ်ချုပ်များ
ထဲ တွင် သပ်ရပ် ကြော့မော့သော အသွင်ဖြင့် ပုံရိပ်အထင် ဟပ်ဆုံး
ဗိုလ်ချုပ်တစ်ယောက်အဖြစ် ပြည်သူများအကြား ထင်ပေါ် စေခြင်းဖြင့်လည်း
မိမိကိုယ်မိမိ ပွဲထုတ်ခဲ့သည်ဟုလည်း ဆိုကြသည်။ ထိုနိုင်ငံရေး ပရိယာယ်
ကြွယ်ဝမှု များကြောင့် လက်ရှိ ၂၀၁၃ ခုနှစ်တွင် နိုင်ငံရေး လောကသို့
ဗိုလ်ချုပ် ခင်ညွန့် ပြန်ဝင်နိုင်၊ မ၀င်နိုင် ဆိုသည်ကို နိုင်ငံရေး
လေ့လာသူများကြား ဝေခွဲရခက် နေခြင်းဖြစ်သည်။ နိုင်ငံရေးနယ်ပယ် အတွင်း
ကိုယ်တိုင် မပါဝင်သော်မှ ၎င်းကိုယ်တိုင်၏ နှုတ်ထွက် စကားကြောင့် ကန့်လန့်ကာ
နောက်ကွယ်မှ နိုင်ငံရေး အကြံဉာဏ်များ ပေးနိုင်သေးသည် ဆိုသည်ကိုမူ မြေကြီး
လက်ခတ်မလွဲ ယုံကြည်၍ ရပါသည်။
““ကျွန်တော် တပ်မတော်မှာ ၄၅ နှစ် တာဝန်
ထမ်းဆောင် ခဲ့တယ်။ အခု ကျွန်တော့်ဘ၀က ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်း
ချမ်းချမ်းပဲ”” ဟု ရှပ်အင်္ကျီ အကွက်အဆင်နှင့် မြန်မာ့ရိုးရာ လုံချည်
ဝတ်ဆင်ထားသော ဦးခင်ညွန့်က ပြောဆိုခဲ့သည်။ သို့ သော် သူ၏ အိမ်ဧည့်ခန်း၏
အလယ်တွင်ရှိသော ကွန်ပျူတာတစ်လုံး၏ ဖန်သားပြင် ပေါ်ရှိ အကွက်ငယ်လေးများ
ပေါ်တွင် မတူညီသော အရုပ်၊ စာများ လှုပ်ရှားနေ သည်မှာ ၇၃ နှစ်အရွယ်
ပုဂိ္ဂုလ်တစ်ဦး အသုံးပြုထားသည်ဟု မည်သူမျှ ထင်မှတ် မည်မဟုတ်ချေ။
နံရံပေါ်တွင် မိသားစု ဓာတ်ပုံများနှင့် နံရံကပ် စင်ပေါ်တွင် ဗုဒ္ဓမြတ်စွာ
ရုပ်ပွားတော် များကို တွေ့ရပြီး ၎င်းတို့ကြား တွင် စစ်ဝတ်စုံ ယူနီဖောင်းအပြည့်
ဝတ် ဆင်ထားသော ၎င်း၏ ဗိုလ်ချုပ်ဘ၀ ပုံ ၃ ပုံအား ရွှေနားကွပ်ပေါင် သွင်း၍
ချိတ်ဆွဲ ထားသည်ကို တွေ့ရသည်။ ထို ခမ်းခမ်းနားနား ချိတ်ဆွဲထားသော
ဓာတ်ပုံထဲမှ ဗိုလ်ချုပ်ဘ၀တွင် ဦးခင်ညွန့်အား ကမ္ဘာ့ မီဒီယာ လောကမှ အမည်နာမ
တစ်ခု ကင်ပွန်း တပ်ခဲ့ကြသည်။ ဗိုလ်ချုပ်ခင်ညွန့်၏ အဆိုပါ အမည်နာမသည် ၁၉၈၈
ပြည်သူ့ အရေးတော်ပုံကြီးနှင့် အတူ ပေါက်ဖွားလာခဲ့သည်။ ၁၉၈၈ တွင် အာဏာရှင်
ဦးနေ၀င်း၏ ဆိုရှယ်လစ် အစိုးရအား တစ်နိုင်ငံလုံး ကြိမ်မီးအုံး သကဲ့သို့
အုံကြွ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ ဆန္ဒပြသူ ထောင်ပေါင်း များစွာအား စစ်တပ်မှ
ရက်ရက် စက်စက် ပစ်ခတ်ဖြိုခွင်း၍ ဖိနှိပ်ခဲ့သလို ဦးနေ၀င်း၏ လက်စွဲတော်
