Monday, December 2, 2013

လူမျိုးစု ပါတီများ၊ ဒီချုပ်နှင့် ယုံကြည်မှု နိုင်ငံရေး

Created on Sunday, 01 December 2013 23:01

Written by ဒေါက်တာရန်မျိုးသိမ်း

ပြည်နယ်အခြေပြု တိုင်းရင်းသား လူမျိုးစု ပါတီများသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအရ ပိုမိုခြေလှမ်း ကျဲလာမည့်အပြင် ၂၀၁၅ ခုနှစ်အလွန် ပြည်နယ်အစိုးရနှင့် လွှတ်တော်များတွင်လည်း နိုင်ငံရေးအရ ပိုမိုတွင်ကျယ် လာမည်ဖြစ်သည်။ လူမျိုးစု ပါတီများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အကြား သူနိုင်ကိုယ်နိုင် ဆက်ဆံရေးကို တည်ဆောက်နိုင်မှသာ မြန်မာ့နိုင်ငံရေး ရှေ့ခရီးသည် အဖုအထစ် နည်းမည်ဖြစ်သည်။ ထို့ကြောင့် လူမျိုးစု ပါတီများနှင့် ဒီချုပ်အကြား ယုံကြည်မှု နိုင်ငံရေးကို စနစ်တကျ ထူထောင်သင့်ကြောင်း တိုက်တွန်းလိုပါသည်။


လူမျိုးစု ပါတီများနှင့် ဒီချုပ်အကြား ဆက်ဆံရေးသည် ခပ်စိမ်းစိမ်း ဖြစ်လာနေသည်မှာ အထင်အရှား ဖြစ်သည်။ ဒီချုပ်နှင့် နိုင်ငံရေးအရ တွဲရပ်ခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (ယူအင်န်အေ) ၀င်ပါတီများသည်ပင် ဒီချုပ်နှင့် ဆက်ဆံရေးတွင် အမြီးအမောက်မတည့် ဖြစ်လာနေသည်ကို သတိပြုမိသည်။ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အေးစက်လွန်းသော ဆက်ဆံရေးကို အကြောင်းပြုလျက် တိုင်းရင်းသား လူမျိုးစု ပါတီများနှင့် ဒီချုပ်အကြားတွင် လေစိမ်းများ တိုက်လာခဲ့သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဗဟိုအလုပ် အမှုဆောင် ကော်မတီ၊ ဗဟိုကော်မတီတို့ ဖွဲ့စည်းထားသော်လည်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်သည်သာ အခရာ ကျသည်ကို လူမျိုးစုပါတီ ခေါင်းဆောင်များ အနေဖြင့် သိရှိထားသည့်အလျောက် လူမျိုးစု ပါတီများနှင့် ဒီချုပ်အကြား ဆက်ဆံရေး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သဘော ဆွေးနွေးမှုကို ပိုမိုလိုလားမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီကို အဖွဲ့ဝင် ငါးဦးနှင့် ဖွဲ့စည်းထားပြီး ဖြစ်လင့်ကစား အဆိုပါ ကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှုများကိုမူ ပြည်သူလူထု အနေဖြင့် သိရှိနိုင်မှု အပိုင်းတွင် အားနည်းလျက်ရှိဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် တန်းတူရည်တူရှိသော ပွင့်လင်းမြင်သာပြီး နိုင်ငံရေးအရ အလုပ်သဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများကို အလျင်အမြန် ဖော်ဆောင်ရန် လိုအပ်လျက် ရှိနေသည်ဟု ထင်မြင်မိသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် ဒီချုပ် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်အကြား ယုံကြည်မှု နိုင်ငံရေး တည်ဆောက်နိုင်ရန် ခြေလှမ်းစသင့်သည်ဟု အကြံပြုလိုသည်။

ကနဦးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်နယ်အခြေပြု လူမျိုးစု ပါတီများ၏ ခေါင်းဆောင်များနှင့် အလွတ်သဘော ဆွေးနွေးမှုများကို ပြုလုပ်ပြီး ဒီချုပ်နှင့် တိုင်းရင်းသား လူမျိုးစု ပါတီများအကြား လက်ရှိဆက်ဆံရေး အခြေအနေ နိုင်ငံရေး ရှေ့ခရီးတွင် ပူးပေါင်းနိုင်ဖွယ်ရှိမည့် အလားအလာများ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ မတိုင်မီ အနေအထားများကို စနစ်တကျ ဆန်းစစ်သင့်သည်။ အဆိုပါ ဆွေးနွေးမှုများမှတစ်ဆင့် အလွတ်သဘော ဆွေးနွေးပွဲအတွင်း ဒီချုပ်နှင့် လူမျိုးစု ပါတီများအကြား ယုံကြည်မှု တည်ဆောက်ရေး စီမံချက် မူကြမ်းတစ်ရပ် ရေးဆွဲနိုင်ရေးကို မဖြစ်မနေ အားထုတ်သင့်သည်ဟု တိုက်တွန်းလိုသည်။ ယုံကြည်မှု တည်ဆောက်ရေး စီမံချက်သည် အမျိုးသားပြန်လည် သင့်မြတ်ရေး၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာမည့်အပြင် ဗမာလူမျိုးများနှင့် တိုင်းရင်းသား လူမျိုးစုများအကြား ပြည်မနှင့် ပြည်နယ်များအကြား နှစ်ကာလရှည်ကြာ ပျက်ယွင်းလာခဲ့သော ယုံကြည်မှု နိုင်ငံရေးကို ပြန်လည်ချိတ်ဆက်ပေးမည့် နိုင်ငံရေး တံတားတစ်စင်းလည်း ဖြစ်လာနိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။

