တစ်ခါတလေကျ စာရေးရသည်မှာ ဝဋ်နာကံနာ ခံစားရသူတစ်ယောက်လိုဖြစ်နေသည်။ ငွေကြေး
စာမူခမှာ မက်မောလောက်ဖွယ် မရှိပါပဲ ဝါသနာအရ အချိန်ကုန် လူပင်ပန်းခံ၍
ရေးသားရာ၌ လူမုန်းခံရတာ နှင့် တန်ရဲ့လားဟု စဉ်းစားမိသည်။ အာဖဂန်နစ္စတန်တွင်
ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားခြင်းအကြောင်း ဆိုသော ဆောင်းပါးကို ရေးမိတော့
ဘာသာခြားတွေက မုန်းကြသည်။ မှန်တာကို ဝေဖန်ထောက်ပြတော့
ပုဂ္ဂိုလ်ရေးကိုးကွယ်သူ ပါတီဝင်အချို့က ပုတ်ခတ်ဝေဖန်ကြသည်။
အထူးသဖြင့်
ထူးကြီး မူးကြီး ဆွေးနွေး ခန်းဟူသောဆောင်းပါး စောင့်ကြည့်ဂျာနယ်မှာ
ပါလာတော့ NLD ပါတီအချို့က ကျွန်တော့ကို အပြစ်တင် ကြသည်။ ဖေစ့်ဘွခ် မှာရော၊
လူချင်းတွေ့ကြတော့ရော ဝေဖန်ကြသည်မှာ ကျွက်ကျွက်ညံနေသည်။ ကျွန်တော့ကို NLD
ဆန့်ကျင်ရေးတွေ ရေးသည်ဟု စွပ်စွဲကြသည်။ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်မည်ဟု
တစ်ယောက်က သမုတ်သည်။ စစ်တပ်နှင့် ဆက်နွယ်ရမည်ဟု မျက်ကန်းတစ္ဆေ
မကြောက်ပြောသူက ပြောသည်။ ထောက်လှမ်းရေးဖြစ်ကောင်းဖြစ်နိုင်မည်ဟု
ထင်မိထင်ရာကို ပြောသူက ပြောသည်။ A.B.C.D တောင်တတ်ရဲ့ လား ဟု
ရန်တွေ့သူလည်းပါသည်။ ခက်သည်မှာ ကျွန်တော့ဆောင်းပါး၏ ဆိုလိုရင်းကို
တကယ်သေသေချာချာ မဖတ်ဘဲ ရမ်းဝေဖန်နေကြခြင်းဖြစ်သည်။ ဖေစ့်ဘုတ်မကောင်းကွက်မှာ
လူ တစ်ယောက်က မဟုတ်ကဟုတ်က ခေါင်းစဉ်တစ်ခုတပ် ကာ Post တစ်ခု
တင်လိုက်သည်နှင့် လူတို့သည် ထိုခေါင်းစဉ် မှန်သည် မှားသည်ကို
မဆန်းစစ်တော့ဘဲ ထိုကိစ္စကို အမှန်ကြီးအလား ရေးကြပြောကြ ဝေဖန် ကြခြင်းပေတည်း။
ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဥာဏ်ဖြင့် ဟုတ်မဟုတ် တော်မတော် ဝေဖန်ကြခြင်းပေတည်း။
ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဥာဏ်ဖြင့် ဟုတ်မဟုတ်တော်မတော်
ဝေဖန်ပိုင်းခြားခိုင်းသော ဗုဒ္ဓဘုရားရှင်၏ ကာလာမသုတ္တံနှင့်တော့
အချို့သူများမှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေသည်။
ပြောလက်စနှင့် ဆုံးခန်းတိုင်အောင် ပြောပါမည်။ ရေးလက်စနှင့် ရေးပါမည်။
သဘောထားကြီးကြီး ထား၍ ဖတ်တော်မူကြပါကုန်။ ကျွန်တော့်ဘဝတွင် ပထမဆုံးအကြိမ်
ရွေးကောက်ပွဲ မဲပေးခွင့်ရခဲ့ဖူးသော ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီကို
မဲပေးခဲ့ပါသည်။ ထို့နောက် နှစ်ပေါင်းများစွာ မြန်မာ့နိုင်ငံရေး
ဇာတ်မျောနေပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲ ထပ်လုပ်ရာ NLD ပါဝင်မလာသဖြင့်
မဲတစ်ပြား အလဟသ မဖြစ်စေလိုသောကြောင့် NLD ပါတီအား မဲပေးခဲ့ပါသည်။ ၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကျွန်တော် နေထိုင်သော မြို့နယ်မှာ
