ဘုန်းအောင်
NLD ၏ တောင်းဆိုချက်
အခုရက်ပိုင်းအတွင်းမှာပဲ NLD ပါတီက အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြီးလေးကြီး
လေးပွင့်ဆိုင် တွေ့ဆုံဖို့ သမ္မတဦးသိန်းစိန်ဆီကို စာအားဖြင့်
မေတ္တာရပ်ခံမယ် ဆိုတဲ့ ထုတ်ပြန်ချက် သတင်းကို ဖတ်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ Compromise လုပ်ဖို့ လှမ်းလိုက်တဲ့ ခြေလှမ်းတစ်ရပ်
ဆိုတဲ့ သဘောမျိုး တွေ့ရှိရပါတယ်။
ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေလှမ်း
အောင်မြင်နိုင်ဖွယ်ရာ မရှိ ဆိုတဲ့ ပြောကြားချက်တွေလည်း တွေ့ရှိရပါတယ်။
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်း ဦး က
“ဒေါ်အောင်ဆန်းစုကြည် တံခါးခေါက်မှားနေပြီ။ ဟိုဘက်က ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ဘယ်ပြင် ပါ့မလဲ။ ဖက်ဒရယ် ပြည်ထောင်စုတောင် မနည်း မလွယ်ဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ချင်တဲ့နေရာမှာ သမ္မတ ပြင်ချင်တာတမျိုး၊ လူထုက
ဖြစ်ချင်တာ တမျိုး၊ တိုင်းရင်းသားတွေက ဖြစ်ချင်တာတမျိုး၊ ဒီမို
ကရေစီဘက်တော်သားတွေက ပြင်ချင်တာက တမျိုး။ တပ်မတော်ဘက်က ဖြစ်ချင်တာက တမျိုး
အမျိုးမျိုး တွေဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်
အောင်မြင်ဖို့ ခက်ခဲမယ်ထင်တယ်” ဆိုပြီး ပြောတာလည်း တွေ့ရပါတယ်။
ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း “သူ့ဟာက
စိတ်ကူးယဉ် ဆန်တယ်။ သူနည်းနည်း ယုံကြည်မှု လွန်ကဲနေတယ်။ ယုံကြည်မှု
သိပ်များနေသလားလို့ တွေးမိတယ်။ လူထုဆန္ဒခံပွဲက ရလာဒ်တွေကို လွှတ်တော်မှာ
တင်ပြ။ ဒီရလာဒ်က လူထုပွဲတွေက ရလာတာလို့ လွှတ်တော်ကို တင်ပြလို့ရတယ်။ အဲဒါမှ
သဘာဝကျတယ်။ အခုက သမ္မတကို မေတ္တာရပ်ခံတယ် ဆိုပေမယ့် လို့ သူက သမ္မတကို
အမိန့်ပေးနေတာ။ အခု သူရဲ့မေတ္တာရပ်ခံချက်က လက်တွေ့မကျဘူး။ လူထုက ဒါတွေ ကို
ပြင်ချင်လို့ အဆိုတင်ပါတယ် ဆိုပြီး လွှတ်တော်မှာ အဆိုတင်သင့်တယ်။
ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်ပဲ။ လွှတ်တော်က လုပ်ပေါ့။
ဆွေးနွေးပေါ့။ ဒါမျိုးပဲ လုပ်လို့ ရတယ်” ဆိုပြီး ဝေဖန်တာလည်း တွေ့ရပါတယ်။
NDF ပါတီက ဦးခင်မောင်ဆွေဆိုရင် “ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စကို
သူတို့လေးဦးကပဲ ဘာ လုပ်မယ်၊ ညာလုပ်မယ် ဆိုတာမျိုးလုပ်ရင် ကျွန်တော်တို့က
လက်မခံပါဘူး။ တိုင်းပြည်ရဲ့ကံကြမ္မာကို သူတို့ လေးဦးရဲ့ လက်ထဲကနေ
ဆုံးဖြတ်မယ့်ပုံစံက သိပ်ပြီးအဓိပ္ပါယ် မရှိဘူး။ ပြည်သူကို ဦးစားပေးရမယ်။
ပြည်သူက သူတို့အပေါ်မှာပဲ ရှိရမယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ပြောကြားခဲ့တာ