အဆိုပါ ယုံကြည်မှု တည်ဆောက်ရေး စီမံချက် မူကြမ်းကို ကိုင်လျက် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လူမျိုးစု တိုင်းရင်းသား ပါတီခေါင်းဆောင်များ အားလုံးနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံလျက် ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးသင့်သည်ဟု ထင်မြင်မိသည်။ စီမံချက် မူကြမ်းပါ အချက်အလက်များ၊ လုပ်ငန်းစဉ်များကို လူမျိုးစု ပါတီခေါင်းဆောင်များ အားလုံးသဘောတူ လက်ခံနိုင်သည်အထိ စိတ်ရှည်လက်ရှည် အမြော်အမြင်ရှိရှိ ချဉ်းကပ်ညှိနှိုင်း ဆွေးနွေးနိုင်ရန် လိုအပ်မည် ဖြစ်သည်။ ဆွေးနွေးမှုများမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား လူမျိုးစု ပါတီများအကြား အားလုံးသဘောတူ ဖော်ဆောင်နိုင်ဖွယ်ရှိသော ဘုံသဘောတူညီချက်များ၊ ဘုံလုပ်ငန်းစဉ်များကို လွှမ်းခြုံနိုင်မည့် မဟာဗျူဟာများ၊ နည်းဗျူဟာများကို တန်းတူရည်တူ လက်ရေတစ်ပြင်တည်း ညှိနှိုင်းအတည်ပြုနိုင်ရန် လိုအပ်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသား ပါတီများနှင့် မဟာဗျူဟာမြောက် မဟာမိတ် ဆက်ဆံရေးကို အလေးအနက် ထားသည်ဆိုလျှင် တိုင်းရင်းသား လူမျိုးစု ပါတီများ၏ လက်ငင်းအကျိုးကို အလေးအနက်ထားရန် လိုအပ်မည် ဖြစ်သည်။ တိုင်းရင်းသား လူမျိုးစု ပါတီများ၏ လက်ငင်းအကျိုးမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် ကာလတွင် ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရ များတို့၌ ကိုယ်စားလှယ်နေရာ အများစု ရရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်တွေ့ကျကျ ကျင့်သုံးနိုင်ရေးပင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်သည် လူမျိုးစု ပါတီများ၏ လက်ငင်းအကျိုးအပေါ် အဆိုးသက်ရောက်စေမည့် နိုင်ငံရေးအရ ဘက်ပြိုင်မှုများ၊ စီးချင်းထိုးမှုများကို ပြုလုပ်လာမည်ဆိုလျှင် လူမျိုးစု ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဗျူဟာမြောက် ဆက်ဆံရေးသည်လည်း အိုးနင်းခွက်နင်း ဖြစ်သွားနိုင်ဖွယ် ရှိနေသည်ဟု သုံးသပ်နိုင်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အကြောင်းပြုလျက် တိုင်းရင်းသား လူမျိုးစုများ၏ လက်ငင်းအကျိုးကို မြှင့်တင်ပေးနိုင်မည်ဆိုလျှင် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ယုံကြည်မှု နိုင်ငံရေးသည် ရုတ်ခြည်းမြင့်တက် လာမည်ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဗမာအခြေပြု၊ ပြည်မအခြေပြု ပါတီမဟုတ်သည့်အပြင် တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စုပါတီ ဖြစ်သည်ဟု ပြောဆိုရှင်းလင်းမှုများ ရှိနေလင့်ကစား လူမျိုးစု ပါတီများ၊ ပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားများ အနေဖြင့် အဆိုပါ ရှင်းလင်းချက်ကို ယုံကြည်ရန် ခက်ခဲနေသည်မှာ ပကတိ အခြေအနေပင် ဖြစ်သည်။ တိုင်းရင်းသား လူမျိုးစုများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု၊ ထောက်ခံမှုများ ရှိလင့်ကစား ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပါတီကို တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် ပါတီအဖြစ် လက်ခံနိုင်သည်အထိ အဘက်ဘက်တွင် အဆင်သင့် မဖြစ်သေးဟု ကောက်ချက်ပြုနိုင်သည်။ တစ်ဖက်မှကြည့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့တွင် တိုင်းရင်းသားများ ပါဝင်မှု နည်းပါးသည့်နည်းတူ ဗဟိုကော်မတီ အပါအ၀င် ပါတီခေါင်းဆောင် အဆင့်ဆင့်တွင်လည်း တိုင်းရင်းသားများ ပါဝင်မှုနှုန်းမှာ နည်းပါးလွန်းသည်မှာ အထင်အရှားပင် ဖြစ်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသား လူမျိုးစုများ အားလုံးကို ကိုယ်စားပြုသော ပါတီဟု ကျားကုတ်ကျားခဲ ရှင်းလင်းချက် ထုတ်မည့်အစား ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် ယုံကြည်မှု၊ နားလည်မှု တည်ဆောက်နိုင်မည့် လက်တွေ့ကျသော လုပ်ငန်းစဉ်များကို ပိုမိုအာရုံ စိုက်သင့်သည်ဟု အကြံပြုလိုသည်။

