(ဒီကနေ့ထုတ် The Voice weekly ဂျာနယ်မှာရေးတဲ့ ဆောင်းပါး။
တစ်ခါတစ်လေကျတော့ ရှုထောင့်လေး နည်းနည်းပြောင်းကြည့်လိုက်ရင်
အမြင်လည်းပြောင်းသွားနိုင်ပါတယ်။ အခက်အခဲလို့ထင်မိတဲ့ကိစ္စကလည်း
အခွင့်အလမ်းဖြစ်နေတတ်ပါတယ်။ ဘက်ပေါင်းစုံက စဉ်းစားတဲ့ဓလေ့ရှိရင်
သေချာပေါက်တိုးတက်အောင်မြင်နိုင်ပါတယ်။ တစ်လမ်းသွားစဉ်းစားရင်လည်း
အောင်မြင်မှုနဲ့ လွဲချော်တတ်ပါတယ်ခင်ဗျာ။)
ဒေါ်စု ကြိုးပမ်းအားထုတ်နေသမ
ျှ အောင်မြင်စေလိုသော ၊ ဒီမိုကရေစီရေးအတွက်
အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တဲ့ ရင်ကြားစေ့ရေး အောင်မြင်စေလိုသော၊
အတိုက်အခံနှင့် တပ် အထင်အမြင်လွဲမှားနိုင်မှုများ ရှိုလာနိုင်တဲ့အနေအထားကို
တတ်စွမ်းသမျှ ကာကွယ်လိုသောရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးကိုရေးပါတယ်။
ပြင်ဆင်ရေးကိစ္စ သိသိသာသာရှေ့တန်းရောက်လာခဲ့တာက အတိုက်အခံပါတီ
နဲ့တိုင်းရင်းသားတို့ ညှိနှိုင်းကြတဲ့ အစည်းအဝေးများမှာ ပြင်ရေး သစ်ရေး
မဆုံးဖြတ်နိုင်ခဲ့လို့ လူထုသဘောထားရယူ
ရန်ဆုံးဖြတ်ခဲ့ကြခြင်းမှစတင်ပါတယ်။ ပါတီအနေနဲ့ လူထုဆန္ဒ ခံယူပွဲတွေကျင်းပပါတယ်။ လူထုနဲ့ပါတီတွေ့ဆုံမှုတွေပြုလုပ်ခဲ့ပြီး အဲဒီပွဲတွေကိုလာရောက်ခဲ့သူအများစုက ပြင်ဆင်ရေးကို ထောက်ခံကြပါတယ်။ အမှန်တော့ အခြေခံဥပဒေကိုပြင်ဆင်ရမယ်ဆိုတဲ့အချက်က
ယေဘူယျ အားဖြင့် အားလုံး လက်ခံထားပြီး သားအချက်ဖြစ်ပါတယ်။
အတိုက်အခံပါတီရဲ့ အခြေခံဥပဒေ ဆိုင်ရာကော်မတီက ပြင်ရေး သစ်ရေး
တစ်စုံတစ်ရာဆုံးဖြတ်ချက်မချနိုင်တဲ့အတွက် ဒီလူထုဆန္ဒ ခံယူပွဲတွေကျင်းပရတာလို့ မှတ်ယူရပါတယ်။ ပါတီအနေနဲ့ ပြင်ဆင်ရေးအတွက် အစိုးရ၊ တပ်
၊လွှတ်တော်တို့နဲ့တရားဝင်တွေ့ဆုံခွင့်ရအောင် လူထု ကျောထောက်နောက်ခံရယူခဲ့တယ်ဆိုတဲ့
ကောက်ချက်ချနိုင်တဲ့ အနေအထားကို အခုအခါ အလိုလို ရောက်သွားပါတယ်။ ဒါဟာ
ရင်ကြားစေ့ရေးအတွက် တစ်စုံတစ်ရာသောအတိုင်းအတာအထိ
အဟန့်အတားဖြစ်စေတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ လူထုအားနဲ့ တိုက်ပွဲအသွင်
ဆောင်တဲ့အတွက်ပါ။ ( ဒီလိုဖြစ်အောင် တမင်ရည်ရွယ်လုပ်ဆောင်တယ်လို့ပြောချင်တာမဟုတ်ပါ။ တစ်ဘက်က ယူဆစရာ ဖြစ်ကြောင်း ထောက်ပြလိုရင်းပါ။ ) အခုအချိန်ဟာ တော်လှန်ရေးကာလမဟုတ်ဘဲတည်ဆောက်ရေးကာလ သာဖြစ်တာကြောင့် တည်ဆောက်ရေးနဲ့လိုက်လျောညီထွေရှိတဲ့