တပည့်ကျော် ထောက်လှမ်းရေး ညွှန်မှူး ဗိုလ်မှူးကြီး ခင်ညွန့်၏ လျှို့ဝှက်စွာ
ရက်စက်မှု အခန်းကဏ္ဍသည်လည်း ရုပ်လုံး ပေါ်လာခဲ့သည်။ မြန်မာ့တိန် အန်မင်
လူသတ်ပွဲကြီးဟု ကမ္ဘာမှ တင်စား ခေါ်ဝေါ်သော ၈၈ အရေးတော်ပုံ ကြီးတွင် ပါဝင်သော
နိုင်ငံရေးသမား၊ ကျောင်းသား ပြည်သူအပေါင်းမှာ ဗိုလ်မှူးကြီး ခင်ညွန့်၏
ထောက်လှမ်းရေး ကွန်ရက်တွင် သက်ဆင်း၍ ထောက်လှမ်း၊ ဖမ်းဆီး၊ ညှဉ်းဆဲ၊
ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရသည်။ စစ်အာဏာရှင်စနစ် တည်တံ့စေရန် များစွာ
အထောက်အပံ့ ပေးခဲ့သော ဦးခင်ညွန့်သည် ၁၉၉၁ ခုနှစ်တွင် ဗိုလ်ချုပ်၊ ၁၉၉၃
ခုနှစ် တွင် ဒုတိယ ဗိုလ်ချုပ်ကြီး စသည်ဖြင့် ရာထူး အဆင့်ဆင့်
မြင့်တက်လာပြီး သူ၏ ထောက်လှမ်းရေး အင်အားစုကြီးအား တိုးချဲ့ကာ နိုင်ငံအ၀န်း
ကွန်ရက် ဖြန့်ကြက်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ် ရာထူးမှ
ဖြုတ်ချမခံရခင် နှစ်ကာလများ အတွင်း ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှမ်းရေး
ကွန်ရက် အားကောင်းလာမှုကြောင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများ တင်မက
သာမန်ပြည်သူ အများပင် ကျီးလန့်စာ စားဘ၀ဖြင့် ရှင်သန်ကြရသည်။ ထိုအချိန်
ထိုကာလများတွင် သာမန် လက်ဖက်ရည် ဆိုင်လေးမှ အစ ဟိုတယ်များ အထိ သူ၏
ထောက်လှမ်းရေးများမှာ နေရာအနှံ့ အရပ်ဝတ်များဖြင့် ဖြန့်ကြက်ထား၍ ပြည်
သူလူထုမှာ နိုင်ငံရေး စကားဆိုလျှင် နှစ်ကိုယ်ကြား တီးတိုးသာ ပြောရမည်ဟု
ယုံကြည်လျက် ယနေ့ကာလတိုင် တချို့သော ပြည်သူအချို့၏ ခေါင်းထဲတွင် ထိုအသိ
စွဲမြဲစေသည် အထိ ဗိုလ်ချုပ်ခင်ညွန့်၏ စွမ်းပကားကား ထက်မြက် လှပေသည်။
ဗိုလ်ချုပ်ခင်ညွန့်၏ စစ်ကြောရေး ဟူသော ငရဲခန်းသည် ကမ္ဘာကျော်သည် အထိ
နာမည်ကြီးခဲ့သည်။ ထို့ကြောင့်ပင် ကမ္ဘာ့ မီဒီယာများက ဗိုလ်ချုပ်ခင်ညွန့်အား
“ဒုစရိုက်မင်းသားကြီး”ဟု ကမ္ဘာ့သတင်းစာ မျက်နှာများ ပေါ်တွင် တင်စား
ခေါ်ဝေါ်ခဲ့ကြသည်။ “အမှောင်ခေတ်၏ မင်းသားကြီး” ဟု ခေါ်ဝေါ်သော မီဒီယာများလည်း
ရှိခဲ့သည်။ သို့သော် ဗိုလ်ချုပ်ခင်ညွန့်၏ လူထု ဆက်ဆံရေး နည်းပရိယာယ်
ကြွယ်ဝမှုကြောင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အချို့နှင့် အပစ်အခတ်
