ပညာ လိုလားသူတွေ အတွက် . . . . အဖိုးတန် စကား လက်ဆောင်
“ဆု” ဆိုတာ အကြွေးတောင်းသလို တောင်းလို့ရတာ မဟုတ်ဘူး၊ ရော့-အင့် ယူပါလို့
ပေးလို့ရတာ မဟုတ်ဘူး၊ မင်းတို့ကို ငါတို့ ဆုမပေးနိုင်ဘူး၊ မင်းတို့ကို
ပေးစရာ ငါတို့မှာ ဘာဆုမှ မရှိဘူး၊ “ဆု”ဆိုတာက အလုပ်လုပ်မှ ရတာ၊ ပါးစပ်က
တောင်းရုံပေးရုံနဲ့ ရတာ မဟုတ်ဘူး၊ ဒီတော့ မင်းတို့ကို ငါ ဆုမပေးဘူး၊
ဆုပေးပြီး ညာစားတဲ့အလုပ် ငါ မလုပ်ဘူး၊ မင်းတို့ အခု ကန်တော့ကြတယ်၊
မင်းတို့ကို “ကန်တော့လက်ဆောင်”နဲ့ “လာဘ်” ခွဲခြား ပြောရဦးမယ်။
ကိုယ့်ဒေသထွက်ပစ်္စည်း ကျောက်တိုင်သရက်၊ မြေပဲ ဆားလှော်၊ ၀က်အူချောင်း
စတာတွေကို စားစေချင်တဲ့ စေတနာနဲ့ စက်္ကူအိတ်ကလေးထဲ ထည့်ပေးရင် လက်ဆောင်။
အဲဒီ ပစ်္စည်းတွေကို ရွှေအုပ်ငွေအုပ်နဲ့ ထည့်ပေးတာက “လာဘ်”
.................
.................
..................
“မင်းတို့ မဟာဝိဇ္ဇာတန်း တက်ခွင့်ရလို့ အခု လာတက်ကြပြီ၊ ပြီးအောင်
လုပ်မယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားပြီးကြပြီလား၊ မင်းတို့ကို ငါ
မယုံသေးဘူး၊ Master တန်း ဆိုတာက လူပျင်းလူပေါ့ လူညံ့တွေ တက်ရတဲ့ အတန်း
မဟုတ်ဘူးကွ၊ မင်းတို့ အလုပ်မလုပ်ဘဲ ပြီးမှာ မဟုတ်ဘူး၊ အတွေ့အကြုံအရ
ငါပြောတာ၊ ငါကတော့ အလုပ်ပျက်ခံပြီး သင်ပေးလိုက်တယ်၊ မင်းတို့ လုပ်ကြစမ်း၊
ရှာကြဖွေကြစမ်း ဆိုပြီး လွှတ်လိုက်တယ်။ တစ်နှစ်နဲ့ ပြန်ပေါ်မလာ၊ နှစ်နှစ်နဲ့
ပြန်ပေါ်မလာ။ မိန်းကလေးဆိုရင် တစ်နှစ် နှစ်နှစ်လောက်နေမှ ပြန်ရောက်လာတော့
သက်သေခံ ပစ္စည်းက ပါလာပြီ၊ ဗိုက်ဖုံးအင်္ကျီကလေးနဲ့။ Master တန်းဆိုတာ B.A
ဘွဲ့လို စာသင်ခန်းထဲ ဆရာ ပြောတာကို လိုက်ရေး၊ ကျက်မှတ်ပြီး စာမေးပွဲ
ဖြေရတာမျိုး မဟုတ်ဘူး၊ ကိုယ့်ဘာသာကိုယ် လုပ်ရမယ်၊ မင်းတို့ ရေးတာ
အဆင့်မီရင် အောင်မယ်၊ မင်းတို့ ရေးတာ ညံ့ရင်ဖျင်းရင် ကျမယ်၊ ငါကတော့ သုတေသန
လုပ်ပုံလုပ်နည်း သင်ပေး ရမှာပဲ၊ မင်းတို့ လုပ်နိုင်ရင်လုပ်
မလုပ်နိုင်ဘဲနဲ့ လာမရှုပ်နဲ့၊ ငါ အလုပ်ပျက်တယ်၊ မင်းတို့ကို ငါ မယုံဘူး၊
မင်းတို့ အလုပ် လုပ်မလုပ် ကြည့်ရဦးမယ်”
.......................
.......................
.......................