တွေ့ရပါတယ်။ ဒါတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေလှမ်းအပေါ်မှာ ဝေဖန်ကြတာတွေ
ဖြစ်ပါတယ်။
ပါတီကြီးစိတ် ၀င်နေသလား
ဒေါ်အောင်ဆန်းစုကြည်ဟာ
လွှတ်တော်တွင်းမှာ ကော်မတီဥက္ကဌအနေနဲ့ အားကြိုးမာန်တက် ဆောင်ရွက် နေတာတွေနဲ့
ဆန့်ကျင်ဘက်ဖြစ်နေတာ စဉ်းစားစရာပါ။ အခုနောက်ပိုင်းမှာ ထင်ရှားလာတဲ့
စု-မန်း မဟာမိတ်ဝင်ရိုးတန်းကို ကျော်လွန်လာတဲ့ ဒီခြေလှမ်းဟာ
တစ်ကယ်တမ်းမှာတော့ သတိထား ဆင်ခြင် စရာ ဖြစ်နေပါတယ်။ လွှတ်တော်ရဲ့သဘောထားက
ပြင်သင့်တာတွေ အကုန်ပြင်မယ်ဆိုတဲ့ အသံထွက် နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်အရောက် ပို့ဆောင် ပေးမယ့် အခြေခံဥပဒေ
ပုဒ်မ ၅၉(စ)ဟာ ဆိုရင် NLD ရဲ့ တောင်းဆိုချက်မှာ ဖုံးကွယ်ထားတဲ့ ပစ်မှတ်
ဖြစ်နေလေသလား။ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်မယ့် ဖြစ်နိုင်ချေဟာ
လွှတ်တော်တွင်းမှာ အောင်မြင်ဖို့ အလားအလာ သိပ်ကိုနည်းပါးသွားပြီဆိုတာကို
အသိအမှတ်ပြုဝန်ခံလိုက်တဲ့သဘောလား စတဲ့ စဉ်းစား စရာတွေ ဖြစ်လာပါတယ်။
နောက်တစ်ချက်က လွှတ်တော်ကိုယ်စားလှယ်တွေ ဝေဖန်ပြောကြားနေကြ သလို
ကျန်တဲ့ပါတီတွေကို မျက်စေ့ထဲ ထည့်ကို မတွက်တော့တာလား။
လူထုထောက်ခံမှုအများဆုံး ပါတီကြီး ဆိုတဲ့ ယူဆချက်နဲ့ ကျန်တဲ့ပါတီတွေကို
အဆင့်အတန်းခွဲခြားလိုက်တဲ့ သဘောလား။ ဒီလုပ်ရပ် ဟာ ဒေါ်အောင်ဆန်းစုကြည်
ပြောပြောနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးမှာ အားလုံးပါဝင်ရမယ်၊ အားလုံး
ပါဝင်သင့်တယ် ဆိုတဲ့ မူဝါဒနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
အဆိုးဆုံးကတော့ လက်ရှိကိုယ်တိုင် ပါဝင်ဆောင်ရွက်နေတဲ့
ဥပဒေပြုရေးမဏ္ဍိုင်အပေါ်မှာ အယုံ အကြည် လုံးဝမရှိတော့ဘူးလို့ ထုတ်မပြောရုံတမယ်
ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီဆိုလို့ NLD တစ်ခုတည်းသာ
ရှိတာမဟုတ်ပါဘူး။ ဒီပါတီတွေက ခေါင်းဆောင်တွေကရော အခုလုပ်ရပ်အပေါ်မှာ
ဘယ်လိုသဘောထားမလဲ။ တစ်ကယ်တမ်း ပွင့်ပွင့်လင်းလင်း ပြောရရင်
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ လွှတ်တော်က လုပ်ဆောင်နေတဲ့
လေ့လာသုံးသပ်ရေးလုပ်ငန်းစဉ်အပေါ်မှာ အယုံအကြည် မရှိဘူး ဆိုတာကို
ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီသဘောမှာ သဘောထားကွဲလွဲခွင့်
ရှိပေမယ့် အများဆန္ဒကို နောက်ဆုံးမှာ လိုက်လျောရတာပဲ ဖြစ်ပါတယ်။
ရည်ရွယ်ချက်တွေ၊ စေတနာတွေ ဘယ် လောက်ကောင်းကောင်း တင်သမျှအဆိုတွေ
ပယ်ချခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်ရဲ့
လွှတ်တော်တွင်းပုံရိပ်တွေက သက်သေပြနေပါတယ်။ ကြည့်လိုက်ရင်
မတ်တပ်ရပ်မဲခွဲတဲ့အခါတိုင်း တစ်ယောက်တည်း ထီးတည်းကြီး မတ်တပ်ရပ်နေတဲ့