ရွေးကောက်ပွဲမရှိသဖြင့် မဲမပေးခဲ့ရပါ။ ရွေးကောက်ပွဲ ရှိခဲ့ပါမူ NLD ကိုပဲ
မဲပေး ပါမည်။ ၂၀၁၅ တွင် ရွေးကောက်ပွဲလုပ်ခဲ့လျှင်လည်း NLD ကိုပဲ
မဲပေးပါမည်။ ဘာကြောင့် NLD ကို မဲပေး သလဲဟု မေးလာလျှင်မူ လောလောဆယ်တွင် NLD
ပါတီထက်ကောင်းသော နိုင်ငံရေးပါတီမရှိဟု (ကျွန်တော်တစ်ယောက်တည်း
အယူအဆဖြစ်ပါသည်) ရိုးသားစွာ ယုံကြည်သောကြောင့် မဲပေးဖို့ ဆုံးဖြတ် ထားခြင်း
ဖြစ်ပါသည်။
ထိုသို့ဆိုလျှင် မေးစရာရှိလာသည်မှာ ကျွန်တော်သည် NLD
ပါတီဝင်လားဟု မေးလာခဲ့လျှင် မဟုတ်ပါ။ ကျွန်တော့်တစ်သက်တွင်
ဘယ်နိုင်ငံရေးပါတီကိုမှ မဝင်ဖူးပါဟု ဖြေရပါလိမ့်မည်။ ဒါဆိုလျှင် NLD ပါတီက
ဆောင်ရွက်နေသောလုပ်ငန်းများအားလုံးကို မျက်စိမှိတ်ထောက်ခံပါသလား၊
ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ဘာပြောပြော မျက်စိမှိတ်၍ ထောက်ခံပါသလားဟု
မေးလျှင် မထောက်ခံနိုင်ပါ၊ သဘောမတူ သော အချက်အလက်များကိုမူ သဘောမတူကြောင်း
ပြောမည်သာ ဖြစ်သည်ဟု အဖြေထွက် ပါသည်။
မြန်မာနိုင်ငံသည်
အာဏာရှင်စနစ်အောက်သို့ နှစ်ပေါင်းများစွာ ရောက်ခဲ့ခြင်း၏
အကြောင်းများစွာထဲမှ အဓိကအကြောင်းအချက် တစ်ခုမှာ ပုဂ္ဂိုလ်ရေး
ဆည်းကပ်ကိုးကွယ်မှု များလွန်းသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့သည် လူနှင့်
မူကိုခွဲ၍ မမြင်နိုင်ကြ။ လူကိုခင်သည်နှင့် မူကို ပြင်ကြတော့သည်။
ပုဂ္ဂိုလ်ခင်၍ တရားမင်ကြတော့သည်။ ဂျပန်ခေတ်တွင်လည်း ဒေါက်တာဘမော်ကို အဓိပတိ
အာဏာရှင်ကြီးဟူ၍ တင်မြောက်လိုက်ကြသည်။
မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီခေတ်ကလည်း ဦးနေဝင်းဆိုလျှင် ဘုရင်တစ်ဆူပမာ ချီးပ ခဲ့ကြသူတွေ
အနားမှာ ဝိုင်းဝိုင်းလည်နေ သည်။ ကပ်ဖားရပ်ဖားတွေ ခြေချင်းလိမ်နေသည်။
ဦးနုခေတ်တွင်လည်း ဝန်ကြီးချုပ်ဦးနုလာလျှင် နင်းလျှောက်သွားရန် ဆံပင်ကို
လမ်းခင်းပေးသော အမျိုးသမီးတွေပင်ရှိခဲ့သည်။ စစ်အာဏာရှင်လက်ထက်တွင်လည်း
ဟစ်တလာကို နာဇီပါတီဝင်များက ကြောက်ရသလို ခေါင်းဆောင်ကြီးတစ်ဦးကို
နောက်လိုက် များက ဦးထိပ်တင်ခဲ့ကြရသည်။ ခေါင်းဆောင် များကို ကြည်ညိုခြင်း၊
လေးစားခြင်း၊ချစ်ခင်ခြင်း၊ ထောက်ခံခြင်းသည် ကောင်းပါ၏။ သို့သော် ထိုလူ
ဘာလုပ်လုပ်၊ လုပ်သမျှအားလုံးကောင်းပါသည်ခင်ဗျားဟု
မျက်စိမှိတ်ထောက်ခံနေခြင်းသည် ဥာဏ်ပညာ မပါသော အပေါ်ယံထောက်ခံခြင်းမျိုး
ဖြစ်ပေသည်။ မြင်းထိန်းငတာက သူ၏ ဥတုဘောဇနကျမ်းကို ပစ်ခတ်ထောက်ခံနေတာကို
ယောမင်းကြီး ဦးဖိုးလှိုင်က လက်မခံခဲ့ပါ။ ပုဆိုးတစ်ထည်ပေးပြီး နောက်ကို
