Monday, December 2, 2013

ကျွန်တော်နဲ့ ကိုယ်ကျိုးစီးပွားပဋိပက္ခ

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်ကုလသမဂ္ဂမှာ တာဝန်ယူတဲ့အချိန်မှာ ထူးခြားတဲ့အကြာင်းခြင်းရာတစ်ရပ်ကို ကြုံတွေ့ခဲ့ရပါတယ်။ ရုတ်တရက်သတိမထားမိတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂမှာ အလုပ်လိုချင်တဲ့သူတွေ၊ အလုပ်လျှောက်လွှာတင်တဲ့အခါ မေးခွန်းတစ်ခုကို ဖြေရပါတယ်။


မေးခွန်းကတော့ လျှောက်ထားတဲ့သူအနေနဲ့ ကုလသမဂ္ဂမှာ အလုပ်လုပ်နေတဲ့ ဆွေမျိုးရှိ၊ မရှိဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အကယ်၍ ရှိတယ်လို့ ဖြေရင် လျှောက်လွှာကို မစဉ်းစားဘဲ ပယ်ချပါတယ်။ ဘာကြောင့်အခုလို ဖြစ်ရသလဲဆိုတာကို အခုမှသဘောပေါက်မိပါတယ်။ ဒါကတော့ ကိုယ်ကျိုးစီးပွား ပဋိပက္ခကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ အမျိုးရှိနေတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဘက်လိုက်မှုရှိနိုင်တာမို့ ရှောင်ရှားတဲ့အနေနဲ့ အခုလိုစိစစ်ပြီး ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော်သတိထားမိတာတစ်ခုက မြန်မာပြည်မှာ ကိုယ်ကျိုးစီးပွားပဋိပက္ခနဲ့ပတ်သတ်ပြီး ဂရုမထားတဲ့ အချက် ဖြစ်ပါတယ်။ စိတ်ထဲ ခေါင်းထဲမှာ ရှိမှရှိရဲ့လားလို့ သံသယဖြစ်မိတယ်။ ဥပမာတစ်ခုပေးရရင် မိမိက မူလတန်းကျောင်းအုပ်ဆရာကြီးဖြစ်တယ်ဆိုပါစို့။ အိမ်က ဇနီးသည်က ဟင်းအချက်အပြုတ်သိပ်ကောင်းတာ။ သူချက်တဲ့ဟင်းထမင်းကို လူတိုင်းသဘောကျတယ်။ ဒါပေမယ့် ကိုယ်ကျိုးစီးပွားပဋိပက္ခမဖြစ်ဖို့ ဇနီးသည်ဟာ မိမိယောက်ျားလုပ်သူရဲ့ကျောင်းမှာ ဟင်းထမင်းတွေ ရောင်းခွင့်မရှိပါဘူး။ ရောင်းဖို့ကိုလည်း မစဉ်းစားရဘူး။ ရောင်းခဲ့ရင် ကျောင်းအုပ်ကြီးဇနီးမျက်နှာကိုကြည့်ရတဲ့အတွက် ဘက်လိုက်မှုတွေက မလွဲမသွေရှိနိုင်မှာသာ ဖြစ်တယ်။

ကိုယ်ကျိုးစီးပွားပဋိပက္ခမှုနဲ့ပတ်သတ်ပြီး ကိုယ်တွေ့ကြုံကြိုက်တာတစ်ခုကိုလည်း တင်ပြချင်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ တာဝန်ယူနေကြတဲ့ ကော်မတီတစ်ရပ်ရှိတယ်။ ဒီကော်မတီရဲ့ လုပ်ငန်းတွေ ချောမွေ့ဖို့ အတွက်IT နည်းပညာကို အသုံးချရမှာမို့လို့ စက်ကိရိယာတွေ တပ်ဖို့လိုတယ်။ အခုလို ကွန်ပျူတာတွေဝယ်ဖို့ စဉ်းစားတဲ့နေရာမှာ ကော်မတီဝင်တစ်ဦးက ကွန်ပျူတာလုပ်ငန်းနဲ့ ပတ်သက်နေတယ်။ ကိုယ်ကျိုးစီးပွား ပဋိပက္ခ ကို ရှောင်ရှားချင်တဲ့ဆန္ဒရှိရင် ဒီပုဂ္ဂိုလ်က ကျွန်တော်ကတော့ ကွန်ပျူတာအလုပ်ကို လုပ်နေတယ်၊ အခုအဖွဲ့အစည်းအတွက် ကွန်ပျူတာဝယ်ဖို့ စဉ်းစားတဲ့နေရာမှာ ကျွန်တော့်ကုမ္ပဏီက ကွန်ပျူတာတွေဝယ်ဖို့ မစဉ်းစားကြပါနဲ့၊ လိုအပ်တဲ့အကြံဥာဏ်တောင်းရင်ပေးပါ့မယ်။ ဒါပေမယ့် ကျွန်တော့ကြောင့် ကျွန်တော့်ကုမ္ပဏီ က ကွန်ပျူတာဝယ်တာမျိုးမဖြစ်စေချင်ဘူး။ ဒါကြောင့် ကျွန်တော့မှာ ကိုယ်ကျိုးစီးပွားရှိနေတယ်။ ပဋိပက္ခမရှိ စေချင်တာလို့ အခုလိုတင်ပြရတာပါလို့ပြောရင် ကိုယ်ကျိုးစီးပွားပဋိပက္ခကို ရှောင်ရှားရာ ရောက်ပါတယ်။ အခုလို စဉ်းစားတွေးခေါ်နိုင်မှုရှိဖို့ လိုတယ်လို့မြင်မိပါတယ်။