ရပ်စဲရေး ညှိနှိုင်း နိုင်ခဲ့ခြင်း စွမ်းပကားအားလည်း အသိ အမှတ်ပြုရမည်
ဖြစ်သည်။
ဝေါလ်စထရိ ဂျာနယ်နှင့် ဦးခင်ညွန့် တို့၏
အင်တာဗျူးတွင် သူနေအိမ် အကျယ်ချုပ် ကျစဉ် ကာလများ အတွင်း အိမ်ထောင်
ပစ္စည်းများနှင့် သူဝန်ကြီးချုပ်ဘ၀က ရရှိခဲ့သော လက်ဆောင် ပစ္စည်းများအား
ရောင်းချ၍ အစားအစာ စသည့် အိမ်၏ အခြေခံ လိုအပ်ချက် များအား ဖြည့်ဆည်း
ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ပုံမှန်ဝင်ငွေ ရရှိရန်အတွက် ခြံအတွင်း
စိုက်ပျိုးထားသော သစ်ခွပန်းများအား တစ်ပတ်တစ်ကြိမ် ရောင်းချ ခဲ့ရသည် ဟုလည်း
ဆိုသည်။
““မနက်တိုင်း နိုးရင် ဘုရားရှိ ခိုးတယ်။
တရားထိုင်တယ်။ ပြီးတော့ ခြံထဲမှာ လမ်းဆင်း လျှောက်တယ်။ အချိန် အများစုကတော့
သစ်ပင် စိုက်တယ်။ စာဖတ်တယ်။ မြန်မာ့အလင်း သတင်းစာပေါ့။ ပြီးတော့ BBC, VOA,
RFA တို့နားထောင်ပါတယ်””
ဦးခင်ညွန့် နေအိမ် အကျယ်ချုပ် ကျပုံမှာ
သူ့လက်ထက်တွင် နေအိမ် အကျယ်ချုပ် ချထားခဲ့သော ဒေါ်အောင်ဆန်းစုကြည် နှင့်တော့
သဘောသဏ္ဌာန် မတူညီပေ။ ၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရပြီး
နောင်သုံးနှစ်အကြာ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့်နှင့် ဒေါ်အောင်
ဆန်းစုကြည်တို့၏ ထူးထူးခြားခြား တွေ့ဆုံမှု ပေါ်ပေါက် ခဲ့သည်။
ထိုတွေ့ဆုံမှုအား အစိုးရနှင့် အတိုက်အခံကြား
ဆွေးနွေးညှိနှိုင်းမှု အစပျိုးရန် ပထမ ဆုံးခြေလှမ်းဟု လေ့လာသူများက သုံးသပ်
ကြသည်။ ထိုတွေ့ဆုံမှု အပြီး မကြာမီမှာပင် ကုလသမဂ္ဂ သံတမန်တစ်ဦး ဖြစ်သူ
အမေရိကန် ကွန်ဂရက်အမတ် ဘီလ်ရစ်ချက်ဆန်က ဒေါ်အောင်ဆန်းစုကြည်အား
သွားရောက်တွေ့ဆုံပြီး ဗိုလ်ချုပ်ခင်ညွန့်နှင့် ပတ်သက်၍ ““စစ်မှန်ပြီး
လက်တွေ့ကျသော လူတစ်ယောက်””ဟုသုံးသပ် ပြောကြားခဲ့ သည်။ နိုင်ငံရေး
သုတေသီတို့ သုံးသပ်သည်မှာတော့ တခြားသော စစ်အာဏာရှင် ဗိုလ်ချုပ်များက
ဒေါ်အောင်ဆန်းစုကြည်အား သေစေချင်သည့် ဆန္ဒရှိနေသည့် အချိန်တွင်
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်၊ သန်ရေးနှင့် လွတ်မြောက်ရေး တို့အတွက်
ဗိုလ်ချုပ်ခင်ညွန့်မှာ အခရာကျသော ဇာတ်ကောင် ဖြစ်ခဲ့သည်ဟု ဆိုသည်။