ငါ့ကျမ်းအကြောင်း ဘာမှမပြောနဲ့ဟု စကားပိတ်ပြောခဲ့ရသည်ကို သတိမူသင့်လှပေသည်။
ယနေ့ခေတ်တွင် မြန်မာပြည်နိုင်ငံရေးတွင် အမိမဲ့သား ရေနည်းငါး ဆိုသကဲ့သို့
ဖြစ်နေပေသည်။ ယခင် နဝတ၊ နအဖ ခေတ် တစ်လျှောက်လုံးက ရှိခဲ့သော အစိုးရနှင့်
အတိုက်အခံဟူသော အင်အားစုတွင် အတိုက်အခံဟူသော (opposition) ဟူသော
အင်အားစုမှာ မရှိသလောက်ဖြစ်သွားပြီး နိုင်ငံရေးအင်အား
ချိန်ခွင်လျှာပျက်သွားပေပြီ၊ NLD သည် ကြားဖြတ်ရွေးကောက်ပွဲတွင်
အပြတ်အသတ်အနိုင်ရပြီး လွှတ်တော်ထဲသို့ ရောက်သွားသည့်အချိန်မှစ၍
အာစေးထည့်လိုက်သည့်သဖွယ် နိုင်ငံ့အရေးအရာများတွင် နှုတ်ပိတ်၍ သွားလေပြီ။ ၈၈
မျိုးဆက်ကျောင်းသားများသည်လည်း နိုင်ငံရေးထက် လူမှုရေး၊ သာရေး
နာရေးနယ်ပယ်များသို့ ပို၍ တိမ်းညွှတ်သားလေပြီ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်
တချို့ NLD အမတ်များက ကောင်းမွန်သော မိန့်ခွန်းများ၊ အဆိုများ
တင်သွင်းသည်ကို ကြားရပါသည်။ (ဥပမာ- ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်
ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို ထုတ်ဖေါ်ကြေငြာရေး အဆို၊ ရန်ကုန်
တက္ကသိုလ်ကို ပြန်လည်ဆင့်မြှင့်တင်ရေးအဆို၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို
အဆင့်မြှင့်တင်မည့်အဆို စသဖြင့်။)
ဤသို့ကောင်းမွန်သော
အဆိုပြုချက်များ ရှိခဲ့သော်လည်း ပါတီကြီးတစ်ခုလုံးအနေနှင့်မူကား
ပြည်သူရှေ့က မားမားမတ်မတ်ရပ်တည် ရာတွင် ယခင်စစ်အစိုးရလက်ထက်ကလို
ပြည်သူနှင့် တသားတည်း အင်တိုက် အားတိုက်မရှိတော့သလို ခံစားရသည်။ အထူးသဖြင့်
ရခိုင်အရေးအခင်း၊ ကျောက်နီမော် အရေးအခင်း၊ ကချင်ပြည်တွင်းစစ်၊
စာနယ်ဇင်းလွတ်လပ်ခွင့် ကန့်သတ်ထိန်းချုပ်ရန် ပြန်ကြားရေး ဝန်ကြီးဌာနက
လွှတ်တော်တွင် ဥပဒေကြမ်းတင်သွင်းခြင်း၊ လယ်သမားများ
မတရားမြေယာသိမ်းခံရခြင်းများအား ပါတီအနေဖြင့် ထိရောက်သော တုံ့ပြန်မှုများ
လုပ်ခဲ့တာမတွေ့ရပေ။ ကချင်စစ်ပွဲကို တစ်နိုင်ငံလုံးက အုန်းအုန်းကျွတ်ကျွတ်
ဆန့်ကျင်ရာ၌ NLD ပါတီသည် ပါဝင်မလာပေ။
ရခိုင်အရေးကို ပထမဆုံး
သုံးသပ်ရာ၌ လူနည်းစု၏ အခွင့်အရေးများကို လူများစုက လေးစားရမည်ဟု
ဒေါ်အောင်ဆန်းစုကြည်က စတင်ပြောကြားခဲ့ရာ မူဝါဒအရ နိုင်ငံတကာတွင် လူကြား၍
ကောင်းသော် လည်း မြေပြင်အနေအထားနှင့်မူ ပြောင်းပြန်ဖြစ်နေခဲ့ သည်။
ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် လူများစုမှာ ဧည့်သည်
ဘင်္ဂါလီများဖြစ်ပြီး လူနည်းစုမှာ အိမ်ရှင် ရခိုင်နှင့်
မြန်မာတိုင်းရင်းသားများဖြစ်သည်။ ကျူးကျော်ရမ်းကားသော
ဧည့်သည်အများစုကြောင့် အိမ်ရှင် လူနည်းစုမှာ ဒုက္ခပင်လယ်ဝေနေ ဆဲဝယ်