ကိုယ်ကျိုးစီးပွားရေး ပဋိပက္ခက အမြင်မကြည်လင်စေဖို့ အဓိကထားရမယ်။ ကိုယ့်ကြောင့် ဘာနည်းနဲ့မှ အစွန်းအထင်း မခံရအောင် သတိပြုရမယ်။ အမှန်တော့ ဒီကိစ္စက ကျင့်ဝတ်နဲ့ဆိုင်ပါတယ်။ လူတစ်ယောက်မှာ အရေးကြီးဆုံးက သီလ၊ သမာဓိ၊ ကျင့်ဝတ်၊ သိက္ခာ သာဖြစ်တယ်။ သိက္ခာမပြည့်စုံရင် ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။ ကျွန်တော်အခွင့်အရေးရတိုင်း ပြောပါတယ်။ ဆင်းရဲတာက ရှက်စရာမဟုတ်ဘူး။ မဟုတ်တာ လုပ်ပြီး ချမ်းသာတဲ့သူသာ ရှက်စရာကောင်းတာလို့ လူငယ်တွေနဲ့တွေ့တဲ့အခါတိုင်းမှာလည်း ဒီအကြောင်းကို အမြဲပြောပါတယ်။ လူ့တန်ဖိုးဟာ ကျင့်ဝတ်သာဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံတော်က ဦးထိပ်ထားပြီး ဦးစားပေးဆောင်ရွက်နေပါတယ်။ အဂတိလိုက်စားမှုရဲ့ နောက်ကွယ်မှာ ကိုယ်ကျိုးစီးပွား ပဋိပက္ခပြဿနာကို မေ့ပျောက်ဖို့ မဖြစ်ပါဘူး။ အဂတိလိုက်စားခြင်းရဲက နောက်ကွယ်မှာ ကပ်ပါနေတဲ့ကိစ္စ ဖြစ်တယ်။

လူ့ကျင့်ဝတ်နဲ့ပတ်သက်ပြီး ထိန်းသိမ်းဖို့ဟာ အလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ကျင့်ဝတ်ဆိုတဲ့သဘော၊ လူတစ်ဦးချင်းတန်ဖိုးထားမှုပဲဖြစ်တယ်။ ကျင့်ဝတ်နဲ့အညီ လုပ်ရကိုင်ရ၊ ပြောရဆိုရမယ်ဆိုတာကိုတော့ အထူးပြောစရာမလိုပါဘူး။ ဒါပေမဲ့ ခက်တာက လူတွေက အလွယ်တကူမေ့လေ့ရှိကြတယ်။ မိမိအကျိုးအတွက် အဆင်ပြေမယ်ဆိုရင် ကျင့်ဝတ်ထိန်းသိမ်းမှုဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ပြယ်သွားတာတွေ့ရ ပါတယ်။ ကျွန်တော်က ဘွဲ့လွန်သင်တန်းမှာ စီးပွားရေးနဲ့ပတ်သတ်တဲ့ ကျင့်ဝတ်အကြောင်းကို ဘာသာရပ် တစ်ခုအနေနဲ့ သင်တယ်။ ကျင့်ဝတ်မရှိဘဲ စီးပွားရေးလုပ်ခွင့်မရှိတာကို အမြဲသတိပေးဖြစ်တယ်။

