Thursday, December 19, 2013

သင့်အိပ်မက်က ပြောသော သင့်ကျန်းမာရေး

By Good Health

အိပ်မက်တွေက ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ တချို့လူတွေက ထင်ကြပေမယ့် သိပ္ပံပညာရှင်တွေကတော့ အိပ်မက်တွေက ကျွန်မတို့တွေရဲ့ ကျန်းမာရေး အခြေအနေကို သဲလွန်စ ပေးနိုင်တယ်လို့ ထင်မြင်ထားကြပါတယ်။ လူအများစုဟာ တစ်ညမှာ အများဆုံး အိပ်မက်လေးခုကနေ ခြောက်ခုအထိ မြင်မက်နိုင်တယ်၊ ဒါပေမဲ့ တစ်ပတ်မှာ အိပ်မက် နှစ်ခု၊ သုံးခုလောက်ကိုပဲ ကောင်းကောင်း မှတ်မိကြပါတယ်။ အကြောင်းကတော့ အိပ်မက်မက်တဲ့ အချိန်မှာ နိုးမလာဘဲ ပြန်လည် အိပ်ပျော်သွားတာကြောင့် မေ့သွားတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေက အအိပ်ဆတ်တဲ့အတွက် အမျိုးသားတွေနဲ့စာရင် အိပ်မက်တွေကို ပိုမှတ်မိတယ်လို့ ဆိုပါတယ်။ လူအများစု မက်လေ့မက်ထရှိတဲ့ အိပ်မက်တွေရဲ့ အဓိပ္ပာယ်က ကျန်းမာရေး အခြေအနေအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲဆိုတဲ့ သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်တွေကို ရေးသားလိုက်ရပါတယ်။

အိပ်မက်ဆိုးမက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ- ဘီတာဘလော့ကာဆေး၊ နှလုံးကျန်းမာရေး အခြေအနေ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ သို့မဟုတ် အိပ်ရေးပျက်ခြင်း။

သွေးတိုးကျဆေး ဘီတာဘလော့ကာဟာ အိပ်မက်ဆိုး မက်တယ်လို့ နာမည်ကြီးကြောင်း လောင်းဘိုးရပ် တက္ကသိုလ်မှ အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခဂျင်မ်က ဆိုပါတယ်။ ဒီဆေးက သွေးကြော ကျယ်စေပေမယ့် ဦးနှောက်ထဲက ဓာတ်တချို့ ဟန်ချက်ညီမျှမှုကို ပြောင်းလဲစေတာကြောင့် အိပ်မက်ဆိုး မက်စေတာ ဖြစ်ပါတယ်။ နယ်သာလန် ဆေးဂျာနယ်ရဲ့ လူခြောက်ထောင်ကျော်ကို လေ့လာမှုအရ အိပ်မက်ဆိုးတွေက နှလုံးမကောင်းတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကြောင့် အိပ်မက်ဆိုး မက်နိုင်ခြေကို သုံးဆတိုးစေပြီး ရင်ဘတ်နာကျင်မှုကို ခုနှစ်ဆ တိုးစေတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် နှလုံးရောဂါ ရှိသူတွေက အသက်ရှူပြဿနာကို ပိုမိုခံစားရနိုင်ခြေရှိပြီး ဦးနှောက်ထဲမှာ အောက်ဆီဂျင် အဆင့်ကို လျော့ကျစေပါတယ်။ အိပ်မက်ဆိုးမက်တာက ခေါင်းတစ်ခြမ်းကိုက်ရောဂါရဲ့ သတိပေးလက္ခဏာ တစ်ရပ်လည်း ဖြစ်ပါတယ်။ လူနာ ၃၇ ဦးကို လေ့လာမှု တစ်ရပ်အရ ညဘက်မှာ ဆိုးဆိုးရွားရွား ခေါင်းကိုက်တာကြောင့် အိပ်မက်ဆိုး မက်တတ်ပြီး အိပ်မက်ထဲမှာ ဒေါသထွက်တာနဲ့ ရန်လိုတာ စတဲ့ အပြုအမူတွေ ပါဝင်ကြောင်း တွေ့ရပါတယ်။ သီအိုရီတစ်ခုအရ ခေါင်းကိုက်တာကြောင့်လည်း ဦးနှောက်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ မြန်မာလူမျိုးတွေ ပြောလေ့ရှိတဲ့ အိပ်ရင်း ဘီလူးစီးတာဆိုတဲ့ လှုပ်လို့မရတဲ့ အခြေအနေ (Sleep Paralysis) ကြောင့်လည်း အိပ်မက်ဆိုး မက်တတ်ပါတယ်။ ဒီအခြေအနေမှာ ခဏတာ လှုပ်ရှားလို့မရတော့ဘဲ ကြွက်သားတွေ ခဏဆိုင်းသွားတဲ့ အခြေအနေမျိုးပါ။ ကံကောင်းတာက တစ်မိနစ်၊ နှစ်မိနစ်ပဲ ကြာတတ်ပါတယ်။

