Monday, December 9, 2013

မြန်မာ့နွေဦးကို ခြိမ်းခြောက်နေသော အရာများ

ပြည့်ဖြိုးနိုင်

ပြီးခဲ့သည့်နှစ်နှစ်အတွင်း ပေါ်ပြူလာအဖြစ်ဆုံး အကြောင်းအရာတစ်ရပ်ဖြစ်တဲ့ မြန်မာ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ဟာ တုံ့ဆိုင်းနေသလိုမျိုး ဖြစ်လာပါတယ်၊ အဲဒီလို ဖြစ်လာခြင်းရဲ့နောက်ကွယ်မှာ လုံခြုံရေးတည်ငြိမ်မှု အားနည်းခြင်းနဲ့ လူမျိုးရေး ပဋိပက္ခ တွေကို ထိထိရောက်ရောက် ဖြေရှင်းပေးမယ့် ဥပဒေမျိုး မရှိတဲ့အချက်က အခရာ ကျတယ် လို့ ဆိုရမှာပါ။

အောက်တိုဘာလအတွင်းက ရန်ကုန်နှင့် မန္တလေးမှာရှိတဲ့ နာမည်ကြီး ဟိုတယ်တွေနဲ့ နေရာ တစ်ချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာအတွင်းမှာ မြန်မာရဲတပ်ဖွဲ့က မွတ်ဆလင်ဗလီတွေကို ဗုံးခွဲဖို့ ကြံစည်တဲ့ အုပ်စုတစ်စုကို ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီအုပ်စုဟာ လူမျိုးရေး ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်က လာတဲ့သူတွေ ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အရပ်သားအစိုးရ ပြောင်းလဲတာဝန်ယူမှုနဲ့အတူ မြန်မာ့နွေဦးရယ်လို့ နာမည် တပ်ခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ နိုင်ငံတော် လုံခြုံရေးကိစ္စတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့တဲ့ တပ်မတော်ရဲ့ကဏ္ဍ လျှော့ချသွားခြင်း နောက်ကွယ်မှာ လုံခြုံရေး အခြေအနေ မတည်ငြိမ်မှုတွေ ဖြစ်လာသလားလို့ စဉ်းစားစရာရှိပါတယ်။ ပြည်သူ တွေရဲ့ စိတ်ထဲမှာလည်း ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲဖြစ်စဉ်တွေဟာ သူတို့ကို တိုက်ရိုက် အကျိုးမဖြစ်စေဘူးလို့ ခံစားနေရပုံပါပဲ၊ ဒီအခြေအနေတွေ အားလုံးဟာ မြန်မာ့နွေဦး အရှိန် လျော့သွားစေဖို့ တွန်းပို့နေတဲ့ အကြောင်းအရာတွေလို့ ဆိုရမှာပါ။