လတ်တလော နိုင်ငံရေး အခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသား လူမျိုးစုများနှင့် ယုံကြည်မှု၊ နားလည်မှု ပိုမိုရရှိနိုင်ရေးကို ရည်ရွယ်လျက် လာမည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်အခြေပြု လူမျိုးစု နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ်များ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်မဲဆန္ဒနယ်များ အားလုံး၌ ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း၊ ထို့အပြင် ပြည်နယ် မဲဆန္ဒနယ်များတွင် ပြည်နယ်အခြေပြု လူမျိုးစု ပါတီများ အနိုင်ရရှိရေး၊ ပြည်နယ် အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့ကို ပြည်နယ်အခြေပြု လူမျိုးစု ပါတီများ၏ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းနိုင်ရေးတို့အတွက် တိုင်းရင်းသား လူမျိုးစု ပါတီများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်နယ်အခြေပြု လူမျိုးစု ပါတီများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်အလိုက် ရွေးကောက်ပွဲ အောင်နိုင်ရေး ပူးတွဲအလုပ်အဖွဲ့များ ပေါ်ပေါက်ရေးတို့အတွက် တတ်အားသရွေ့ ကူညီသွားမည်ဖြစ်ကြောင်း စသည့်အချက်များ ပါဝင်သော နိုင်ငံရေး သဘောထား ကြေညာချက်ကို ထုတ်ပြန်နိုင်မည်ဆိုလျှင် ပိုမိုသင့်လျော်မည်ဟု ထင်မြင်မိသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်မှု၊ ပြည်တွင်းပြည်ပတွင် လူသိများ ကျော်ကြားမှု၊ ထောက်ခံမှု၊ နိုင်ငံတကာ အဆင့်အတန်းမီ အရည်အသွေး ပြည့်ဝမှု စသည်တို့နှင့်အတူ တရိပ်ရိပ် တက်နေသော ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အ၀ါနှင့် သြဇာကို ကျောထောက်နောက်ခံပြုလျက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ် မဲဆန္ဒနယ်များ၌ ပြည်နယ်အခြေပြု လူမျိုးစု ပါတီများနှင့် နိုင်ငံရေး စီးချင်းထိုး ယှဉ်ပြိုင်လာမည်ကို တိုင်းရင်းသား လူမျိုးစု ပါတီများ အနေဖြင့် စိုးရိမ်နိုင်သည်။ ပြည်နယ် မဲဆန္ဒနယ်များတွင် ဒေါ်အောင်ဆန်းစုကြည် ကျောထောက်နောက်ခံပြုသော ဒီချုပ်ကိုယ်စားလှယ်များက မဲခွဲယူသွားသဖြင့် သူရှုံး၊ ကိုယ်ရှုံး ဖြစ်လာမည့် အနေအထားကို တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် မလိုလားသည်မှာလည်း အထင်အရှား ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၏ နိဒါန်းတွင် ပြည်သူ့ဆန္ဒနှင့် ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် တိုင်းရင်းသား လူမျိုးစုများ အပါအ၀င် အလွှာအသီးသီးကို ကိုယ်စားပြုသည့် နိုင်ငံရေး အဖွဲ့ပေါင်းချုပ်ကြီး တစ်ရပ် လိုအပ်သည့်အလျောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့သည်ဟု ဖော်ပြထားသော်လည်း ပါတီ၏ ရည်ရွယ်ချက် ငါးချက်နှင့် ဖွဲ့စည်းပုံပါ ပုဒ်မများတွင် တိုင်းရင်းသား လူမျိုးစုများနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီနှင့် ပါတီဝင်များ၏ လက်စွဲကျမ်းဟု ဆိုရမည့် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၏ ရည်ရွယ်ချက်တွင် တိုင်းရင်းသား လူမျိုးစုများ၏ တန်းတူရည်တူခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ပိုင်ခွင့်တို့နှင့် ပတ်သက်၍ ဖော်ပြနိုင်ရန် လိုအပ်သည့်နည်းတူ ဒီချုပ်ပါတီ၏ တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် ဆက်ဆံရေးကိုလည်း သီးခြားထည့်သွင်း ဖော်ပြထားနိုင်မည်ဆိုလျှင် ပိုမိုဆီလျော်မည်ဟု ကောက်ချက်ပြုနိုင်သည်။

နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား လူမျိုးများ ကဏ္ဍဟု သီးခြားဖော်ပြ ထားသည်။ အဆိုပါ ကဏ္ဍတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း လုံးဝငြိမ်းချမ်းရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်သွားမည်၊ တိုင်းရင်းသား လူမျိုးများ၏ မကျေနပ်မှုများကို လျစ်လျူရှုထားမည် မဟုတ်ပါဟု ဖော်ပြထားသော်လည်း ပါတီ၏ ဆောင်ရွက်ချက်များသည် ပါတီ၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် အတန်အသင့် ကွဲလွဲနေမှုများကို ထိန်းညှိနိုင်ရန် လိုအပ်သည်ဟု သုံးသပ်နိုင်သည်။ တိုင်းရင်းသားများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံရေး ဖြေရှင်းမှု လိုအပ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသော်လည်း ဒီချုပ်အနေဖြင့် တိုင်းရင်းသားအရေး နိုင်ငံရေး ဖြေရှင်းမှု အသံသည် တိမ်ဝင်နေဆဲ ဖြစ်သည်ကို သတိပြုမိသည်။ တိုင်းရင်းသား လူမျိုးများ ကဏ္ဍတွင် လုပ်ငန်းစဉ်များကို သီးခြားဖော်ပြထားမှု မရှိခြင်းသည် လိုအပ်ချက် တစ်ခုဖြစ်သည်ဟု ထောက်ပြဆွေးနွေး လိုပါသည်။

နိဂုံး
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်နယ် မဲဆန္ဒနယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုခြင်းဖြင့် တိုင်းရင်းသား လူမျိုးစုများနှင့် အဖုအထစ် ရှိနေသော ယုံကြည်မှု နိုင်ငံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်သင့်သည်။ ပြည်နယ်အခြေပြု လူမျိုးစု ပါတီများ ရပ်တည်နိုင်ရေးနှင့် အလုပ်တူ တွဲလုပ်ရေးတို့မှတစ်ဆင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးကို အထောက်အကူ ပြုသင့်သည်။ လတ်တလော ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများအကြား စိမ်းကားနိုင်ငံရေးကို ယုံကြည်မှု နိုင်ငံရေးအဖြစ် ပြောင်းလဲနိုင်ရန် အရေးကြီးသည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား အလုပ်သဘော ဆွေးနွေးမှုများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများအကြား ဆက်ဆံရေး အားနည်းလျှင် မြန်မာ့နိုင်ငံရေး ခရီးသည်လည်း အဖုအထစ်များ၊ ပြဿနာများ ပုံအောလာမည် ဖြစ်သည်။ တိုင်းရင်းသား လူမျိုးစု ပါတီများနှင့် ဒီချုပ်ပါတီတို့ အနေဖြင့် စနစ်ကျ အားကောင်းသော နိုင်ငံရေး ပါတီများအဖြစ် တည်ဆောက်နိုင်မှသာ မြန်မာပြည်သူ လူထုအတွက် အာမခံချက် ပေးနိုင်မည့် နိုင်ငံရေး အခင်းအကျင်း တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ဒီချုပ်နှင့် တိုင်းရင်းသား လူမျိုးစု ပါတီများအကြား ယုံကြည်မှု တည်ဆောက်ရေး စီမံချက်နှင့် လုပ်ငန်းစဉ်များသည် နှစ်ဘက်ယုံကြည်မှုနိုင်ငံရေးကို တည်ဆောက်ရာတွင် အသက်သွေးကြော ဖြစ်လာမည်မှာ မလွဲဧကန် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် တိုင်းရင်းသား လူမျိုးစု ပါတီများတို့သည် မြန်မာပြည်သူ လူထုကြီး၏ အကျိုးကို ရှေးရှုလျက် ၂၀၁၅ ခုနှစ်မှစ၍ မြန်မာ့နိုင်ငံရေး ခရီးတွင် သူနိုင်ကိုယ်နိုင် ထုံးကို နှလုံးမူလျက် လက်ချင်းချိတ်ဆက် ထားနိုင်ရန် မဖြစ်မနေ လိုအပ်မည် ဖြစ်ပါကြောင်း မောင်းခတ်ဆော်သြ လိုက်ရပါသည်။


http://www.first-11.com

No comments:

Post a Comment