ပုံမှန်ထက် အိပ်မက် ပိုမက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ- ညဘက်မှာ ပူလွန်း၊ အေးလွန်းခြင်း၊ ဟော်မုန်း အတက်အကျဖြစ်ခြင်း၊ နာတာရှည် နာကျင်ခြင်း သို့မဟုတ် စိတ်ကျကုဆေးဝါး ဖြတ်လိုက်ခြင်း။

ညဘက်မှာ အလွန်အမင်းပူတာ ဒါမှမဟုတ် ခိုက်ခိုက်တုန်အောင် ချမ်းတာ စတဲ့ အခြေအနေကြောင့် အိပ်မက်တွေ ပိုမက်နိုင်ပါတယ်။ “ပူလွန်း၊ အေးလွန်းတာကြောင့် အိပ်ရေး ပိုပျက်တတ်ပြီး အိပ်မက်မက်ရင်း အိပ်နေချိန်မှာလည်း လန့်နိုးနိုင်ခြေ များပါတယ်။ ဒါကြောင့် အိပ်မက်တွေကို ပိုမှတ်မိတတ်ပါတယ်” လို့ ပါမောက္ခဟွန်းက ရှင်းပြပါတယ်။ အိပ်ခန်းအပူချိန်ကို ၁၈ ဒီဂရီ C ထားဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေက ရာသီလာချိန် အတောအတွင်း ဟော်မုန်း အတက်အကျ ဖြစ်တာကြောင့် အိပ်မက် ပိုမက်လေ့ ရှိပါတယ်။ အဲဒီအချိန်မှာ လေပွတာ၊ ဗိုက်အောင့်တာ စတဲ့ မသက်မသာ ဝေဒနာတွေ ခံစားရပြီး အိပ်ရင်း လန့်နိုးတတ်ပါတယ်။ အိပ်မပျော်တာနဲ့ နာကျင်တာကြောင့် ညဘက်မှာ မကြာခဏ လန့်နိုးတတ်ပြီး အိပ်မက်တွေကို ပိုမှတ်မိတတ်ပါတယ်။ အိပ်ချိန်နည်းလွန်းတဲ့အခါ အိပ်မက်မက်တဲ့ အိပ်စက်မှု ထိခိုက်ပြီး အိပ်ကြွေး တင်တတ်ပါတယ်။ အကြာကြီး ပြန်အိပ်တဲ့ ညတွေမှာ အိပ်မက်မက်တဲ့ အိပ်စက်မှု (REM) အဆင့် ပြန်ရပြီး အိပ်မက်ကြာကြာ မက်တတ်ပါတယ်။ အထူးသဖြင့် စိတ်ကျကုသဆေး ဖြတ်လိုက်တဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။

တိုက်ခိုက်ခံရသော အိပ်မက်များမက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ- အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ။

နောက်က တစ်ယောက်ယောက် လိုက်တာ၊ အတိုက်ခိုက်ခံရတာ စတဲ့ စိတ်ဖိစီးမှုများစေတဲ့ အိပ်မက်တွေ မက်တာဟာ အယ်လ်ဇိုင်းမား၊ ပါကင်ဆန် စတဲ့ ဦးနှောက်နဲ့ နာ့ဗ်ရောဂါ တစ်ခုခုရဲ့ အစောပိုင်း လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အိပ်မက်မက်စဉ် အတောအတွင်း ပုံမှန် အတိုက်ခိုက်ခံရတဲ့ အိပ်မက်မက်သူတွေဟာ REM အဆင့် အိပ်စက်မှု ပုံမမှန်ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ အိပ်မက်မက်တဲ့ ဦးနှောက် အစိတ်အပိုင်း ထိခိုက်မှုကြောင့် အလွန်ကြမ်းတမ်းပြီး နှောင့်ယှက်ခံရတဲ့ အိပ်မက်တွေကို မက်ရတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဒီလို အိပ်မက်မက်ရင်း သူတို့ကိုယ်သူတို့ ဒါမှမဟုတ် အိမ်ထောင်ဖက်ကို ကန်တာ၊ နာကျင်အောင် လုပ်တာတို့ကို ပြုမူမိတတ် ကြပါသေးတယ်။ ဒါက အယ်လ်ဇိုင်းမားရောဂါ အကြိုခန့်မှန်းချက် တစ်ခုဖြစ်ပြီး ဒီလိုဖြစ်ပြီး နောက်ထပ် ၁၀ နှစ်ကြာမှ မှတ်ဉာဏ်ဆုံးရှုံးတာလိုမျိုး တခြားလက္ခဏာတွေ ပေါ်လာတတ်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဦးနှောက်နဲ့ နာ့ဗ်ကြောဆိုင်ရာ ရောဂါတွေ ရှိ၊ မရှိ ရောဂါရှာဖွေပြီး စောစောစီးစီး ကုသမှု ခံယူသင့်ပါတယ်။