နည်းလမ်းတွေ ရွေးချယ်လုပ်ကိုင်သင့်တယ်လို့ ဒေါ်စုက ပြောခဲ့တဲ့အချက်ဟာ
အခြေအနေ အချိန်အခါနဲ့ လွန်စွာကိုက်ညီပါတယ်။ ဒါပေမယ့် ဒီလူထုဆန္ဒ
ခံယူပွဲများကတော့ ရည်ရွယ်ချက်နဲ့
လုပ်ခဲ့ခြင်းမဟုတ်နိုင်သော်ငြား စောစောကပြောသလိုပဲ ရင်ကြားစေ့ရေးကို အနည်းနဲ့အများ ထိခိုက်စေတာအမှန်ဖြစ်ပါတယ်။
ပါတီက ကြေငြာချက်ထုတ်ပြီး လေးပွင့်ဆိုင်တွေ့ဆုံဖို့
အတိအလင်းတောင်းဆိုပါတယ်။ တစ်ဖက်က တုန့်ပြန်ပုံက
အပြုသဘောဆောင်တယ်လို့ယူဆပါတယ်။ လေးပွင့်ဆိုင်တွေ့ဆုံရေးကို
မလိုက်လျောနိုင်တာလည်းသေချာပါတယ်။ အစိုးရကဖြစ်စေ ၊ လွတ်တော် ဒါမှမဟုတ် တပ်ကဖြစ်စေ
အခြေခံဥပဒေကိုကျော်လွန်ပြီး တစ်စုံတစ်ရာ လုပ်ကိုင်ဆောင်ရွက်ဖို့ရာ တော်တော်ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် တွေ့ဆုံရေးကို လုပ်ဖို့ လွှတ်တော်ရဲ့ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီ အစီရင်ခံစာကိုစောင့်သင့်တယ်လို့တုန့်ပြန်တာတွေ့ရပါတယ်။
အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်များနဲ့ချိန်ထိုးကြည့်ရင် ဒီတုန့်ပြန်မှုဟာ အများကြီးအပြုသဘော ဆောင်ပါတယ်။ အခြေခံဥပဒေက ဘယ်လိုပဲ ပြဌာန်းထားသည်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်က
ပြင်ဆင်ရေးရဲ့ ဗဟိုချက်မ ဖြစ်နေသော်ငြားလည်း အခု အစိုးရရဲ့ တုန့်ပြန်ပုံက
နိုင်ငံရေးအရ ( အခြေခံဥပဒေကိုကျော်လွန်သော )လိုက်လျောမှုတစ်ခုဖြစ်ပါတယ်။
အတိုက်အခံပါတီက တောင်းဆိုတဲ့အတိုင်း အတိအကျ မလိုက်လျောတာကလွဲလို့
တွေ့ဆုံဖို့ကို လုံးဝ ငြင်းဆန်ခြင်း မဟုတ်ဘူးဆိုတာက ကောင်းတဲ့
အလားအလာဖြစ်ပါတယ်။ လုံးဝမတွေ့နိုင်ဘူးဆိုတဲ့အဓိပ္ပါယ်လည်း
သက်ရောက်မှုမရှိတာအမှန်ပါ။ စိတ်ရှည်လက်ရှည်နဲ့ ချဉ်းကပ်ဆောင်ရွက်
နိုင်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးအရ
တစ်စုံတစ်ရာတိုးတက်မှု ရှိအောင်ဆောင်ရွက်နိုင်မယ်ဖြစ်ပါတယ်။ ဒါပေမယ့် အတိုက်အခံပါတီက တစ်ဖက်ရဲ့တုန့်ပြန် ချက်ကိုတုန့်ပြန်တဲ့ကြေငြာချက်တစ်စောင်ထပ်မံထုတ်ပြန်ပါတယ်။
ကြေငြာချက်ကိုဖတ်တော့ ဒေါသသံ အပြစ်တင်သံများ ပါနေပါတယ်။ အလုပ်ဖြစ်မယ့်