““ကျွန်တော့် စိတ်ထဲမှာတော့ သူ့ကို ညီမလေး
တစ်ယောက်လိုပဲ သဘောထား ပါတယ်””ဟု ဦးခင်ညွန့် ပြန်လည်လွတ်
မြောက်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ သူ၏ သဘောထား ကို
အင်တာဗျူး၌ ဖြေကြားခဲ့သည်။ ထို ဦးခင်ညွန့်၏ သဘောထားအား မည်သို့ ယူဆသနည်း
ဟူသော မေးခွန်းအား ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာတွင်တော့
ဒေါ်အောင်ဆန်းစုကြည်က ယဉ်ကျေးစွာပင် မဖြေဆိုရန် ငြင်းပယ် ခဲ့သည်။
လက်ရှိကာလနှင့် အတိတ်ကာလတွင်ပါ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး အပေါ် ဦးခင်ညွန့်က မည်သို့မျှ မှတ်ချက်
ထပ်မံ မပေးတော့သော်လည်း ၂၀၁၃ ဧပြီလ အတွင်းက ဗန်ကောက်ပို့စ် သတင်းစာနှင့်
အင်တာဗျူးရာတွင်မူ ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုနှင့် ပတ်သက်၍ သူ၏
လုပ်ဆောင်ချက်များကို ဖွင့်ချ ပြောပြခဲ့သည်။ စစ်အုပ်စုနှင့် စစ်အုပ်စု
လက်ကိုင် တုတ်များ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် လုပ်ကြံမှုနှင့် ပတ်သက်၍
ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်တင်ရန် ကြားဝင် ဖျန်ဖြေဖို့
ကြိုးစား ခဲ့သည်ဟု ဗန်ကောက်ပို့စ် သတင်းစာအား ပြောကြားခဲ့သည်။
ထိုသို့ဖြေကြားပြီး မကြာမီ ဦးခင်ညွန့်သည် သင်္ကန်းဝတ်ခဲ့သည်။ ထောက်လှမ်းရေး
တပ်ဖွဲ့နေရာတွင် အစားထိုးထားသော SB ခေါ် မြန်မာနိုင်ငံ အထူး ရဲတပ်ဖွဲ့မှ
ဦးခင်ညွန့်၏ ဗန်ကောက် ပို့စ်အင်တာဗျူး ဖြေကြားချက်နှင့် ပတ်သက် ၍
ဦးခင်ညွန့် ဦးပဉ္ဇင်း တက်နေချိန် တွင်ပင် စုံစမ်း စစ်ဆေးမှုများ
ပြုလုပ်ခဲ့သည်။
ထို့နောက် ဦးခင်ညွန့်သည် သူ၏ အမှတ် (၂၇)၊
န၀ဒေးလမ်းအိမ်ဝင်း အတွင်း၌ပင် န၀ဒေးဟူသော အမည်ဖြင့် ပန်းချီပြခန်း
တစ်ခုနှင့် အတူ လက်ဆောင် ပစ္စည်းဆိုင်၊ ကော်ဖီကော်နာဆိုင် တို့ကို ပူးတွဲ
ဖွင့်လှစ်ခဲ့သည်။ ““ငြိမ်းချမ်းတဲ့ ဘ၀တစ်ခု တည်ဆောက်ဖို့ သက်သက်ဒါကို
လုပ်တာပါ”” ဟု တိုင်းမဂ္ဂဇင်းနှင့် မေလ အတွင်း အင်တာဗျူး မေးမြန်းရာတွင်
ဦးခင်ညွန့်က ပြန်လည်ဖြေကြားခဲ့သည်။
သူ၏ အားလပ်ချိန်များတွင် ပန်းချီဆွဲရန်
စမ်းသပ် ကြိုးစားနေကြောင်းလည်း ထပ်လောင်း ပြောကြား ခဲ့သေးသည်။ န၀ဒေး
ပန်ချီပြန်ခန်း၏ ကတ်တလောက် catalog တွင် ဦးခင်ညွန့်မှ ““သူ၏ဆန္ဒမှာ
