Wednesday, December 18, 2013

မြန်မာ့အသွင်ကူးပြောင်းရေးကာလ၏ အရေးကြီးဆုံးခြေလှမ်း (သို့မဟုတ်) နိုင်ငံခြား အကူအညီများ အသွင်ကူးပြောင်းရေး

ပြည့်ဖြိုးနိုင်

ပြီးခဲ့သည့် နှစ်နှစ်ကျော်ကမှ အံသြဘနန်း ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ တံခါးဖွင့်လိုက်တဲ့ နိုင်ငံတိုင်း ကြုံတွေ့ရမြဲဖြစ်တဲ့ အခြေအနေ တစ်ရပ်ဆီ ရောက်နေပါပြီ။ အဲဒီအခြေအနေကတော့ နိုင်ငံအသွင်ကူးပြောင်းမှု တွေကြောင့် အနောက်ကမ္ဘာနဲ့ အလှူရှင်နိုင်ငံတွေဆီကနေ ရောက်လာတဲ့အကူအညီတွေကို နိုင်ငံဖွံ့ဖြိုးရေး အတွက် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ အခြေအနေပါပဲ။


ဒီလို အခြေအနေမျိုးကို တံခါးပိတ်စနစ် ကျင့်သုံးခဲ့တဲ့ နိုင်ငံတိုင်းမှာ ကြုံတွေခဲ့ရမြဲ ဖြစ်ပါတယ်။ နိုင်ငံတကာကနေ ရောက်လာတဲ့အကူအညီတွေဟာ ဒီမိုကရေစီစနစ် ရှင်သန်အောင် တည်ဆောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ကျနေတဲ့ နိုင်ငံတွင်းက အခြေအနေတွေကို အပြောင်းအလဲဖြစ်အောင် ဖန်တီးဖို့ ရည်ရွယ်တဲ့ အကူအညီတွေပါ။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကမ္ဘာကြီးနဲ့ ရင်းရင်းနှီးနှီး ထိတွေ့မှုဝေးကွာခဲ့တဲ့ ဒီလိုနိုင်ငံတွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံ နဲ့ ချီပြီး ရောက်လာတဲ့ အကူအညီတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ နည်းပညာနဲ့ အတွေ့ အကြုံတွေ မရှိတာ များပါတယ်။ အနီးဆုံးအနေနဲ့ ပြောရရင် ၁၉၉၀ ပြည့်လွန် နှစ်တွေ တုန်းက မြန်မာနိုင်ငံရဲ့ ဒေသတွင်းအိမ်နီးချင်း နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ လက်ရှိ မြန်မာပိုင်ဆိုင်နေတဲ့ အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နိုင်ငံခြား အကူ အညီ တွေဟာ စနစ်တကျ စီမံခန့်ခွဲနိုင်မှုနဲ့ ဝေးကွာခဲ့တာကြောင့် လူနည်းစုဆီကိုပဲ ရောက်သွားခဲ့ပြီး ကမ္ဘောဒီးယားဟာ စစ်မှန်တဲ့ နိုင်ငံရေး အခြေအနေတစ်ရပ်ကို မဖန်တီးနိုင်ခဲ့ ပါဘူး။ ကမ္ဘောဒီးယား နမူနာကို ကြည့်ရင် သက်ဆိုင်ရာ အစိုးရက စီမံခန့်ခွဲမှု အားနည်းခဲ့သလို လှူဒါန်းတဲ့သူတွေကလည်း အလှူငွေတွေနဲ့ အကူအညီတွေကို အမှန်တကယ် အကျိုးရှိအောင် သုံးစွဲဖို့ တွန်းအားပေးနိုင်မှု နည်းပါးခဲ့တယ်ဆိုတဲ့အချက်တွေ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာ အနေနဲ့ ကမ္ဘောဒီးယား နမူနာကို ကောင်းကောင်း အသုံးချချင်တယ်ဆိုရင် နိုင်ငံခြားအကူအညီ တွေကို အမှန်ကန်ဆုံး အသွင်ပြောင်းနိုင်ဖို့ သေသေချာချာ လိုအပ် ပါလိမ့်မယ်။ ဒီအချက်ဟာ မြန်မာနွေဦးလို့ ခေါ်ဆိုကြတဲ့ နိုင်ငံရေးအသွင်ပြောင်းလဲမှုတွေ တည်ငြိမ်တဲ့ အခြေအနေ တစ်ရပ်ဆီကို ဦးတည်သွားဖို့လည်း အထောက်အကူဖြစ်စေမှာပါ။ တံခါးဖွင့်လိုက်တဲ့ နိုင်ငံ တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအပေါ် အခြေခံထားတဲ့ အောက်ပါအကြံပြုချက် တွေဟာ မြန်မာ့အသွင်ပြောင်းဖြစ်စဉ်မှာ ဦးဆောင်သူတွေ အလေးထား စဉ်းစားသင့်တဲ့ အချက်တွေလို ဆိုချင်ပါတယ်။

စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ပေါက်စေရန် လေ့ကျင့်ပေးခြင်း

၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတကာကနေ မြန်မာနိုင်ငံကို ပေးအပ်ခဲ့တဲ့ အလှူငွေ ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉ ဘီလီယံ ရှိခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံအထိရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီ ပမာဏဟာ နိုင်ငံတွင်းမှာ လုံလောက်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွန်းအား ပေးတဲ့ အခြေအနေတွေ ဖော်ဆောင်ဖို့ မလုံလောက်ရင်တောင်မှ ပြည့်စုံတဲ့အခြေအနေ တစ်ရပ်လို့ သတ်မှတ်နိုင်ပါတယ်။ နိုင်ငံတကာမှာ ကြုံတွေ့ခဲ့ရတဲ့ အသွင်ပြောင်းနိုင်ငံ တွေရဲ့ အဓိကပြဿနာက အခြေခံ စီးပွားရေး အဆောက်အအုံတွေ မပြည့်စုံလို့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းကြီးတွေ ဝင်ရောက်ခြေချဖို့ တွေဝေကြတာပါပဲ။ အဲဒီအချက်ကို ချောချောမွေ့မွေ့ ဖြစ်စေချင်တယ်ဆိုရင် အသေးစား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် တွန်းအားပေးဖို့ လိုပါတယ်။ ဒီအချက်ကို မြန်မာ့ခေါင်းဆောင်တွေ သဘောပေါက်ပုံရပါတယ်။ ဘာကြောင့် လဲဆိုရင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဒီအချက်ကို သူ့မိန့်ခွန်းထဲမှာ ပြောခဲ့ဖူး လို့ပါပဲ။ အသေးစား စီင်္းပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်နဲ့အတူ ပူးတွဲ ဖော်ဆောင် သင့်တာက စွန့်ဦ်းတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ မွေးဖွားလာအောင် လေ့ကျင့် ပေးဖို့ပါပဲ။ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်မွေးဖွားလာတာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဗီယက်နမ်နိုင်ငံဟာ တံခါးဖွင့် ဖွင့်ချင်းမှာ စွန့်ဦးတီထွင် စီးပွားရေုးလုပ်ငန်းရှင်တွေ ပေါ်ထွက်လာအောင် စွမ်းဆောင်နိုင်ခဲ့လို့ အာဆီယံမှာ ထိပ်တန်း အဆင့် ရောက်လာခဲ့တာကို မြန်မာခေါင်းဆောင်တွေ အတုယူဖို့လိုမယ် ထင်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ချောမွေ့စွာ စီးဆင်းနိုင်ရေး

၂၀၁၂ ခုနှစ် အတွင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကို ရောက်ရှိသွားတဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံလောက်ရှိတယ်လို့ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညီလာခံက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီပမာဏဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ ၅၂ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပစ်မှတ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဦးတည်နေပြီလို့ ခို်င်ခိုင်မာမာဆိုလို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေဟာ ချောချောမွေ့မွေ့နဲ့ ဝင်ရောက်နိုင်မယ့် နိုင်ငံတွေဆီကို ပိုမို ရောက်ရှိနေပါတယ်။ ချောချောမွေ့မွေ့ ဝင်ရောက်လို့ ရတယ်ဆိုတာကတော့ နှစ်ဖက်လုံး အကျိုးရှိမယ့် အခြေအနေတစ်ရပ် ရှိနေတာမျိုးပါ။ အဲဒီအတွက် လုပ်သာကိုင်သာရှိတဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေမျိုးရှိဖို့ လိုပါလိမ့်မယ်။ အနီးဆုံး ဥပမာတစ်ခုပြောရရင် အိန္ဒိယ ရင်းနှီး မြှုပ်နှံမှု ဥပဒေမှာ ပြည်တွင်းထုတ်ကုန်ရဲ့ ၃၀ ရာခိုင်နှုန်းကို အသုံးပြုရမယ်လို့ ပြဋ္ဌာန်းထား တာကြောင့် ကမ္ဘာကျော် Wal-Mart စီးပွားရေးလုပ်ငန်းစု ၂၀၁၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းသွားတာပါပဲ။ ဒါကြောင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့အတွက် လုပ်သာကိုင်သာရှိမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေဖန်တီးဖို့ မြန်မာ တာဝန် ရှိသူတွေ ကြိုးစားရမှာပါ။

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး

နိုင်ငံတကာကနေ ပေးအပ်လိုက်တဲ့ အကူအညီတွေနဲ့ လှူဒါန်းမှုတွေကို ပြည်သူအများစု ခံစားရတဲ့ အခြေအနေမျိုး မရောက်ဖူးဆိုရင် နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေကို တွန်းတင်ဖို့ ခက်ခဲပါလိမ့်မယ်။ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ အစိုးရနဲ့ ရင်းနှီးတဲ့သူတွေပဲ စီးပွားရေး လုပ်ငန်း ကြီးတွေမှာ ကြီးစိုးထားလေ့ရှိတာကြောင့် စနစ်တကျသာ စီမံခန့်ခွဲမှု မလုပ်ဘူးဆိုရင် နိုင်ငံ တကာက ပေးအပ်လိုက်တဲ့ အကူအညီတွေကို လူအများစု ဆီရောက်အောင် ဖန်တီးဖို့ ခက်ခဲ မှာပါ။ အဲဒီအခြေအနေကို အသက်သာဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ နိုင်ငံတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြားလာအောင် ဖန်တီးဖို့ပါပဲ။ ဒါဟာ စီးပွားရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်း လုပ်ငန်းစဉ်တွေကို ထိရောက်စေပါလိမ့်မယ်။

Christian Science Monitor တွင် ရေးသားခဲ့သော Joseph J ၏ Changing Foreign Aid ကို ပြန်ဆိုသည်။

၁၆-၁၂-၂၀၁၃ ရက်ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာ အတွဲ-၁၊ အမှတ် ၂၅၄ မှ ကူးယူဖော်ပြသည်။
https://www.facebook.com/politicalarticlesofmyanmar

No comments:

Post a Comment