Monday, December 30, 2013

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)

၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်
၁။      နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရေး အတွက် လည်းကောင်း နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၂။   ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ အပိုဒ် (၃)ပါ ပြစ်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ -
(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်။
(ခ) သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံများအား အမှုမှ ချက်ချင်း လွှတ်ရမည်။
(ဂ) စုံစမ်း အရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်။
၃။        ဤအမိန့်အရ အောက်ပါ ပြစ်မှုများ၌သာ ပြစ်ဒဏ် ခံနေရသူများ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်း အရေးယူဆဲ ခံနေရသူများ ပါဝင်သည်-
(က) မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊
(ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊
(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊
(ဃ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊
(င) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊
(စ) အများပြည်သူ၏ အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)၊
(ဆ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ။
၎။   ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ် (၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ပုံ) သိန်းစိန်               
နိုင်ငံတော်သမ္မတ          
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
http://www.president-office.gov.mm/zg/?q=briefing-room/news/2013/12/31/id-5074

No comments:

Post a Comment