မြန်မာ့အနုပညာ ကမ္ဘာသို့ တက်လှမ်းနိုင်ရန် အထောက်အကူ ဖြစ်စေဖို့ရန်
ဖြစ်သည်”” ဟုရေးသားထားသည်။
ဦးခင်ညွန့်သည် စစ်အာဏာရှင်စနစ် ယန္တရား၏
အရေးအပါဆုံး ထိပ်သီး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ထောင်ပေါင်း များစွာသော
အတိုက်အခံ နိုင်ငံရေးသမားများကို ထောင်သွင်း အကျဉ်းချ နှိပ်စက်ညှင်းပန်း
ခဲ့သော်လည်း ဒီမိုကရေစီ အသွင်ကူး ပြောင်းမှုအား သူ့အနေဖြင့် အပြည့်အ၀ အားပေး
ကူညီနေကြောင်း အခိုင်အမာဆို ထားသည်။ ““နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု
ဆိုတာ ကောင်းတဲ့ အရာပဲ။ ကျွန်တော်တို့ ရှေ့ကိုလျှောက်ပြီး ဒီမိုကရေစီ
နည်းကျဖြစ်အောင် လုပ်ကို လုပ်ရမယ်။ စစ်အစိုးရ တစ်ရပ်အနေနဲ့၊ ရေရှည်
ရပ်တည်နိုင်မှာ မဟုတ်ဘူး”” ဟုပြောကြား ခဲ့သည်။ ထို့ပြင် အသွင်ကူးပြောင်းရေး
ကာလတွင် အဓိက နိုင်ငံရေး လုပ်ဆောင်ရ မည်မှာ လူငယ်များ လုပ်ရမည့်
အလုပ်ဟုလည်း ဖြေကြား ပေးခဲ့သည်။ သို့သော် ဦးခင်ညွန့် အနေဖြင့် စည်းကမ်း
ပြည့်ဝသော ဒီမိုကရေစီကိုသာ လက်ခံနိုင်ကြောင်း၊ သူ၏ စံပြပုဂိ္ဂုလ်များမှာ
မည်သူနည်း ဆိုသည်ကို သိလျှင် နားလည် သွားပေ လိမ့်မည်။ သူစံပြုသော
ပုဂိ္ဂုလ်များမှာ စင်ကာပူ နိုင်ငံတည်ထောင်သူ ဦးဆုံးဝန်ကြီးချုပ်
လီကွမ်ယုနှင့် တရုတ် ပြုပြင်ပြောင်းလဲရေး ခေတ်သစ်ခေါင်းဆောင် ဇီကျင်ပင်း
တို့ဖြစ်သည်။ ၂၀၀၇ ခုနှစ် အင်တာဗျူးတစ်ခုတွင် လီကွမ်ယုက ““မြန်မာ
ဗိုလ်ချုပ်တွေ အများကြီးထဲမှာ သူက ဉာဏ် အထက်မြက်ဆုံး”” ဟု ဗိုလ်ချုပ်
ခင်ညွန့်အား ချီးကျူး ထောမနာ ပြုခဲ့ဖူးသည်။
ဦးခင်ညွန့် အနေဖြင့် အေးဆေးတည် ငြိမ်သော
လက္ခဏာ သွင်ပြင်များဖြင့် ဘ၀ကို တည်ဆောက်ထားသည့် ဆိုလင့် ကစား နိုင်ငံရေးကား
သူ၏ဘ၀မှ ဘယ်သော အခါမျှ ဝေးကွာသွားမည် မဟုတ်ချေ။ အင်တာဗျူး မေးမြန်းရာတွင်
ဦးခင်ညွန့်သည် များစွာသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်
ရပ်စဲရေး သဘောတူညီမှု ရရန် မည်သို့မည်ပုံ အကျေအလည် ညှိနှိုင်းဆွေးနွေး
ခဲ့ရသည်များကို အသေးစိတ်ပြန်ပြောင်း ပြောပြခဲ့သည်။ ထိုအချက်မှာလည်း
ဗိုလ်ချုပ် ခင်ညွန့်ဘ၀ စစ်အမှုထမ်း သက်တမ်း ကာလတွင် အအောင်မြင် ဆုံး