ဤမှတ်ချက်ကြောင့် မြန်မာနိုင်ငံသားအများစုမှာ စိတ်ထိခိုက်ခဲ့ကြပါသည်။
ဒုတိယအနေဖြင့် ရခိုင်ဒေသတွင် အချို့ ဘာသာခြားများသည် မယား အများအပြားယူကာ
ကလေးများ အကန့်အသတ်မရှိ ပေါက်ဖွားကြသောကြောင့်
လူဦးရေထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် တစ်အိမ်ထောင် ကလေးနှစ်ယောက်
ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းအပေါ် လူ့အခွင့်အရေးနှင့်မညီ၍
ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ပြန်သည်။ ထိုစဉ်က
ကျွန်တော်သည် ဤစောင့်ကြည့်ဂျာနယ်မှပင် အမျိုးသားရေးနှင့်
လူ့အခွင့်အရေးအမည်ဖြင့် အောက်ပါအတိုင်း ဆောင်းပါးရေး ခဲ့ဖူးပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အဆင့်ခေါင်းဆောင်တစ်ဦးဖြစ်သည်နှင့် အညီ
နိုင်ငံတကာက လက်ခံထားသော လူ့အခွင့်အရေး စံနှုန်းရှုထောင့်မှ ဤဝေဖန်ချက်ကို
ပြောခြင်းဖြစ်သည်။ အဖွဲ့ချုပ် ဥက္ကဌအနေဖြင့် ပြည်ပသို့ ခရီးစဉ်များ
ထွက်ခွာသော အခါ မူဆလင်များ၊ ဘင်္ဂါလီများ၊ ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့
အမည်ပေးထားသော ဘင်္ဂါလီများက မကြာခဏဆန္ဒပြကန့်ကွက်တောင်းဆို ဖိအားပေး သဖြင့်
လူ့အခွင့်အရေးစာအုပ်ပေါ်တွင် ခြေစုံရပ်၍ ဤစကားကို
ပြောခဲ့ခြင်းဖြစ်ဟန်တူပါသည်။
သို့သော် ဤကမ္ဘာကြီး၌
လူ့အခွင့်အရေးနှင့် တန်းတူ ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားသော အရာတစ်ခုမှာ
အမျိုးသားအကျိုးစီးပွား (National Interest) ဖြစ်ပေသည်။ တစ်ခါတရံ နှုတ်မှ
ဖွင့်ဟ မပြောကြသော်လည်း အမျိုးသားအကျိုးစီးပွားကို လူ့အခွင့်အရေးထက် ပို၍
အလေးထားကြသည်ကို လည်း ကမ္ဘာ့နိုင်ငံအသီးသီး၏ အစိုးရများ၏
ဆုံးဖြတ်ချက်များတွင် မကြာခဏ တွေ့ရလေသည်။ ကိုယ့်နိုင်ငံအတွက် အကျိုး
ရှိမည်ဆိုလျှင် လူ့အခွင့်အရေး စံချိန်စံနှုန်းများကို ကျော်လွန်ဆုံးဖြတ်
ခဲ့တာတွေလဲ သာဓက အလီလီရှိခဲ့ပြီးသားဖြစ်ပါသည်။
ဥပမာအားဖြင့်
အမေရိကန်ပြည်ထောင်စုတွင် အကြမ်းဖက်တိုက်ဖျက်ရေးအတွက် လိုအပ်လျှင်
နိုင်ငံသား တို့၏ တယ်လီဖုန်းကို ကြားဖြတ်နားထောင်နိုင်ခွင့်၊
တရုတ်ပြည်တွင်ကျင့်သုံးခဲ့သော တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ၊ ဂွာတာနာမို
အကျင်းစခန်းတွင် မူဆလင်အစွန်းရောက် အကြမ်းဖက်သမားဟု မသင်္ကာသူများကို
တရားမစွဲဘဲ နှစ်ရှည်လများ အမေရိကန် အစိုးရမှ ဖမ်းဆီးချုပ်နှောင်ထားခြင်း၊
စင်္ကာပူနိုင်ငံတွင် အများပြည်သူပိုင်ပစ္စည်းများကို မှုတ်ဆေးဘူးဖြင့်
မှုတ်ခဲ့သူ ဆယ်ကျော်သက် မိုက်ကယ်ဖိန်းကို စင်္ကာပူအစိုးရမှ မှတ်လောက်အောင်
ကြိမ်ဒဏ်ပေးခဲ့ခြင်း စသည်တို့သည် လူ့အခွင့်အရေး ရှုထောင့်သက်သက်