ဦးသိန်းညွန့်ဟာ မမောနိုင်၊ မပမ်းနိုင် အဆိုတွေ ဆက်လက်တင်သွင်းနေတုန်းပါပဲ။
လွှတ်တော်စနစ်မှာကိုက လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမှုနဲ့ အတည်ပြုတာပဲ
မဟုတ်ပါလား။
NLD ရဲ့ ပြင်ဆင်ရေးပေါ်မှာ လူထုဘယ်လောက်လိုက်နေသလဲ
ဒါကိုထောက်ပြရင် အဆိုးမြင်ဝါဒီသက်သက်ပဲ ဆိုပြီး ပြောချင်လည်း
ပြောကြပါလိမ့်မယ်။ ရန်ကုန် မြို့တော် မှာ လူဦးရေ (၆)သန်း ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတစ်တိုင်းလုံးမှာဆိုရင် လူဦးရေ (၁၀) သန်း လောက်
ရှိပါလိမ့်မယ်။ NLD ပါတီရဲ့ အခြေခံဥပဒေဆိုင်ရာ ရန်ကုန်တိုင်းလုံးကျွတ်
ဆန္ဒခံယူပွဲမှာ တက်ရောက်ခဲ့တဲ့ ပြည်သူလူထုအရေအတွက်ဟာ နှစ်သောင်းကျော်ပဲ
ရှိခဲ့တာ တွေ့ရပါလိမ့်မယ်။ ဒီတက် ရောက်လာတဲ့သူတွေထဲမှာ NLD ပါတီဝင် အများစု
ဖြစ်တယ်၊ ကိုယ့်ပါတီဝင်တွေကို ပြည်သူလူထုဆိုပြီး ရောကြိတ်တယ် ဆိုတဲ့
ဝေဖန်ချက်တွေလည်း ကြားသိရပါတယ်။ ရှင်းရှင်းပြောရရင် ဒါဟာ NLD ပါတီက
ပြင်ဆင်လိုတဲ့အချက်တွေကို ပြည်သူတွေက ပြင်ဆင်ချင်တဲ့အချက်တွေဆိုပြီး
လူထုကို နားလှည့်ပြီး ပါးရိုက်လိုက်တဲ့ သဘောပဲ လို့ ပွင့်ပွင့်လင်းလင်း
ပြောကြားလိုပါတယ်။
အမှန်တော့ ပြည်သူလူထုအနေနဲ့
နိုင်ငံရေးရေချိန်နိမ့်ပါးခဲ့တဲ့ အတိတ်ကာလ အာဏာရှင်စနစ်အောက်
နေခဲ့ရတာတွေကြောင့် အခြေခံဥပဒေနဲ့ပတ်သက်လို့ စိတ်ဝင်စားမှု အင်မတန်
နည်းပါတယ်။ နေ့စဉ်ထုတ် သတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်အရ
ရန်ကုန်တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးမှုအမြင့်မားဆုံး မြို့နယ်(၁၂)မြို့
နယ်မှာ လူထုစစ်တမ်း ကောက်ယူခဲ့မှုအရ လူဦးရေ(၁၁၁၀)မှာ (၁၂)ဦးကပဲ
အခြေခံဥပဒေကို အလေးထား ဖတ်ရှုကြတယ် ဆိုတာ သိရှိရပါတယ်။ ဒါဟာ လက်ရှိမြန်မာ
ပြည် ပြည်သူလူထုရဲ့ အခြေခံဥပဒေဆိုင်ရာ ဗဟုသုတအမှန်ပဲ ဖြစ်ပါတယ်။
ကျန်တဲ့ ပုဒ်မတွေ ထည့်မတွက်ဘဲ အခုအချိန်မှာ ပုဒ်မ ၅၉(စ)နဲ့ ပတ်သက်လို့
ပြည်သူတွေကို အကျေ အလည် ရှင်းပြပြီး ဒီတစ်ခုတည်းကိုပဲ ပြင်သင့်-မပြင်သင့်
စစ်တမ်းကောက်ယူကြည့်ရင် NLD ပါတီ ထင်မှတ်မထားတဲ့ ရလဒ်တစ်ခု
ထွက်ပေါ်လာပါလိမ့်မယ်။ ပြည်သူကို အကျေအလည် ရှင်းပြဖို့တော့ လိုပါ လိမ့်မယ်။
အဲဒါကိုတော့ ရဲရဲကြီး ပြောရဲပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြည်သူတွေ
နိုင်ငံရေး အသိ မနိမ့်ပါဘူး ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်လာပါလိမ့်မယ်။
NLD အတွက် မေးခွန်းများ
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသလို လေးပွင့်ဆိုင် တွေ့ပါပြီတဲ့။
အားလုံးကောင်းပါသည် ခင်ဗျား ဆိုပြီး ဖြစ်လာမယ်လို့ ထင်ပါသလား။ ဒါကိုလည်း