လုံခြုံရေးအခြေအနေ မတည်ငြိမ်မှု

မြန်မာနိုင်ငံသားတွေဟာ နိုင်ငံခြားသားဆိုရင် မုန်းတီးတဲ့စိတ်အခံကို သမိုင်းနဲ့ချီပြီး ဆုပ်ကိုင် ထားတဲ့ သူတွေပါ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုးတွေနဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေကြားက ပဋိပက္ခ တွေရဲ့ နောက်ကွယ်မှ အကြောင်းတရားများစွာ ရှိနိုင်ပါတယ်။ ဒါပေမယ့်ဆယ်စုနှစ်ပေါင်း များစွာ ဥပဒေစိုးမိုးမှု ကင်းမဲ့ခဲ့မှုနဲ့ ပေါက်ကွဲမှု အဆင့်ရောက်သွားအောင် ရည်ရွယ်ချက် ရှိရှိ တွန်းပို့ သလိုမျိုး ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ လူမျိုးရေး ပဋိပက္ခတို့ မြစ်ဖျားခံရာ အကြောင်းတရား တွေပါပဲ။ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ လူမျိုးရေး ပဋိပက္ခတွေကို ဥပဒေ နဲ့ အညီ ကိုင်တွယ်ဖို့ ကြိုးစားခဲ့တာ ထင်ရှားပါတယ်။ ဒါပေမယ့် မြန်မာ့နွေဦးကို ဦးဆောင် အကောင်အထည် ဖော်နေသူတွေထဲမှာ အဓိကကျတယ်လို့ ဆိုရမယ့် ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အရေးပါသူ အများစုဟာ လူမျိုးရေးပြဿနာတွေကို ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါဟာ ပြဿနာတွေကို မလိုလားအပ်ပဲ တာရှည်သွားစေခဲ့တဲ့ အကြောင်းအရာလို့ ထင်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူမျိုးရေး ပဋိပက္ခတွေဟာ ဒေသတွင်းနိုင်ငံတွေအထိ ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ အင်ဒိုနီးရှား မှာ ဘင်္ဂါလီ လူမျိုးတွေနဲ့ မြန်မာလူမျိုးတွေ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး မြန်မာ လူမျိုး ရှစ်ဦး သေဆုံးခဲ့ရမှု၊ ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ ကြံစဉ်ခဲ့မှု၊ အိန္ဒိယ နိုင်ငံမှာရှိတဲ့ မဟာဗောဓိ ဘုရားကျောင်း ဗုံးဖောက်ခွဲ ခံခဲ့ရမှုတွေဟာ မြန်မာနိုင်ငံအတွင်းက လူမျိုးရေး ပဋိပက္ခတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် ထွန်းသစ်စ မြန်မာ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတာနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ ရည်မှန်းချက်တွေကို ထိခိုက်စေတာမျိုး ဖြစ်စေတာကြောင့် မြန်မာ ခေါင်းဆောင် တွေ အနေနဲ့ လူမျိုးရေး ပဋိပက္ခတွေ အလုံးစုံချုပ်ငြိမ်းသွားအောင် ကြိုးစားဖို့ လိုပါလိမ့်မယ်။

ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှု

အရပ်သား အစိုးရသစ်လက်ထက်မှာ မြန်မာ့စီးပွားရေး တိုးတက်မှု အခြေအနေက အားရ စရာ ရှိခဲ့ပါတယ်၊ ၂၀၁၂ ခုနှစ်အတွင်းက ပြည်တွင်းထုတ်လုပ်မှု အသားတင်တန်ဖိုး ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဒါပေမယ့် ဒီတိုးတက်မှုတွေဟာ မြန်မာ့စီးပွားရေး အမှန်တကယ် ဦးမော့လာတဲ့ အလား အလာမျိုး မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က ရင်းနှီးမြှုပ်နှံမှု အများစုဟာ အခြေခံ အဆောက် အအုံ အားနည်းမှု၊ ရှုပ်ထွေးတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ဥပဒေစိုးမိုးမှု နိမ့်ပါးမှု တွေကြောင့် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ လက်တွန့်နေဆဲပါ။ အမေရိကန် နာမည် ကြီးကုမ္ပဏီ အများစုရဲ့ အမှုဆောင်ချုပ်တွေနဲ့တွေ့တိုင်း တစ်သံတည်း ပြောတဲ့စကားက အဲဒီအကြောင်းအရာတွေကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ မလွယ်ဘူး ဆိုတာ ပါပဲ။ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ဖို့ အခက်အခဲဆုံးနိုင်ငံတွေစာရင်းမှာ အောက်ဆုံးနား ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကလည်း ရင်းနှီးမြှုပ်နှံသူတွေကို လက်တွန့်စေတဲ့ အချက်လို့ ဆိုရမှာပါ။ နိုင်ငံခြားခရီးသွား လုပ်ငန်းမှာ တိုးတက်မှု သိသိသာသာ ရှိခဲ့ပေမယ့် မျှော်မှန်းတဲ့အခြေအနေကို မရောက်ခဲ့တာက နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် ဖြစ်ရတယ် ဆိုတာကို မြန်မာ့မူဝါဒဆိုင်ရာ ကျွမ်းကျင်သူတွေ သတိမူဖို့ လိုပါလိမ့်မယ်။ လက်ရှိစီးပွားရေး တိုးတက်မှုတွေကလည်း စွမ်းအင်စီမံကိန်းတွေကို ရေရှည် အကျိုးဖြစ် ထွန်းစေမယ့် စီမံကိန်းမျိုးမဟုတ်တဲ့ နေရာတွေကနေလာတဲ့ တိုးတက်မှုမျိုးတွေ ဖြစ်နေ တယ် ဆိုတာကို ထည့်သွင်းစဉ်းစား ရမှာပါ။