မှကြည့်လျှင် မှန်ကန်သော လုပ်ရပ်များမဟုတ်ပါ။
သို့သော်
နိုင်ငံတိုင်း၌ လူ့အခွင့်အရေးနှင့် တမ်းတူအရေးကြီးသော အချက်မှာ
ကိုယ့်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏
ထောက်လှမ်းရေးလျှို့ဝှက်ချက်များကို ဖွင့်ချလိုက်သူ အက်ဒ်ဝပ်စနိုးဒန်းကို
လက်ခံ၍ နိုင်ငံရေး ခိုလှုံခွင့်ပေးခဲ့သူ မည်သည့်နိုင်ငံကို မဆို အမေရိကန်
ပြည်ထောင်စု က ကုန်သွယ်ရေးအထူးအခွင့်အရေးများ ရုပ်သိမ်းမည်ဟု
ခြိမ်းခြောက်နေခြင်းသည် သူတို့နိုင်ငံ(အမေရိကန်နိုင်ငံ)
၏အမျိုးသားအကျိုးစီးပွားအတွက် အသည်းအသန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ (ယခုအခါ
ရုရှားနိုင်ငံက သူတို့အမျိုးသား အကျိုးစီးပွားအတွက် စနိုးဒန်းကို
ခိုလှုံခွင့် ပြုလိုက်လေပြီ) ။ ဒါကို အိုဘားမားရယ် ဒါကသူ့ရဲ့
လွတ်လပ်စွာပြောဆိုခွင့် လူ့အခွင့်အရေးပဲ။ အရေးမယူ ပါနဲ့ဟု
လူ့အခွင့်အရေးခေါင်းများက သွားပြောလည်း ရမည်မဟုတ်ပါ။ အိုဘားမား သူ့နိုင်ငံ
အမျိုးသား အကျိုးစီးပွားအတွက် ပျက်ပျက်သားသားရပ်တည်ခဲ့သလို ကျွန်တော်တို့
မြန်မာနိုင်ငံ အရေး တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား National Interest
ပေါ်တွင် ခြေစုံရပ်၍ ပြတ်ပြတ်သားသား ပြောစေချင်ပါ သည်။
လူ့အခွင့်အရေးသည် ကောင်းမှန်းကျွန်တော်တို့ သိပါသည်။ သို့သော် အမျိုးသား၊
သာသနာနှင့် ယှဉ်လျှင် လူ့အခွင့်အရေးသည် ဒုတိယနေရာမှာ ရှိစေချင်ပါသည်။
ပျူခေတ်မှစကာ မြန်မာနိုင်ငံတွင် တည်တံ့ ထွန်းကားလာခဲ့သော ဗုဒ္ဓသာသနာသည်
ကျွန်တော်တို့ခေတ်ရောက်မှ လူမျိုးနှင့် သာသနာ ပျောက်ကွယ်ဖို့
လမ်းစပေါ်လာသည်ဆိုလျှင် ရင်နာစရာကောင်းပါသည်။ ရာဇဝင်ရိုင်းပါလိမ့်မည်။
ဘုန်းကြီးဆွမ်းခံကြွ ရာတွင် သေနတ်နှင့်လိုက်၍ ရဲက စောင့်ရှောက်ရသော
ထိုင်းနိုင်ငံတောင်ပိုင်းလို အဖြစ်မျိုးလည်း မြန်မာနိုင်ငံကို
မဖြစ်စေလိုပါ။ (ယခုပင် ဆရာတော်များ တရားပွဲမှာ ရဲအစောင့်အရှောက် နှင့်
လုပ်နေ ရလေပြီ) အစိုးရမှာ တာဝန်ရှိသကဲ့သို့ အဓိက အတိုက်အခံ
ပါတီကြီးများမှာလည်း အမျိုးသားရေး တာဝန်ရှိပါသည်။
ထိုကိစ္စများသည်
ပါတီအားလုံးနှင့် ဆိုင်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ရွေး၍
ပြောနေခြင်းမှာ တရားမျှတမှုမရှိပါဟု အချို့ကလည်း ပြောကြသေးသည်။
အခြားပါတီများအပေါ် ကျွန်တော်နှင့်တကွ ပြည်သူလူထုသည်
မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ကြသဖြင့် ဘာမှ ဝေဖန်အကြံပြု
စရာမရှိပါ။ NLD ပါတီသည် အာဏာရပါတီတစ်ရပ်ဖြစ်လာရန် အလွန်နီးစပ်နေသော
အနေအထားတွင်ရှိရာ ကိုယ်သံယော ဇဉ်ရှိသောပါတီ လမ်းချော်သွားမှာစိုး၍
စေတနာဖြင့် ရေးနေ ပြောနေရခြင်းဖြစ်သည်။ ဥပမာအားဖြင့် အရပ်ကတာတေလန်နေအောင်
ဆိုးသူတစ်ယောက်ကို ဘယ်သူကမှ အမောခံကာ တရားချမနေချင် တော့သော် လည်း
လူကောင်းတစ်ယောက် သတိလက်လွတ်ကာ အမှတ်တမဲ့လမ်းမှားသွားမည်ကို စိုးရိမ်သဖြင့်
သတိပေးထောက်ပြ နေရခြင်း ပင်ဖြစ်သည်။ ဘယ်သူ ကောင်းသည် ဘယ်သူဆိုးသည်
ဆိုသည်ကိုမူ လူတိုင်းလူတိုင်း ပါတီတိုင်းသည် ကိုယ့်သမိုင်းကိုယ်
ရေးခဲ့ကြပြီးဖြစ် သည် ပြည်သူလူထုသည် သမိုင်းတစ်လျောက် အဖြူအမဲကို
သဲကွဲခဲ့ကြပြီးဖြစ်သည်။ မြန်မာလူမျိုးသည် ဟင် ဆိုလျှင် မည်သူမျှ
လှည့်မကြည့်ချင်ကြတော့ပေ။
NLD သည် ၂၀၁၂ တွင် အတော်ပြောင်းလဲသွား၏
။ နှစ်ပေါင်းများစွာ ပါတီအတွက် ထောင်ကျ တန်းကျ ဘဝအပျက်ခံ၍
ပေးဆပ်ခဲ့ကြသူများ မထင်ပေါ်ပဲ ခါတော်မီဝင်ရောက်လာသော Celebrity များ
ရှေ့တန်းရောက်လာတာ တအံ့တသြ တွေ့ရ၏။ (ကမ္ဘာ့နိုင်ငံရေးသုခမိန်များ၏
အဆိုအရဆိုလျှင် နိုင်ငံရေးတွင် မယုံကြည်ရဆုံး ဘက်အပြောင်းဆုံးမှာ ရုပ်ရှင်၊
ဂီတ၊ မော်ဒယ် စသော Celebrity များဖြစ်သည်ဟူ၏) စစ်အစိုးရလက်ထက်တွင်
ဒီမိုကရေစီမကောင်းကြောင်း၊ နိုင်ငံရေးသမား များမှာ တိုင်းပြည်တွင်
အဖျက်သမားများသာဖြစ်ကြောင်း မကြာခဏ ပေါ်လစီရုပ်ရှင်ဇာတ်ကားများတွင်
စိတ်ပါလက်ပါ သရုပ်ဆောင်ခဲ့သော မင်းသားမင်းသမီးအချို့မှာ
ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ပြီး ဒီမိုကရေစီအရေးတော်ပုံကြီးတွင်
သူတို့ဘယ်လိုထောက်ခံခဲ့ကြောင်း လက်သီးလက်မောင်း တန်းကြ သည်ကို အညတရ
ထောင်ထွက် နိုင်ငံရေးသမားတွေလည်း ငေးကြည့်နေရလေပြီး အချို့ကလည်း ကိုယ့်အမေ
အရင်းပြောသော စကားကိုပင် ကျွန်မက နားမထောင်၊ အမေစုပြောသောစကား ကိုမှ
မြေဝယ်မကျ နားထောင်ပါသည်ဟု ဟစ်ကြွေးလာကြလေရာ မျက်ကန်းတစ္တေမကြောက် ပြောသူက
ပြော၍ ယုံကြည်သူက ယုံကြည်ကြသော်လည်း ကျွန်တော်ကတော့ဖြင့်
ကိုယ့်မိခင်စကားကိုမှ နားမထောင် သူသည် အနန္တောအနန္တ ငါးပါးကို ဂရုစိုက်သူ
မဟုတ်၊ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားသဖြင့် ထောက်လည်း မထောက်ခံ၊
အယုံအကြည် လည်း မရှိပေ၊ လူကြားကောင်းအောင် ပြောသော စကားများသာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အနားတွင်လည်း အကြံကောင်း၊ ဥာဏ်ကောင်းပေးနိုင်သော
လူများ အနား မကပ်နိုင်ပဲ၊ ခရိုနီများ၊ ကပ်ဖားယပ်ဖားများ၊ ခါတော်မီ
နိုင်ငံရေးသမားများ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူများ၊ စိန်နားကပ်အရောင်နှင့်
ပါးပြောင်ချင်သူများ၊ အခွင့်အရေးသမားများ၊ Celebrity များသာ ဝိုင်းဝိုင်း
လည်နေသည်။