ရှင်းရှင်းလင်းလင်း စဉ်းစားဖို့ လိုပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ
လွှတ်တော်ထဲကစရမှာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဌ(၂)ဦးက ဒေါ်အောင်ဆန်းစုကြည်
တောင်းဆိုတဲ့အတိုင်း လက်ခံပါပြီတဲ့။ လွှတ်တော် အမတ်တွေ အကုန်လုံးကရော
လက်ခံမှာတဲ့လား။
လွှတ်တော်ထဲမရောက်သေးတဲ့
လွှတ်တော်ပြင်ပနိုင်ငံရေးပါတီတွေ၊ ၂၀၁၅ မတိုင်ခင် ထပ်မံထွက်ပေါ် လာမယ့်
နိုင်ငံရေးပါတီတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီး ထွက်ပေါ်လာမယ့်
တိုင်းရင်းသားတွေ ရဲ့ နိုင်ငံရေးပါတီတွေ အစရှိတဲ့ နိုင်ငံရေးပါတီတွေကလည်း
NLD နဲ့ တစ်သဘောတည်း ရှိမှာတဲ့လား။ နိုင်ငံရေးပါတီ မထောင်ပေမယ့်
လူထုအကျိုးအတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်နေတဲ့ ၈၈ မျိုး ဆက်အပါအ၀င်
ထွန်းသစ်လာတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ သူတို့ ကရော
ဒီနိုင်ငံ၊ ဒီပြည်သူတွေပဲဖြစ်တာမို့ ကိုယ့်ပြည်သူတွေအတွက် အရေးကြီးလှတဲ့
အခြေခံဥပဒေပြင်ဆင်ရေး မှာ တစ်ခွန်း တစ်ပါဒမှ ပြောခွင့်၊ ဆွေးနွေးခွင့်
မရှိတော့ဘူးလား။
နောက်တစ်ချက်က ဒီကနေ့ ဦးသိန်းစိန်အစိုးရနဲ့
စေ့စပ်ညှိနှိုင်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေအားလုံးကလည်း
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတာကို သဘောတူတယ်ဆိုပြီး လက်နက်တွေ စွန့်ကြ၊
ငြိမ်းချမ်းရေးပန်းခင်းကြီး ချက်ချင်းပွင့်ပြနဲ့ ဖြစ်လာမှာတဲ့လား။
သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲပြီးရင်
နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေကထွက်လာမယ့် တောင်းဆိုချက်တွေက
တစ်ကယ့်လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ပေးမယ့်
အခြေခံဥပဒေပြင်ဆင်ရေးမူဝါဒတွေ ဖြစ်လာပါလိမ့်မယ်။ ဒါတွေကိုလည်း အခြေခံ ဥပဒေ
ပြင်ဆင်ဖို့ အဓိကတာဝန်ရှိတဲ့ လွှတ်တော်က ၀ိုင်းဝန်းဆွေးနွေးအတည်ပြုရဦးမှာ
ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ဘက်ကကြည့်ရင်လည်း တိုက်ကွက်ပုံစံ
အသစ်အဆန်းနဲ့ NLD ပါတီရဲ့ လေးပွင့်ဆိုင် တောင်းဆိုချက်ကို
လိုက်လျောလိုက်ရင် အားလုံးပြီးပြည့်စုံပြီ ဖြစ်လာမှာတဲ့လား။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အားလုံးပါဝင်ပေး” ဖို့ ဆိုရင်
လက်ရှိမဏ္ဍိုင်ကြီး(၃)ရပ်က တရားစီရင်ရေးမဏ္ဍိုင်လည်း ပါရပါလိမ့်မယ်။
အလုပ်မရှိဖြစ်နေတဲ့ အခြေခံဥပဒေခုံရုံး၊ နောက် ရွေးကောက်ပွဲကော်မရှင်၊
တိုင်းဒေသ ကြီး/ပြည် နယ်အစိုးရတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေ
ဒါတွေအားလုံးလည်း ပါရပါလိမ့်မယ်။ ဒါတွေက လက်ရှိ နိုင်ငံတော်ရဲ့
အင်စတီကျူးရှင်းတွေ ဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ပါဝင်တဲ့ အင်စတီ
ကျူးရှင်းတွေအပြင် အခြေခံဥပဒေမှာ မပါဝင်တဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ် ဘက်လူ့အဖွဲ့အစည်းတွေ၊
ပြီးတော့ ပြည်သူတွေအားလုံး ပါဝင်ဖို့ လိုပါတယ်။ NLD ကိုပဲ ဦးတည်ပြီး
ပြင်ဆင်ရေးဆောင်ရွက်ရမယ် ဆိုရင် တရားမျှတပါ့မလား။ NLD ပြောသမျှကို
မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံ ရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊
ပြည်သူတွေ အကုန်လုံးက “အားလုံးသဘော တူပါသည် ခင်ဗျား” ဆိုပြီး
ဖြစ်လာမှာတဲ့လား။
အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိက တာဝန်ရှိသူ၊
အဓိကလုပ်ဆောင်ရမယ့်သူတွေက လက်ရှိ လွှတ်တော်ထဲမှာထိုင်နေတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ အခု သွားနေတဲ့ ပြင်ဆင်ရေး
လမ်းကြောင်းက (၂)ကြောင်း ရှိပါတယ်။ တစ်ကြောင်းက လွှတ်တော်က
လက်ရှိဆောင်ရွက်နေတဲ့ လေ့လာသုံးသပ်ရေးကော်မတီကို တည်ပြီး ဆောင်ရွက်နေတဲ့
လမ်းကြောင်း ဖြစ်ပါတယ်။ အဲဒီကော်မတီက ထွက်ပေါ်လာမယ့်
ပြင်ဆင်ရေးအဆိုပြုချက်တွေကို ကြည့်ပြီး သွားရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ သမ္မတဦးသိန်းစိန် ဆောင်ရွက်နေတဲ့
ပြည်တွင်းငြိမ်းချမ်းရေးမှာပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက်
ပေါ်လာမယ့် တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ်များတန်းတူရေး စတဲ့
ပြင်ဆင်ရေးအဆိုပြုချက်တွေ ဖြစ် ပါတယ်။ ဒီပြင်ဆင်ရေးအဆိုပြုချက်တွေ
ထွက်ပေါ်လာဖို့အတွက် ဦးအောင်မင်းတို့ ပြောကြားချက်တွေမှာ
သတိပြုသင့်တဲ့အချက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင်
နိုင်ငံရေးပါတီတွေ၊ အရပ် ဘက် လူ့အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ
အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ် လာရေးပဲ ဖြစ်ပါတယ်။
ဒီလမ်းကြောင်း (၂)ကြောင်းဟာ လက်တွေ့ကျပြီး အမှန်တစ်ကယ်လည်း အလုပ်ဖြစ်မယ့်
လမ်းကြောင်း တွေပဲ ဖြစ်ပါတယ်။ NLD အနေနဲ့ ဒီလမ်းကြောင်း(၂)ကြောင်းမှာပဲ
လွှတ်တော်ထဲက ပါဝင်မှု၊ အခု နောက်ဆုံး ချင်းမိုင်သွားရောက်ခဲ့တဲ့ NLD ရဲ့
ပါဝင်မှုမျိုးနဲ့ပဲ ပြင်ဆင်ရေးလမ်းကြောင်းကို ပူးပေါင်း ပါဝင် သင့်တယ် လို့
ယူဆပါတယ်။ ဒီလို မဟုတ်ဘဲ ကြားထဲက ဖောက်ထွက်ပြီး ပြင်ဆင်ရေးကို ဦးဆောင်မယ်
ဆိုတဲ့ ရည်မှန်းချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဝေဖန်သလို
လက်တွေ့မကျဘူး၊ စိတ်ကူး ယဉ်တယ် လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