ကြေငြာချက်မျိုးမဟုတ်တာကို ဝမ်းနည်းဖွယ်တွေ့မြင်ရပါတယ်။
တစ်စုံတစ်ရာမလိုက်လျောနိုင်တိုင်းစေတနာမရှိဘူး။ အာဏာဆုပ်ကိုင်ထားချင်တာ။
ဒီမိုကရေစီ မလိုလားတာ စသဖြင့် အပြစ်တင်နေလို့လည်း ဒီမိုကရေစီက ရမယ်မထင်ပါ။
ဒီနေရာမှာ စေတနာတစ်ခုထဲနဲ့ အလုပ်မဖြစ်ပါဘူး။ လက်တွေ့ကျမှု၊ အရည်အချင်း
၊ပကတိ အခြေအနေအရပ်ရပ် ၊ ယုံကြည်မှုတည်ဆောက်နိုင်မှုအတိုင်းအတာ ၊ လူထုရဲ့ နိုင်ငံရေး အသိပညာရေချိန်၊ တိုင်းရင်းသားတို့ရဲ့ဆန္ဒသဘောထားနဲ့ ပါဝင်ဆောင်ရွက်ခွင့်
စတာတွေက အနည်းနဲ့အများဆက်စပ်ပတ်သက်နေပါတယ်။ အခြေခံဥပဒေ ရဲ့ခွင့်ပြုနိုင်စွမ်း ကလည်းထည့်စဉ်းစားရမှာပါ။ ဒီလိုပြောလိုက်လို့ အခြေခံဥပဒေက ဒီမိုကရေစီနဲ့မှမညီတာလို့ ပဲ
ပြောနေလို့မရပါ။ ဒီမိုကရေစီနဲ့ညီနေပြီလို့လည်းဘယ်သူကမှမပြောပါ။ ဒီမိုကရေစီနဲ့မညီလို့ဘဲ
ညီအောင်ကြိုးစားနေကြရတာဖြစ်ပါတယ်။ လက်တွေ့ဖြစ်နိုင်ခြေကိုမလုပ်ဘဲနဲ့
ဘာရလာဒ်မှ မရနိုင်ပါဘူး။အဓိက က ဒီမိုကရေစီကို သေချာပေါက် ဖော်ဆောင်နိုင်ဖို့ပါ။
ကျနော်တို့ နိုင်ငံကို ဒီမိုကရေစီစစ်စစ် ချက်ချင်းလက်ငင်းတည်ဆောက်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ဒီလိုပြောလိုက်တာနဲ့ ပြောတဲ့လူတွေက အစိုးရအလိုတော်ရိ တပ်ကိုဖားတဲ့သူစသဖြင့်
တံဆိပ်တွေကပ်လိုက်ချင်တဲ့သူတွေလည်းအများသားပါ။ ပကတိအရှိတရားကိုအခြေခံပြီး
ဒီမိုကရေစီကို အမှန်တစ်ကယ် လိုချင်ကြလို့သာ အမုန်းခံရမယ်မှန်းသိသိကြီးနဲ့
ပြောနေ ဆိုနေကြတာဖြစ်ပါတယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
ဒီမိုကရေစီအတွက် အချိန်ယူကြရပါဦးမယ်။ အခု အခြေခံဥပဒေပြင်ဆင်ရေးညှိနှိုင်းဆွေးနွေးဖို့
အစိုးရနဲ့တပ်ဖက်က အပြုသဘောတုန့်ပြန်မှုကို အလေးအနက် စဉ်းစားပြီး
အခွင့်အရေးတစ်ရပ်လို မိမိရရ အသုံးချ စေချင်ပါတယ်။ compromise သဘောအရ
ကိုယ်တောင်းသလောက်အားလုံးရဖို့ မျှော်လင့်လို့ မရတာကိုထည့်စဉ်းစားကြရပါတယ်။
သူလိုက်လျောနိုင်တာ ကိုယ်လိုက်လျောနိုင်တာ ညှိကြနှိုင်းကြတာ compromise ပါ။
အခု လေးပွင့်ဆိုင်တောင်းတာလည်း compromise ကို မျှော်မှန်းတာပါပဲ။
ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်ဖက်က လုံးဝမတွေ့နိုင်ဘူးလို့
ငြင်းချင်ရင်တောင် ငြင်းလို့ရတဲ့ ပါဝါအရ အသာစီး ရမှုရှိနေပါတယ်။
အခြေခံဥပဒေကို ပြဌာန်းလိုက်တဲ့ ၂၀၀၈ နောက်ပိုင်းမှာ
အတိုက်အခံနဲ့ယှဉ်လိုက်ရင် တပ်က ပါဝါများစွာသာလွန်သွားတာဖြစ်ပါတယ်။အတိုက်အခံခေါင်းဆောင်ရဲ့ တောင်းဆိုချက်ကို လေးစားတဲ့အနေနဲ့ အခုလိုတုန့်ပြန်ပြောဆို လိုက်တာ သာဖြစ်ပါတယ်။
လေးပွင့်ဆိုင် တွေ့ဖို့ concept ဟာ ပြင်ဆင်ရေး ညှိနှိုင်းရန်သာဖြစ်ပါတယ်။ တစ်နည်း ဒီမိုကရေစီ သို့ ပိုမိုရွေ့လျားရေးဆောင်ရွက်လိုခြင်းဖြစ်ပါတယ်။
ဒီတော့ ဒီရည်ရွယ်ချက် ထမြောက်အောင်မြင်ဖို့က အဓိကဖြစ်ပါတယ်။ လေး ယောက်ထဲ
တွေ့ကြပြောကြဖို့ ဘယ်လိုမှမဖြစ်နိုင်တာသေချာနေပြီး
ဒါကိုပဲတစ်ဖက်ကမတွ့ဘူးလို့ လုံးဝ ငြင်းတာမဟုတ်တဲ့ အတွက် တိုးတက်မှုပါ။
အောင်မြင်မှုဖြစ်ပါတယ်။ အကောင်းဘက်ကရှုမြင်ကြဖို့လိုပါတယ်။ အခုအတိုက်အခံပါတီရဲ့
ဒုတိယမြောက်ကြေငြာချက်မှာပါသလို ဒီမိုကရေစီဖြစ်ထွန်းရေးကိုအစိုးရက
မလိုလားဘူး လို့ မယူဆသင့်ပါဘူး။ မလိုလားရင် ဒီအခြေအနေ ထိ ရွေ့မလာပါဘူး။
ရွှေ့မပေးပါဘူး။ ဒါပေမယ့် တပ်နဲ့ အတိုက်အခံ
နိုင်ငံရေးအမြင်ကွဲပြားနေသေးတာကြောင့် ဒီမိုကရေစီကိုသွားဖို့
အချိန်ယူချင်ကြတာချင်းကွာဟနေခြင်းသာဖြစ်ပါတယ်။
အခု အစိုးရရဲ့ တုန့်ပြန်ပုံက၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ
တွေ့ကြညှိကြလို့ရဖို့ လမ်းစလို့ မြင်မိပါတယ်။ စောစောကပြောသလိုပဲ compromise
သဘောအရ နှစ်ဘက်လက်ခံနိုင်မယ့်အနေအထားကို
ဖန်တီးသင့်ပါတယ်။ အခုအတိုက်အခံပါတီက သတ်မှတ်လိုက်တဲ့ ဘောင်ကို
အနည်းငယ်ချဲ့ထွင်ရပါမယ်။ ကျနော်တို့ အခု ပြင်ဆင်ရေးကို ပြောနေကြတာဟာ
ပြင်ရေးသစ်ရေး ကိစ္စက စတင်ခဲ့တယ်ဆိုတဲ့အချက်ကို
ဒီနေရာမှာထည့်စဉ်းစားဖို့လိုပါမယ်။ တိုင်းရင်းသားတွေ ထဲမှာ ပြင်ဆင်ရေးထက် အသစ်ရေးဆွဲရေးကိုထက်သန်နေကြသူတွေရှိပါတယ်။ အခု အခြေခံဥပဒေ ပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းကြဖို့ဆိုရင် တိုင်းရင်းသားတွေကို ပထမဦးစားပေးအနေ နဲ့စဉ်းစားသင့်ပါတယ်။အသစ်ရေးချင်တဲ့သူတွေက
ပြင်ဆင်ရေးကို အလွယ်တကူလက်ခံလိုက်ကြဖို့ မလွယ်လှပါဘူး။ ပြင်ဆင်ရေး
ညှိနှိုင်းတဲ့အခါ အသစ်ရေးဆွဲလိုသူတွေကို လေးလေးစားစားနဲ့ ပါဝင်ခွင့်ပြုရင်
နောင်ရေးအတွက်ပိုကောင်းမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဆုံချက်တစ်ခုကိုရှာဖွေသင့်ပါတယ်။ အားလုံးသဘောတူနိုင်မယ့်ဆုံချက်ပါ။
ဥပမာ လွှတ်တော် အခြေခံဥပဒေ သုံးသပ်ရေးကော်မတီအစီရင်ခံစာထွက်မယ့်အချိန်နဲ့
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထွက်လာမယ့်အချိန်ကို
အမြန်ဆုံးဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်းကြရင် အဲဒီအချိန်ရောက်တဲ့အခါ
အတိုက်အခံက ဖြစ်ချင်တဲ့ ကိစ္စကို ကျယ်ကျယ် ပြန့်ပြန့် ပြောလို့ဆိုလို့
ညှိနှိုင်းလို့ ရဖို့ များပါတယ်။ ပြည့်ဝတဲ့ ဒီမိုကရေစီ အခြေခံများကို
တစ်ခါထဲ မချမှတ်နိုင်သော်ငြားတိုးတက်မှု များစွာ သဘောတူညီမှုမျာစွာ
ရရှိနိုင်မှာ အသေအချာပါ။
နိုင်ငံရေး အမြင်မတူညီမှုကို
အလေးအနက်ထားဖို့လည်းလိုပါတယ်။ တပ်က ဘာနိုင်ငံရေးလို လို့လဲ
ရှိလို့လဲဆိုတာမျိုးကတော့ ဒီမိုကရေစီရပြီးတဲ့နောက်ပိုင်းမှ ပြောကြဆိုကြတာပိုကောင်းပါတယ်။
အခုတော့ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းမျးအရ တပ်မှာ
လေးနက်တဲ့နိုင်ငံရေးခံယူချက် ရှိနေပါတယ်။ နိုင်ငံသားတိုင်းမှာ
နိုင်ငံရေးခံယူချက်ကိုယ်စီရှိကြပါတယ်။
ကွန်မြူနစ်ကလူတန်းစား ညှိလိုပါတယ်။ တစ်ကိုယ်ကောင်းသမားက ငါ့ဘို့ပဲလုပ်မယ်
လူ့အဖွဲ့အစည်းအကျိုးတွေ ဘာတွေ လာမပြောနဲ့လို့
ပြောလေ့ရှိတာသူတို့နိုင်ငံရေးခံယူချက်ပါ။
ဒီမိုကရက်တွေက လွတ်လပ်ခွင့်ကို ဦးစားပေးစဉ်းစားတာလည်း သဘာဝကျပါတယ်။
စစ်သားတွေကတော့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးက သူတို့နိုင်ငံရေးဖြစ်မှာပါ။
နိုင်ငံရေးစားဖားတွေလည်း အသံကောင်းဟစ်တတ်တာ လူပြိန်းကြိုက်ပြောတာသူတို့နိုင်ငံရေးခံယူချက်ပါ။ တိုင်းရင်းသားတွေက ဖက်ဒရယ်ကိုဦးစားပေးမှာ ပါပဲ။ ကျနော်တို့တတွေ ဒီမိုကရေစီကို အာသာငမ်းငမ်းနဲ့လိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့်
လက်တွေ့ကျကျ လုပ်ဆောင်ပြီး တရွေ့ရွေ့ချဉ်းကပ်ကြမှသာ ဒီမိုကရေစီကို
သေချာပေါက် မျှော်လင့်လို့ရပါလိမ့်မယ်။( လွှတ်တော် ကော်မတီကို
ပြင်ဆင်ရေးအတွက် တင်ပြဖို့ တပ်က
အစီရင်ခံစာရေးဆွဲနေတယ်လို့လည်းကြားပါတယ်။ )
ဒေါ်စု ပြောသလို အစိုးရက တွေ့ဆုံရေး ကို ရှောင်လွှဲခြင်းမဟုတ်နိုင်ဘူးလို့မြင်မိပါတယ်။ အစိုးရက ပြင်ဆင်ရေးနဲ့ပတ်သက်ရင် တိုက်ရိုက်တာဝန်မရှိပါ။ လွှတ်တော်များလောက်တာဝန်မရှိပါ။