ကိုယ်တိုင်ကအရည်အချင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ
၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် အရှိန် NLD အရှိန်ဖြင့် ဝင်တိုးလိုက် လျှင်
အမတ်အချောင်ဖြစ်နိုင်သည်ဟု မျှော်လင့်ချက်ဖြင့် ဝင်ကပ်သူ များလည်းမရှားပေ။
တိုင်းပြည်ကို တကယ်ချစ်၍ ထောက်ခံသူ များ ပင် မျက်စိလည်နိုင်စေသော အခင်း
အကျင်းများ ဖြစ်သည်။
ဤသို့သော အခြေအနေတွင် မျက်စိရှင်သူများက
ကိုယ်မြင်သမျှသိသမျှကို စေတနာဖြင့် သတိပေး ထောက်ပြသောအခါ ပြောဆိုဝေဖန်သူကို
အပြစ်မလုပ်အပ်ပေ။ ငါတို့ အကျိုးကိုလိုလားလို့ ပြောတာပါလား ဟုသာ ခံယူအပ်၏။
မြန်မာ့နိုင်ငံရေးသမိုင်း၌ အင်အားအကြီးမားဆုံးပါတီကြီးတစ်ခု ဖြစ်သော
ဗမာပြည် ကွန်မြူနစ်ပါတီသည် သူ့ပါတီကို ဝေဖန်ထောက်ပြလာသူတိုင်းကို
တောတွင်းသို့ မရမက ဖိတ်ခေါ်၍ ဖြုတ်ထုတ်သတ် လမ်းစဉ်ဖြင့် သားကအဖေကိုသတ်၊
တပည့်က ဆရာကိုသတ်ဖြင့် ဘီလူးဆိုင်းတီး ၍ ထွက်လိုက်ရာ တစ်ခါမှ အာဏာမရလိုက်ဘဲ
အကွဲကွဲအပြားပြားဖြစ်ကာ မလှမပဇာတ်သိမ်း သွားလေ သည်။ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီခေတ်တွင်လည်း ဝေဖန်ရေးကို တစ်စိုးတစ်စလုပ်မိသည်နှင့် ပါတီ၏
ရန်သူသတ်မှတ်ပြီး ဒုက္ခမျိုးစုံပေးခဲ့ကြရာ မဆလ ပါတီ ဘယ်လိုနိဂုံးချုပ်
သွားသည်ကိုလည်း ပြောပြစရာပင် လိုမည် မဟုတ်ချေ။
ပါတီတစ်ခု၊
ပါတီခေါင်းဆောင်တစ်ယောက်ကို အမြဲတမ်းပုဂ္ဂိုလ်ရေး ကိုးကွယ်ဆည်းကပ်
နေခြင်းသည် ထိုပါတီကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေပေသည်။ NLD ပါတီ၌
ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်ကြခြင်းမှာ လိုသည်ထက်ပိုနေသည်ဟု
ကျွန်တော်ထင် သည်။ မော်စီတုန်းကို ဘုရားတစ်ဆူ ဂူတစ်လုံး ကိုးကွယ်ခဲ့ကြသော
တရုတ်ကွန်မြူနစ်ပါတီမှ လူငယ်လေးများကိုသာ သတိရမိလေ သည်။ ဒီလှိုင်းစာစောင်ကို
ထုတ်ဝေရာ၌ပင် ဂျာနယ်မျက်နှာဖုံး၌ တစ်ခါလာလဲ ဒေါ်အောင်ဆန်းစုကြည်ပုံဖြစ်နေ
သည်။ မျိုးဆက်သစ် ပါတီဝင်များ၏ ပုံကို မျက်နှာဖုံးတင်တာ တစ်ခါမှ
မတွေ့ဖူးပေ။ ဒေါ်အောင်ဆန်းစုကြည် ကို တကယ်ချစ်ကြပါမူကား မဟုတ်လျှင် မဟုတ်၊
မမှန်လျှင် မမှန်ဟု ပြောရဲကြဖို့ လိုပေမည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ကလည်း
လက်ညှိုးထောင်ခေါင်းညိတ်သမား သက်သက်များကို အလိုရှိမည် မဟုတ်ပေ။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ရတနာတစ်ပါးဖြစ်သည်ကို ကျွန်တော်
မငြင်းလို၊ တိုင်းပြည်အတွက် တစ်ဘဝလုံး ပေးဆပ်အနစ်နာခံခဲ့ သည်များကိုလည်း
ချီးကျူးလေးစားပါသည်။ ကမ္ဘာကလေးစား ရသော ရှားရှားပါးပါး