နိုင်ငံတော်မှာ အခုဆိုရင် ထူးခြားတဲ့ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတယ်။ ဒီလိုဆောင်ရွက်နေရာမှာ စီးပွားရေးကဏ္ဍမှာလည်းကောင်း၊ ပုဂ္ဂလိကဏ္ဍ တိုးတက်မှု ကဏ္ဍမှာလည်းကောင်း ကိုယ်ကျိုးစီးပွား ပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်းဖို့ အထူးလိုအပ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက ပုဂ္ဂလိက ကုမ္ပဏီတွေကို အများပိုင် ကုမ္ပဏီများအဖြစ် အသွင်ပြောင်းစေချင်တယ်။ တိုက်တွန်းခဲ့တယ်။ အခုလို ဆောင်ရွက်တဲ့နေရာမှာ အဓိက သော့ချက်က ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြားစေလိုတဲ့ဆန္ဒကြောင့် ဖြစ်တယ်။ ပိုင်ရှင်လုပ်သူက စီမံခန့်ခွဲမှုကို တစ်ပါတည်း တာဝန်ယူတဲ့အခါ ကိုယ်ကျိုးစီးပွားမှာ ပဋိပက္ခပြဿနာတက်ဖိုပ အလားအလာ၊ အခြေအနေတွေ ရှိဖို့ လွယ်ကူမှာသာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ လွှတ်တော်ထဲ အရွေးခံရတဲ့ အမတ်တွေဟာ အမတ်အဖြစ် ကျမ်းကျိန်တဲ့အချိန်မှာ မိမိရဲ့ ပိုင်ဆိုင်မှုတွေကို ပွင့်ပွင့်လင်းလင်း ကြေညာရတယ်။ အခုလို ကြေညာပြီး လွှတ်တော်က အနားယူသွားတဲ့အခါ ပိုင်ဆိုင်မှုတွေကိုတစ်ခါပြန်ကြေညာရပြန်တယ်။ အခုလို လုပ်ရတဲ့အကြောင်းရင်းက နိုင်ငံရေးလုပ်တဲ့အတွက် မိမိရဲ့ ပိုင်ဆိုင်မှုတွေ မတရားသဖြင့် ကြီးထွားလာမှုမရှိအောင် တားဆီးခြင်းဖြစ်တယ်။

အဲဒီလိုမျိုး မြန်မာနိုင်ငံမှာလည်းတစ်နေ့ကျရင် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိတာပါပဲ။ ကိုယ်ကျိုးစီးပွားရေး ပဋိပက္ခ နဲ့ပတ်သတ်ပြီး အရေးကြီးတဲ့ကိစ္စတစ်ခုက ပွင့်လင်းမြင်သာမှုပဲဖြစ်တယ်။ ပွင့်လင်းမြင်သာမှုရှိခြင်းဟာ ရိုးသားဖြောင့်မတ်ခြင်းကို သရုပ်ဖော်ဆောင်နေတာဖြစ်တယ်။ ရှိတဲ့အတိုင်းဖွင့်ဟနိုင်တဲ့ သတ္တိရှိရမယ်။ မရှိရင်လည်း မွေးရမယ်။ ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်ထဲမှာကလေးက ဘုရင်ကြီးရဲ့ ခါးမှာ ပုဆိုးမရှိဘူး ဆိုတာ ကို ပွင့်ပွင့်လင်းလင်းရဲရဲဝံ့ဝံ့ပြောရဲခဲ့တယ်။ ဘုရင်ကြီးအနီးမှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဝန်ကြီးတွေ၊ ပညာရှင်တွေက ဘုရင်ကြီးကို မြှောက်ပြီး အင်မတန်ချောလှတယ်လို့ ဝိုင်းပြောကြတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲဆိုတာကို သုံးသပ်ကြည့်ရင် ကိုယ်ကျိုးစီးပွား ပဋိပက္ခမှုကြောင့် ဖြစ်တယ်။ မှန်တာကိုပြောရင် သူတို့ရဲ့ စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်တွေကို ထိခိုက်မှာစိုးလို့ အခုလို လိမ်ညာပြီးပြောခဲ့တာ ဖြစ်တယ်။

ကိုယ်ကျိုးစီးပွား ပဋိပက္ခပြဿနာဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ အကျုံးဝင်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကိုယ်ကျိုးစီးပွားပဋိပက္ခအကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးစေချင်တယ်။ မီဒီယာတွေ ထဲမှာလည်း ဖော်ထုတ်စေချင်တယ်။ တီဗွီ၊ ရေဒီယို တွေမှာလည်း ပြောကြ၊ ဟောကြစေချင်တယ်။ ကလေးငယ်တွေကအစ လူကြီးတွေအဆုံး ကိုယ်ကျိုးစီးပွားပဋိပက္ခ အကြောင်းသိစေချင်တယ်။ သတိထားစေ ချင်တယ်။ အမှန်ကတော့ ကိုယ်ကျိုးစီးပွားပဋိပက္ခဟာ အမြင်တစ်ရပ်ဖြစ်တယ်။ အမြင်စောင်းမယ့် အမြင်မှားမယ့် ကိစ္စမျိုးလုံးဝမဖြစ်အောင် သတိထားရမှာဖြစ်တယ်။

ဒီဆောင်းပါးကို ဖတ်မိတဲ့သူတွေကို ပန်ကြားချင်တဲ့ကိစ္စတစ်ခုရှိပါတယ်။ ကိုယ်ကျိုးစီးပွား ပဋိပက္ခ အကြောင်းဖတ်ပြီးမိမိ တစ်ဦးချင်း အခုလို မဖြစ်အောင် သတိထားစေချင်တယ်။

ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆန်းစစ်သုံးသပ်ပြီး သတိပြုစေချင်တာပါပဲ။

၂-၁၂-၂၀၁၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

https://www.facebook.com/politicalarticlesofmyanmar

No comments:

Post a Comment