Monday, December 16, 2013

“လောင်းကြေးထပ်ရဲတယ်၊ သမ္မတဦးသိန်းစိန်ပဲ ဒုတိယသက်တမ်းကို တာဝန်ယူမှာပါ”

“မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တနာ နှင့် တွေ့ဆုံခြင်း”

ဝင်းဖေမောင်

ဝင်းဖေမောင် - ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲရောက်ကတည်းက သူရဦးရွှေမန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေရှိနေပါတယ်။ အချို့ပညာရှင် တွေကတော့ သူက သမ္မတဦးသိန်းစိန်နဲ့ ဆက်ဆံရေးကောင်းမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သူရဦးရွှေမန်းနဲ့ ရင်းနှီးတဲ့ဆက်ဆံမှုက ၂၀၁၅ အတွက် အတားအဆီးတစ်ခု ဖြစ်မယ်လို့ ခင်ဗျား ထင်ပါသလား။


ဘာတီးလင့်တနာ- သေချာတာပေါ့ဗျာ။ သူရဦးရွှေမန်းက Popular Figure တစ်ယောက် မဟုတ်ပါဘူး။ သူ့ကို အများစုက ရည်ရွယ်ချက်ကြီးတဲ့သူ၊ ပါဝါ Hungry ဖြစ်သူလို့ မြင်ပါတယ်။ ပြီးတော့ လူအများစုက သူ့မိသားစုက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင် ပတ်သက် နေတာနဲ့ ပတ်သက်ပြီး ဝေဖန်ကြပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ ပြောချင်တာ ကတော့ သူ့သားတွေနဲ့ ပတ်သက်တာပါ။ ပြီးတော့ ကျွန်တော်နားလည်တာကတော့ သူက စစ်တပ်ရဲ့ တိုင်းမှူးတွေကြားမှာ သိပ်ပြီးရေပန်းမစားပါဘူး။ စစ်တပ်ကျောထောက် နောက်ခံ မရှိဘဲနဲ့ သူခပ်ဝေးဝေးကို သွားနိုင်မှာ မဟုတ်ပါဘူး။


ဝင်းဖေမောင် - လာရီဂျာကန်ကတော့ ၂၀၁၅ မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်မယ်လို့ ခန်းမှန်းပါတယ်။


ဘာတီးလင့်တနာ- ၂၀၁၅ အလွန်မှာ ဘယ်သူ သမ္မတဖြစ်မယ်ဆိုတာ မပြောနိုင် ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်သူ လေးယောက်ကတော့ ရှိပါတယ်။ ပထမကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်နိုင်မယ့်ပုံ မရှိပါဘူး။ သူရဦးရွှေမန်းကလည်း သူသမ္မတဖြစ်ချင်တယ်လို့ ပြောထား ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ သူက Popular Figure မဟုတ်ပါဘူး။ သူ့မှာလိုအပ်တဲ့ စပ်တပ်ကျားကန်မှု ကင်းမဲ့နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်း သမ္မတဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် မှတ်ထားရမှာက KIA နဲ့ ပတ်သက်တဲ့ စစ်တပ်စစ်ဆင်ရေးတွေ မအောင်မြင်မှုပါပဲ။ သူက စစ်တပ်က လိုင်ဇာကို တစ်လအတွင်းသိမ်းမယ်၊ ပြီးတော့ သုံးလအတွင်း KIA ကို ချေမှုန်းမယ်လို့ ကတိပေးထား ပါတယ်။ ဘာမှ အကောင်အထည် မဖော်ခဲ့ပါဘူး။ အဲဒီအစား စစ်တပ်က ဆယ်စုနှစ် များစွာကြာတဲ့ စစ်ပွဲအတွင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ ဆုံးရှုံးမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော့် အမြင်အရတော့ အချို့စစ်တိုင်းမှူးတွေက သည့်အတွက် သူတာဝန်ရှိတယ်လို့ မြင်နေကြပါတယ်။ ပြီးတော့ သူက ပြည့်စုံတဲ့ အရည်အချင်းမရှိဘူးလို့လည်း အပြစ်တင် နေကြပါတယ်။ အကယ်၍ စစ်တပ်က သူသမ္မတဖြစ်ဖို့ သဘောတူရင်လည်း သူ့ကို စစ်တပ် က ထွက်သွားစေချင်လို့ပဲ နေမှာပါ။ စတုတ္ထဖြစ်နိုင်တဲ့သူကတော့ သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်း အရွေးခံရဖို့ပါ။ သူက သူရဦးရွှေမန်းနဲ့ အခြားသူတွေလို Controversial (အငြင်းပွားစရာ ဖြစ်သော) Figure မဟုတ်ပါဘူး။ သူက နာမည်ကျော်ပါတယ်။ ကျွန်တော် ပြောရမယ်ဆိုရင် နိုင်ငံတကာတောင်မှာ သူကပေါက်ရောက်နေပါတယ်။ သူက နိုင်ငံတကာ နယ်ပယ်မှာ မြန်မာအတွက် ကြီးကျယ်ပြည့်စုံတဲ့ သံတမန်တစ်ဦးပါ။ သူက ပြည်တွင်းမှာ ကြီ်းကျယ်တဲ့ ဝေဖန်မှုတွေဖြစ်စေတဲ့ကိစ္စ ဘာမှ လုပ်ဆောင်ထားခြင်း မရှိပါဘူး။ သည်တော့ ကျွန်တော်ပြောသလိုပဲ ကျွန်တော်ဟာ ဗေဒင်ဆရာတစ်ယောက်လည်းမဟုတ်ပါဘူး။ ၂၀၁၅ မတိုင်ခင် ဖြစ်နိုင်တာတွေ ကတော့ အများကြီးပါပဲ။ ဒါပေမယ့် အခုအနေအထားအရဆိုရင် ကျွန်တော်လောင်းကြေး ထပ်ရဲပါတယ်။ သမ္မတဦးသိန်းစိန်ပဲ ဒုတိယသက်တမ်းကို တာဝန်ယူမှာပါ။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၃၀)

https://www.facebook.com/politicalarticlesofmyanmar

No comments:

Post a Comment