နောက်ဆုံး အရေးကြီးတဲ့ မေးခွန်းကတော့ လွှတ်တော်ထဲမှာ
ပုဒ်မ(၁၈)ဖျက်သိမ်းရေးကို တွန်းအားပေး ဆောင်ရွက်နေတာနဲ့
အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆက်စပ်နေသလား ဆိုတာပဲ ဖြစ်ပါတယ်။ ပုဒ်မ(၁၈)
ပျက်ပြယ်သွားရင် သွေးဆူသူ၊ အစစဆန့်ကျင်လိုသူတွေ ထင်တိုင်းကြဲဘို့
လမ်းပေါ်ထွက်နိုင်တော့မှာ ဖြစ်ပါတယ်။ အခု ပြင်ဆင်ရေးအတွက် တောင်းဆိုခဲ့ပြီး
မရခဲ့ရင် NLD အဆိုး မဟုတ်တော့ဘူးဆိုပြီး လူထု ကို လမ်းပေါ် ခေါ်ထုတ်တော့မယ့်
သဘောလား ဆိုတာလည်း သံသယဖြစ်စရာ သိပ်ကောင်း နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
နေပြည်တော်လူထုဆန္ဒခံယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် “အခြေခံ ဥပဒေ
ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်က ထိရောက်စွာမလုပ်ဆောင်နိုင်ပါက ဆက်လက်
ဆောင်ရွက် သွားမည့် အစီအစဉ်များရှိကြောင်း၊ လူထုအင်အားဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့တာကို
တွေ့လိုက်ရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ လူထုကို လမ်းပေါ်ထွက်မယ့် အလုပ်
ဆိုရင်တော့ ပြင်းပြင်း ထန်ထန်ပဲ ကန့် ကွက်ရပါလိမ့်မယ်။
ဗျူဟာမြောက် အမှားခြေလှမ်း
ပြန်ပြီး သုံးသပ်ကြည့်ရင် NLD ပါတီရဲ့ ဗျူဟာမြောက်ကစားကွက်ဟာ
ဗျူဟာမြောက်အမှားခြေလှမ်း ဖြစ်လာနိုင်ပါတယ်။ NLD ပါတီအနေနဲ့ လေးပွင့်ဆိုင်
တောင်းဆိုချက်ဟာ လက်ရှိနိုင်ငံရေးအခင်းအကျင်း နဲ့ ကိုက်ညီမှု
မရှိနိုင်ပါဘူး။ ဒီလိုမျိုး ဈေးဆစ်တမ်းကစားတဲ့ အပေး-အယူဟာ
ဦးသိန်းစိန်အစိုးရ ပေါ်မလာ သေးခင် စစ်အစိုးရလက်ထက်မှာ လုပ်သင့်ခဲ့တဲ့
အနေအထားမျိုးပါပဲ။ အဲဒီအချိန် အဲဒီကာလ တုန်းက
နိုင်ငံတကာကျွမ်းကျင်သူတွေရော၊ ပြည်တွင်းကနိုင်ငံရေးလေ့လာသူတွေကပါ
စစ်အစိုးရနဲ့ အပေး အယူလုပ်ဖို့ တိုက်တွန်းခဲ့ကြတာတွေ ရှိပေမယ့် NLD ဟာ
အလျှော့ပေးရာရောက်တယ် ဆိုပြီး ခေါင်းမာမာ နဲ့ ညှိနှိုင်းရေးကို
ကျောခိုင်းခဲ့တာပဲ ဖြစ်ပါတယ်။
သမ္မတ ဖြစ်ရေးအတွက်
အချိန်နီးကပ်လာလေလေ လောလာလေလေ သဘောမျိုးလည်း မယူဆလို ပါဘူး။ မြန်မာပြည်မှာ
သမ္မတဖြစ်ရေးထက် အရေးကြီးတာတွေ အများကြီးရှိပါတယ်။ အခြေခံဥပဒေ ပြင်ဖို့
လိုချင်လိုမှာပါ။ ခေတ်နဲ့ မလျော်ညီတော့တဲ့ တည်ဆဲဥပဒေပေါင်း (၄၀၀)ကျော်ကို
ပြင်ဖို့လိုပါတယ်။
ဒီလိုပါပဲ ဈေးကွက်ကိုလည်း ပြင်ရပါလိမ့်မယ်။
ပညာရေး၊ ကျန်းမာရေး၊ ပြည်သူတွေအတွက် သက်သာ ချောင်ချိရေး၊
လျှပ်စစ်မီးရရှိရေး စတဲ့ အရေးကြီးတာတွေလည်း ပြင်ရပါလိမ့်မယ်။ လမ်းတွေလည်း
ပြင်ရ ပါလိမ့်မယ်။ လယ်ယာတွေကိုလည်း ပြင်ရပါလိမ့်မယ်။ ခရိုနီတွေ
လက်ဝါးကြီးအုပ်နေတာတွေလည်း ပြင် ရပါလိမ့်မယ်။ လွှတ်တော်အမတ်တွေ
အရည်အချင်းတက်လာအောင် ပြင်ဖို့ လိုသလို အစိုးရဌာနတွေ
အဂတိလိုက်စားမှုပပျောက်အောင်လည်း ပြင်ရပါလိမ့်မယ်။ ပြင်စရာတွေကတော့
တစ်နိုင်ငံလုံး အများ ကြီးပါပဲ။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုထက်
ပိုပြီးအရေးကြီးတဲ့ ပြည်သူ သန်း(၆၀)နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ပြင်စရာတွေက
အခြေခံဥပဒေတစ်ခုတည်း မဟုတ်ပါဘူး ဆိုတာကိုလည်း ထောက်ပြ လိုပါတယ်။
သမ္မတဦးသိန်းစိန်သို့ တိုက်တွန်းချက်
အခုနောက်ဆုံး သမ္မတဦးသိန်းစိန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ဟာ သင့်မြတ်ကောင်းမွန်ကြောင်း၊
သို့သော်လည်း NLD အပြင် နိုင်ငံရေးပါတီပေါင်း (၅၈)ပါတီရဲ့
သဘောထားတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း၊ အခြေခံဥပဒေအရ
ပြင်ဆင်ခွင့် ပေးထား ပြီး ဒီအခွင့်အာဏာနဲ့အညီ
လေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်းဆောင်ရွက်နေတဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့
အခန်းကဏ္ဍကို လေးစားဖို့လိုအပ်ကြောင်း၊ ဒါကြောင့် လေ့လာသုံးသပ်ရေး ကော်မတီရဲ့
အစီရင်ခံစာထွက်ပေါ်လာချိန်အထိ စောင့်ဆိုင်းသင့်ကြောင်း
သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒုဝန်ကြီးဦးရဲထွဋ် က ထုတ်ဖော် ပြောကြားလိုက်တာ
တွေ့ရှိရပါတယ်။ မှန်ပါတယ် သမ္မတကြီးခင်ဗျား။ လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့
အခွင့်အာဏာကို လေးစားသမှု ပြုရမှာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အဖွဲ့အစည်းအမျိုးမျိုး၊
လူပုဂ္ဂိုလ်မျိုးစုံအနေနဲ့ ပြင်ဆင်လိုတဲ့သဘောထား အများကြီးရှိပါတယ်။ ဘာအတွက်
ပြင်မှာလဲ၊ တစ်ဦးတစ်ယောက်တည်း အတွက်လား၊ အဖွဲ့အစည်းတစ်ခုတည်းအတွက်လား၊
ပြည်သူ သန်း(၆၀)အတွက်လား စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်အတွက်
ပထမဆုံး မရှိမဖြစ် လိုအပ်ချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပါ တယ်။
ပြည်တွင်းငြိမ်းချမ်းရေးဟာ တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ်များရဲ့
အခွင့်အာဏာ ဒါတွေနဲ့ အဓိကဆက်စပ်နေပါတယ်။ ဒီကနေ့ သမ္မတကြီး ဆောင်ရွက်နေတဲ့
ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လောက် ခက်ခဲတယ် ဆိုတာလည်း မေးစရာ မလိုပါဘူး။
နိုင်ငံရေး ပြဿနာတွေ ဖြစ်တဲ့အတွက် ဒီပြဿနာတွေ ပြေ လည်ဖို့၊
မြန်မာပြည်တစ်ပြည်လုံး ငြိမ်းချမ်းပြီး အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်ဖို့
ပြည်တွင်း ငြိမ်းချမ်းရေးကို ရရှိစေမယ့် အခြေခံဥပဒေပြင်ဆင်ရေးကို
ထိပ်ဆုံးမှာ ဦးစားပေး ပြင်ဆင်သင့်ပါကြောင်း အကြံပြုလိုပါတယ်။
ဒီရည်မှန်းချက်ဟာ တစ်ပြည်လုံးရဲ့ လိုလားတောင့်တချက်လည်း ဖြစ်ပါတယ်။
ဒုတိယရည်မှန်းချက်အနေနဲ့ ပျောက်ဆုံးနေတဲ့ ဒီမိုကရေစီသဘောတရားတွေ အပြည့်အဝ
ဖြစ်တည် လာစေဖို့ အလေးထားပြင်ဆင်သင့်ပါတယ်။ ဥပမာအားဖြင့် လွှတ်တော်(၂)ရပ်
အင်အားချင်းမညီမျှ တာကို ညီမျှလာအောင် ပြင်ဆင်တာမျိုး (အခုအချိန်မှာ
ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားဆိုရင် ပြည်သူ့ လွှတ်တော်သဘောထားက
အဓိကဖြစ်နေပါတယ်)၊ အခြေခံဥပဒေဆိုင်ရာခုံရုံးကို ဖြုတ်ပြီး
ခုံရုံးလုပ်ပိုင်ခွင့် တွေကို တရားရုံးချုပ်ကို ပေးအပ်ထားတာမျိုး၊ ဥပဒေတွေ
ပြဌာန်းတဲ့အချိန်မှာ သမ္မတရဲ့ ပြင်ဆင်ချက်ကို လွှတ်တော် အမတ် ၃ ပုံ ၂ ပုံ
ကန့်ကွက်မှ ပယ်ချနိုင်တာမျိုး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဆိုပြီး (၂)မျိုး
ကွဲနေတာကို ပြည်နယ်(၁၄)ခုဆိုပြီး ပြောင်းလဲခေါ်တွင်တာမျိုး (မန္တလေးပြည်နယ်၊
ရန်ကုန် ပြည်နယ်၊ ပဲခူး ပြည်နယ်)၊ ဘယ်လိုအခြေအနေမျိုးတွေမှာဆိုရင်
လွှတ်တော်တစ်ရပ်လုံး ဖျက်သိမ်းခွင့် အခွင့်အာဏာကို
သမ္မတထံပေးအပ်ထားတာမျိုး(အခုအခြေခံဥပဒေမှာ လွှတ်တော်ကို ဘယ်သူဖျက်သိမ်း
နိုင်တယ် ဆိုတာ မပါပါဘူး) စတဲ့ ဒီမိုကရေစီနဲ့ Check And Balance စနစ်
ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးကို ဦးတည်ပြီး အလေးထား ပြင်ဆင်သင့်ပါတယ်။
ဒါမှလည်း တစ်ဘက်သတ် လွှမ်းမိုး ကြီးစိုးနေတာတွေ ပျောက်ပျက် သွားမှာ
ဖြစ်ပါတယ်။ ဒါတွေဟာ ဒီကနေ့ ခေတ်အတွက်သာမက နောင်အရှည်သဖြင့်
ကောင်းမွန်စေမယ့် ကိစ္စရပ်တွေ ဖြစ်ကြောင်း တိုက်တွန်းလိုပါတယ်။
သမ္မတဦးသိန်းစိန်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်
လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုအားလုံးနဲ့ တွေ့ဆုံပြီး
အကြံပြုချက်တွေရယူဖို့၊ ဒီအကြံပြုချက်တွေကို စုစည်းပြီး လွှတ်တော်နဲ့
ပြန်လည်ညှိနှိုင်းပေးဖို့ တောင်းဆိုလိုပါတယ်။ သန်း(၆၀)ကို ထောက်ထားပြီး NLD
သာမက တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ Civil Society တွေ အပါအ၀င်
နိုင်ငံရေးအင်အားစုအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးပေးဖို့ တောင်းဆိုလိုပါတယ်။
ပြင်စရာတွေ တစ်နိုင်ငံလုံး မှိုလိုပေါက်နေတဲ့ အခြေအနေမှာ
အခြေခံဥပဒေပြင်ဆင်ရေးတစ်ခုတည်း ကွက်ပြီး မကြည့်ဘဲ ပြည်သူသန်း(၆၀)အတွက်
ပြင်စရာရှိတာ အကုန်လုံးပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်ရပါတယ်။
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၈)မှ ကူးယူဖော်ပြသည်။
https://www.facebook.com/politicalarticlesofmyanmar
No comments:
Post a Comment