စောစော နိုးထလာစေသည့် အိပ်မက်များ မက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ- အဆီများသော အစာစားခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ စိတ်ဖိစီးမှုများခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း။

အဆီများတဲ့ အစာကို များများ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ခပ်ကြာကြာ ပြည့်နေပြီး အစာအိမ်နဲ့ အစာပြွန်အကြား အဆို့ရှင်အပေါ် ဖိအား သက်ရောက်စေကာ အစာနဲ့ အစာအိမ် အက်စစ်တွေ အထက်ကို ပြန်ဆန်တတ်ပြီး ရင်ပူဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ အိပ်မောကျပြီး အစောပိုင်း နာရီအတွင်း ဖြစ်တတ်ပြီး ညဘက် အစောကြီး လန့်နိုးတတ်ပါတယ်။ အက်စစ်အထက်ကို ဆန်တတ်တဲ့ ဝေဒနာက ပုံမှန်ထက် ကိုယ်အလေးချိန် များသူတွေမှာ အဖြစ်များပါတယ်။ အဆို့ရှင်ပေါ် အဆီပိုတွေဖိပြီး အားနည်းစေတဲ့အတွက် မကြာခဏ လန့်နိုးရတာပါ။ စိတ်ဓာတ်ကျတဲ့သူတွေ ဒါမှမဟုတ် စိတ်ဖိစီးမှု များနေတဲ့သူတွေက ညဘက်မှာ အိပ်မက်မက်တဲ့ အိပ်စက်မှုအဆင့်ကို မြန်မြန် ရောက်ရှိတတ်ပါတယ်။

မှတ်မိသော အိပ်မက်များ မက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ- အရက်သောက်ခြင်း၊ ကူးစက်ပိုးဝင်ခြင်း၊ ငှက်ဖျားကုသဆေး မှီဝဲခြင်း သို့မဟုတ် သွေးဆုံးခြင်း။

ညဥ့်နက်မှ အိပ်စက်တာကြောင့် အိပ်ရာမနိုးခင် မှတ်မိလွယ်တဲ့ အိပ်မက်တွေ မက်တတ်ပါတယ်။ “အရက်မူးအောင် သောက်ထားရင် ကိုယ့်ကိုယ်ကိုယ် အစွမ်းအစ ရှိတယ်ထင်ပြီး အိပ်ရာနိုးခါနီးမှာ သိသာထင်ရှားတဲ့ အိပ်မက်မျိုး မက်တတ်ပါတယ်။ အရက်ကြောင့် ဦးနှောက်ထဲက ဓာတ်တွေ သိသိသာသာ ပြောင်းလဲပြီး ထူးဆန်းတဲ့ အိပ်မက်တွေ မက်ရတာ ဖြစ်ပါတယ်” လို့ ပါမောက္ခဟွန်းက ရှင်းပြပါတယ်။ ငှက်ဖျားပိုး ကူးစက်ခံရချိန်မှာလည်း ကိုယ်ခံစွမ်းအား စနစ်က ပြန်လည် တွန်းလှန်နိုင်စွမ်းရှိဖို့ လိုအပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှုမရှိဘဲ အသိစိတ် ရှိနေတတ်ပါတယ်။ သွေးဆုံးချိန်မှာလည်း သိသာထင်ရှားတဲ့ အိပ်မက်တွေ မက်တတ်သလို ငှက်ဖျားကုသဆေး မက်ဖလိုကွင်းကို သောက်တာကြောင့်လည်း ဦးနှောက်ထဲက အဆီတိုင်းကိုလင်းဓာတ် ပြောင်းလဲမှု ဖြစ်ကာ သိသာထင်ရှားတဲ့ အိပ်မက်မျိုး မက်တတ်ပါတယ်။

လိင်ကိစ္စဆိုင်ရာ အိပ်မက်များမက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ- ဖန်တီးနိုင်စွမ်း မြင့်မားခြင်း။

လိင်ကိစ္စဆိုင်ရာ အိပ်မက်တွေကို အသက်အရွယ်မရွေး မက်တတ်ပေမယ့် အသက်ကြီးလာလေလေ ပိုမက်လာလေလေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက် ၆၀ ကျော် အရွယ်တွေမှာ အတွေ့များပါတယ်။ အသက် ၆၀၊ ၇၀ အရွယ်တွေ အနေနဲ့ သူတို့ရဲ့ လိင်မှုဘဝကို ငယ်ရွယ်ချိန်လို ပြန်မရတော့ပေမယ့် ဒီလို အိပ်မက်မက်တာက ဖန်တီးနိုင်စွမ်း မြင့်မားမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။ အငြိမ်းစားယူပြီးချိန်မှာ ဝါသနာပါတဲ့ အလုပ်တစ်ခုခုကို လုပ်ဆောင်နေသူတွေ အနေနဲ့ လိင်ကိစ္စနဲ့ စပ်လျဉ်းတဲ့ အိပ်မက် မက်နိုင်ခြေ မြင့်မားတတ်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment