Monday, December 2, 2013

အာရှကို ပြောင်းလဲနိုင်ရန် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကူညီပါ

ကမ္ဘာ့အရှည်ဆုံးစစ်ပွဲ၏ အဆုံးသတ်မှာ လက်တစ်ကမ်းအလိုတွင် ရှိနေပါသည်။ မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အချက်အချာကျသော အဆင့်တွင် ရောက်ရှိနေပါပြီ။ ငြိမ်းချမ်းဆွေးနွေးပွဲ အောင်မြင်ခဲ့ လျှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု၏ အလားအလာမှာ အားကောင်းလာမည်ဖြစ်ပြီး တိုင်းပြည် ၏ စီးပွားရေး အလားအလာများဆီသို့ တံခါးပေါက်ကိုလည်း ဖွင့်လှစ်နိုင်မည်ဖြစ်ပါသည်။ အာရှ၏ မြေပုံ သည်လည်း အခြေခံကျကျ ပြောင်းလဲသွားပါလိမ့်မည်။ အကယ်၍ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် ပျက်ပြားသွားလျှင် အကျိုးသက်ရောက်မှုမှာ မြန်မာနိုင်ငံအတွက်သာမဟုတ် အာရှအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုဖြစ်သွားပါလိမ့်မည်။

မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် နောက်ပိုင်းကစ၍ တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ယနေ့ထိတိုင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း စစ်သည် အစိုးရနှင့်သူပုန်အဖွဲ့တစ်ခုတည်း တိုက်ရသည့်စစ်ပွဲမဟုတ်ဘဲ တရုတ်ကျောထောက်နောက်ခံပြု ကွန်မြူနစ်သူပုန်များ၊ ဘိန်းရာဇာများမှသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလူနည်းစုများနှင့် ဒီမိုကရက်တစ်တော်လှန်ရေးသမားများအထိ သူပုန်အမျိုးအစားစုံလင် လှပြီး ရှုပ်ထွေးလှသည့် ပဋိပက္ခဖြစ်ပါသည်။

ယနေ့တောင်တန်းဒေသနှင့် နယ်စပ်ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ထက်မနည်း ရှိပြီး ယင်းလက်နက်ကိုင်အဖွဲ့များအနက်မှ အကြီးမားဆုံး အဖွဲ့ အစည်းမှာ ဝပြည်ထောင်စုတပ်ဖွဲ့ (UWSA) ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် တပ်သား ၃၀,၀၀၀ ခန့်ရှိကာ ကမ္ဘာ ပေါ်ရှိ အစိုးရမဟုတ်သော အင်အား အကြီးဆုံး လက်နက်ကိုင် အဖွဲ့များထဲမှတစ်ဖွဲ့ ဖြစ်ပါသည်။

လွန်ခဲ့သည့် ၂ နှစ်အတွင်းက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ထက်မနည်းသည် နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိတွေ့ မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အခြေအနေတိုးတက်မှုရှိပြီး မြန်မာ နိုင်ငံတွင် တိုက်ပွဲဖြစ်ပွားနှုန်းသည် ၆၅ နှစ်တာသက်တမ်းတစ်လျှောက်တွင် ယခုအခါမှာ အနိမ့်ဆုံးဖြစ် ပါသည်။ နိုင်ငံကောင်းစေလိုသည့် အဖွဲ့အစည်းအားလုံး၏ နိုင်ငံရေးဆန္ဒပြင်းပြမှုသည် နိုင်ငံရေးတွင် သေနတ်များ ပါဝင်နေခြင်းကို အပြီးတိုင်ဖယ်ရှားနိုင်လိမ့်မည် ဖြစ်ပါသည်။
စစ်တပ်အပါအဝင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင် များ တက်ရောက်သော မကြုံစဖူး ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို လွန်ခဲ့သည့် ၂ ပတ်ခန့်က ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်လှမ်းရန် သမိုင်းဝင် နားလည်မှုရခဲ့ပါသည်။

ပထမအဆင့်မှာ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပါသည်။ ဤသည်မှာ သာမန် ယာယီစစ်ပြေငြိမ်းမှုထက် များစွာပိုပါသည်။ ဥပမာဆိုရလျှင် အဖွဲ့အစည်းအားလုံးမှ လိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များနှင့် ပူးတွဲ စောင့်ကြည့်ရေးလုပ်ထုံးလုပ်နည်း များပါဝင်မည်ဖြစ်ပါသည်။

၎င်းနောက်တွင် နိုင်ငံရေးဆွေးနွေးမှုများအတွက် အခြေခံမူဘောင် ဆွေးနွေးမှုများနှင့် နိုင်ငံရေးဆွေးနွေးမှု များ ဆက်လက် ဆောင်ရွက်ပါမည်။ ဆွေးနွေးပွဲသည် နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းတို့၏ သဘောထားများ ၏ ပိုမိုကျယ်ပြန့်သော အသံများကို ယူဆောင်လာပါလိမ့်မည်။ နိုင်ငံရေးဆွေးနွေးမှု များသည် အချိန်ကာလ အားဖြင့် လပေါင်းများစွာ အချိန်ယူရမည်ဖြစ်ပြီး အမြဲတမ်း ငြိမ်းချမ်းရေးရရှိရေးကို ရည်မှန်းပါသည်။

ဆွေးနွေးသည့် အကြောင်းအရာများတွင် ပြည်ထောင်စုမှ ခွဲထွက်ခြင်းနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည့် ကိစ္စများမှအပ ဖက်ဒရယ် အစိုးရတည်ထောင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အပါအဝင် မည်သည့် ကိစ္စများကိုမဆို ဆွေးနွေးညှိနှိုင်းနိုင်ကြောင်း အစိုးရဘက်မှ စေ့စပ် ညှိနှိုင်းရေးမှူးဖြစ်သည့် ဝန်ကြီးဦးအောင်မင်း က ယခုရက်ပိုင်းအတွင်းတွင် ပြောကြားခဲ့ခြင်းသည် ယခင်က မရှိခဲ့ဖူးသော ငြိမ်းချမ်းရေး ပြတင်းတံခါး ဖွင့်လိုက်ခြင်း ဖြစ်ပါသည်။

စိန်ခေါ်မှုများသည် အင်အားကြီးမားလွန်းပါသည်။ ပြဿနာများတွင် အခြားသော တိုင်းရင်းသား ပဋိပက္ခ များတွင် တွေ့ကြုံနေကျပြဿနာများဖြစ်ပြီး လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုမှသည် ဘာသာစကား မူဝါဒမှ သဘာဝအရင်းအမြစ်ခွဲဝေရေးအထိ ပြဿနာမျိုးစုံပါဝင်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် တိုင်းရင်းသား မျိုးနွယ်စု ၁၀၀ ကျော်ရှိခြင်း၊ အစိုးရအုပ်ချုပ်မှုမှ ဝေးကွာနေသော နယ်မြေများ သို့မဟုတ် အစိုးရအုပ်ချုပ်မှုအားနည်းသော နယ်မြေများရှိနေခြင်းနှင့် အဆုံးမသတ်နိုင်သေး သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံအတွက် ပိုမိုခက် ခဲနေပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဒါဇင်ပေါင်းများစွာ ရှိနေရှိပြီး အချို့မှာ အစိုးရနှင့် မဟာမိတ် လုပ်ထားပြီး အချို့အဖွဲ့များမှာ အစိုးရနှင့်မဟာမိတ် မလုပ်ထားပါ။
ထို့အပြင် ခေတ်အဆက်ဆက် ဖြစ်ပေါ်နေခဲ့သော နိုင်ငံရေးနှီးနွယ်နေသည့် စီးပွားရေးမှာလည်းပြုပြင်ရန်မှာ အလွန်ခက်ခဲလွန်းပါသည်။ ကချင်ပြည်နယ်ရှိ ကျောက်စိမ်းလုပ်ငန်း တစ်ခုတည်းကပင် တစ်နှစ်လျှင် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်း ၅ ထောင် တန်ဖိုးရှိပြီး ထိုင်းနယ်စပ် တစ်လျှောက် တွင် Methamphetamine များ တရားမဝင်ထုပ်လုပ် ရောင်းဝယ်ဖောက်ကားမှုမှာ ထိုထက်တန်ဖိုးများဖွယ် ရှိပါသည်။

ကျော်လွှားရမည့် မယုံကြည်မှုများနှင့် ဖြေရှင်းရမည့် နိုင်ငံရေးပြဿနာများ ရှိနေသော်လည်း ငြိမ်းချမ်းရေးကို တားဆီးနေသော ပိုမိုကြီးမားသော ဆူးငြောင့်ခလုတ်မှာ ဝင်ငွေကောင်းသော အကျိုးအမြတ်များ ဖြစ်ဖွယ်ရှိပါသည်။