လုပ်ဆောင်ချက်ဟု ဆိုရမည် ဖြစ်သည်။ ထို့ပြင် ထိုလုပ်ဆောင်ချက် အတွက် သူ၏
အင်တာဗျူး များကိုလည်း ပြောပြသေးသည်။ တိုင်းရင်းသား လက်နက်ကိုင်များအား
ချဉ်းကပ်ရာတွင် ဦးစွာ မိမိကိုယ် မိမိ ယုံကြည်မှု ရှိရမည် ဖြစ်ကြောင်း၊
ပြီးလျှင် နှစ်ဦးနှစ်ဖက် လေးစာမှု၊ ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု တို့ကို
တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ထိုနည်းဗျူဟာများ အတိုင်း လုပ်ဆောင်ခဲ့ကြောင်း
ပြန်ပြောင်း ပြောပြ ခဲ့သည်။
ဦးခင်ညွန့် နေအိမ် အကျယ်ချုပ်
ကျသွားချိန်တွင် သူတည်ဆောက် ထားခဲ့သော တိုင်းရင်းသားများနှင့် သဘော
တူညီချက် အချို့မှာ ပျက်ပြား သွားခဲ့သည်။ လက်ရှိ အရပ်သား တစ်ပိုင်း
အစိုးရသည် ၂၀၁၃ အကုန်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရည်မှန်း၍
လုပ်ဆောင် နေသော်လည်း နောက်ဆုံး ရည်မှန်းချက်ဖြစ်သော ပြည်တွင်း
ငြိမ်းချမ်းရေး အကြွင်းမဲ့ တည်ဆောက် နိုင်ရေးမှာမူ ယုံကြည်ဖွယ်ရာ
သမာသမတ်ရှိ ပုဂိ္ဂုလ်များဖြင့်သာ ရည်မှန်းချက် အထမြောက်နိုင် ပေလိမ့်မည်။
ထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ယူစဉ်က
သူ၏မတရား လုပ်ရပ်များနှင့် ပတ်သက်သော မေးခွန်းများ ကိုမူ စကားလမ်း
ကြောင်းပြောင်း လှီးလွှဲ၍ သူ့တွင် နိုင်ငံရေး ရည်မှန်းချက် လုံးဝမရှိ
ခဲ့ကြောင်းနှင့် ““ဒါတာဝန် ပဲလေ၊ ဒီစနစ်ကြီးထဲမှာ ပါဝင်နေမှတော့ အမိန့်ကို
နာခံရမှပေါ့”” ဟု ဦးခင်ညွန့်က သူ့လုပ်ရပ်များနှင့် ပတ်သက်၍ ဆင်ခြေပေး
ဖြေဆိုသွားခဲ့သည်။
ထိုစကားရပ်များကို ထောက်လျှင် ကော်ဖီဆိုင်
နောက်ကွယ်မှ ဦးခင်ညွန့်၏ ရိုးသားမှု ဆိုသည်မှာ မေးခွန်း ထုတ်စရာ
ဖြစ်နေပေသည်။ ““သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက် သူ့မှာ
အပြစ်မရှိဘူးလို့ ဒီလို ထုတ်ဖော်နေတာဟာ မဟုတ်တမ်း တရမ်းပြောနေတာပါ”” ဟု
ဦးခင်ညွန့်နှင့် ထောက်လှမ်းရေးကြောင့် နိုင်ငံရေး အကျဉ်းသား အဖြစ်
၁၁နှစ်ကြာ ထောင်ဒဏ် ချခံခဲ့ရသော နိုင်ငံရေး အကျဉ်းသားဟောင်း
ကိုခင်ဇော်ဝင်းက ပြောကြားခဲ့သည်။
““တရားမျှတမှုဆိုတာ အဲဒီလောက် လွယ်ကူ မရိုးရှင်းဘူး”” ဟုအဆိုပါ နိုင်ငံရေး အကျဉ်းသားဟောင်း ကပင် ထပ်လောင်း ပြောဆိုခဲ့ပါသည်။
No comments:
Post a Comment