အစိုးရသက်တမ်းကလည်း နှစ်နှစ်မျှသာ ကျန်တော့တာဖြစ်ပါတယ်။ အစိုးရကပြင်ဆင်ရေးကို ဆန္ဒမရှိဘူးလို့ အပြစ်တင်မယ်ဆိုရင်နည်းနည်းလွဲချော်မှုရှိနိုင်ပါတယ်။ ပြင်ဆင်ရေးကို အားလုံးက
မူအားဖြင့် သဘောတူပြီးဖြစ်တယ်လို့ မှတ်ယူထားမှသာ အလုပ်ဖြစ်နိုင်ပါလိမ့်မယ်။
လက်ရှိအနေအထားမှာ ပြင်ဆင်ရေးအတွက် အဓိက ဖြစ်နိုင်ခြေများဟာ
၁။ပြည်နယ်ဝန်းကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်တဲ့အစား ပြည်နယ် လွှတ်တော် များကသာ ရွေးချယ်ခန့်အပ်ခွင့်ပြုရန်၊
၂။ပြည်နယ်လွှတ်တော်များကိုလုပ်ပိုင်ခွင့်ပိုပေးရန်နဲ့
၃။ သယံဇာတခွဲဝေရယူသုံးစွဲမှုကိုပြည်နယ်များအကျိုးအတွက် ဦးစားပေးဆောင်ရွက်ခွင့်ပြုရန် စတာတွေဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ ( တပ်မတော်အခန်းကဏ္ဍ ကဲ့သို့သော )ကိစ္စရပ်များမှာ သဘောတူညီမှုများရရှိနိုင်ဖို့ တစ်နည်းအားဖြင့်ပြင်ဆင်လို့ရနိုင်ဖို့ကတော့ ယုံကြည်မှုတည်ဆောက်နိုင်မှု အတိုင်းအတာပေါ်မှာသာလုံးလုံးလျားလျားမူတည်နေပါတယ်။ ဒါကြောင့် ဘာပဲပြောပြော၊ဘာပဲလုပ်လုပ် ယုံကြည်မှုတည်ဆောက်ရေးကို မထိခိုက်အောင် ၊
ယုံကြည်မှုတည်ဆောက်ရေးကိုပံ့ပိုးနိုင်အောင် သတိထားပြီး ပြောကြလုပ်ကြရင် ဒီမိုကရေစီနဲ့ မြန်မြန်နီးနိုင်မယ်လို့ ယူဆပါတယ်။ယုံကြည်မှုတည်ဆောက်ရေးကို ကျော်ပြီး ပြင်ဆင်ရေးအတွက် အရေးကြီးတဲ့သဘောတူညီချက်များရရှိဖို့ မျှော်မှန်းလို့မရနိုင်ပါဘူး။ ယုံကြည်မှုတည် ဆောက်ရေး နဲ့ ပြင်ဆင်ရေးတို့ဟာတိုက်ရိုက်အချိုးကျနေပါတယ်။
ပြင်ဆင်ရေး အောင်မြင်မှ သာ ဒီမိုကရေစီဘက်ရွေ့မှာပါ။ ဒီတော့
ပြင်ဆင်ရေးကိုချဉ်းကပ်ပုံ ချဉ်းကပ်နည်း မှန်ကန်လေ
ဒီမိုကရေစီမြန်မြန်ရလေဖြစ်မှာပါ။ပြင်ဆင်ရေးအတွက် လုပ်တာကိုင်တာမှားလို့သဘောတူညီချက်များမရနိုင်လေ ဒီမိုကရေစီခရီးလည်း ပိုဝေးလေဖြစ်မှာပါ။ ဒီတော့အရင်ထက်ပို သတိထားကြဖို့ နဲ့ အရင်ထက်ပိုလက်တွေ့ကျကျချဉ်းကပ်ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။အရင်ထက်လည်းပိုစိတ်ရှည်ကြဖို့နဲ့ အရင်ထက်ပိုအကောင်းမြင်ကြဖို့
အရေးကြီးပါကြောင်း တင်ပြပါရစေ။ ။
ပိုက်တင်
No comments:
Post a Comment