သို့သော်လည်း ငြိမ်းချမ်းရေး အောင်မြင်ပါက မြန်မာနိုင်ငံ၏ အခြေအနေလုံးဝ ပြောင်းလဲသွားနိုင်ပါ သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးအဖိုးတန် သဘာဝသယံဇာတအရင်းအမြစ်မှာ ၎င်း၏ ရေအားလျှပ်စစ် အလား အလာများ၊ ကမ်းလွန်ပင်လယ်ပြင် သဘာဝဓာတ်ငွေ့လုပ်ကွက်များ မဟုတ်ဘဲ တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ ဈေးကွက်အကြားတွင် အတုမရှိ မဟာဗျူဟာကျစွာ တည်ရှိနေခြင်းဖြစ်ပါသည်။ ငြိမ်းချမ်း ရေးနှင့် ခိုင်မာစွာ ရွေးချယ်တင်မြှောက်ထားသော အစိုးရ၏ ပေါ်ထွက်လာမှုတို့နှင့်အတူ မြန်မာအစိုးရ၏ သီးခြားရပ်တည်မှု အဆုံးသတ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များက သန်းပေါင်းများစွာသော ပြည်သူများကို ဆင်းရဲနွမ်းပါးမှုမှ အလျင်အမြန် ဆွဲထုတ်ပေးနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံတည်ငြိမ်မှုမရှိခြင်းကို အမြတ်ထုတ် ခြင်း မလုပ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများကို တိုင်းရင်းသား အားလုံး ခွဲဝေခံစားခြင်းဖြင့် မြန်မာနိုင်ငံသည် အာရှ၏ လမ်းဆုံလမ်းခွသစ်အဖြစ် ပေါ်ထွက်လာမည် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်သည် ယခုအချိန်အထိပြည်တွင်းမှ ကြိုးစားအားထုတ်မှု သက်သက် သာဖြစ်ပါသည်။ လာမည့်သီတင်းအပတ်တွင် နိုင်ငံတကာအသိုက်အဝန်းမှ အစွမ်းကုန် ထောက်ခံ အားပေးမှု သည် ပဓာနကျပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကမ္ဘာ့တစ်ဝှမ်းမှ ခေါင်းဆောင် များ၏ ထောက်ခံအားပေးသံများသည် အလွန်အမင်းအဖိုးတန်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်ကို တစ်ကမ္ဘာလုံးမှ စောင့်ကြည့်နေသည်ဆိုသည့်အချက်ကို မြန်မာနိုင်ငံရှိ ပါတီများအားလုံး သိရှိနားလည်ရန် လိုအပ်ပါသည်။ ထိုလုပ်ငန်းစဉ်အတွက် ဘဏ္ဍာရေးအထောက်အပံ့များ အရေးတကြီးလိုအပ်နေပါသည်။ ပြည်ပကမ္ဘာအနေဖြင့် စီးပွားရေးလုပ်ငန်းသစ်များကို ဆွဲဆောင်စီမံနိုင်ရန် လိုအပ်နေသည့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ ဖန်တီးခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် စစ်မြေပြင်ဟောင်းများကို ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများအလယ်သို့ ပြောင်းလဲပေးခြင်းတို့တွင် အကူအညီပေးရန် အရေးအကြီးဆုံး လိုအပ်ပါလိမ့်မည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကုန်ကျစရိတ်သည် အခြားနိုင်ငံများတွင် ငြိမ်းချမ်းရေး တည်ဆောက်မှု အတွက် လတ်တလောနှစ်များတွင် အသုံးပြုခဲ့သည့် ပမာဏထက်များစွာ လျော့နည်းပါလိမ့်မည်။ သို့သော် လည်း ရရှိလာမည့်ဆုလာဘ်မှာ အာရှ၏ အသည်းနှလုံးနေရာတွင်ရှိသော မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံ၏ ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်လာမည့် အရေးထက် နည်းနည်းမှမလျော့နိုင်ပါ။

Ref; Help Myanmar’s peace talks to transform Asia By Thant Myint-U
https://www.facebook.com/politicalarticlesofmyanmar

No comments:

Post a Comment