ပညာတတ်ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ကိုလည်း သဘော ပေါက်သည်။
အနာဂတ်မြန်မာ့နိုင်ငံရေးတွင်လည်း ပညာတတ်အရပ်သားအစိုးရအုပ်ချုပ်မှသာ
တိုင်းပြည် ကောင်းစား မည်ကိုလည်း အကြင်းမဲ့ ယုံကြည်သည်။ သို့သော်
ကျွန်တော်ပြောလိုသည်မှာ လူတစ်ယောက်ကို မျက်စိမှိတ်ထောက်ခံနေမှ
ချစ်ရာကျသည်မဟုတ်၊ ယထာဘူတ ကျကျအမှန်အတိုင်း ကြည့်မြင်တတ်သော အဆင့်သို့
ကိုယ့်ဘာသာမြှင့်ကြရမည်ဖြစ်သည်။
ယခုမြင်ရသည်ကား NLD ပါတီ
အပြန်အလှန်ထိန်းညှိမှုစနစ် ( Check and Balance ) ပျက်သုဉ်း နေသည်။
အုပ်ချုပ်ရေး တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီးသုံးရပ်မှသာ Check and
Balance လိုသည်မဟုတ်။ ပါတီကြီးတစ်ခု၏ အာဏာပိုင် အဖွဲ့အစည်းတွင်လည်း
တစ်ဦးတည်းသဘောဖြင့် ပုံအပ် ထားခြင်းမျိုးမရှိဘဲ အပြန်အလှန် ထိန်းညှိစေရန်
Check and Balance ရှိစေချင်သည့် သဘော ဖြစ်သည်။
ထိုသို့
ရှိလာစေရန် ပါတီသည်ပို၍ ပွင့်လင်းမြင်သာမှုရှိဖို့၊ ကိုယ့်ပါတီကိုယ်
ဝေဖန်ရေးကို ရဲရဲလုပ်ကြဖို့၊ လူငယ်တွေကို ပို၍ လုပ်ပိုင်ခွင့်ပေးဖို့၊
ဗဟိုကော်မတီတွင် သတ်သတ်မှတ်မှတ် လုပ်ပိုင်ခွင့်များ ရှိဖို့၊
လူမှန်နေရာမှန် ရွေးချယ်ကြစေဖို့၊ လူတစ်ယောက်ကို မူတည်၍ ပါတီကို
မောင်းနှင်နေခြင်းမျိုး ထက် ရေရှည်အစီအမံများနှင့် ပါတီမူဝါဒများကို
အခြေခံကာလူထုကို ဦးဆောင်ကာ စည်းရုံးလှုပ်ရှားကြဖို့ ဆိုလိုရင်းဖြစ်သည်။ NLD
ဖွဲ့စည်းပုံသည် တိဘက်လွတ်လပ်ရေး လှုပ်ရှားမှုကို ခေါင်းဆောင်သော ဆရာတော်
ဒလိုင်းလားမားတို့ အဝေးရောက်တိဘက် အစိုးရနှင့် ခပ်ဆင်ဆင်တူသည်။ တိဘက်ပြည်
လွတ်လပ်ရေးလှုပ်ရှားမှုကို ဒလိုင်းလားမား ဆရာတော်တစ်ပါးတည်းကိုသာ အားထားပြီး
လုပ်နေကြရာ ဆရာတော် အိုမင်းမစွမ်းရှိလာသောအခါ သူ့နေရာဆက်ဆံပြီး
ထိထိရောက်ရောက် အလုပ်လုပ်မည့် သူမရှိဘဲ နိုင်ငံရေးအရ ဆက်ခံမည့်သူမရှိ၍
တော်လှန်ရေးအညွန့်ကျိုးရတော့သည်။
၂၀၁၅ တွင် NLD ပါတီနိုင်သည်ကို
ကျွန်တော်မြင်လိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်သည်ကို ကျွန်တော်
မြင်လိုပါ သည်။ လူ့အခွင့်အရေးနှင့် ဆတူ၊ အမျိုးသားအကျိုးစီးပွားကို
ဦးစားပေး စဉ်းစားကာ ကျွန်တော် မြင်လိုပါသည်။ ထိုနည်းတူပင်
ငါ့လူကိုမထိနဲ့ဟု မျက်စိမှိတ်၍ အရာရာကို ထောက်ခံနေကြ သော၊ အစိုးရဘက်၊
အတိုက်အခံဘက်မှ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများ ပပျောက်သွားကာ လူထက်မူကို
ဦးစားပေးအုပ်ချုပ်ကြသည်ကို ကျွန်တော်မြင်လိုပါသည်။ တိုင်းပြည်ကလည်း
ထိုသို့ပင် မျှော်လင့်နေကြ ပါသည်။
သရဝဏ်(ပြည်)
၁၃-၈-၂၀၁၃ ရက်ထုတ် စောင့်ကြည့် ဂျာနယ်မှ
No comments:
Post a Comment