စနစ်တကျစီမံခန့်ခွဲရေး

မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို တွန်းအားပေးဖို့အတွက် အမေရိကန် ပြည်ထောင်စု၊ ဂျပန် နဲ့ ကမ္ဘာ့အလှူရှင်နိုင်ငံအများစုဟာ ကြီးမားတဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန် နိုင်ငံဆိုရင် အကြွေးဘီလီယံနဲ့ချီပြီး လျှော်ပေးခဲ့သလို အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ လောက် တန်ဖိုးရှိမယ့် အကူအညီတွေ ထပ်ပေးဖို့လည်း စီစဉ်ထားပါတယ်။ သီလဝါနဲ့ ထားဝယ်စီမံကိန်းလို မြန်မာ့စီးပွားရေးကို ကြီးကြီးမားမား အပြောင်းအလဲဖြစ်စေမယ့် စီမံကိန်း ကြီးတွေမှာလည်း ဂျပန်ပါဝင်တော့မှာပါ။ ဒါပေမယ့် နိုင်ငံတကာက ပေးအပ်နေတဲ့ အကူအညီတွေနဲ့ စီမံကိန်းကြီးတွေရဲ့ ဆက်စပ်အကျိုး ဖြစ်ထွန်းစေမှုဟာ ပြည်သူအများစု ကို အကျိုးရှိစေမယ့် အလားအလာမျိုး နည်းပါးပြီး ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ရှိတဲ့ လူလတ်တန်းစားနဲ့ လူချမ်းသာတွေကိုပဲ အကျိုးရှိစေမလို ဖြစ်နေပါတယ်။ ဒါဟာ ပြည်သူ တွေကို နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်ကနေ ဘာအကျိုးမှ မခံစားရဘူးဆိုတဲ့ မကျေနပ် မှုတွေ တိုးပွားလာအောင် ဖန်တီးမယ့် အချက်ဖြစ်လို့ စနစ်တကျစီမံခန့်ခွဲရေးကို ဦးစားပေး သင့်ပါပြီ။

အလေးအနက်ဦးစားပေးရမည့် အချက်များ

သမ္မတဦးသိန်းစိန်အနေနဲ့ လူမျိုးရေးပဋိပက္ခတွေ အဆုံးသတ်ဖို့ ဥပဒေစိုးမိုးမှု ပိုမြင့် လာအောင် ဖန်တီးသင့်ပါတယ်။ ဘာသာရေး ရှေ့တန်းတင်ထားတဲ့ အဖွဲ့အစည်းတွေ ကို လည်း စနစ်တကျ စုံစမ်းမှုတွေ လုပ်သင့်ပါတယ်။

အစိုးရအနေနဲ့ရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည်မြင့်မားတဲ့၊ ယုံကြည်မှုအပြည့်အဝ ထားနိုင်တဲ့ အခြေအနေမျိုး ရောက်အောင် ဖန်တီးပေးသင့်ပါတယ်။

မြန်မာအစိုးရနဲ့ကမ္ဘာ့အလှူရှင် နိုင်ငံတွေအနေနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် ပေးအပ်လိုက်တဲ့အကူအညီတွေ အကျိုးမဲ့ မဖြစ်စေဖို့အတွက် အကျင့်ပျက် လာဘ်စားမှု စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်သင့် ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ အရေအတွက်က လူဦးရေရဲ့ ၄၀ % ရှိပါတယ်။ အလုပ် လက်မဲ့ များနေတာဟာ မလိုလားအပ်တဲ့ လူမျိုးရေးပြဿနာတွေ ဖြစ်ပေါ်လာအောင် တွန်းအား ဖြစ်စေတာကြောင့် အလုပ်လက်မဲ့ လျှော့ချနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

(ကယ်လီဖိုးနီးယားတက္ကသိုလ်မှ နိုင်ငံရေးဘောဂဗေဒပညာရှင် Joshua Kurlantzick ရေးသားသော The Threat to Myanmar's Awakening ကိုပြန်ဆိုသည်)

၉-၁၂-၂၀၁၃ ရက်၊ တနင်္လာနေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာ အတွဲ ၁၊ အမှတ် ၂၄၇ မှ ကူးယူဖော်ပြသည်။
 https://www.facebook.com/politicalarticlesofmyanmar

No comments:

Post a Comment