Research ကို ပါဠိဘာသာနဲ့ သုတေသနလို့ နာမည် မှည့်ကြတယ်၊ တကယ်တော့
မူလနာမည်ရဲ့ အဓိပ်္ပာယ် အစုံကို ပါဠိဝေါဟာရမှာ မတွေ့ရဘူး၊ သုတ=အကြားအမြင်၊
ဧသနာ=ရှာမှီးခြင်း။ အကြားအမြင်ကို ရှာမှီးခြင်းလို့ အဓိပ်္ပာယ်ရမှာပေါ့၊
ဒါပေမဲ့ မူရင်းအဓိပ်္ပာယ်က အဲဒီလို မဟုတ်ဘူး၊ ရှေးက ရှိပြီးသား၊
တိမ်မြုပ်နေလို့ ပြန်ရှာဖွေ ဖော်ထုတ်တဲ့ သဘောပဲ၊ ဒီတော့ Research ကို
သုတေသနလို့ နာမည်ပေးထားတာဟာ သိပ်မဆီလျော်ဘူး၊ တခြား ဝေါဟာရ ရှာမတွေ့သေးခင်
ဒီဝေါဟာရကိုပဲ သုံးနေ ရမှာ။
အကြောင်းခြင်းရာ တစ်ခုကို
သုတေသနလုပ်တဲ့အခါ အင်မတန် စေ့စပ် သေချာရတယ်။ ကိုယ် တင်ပြတဲ့အချက် အတိုင်း
အကိုးအကား၊ အထောက်အထား မခိုင်လုံရင် သမိုင်းမဟုတ်ဘူး၊ ဒါကြောင့်
သုတေသနအလုပ်ဆိုတာ လွယ်တာ မဟုတ်ဘူး၊ ဒါပေမဲ့ လူတွေက သုတေသနဆိုတဲ့ စကားကို
ဗုံးပေါလအော သုံးနေကြတယ်။ ဟင်းရွက် ကန်စွန်းရွက်လို သဘောထားနေကြတယ်။
ဟိုနေရာမှာ လည်း သုတေသန၊ ဒီနေရာမှာလည်း သုတေသန။ ကုန်ကုန် ပြောမယ်ကွာ၊
ဒီဝတ္ထုကို သုတေသနပြုပြီး ရေးပါတယ်။ ဒီထမင်းဟင်းကို သုတေသနပြုပြီး
ချက်ပါတယ်လို့ ပြောနေကြတယ်။ ဒီလူတွေဟာ သုတေသနရဲ့ သဘော သဘာဝကို
မသိနားမလည်လို့ အလွယ်ပြောနေကြတာပဲ။ ဒီလို သုတေသနဆိုတဲ့ အလုပ်ကို
ခပ်ပေါ့ပေါ့ ခပ်ပေါပေါ ပြော၊ ခပ်ပေါ့ပေါ့ ခပ်ချာချာ လုပ်နေကြလို့
သုတေသနခမျာ နာမည်ပျက်နေရတယ်။
....................
....................
....................
“မင်းတို့ သုတေသန လုပ်တဲ့အခါ ပြီးပြီးရော ဖြစ်ကတတ်ဆန်း လုပ်လို့ မရဘူးကွ၊
စေ့စပ်ရတယ်၊ စနစ်ကျရတယ်၊ ဟိုစာအုပ်လေး ဖတ်လိုက်၊ စာပိုဒ်လေး ကူးယူလိုက်၊
ဟိုလူ ဒီလူ ပြောတာလေး ရေးမှတ်ထားလိုက်၊ အဲဒါတွေကိုပဲ စုပေါင်း စပ်ပေါင်း
ရေးမှတ်ထားတာမျိုးကို သုတေသနကျမ်းလို့ မခေါ်ဘူးကွ၊ သုတေသနဆိုတာ သူတကာ
မကြားဖူးသေး၊ မသိဖူးသေးတာ၊ မတတ်ဖူးသေး တာတွေကို ကြိုးစား ရှာဖွေပြီးတော့
ရတဲ့ အချက်တွေကို အကြောင်းအကျိုး ဆက်စပ်ပေးရမယ်၊ စစ်ဆေးပေးရမယ်၊
အဆိုးအကောင်း အဖြေ ဖော်ထုတ်ပေးရမယ်၊ ကြားဖူးသမျှ သိဖူးသမျှတွေကို
စုပေါင်းတဲ့အခါ အမြင်သစ် (New Interpretation) နဲ့ စစ်ဆေးရမယ်။ အရင်
ကောက်ချက်တွေကို ပြင်နိုင် ဖြည့်နိုင်ရမယ်။ ဒီလို မဟုတ်ဘဲ ဟိုစာအုပ်
ဒီစာအုပ်က နည်းနည်းစီ ကူးပြီး ပေါင်းစပ်ထားတဲ့ ဖြတ်ညှပ် ကပ်မျိုး
မဖြစ်စေနဲ့။ မင်းတို့ စပ်ထဘီမြင်ဖူးလား။ မိန်းမတွေ ၀တ်တာလေ။ ဟိုအ၀တ်စ
ဒီအ၀တ်စက အစဖြတ်ပိုင်းလေး တွေ ဆက်စပ်ပြီး ချုပ်ထားတာကွာ။ အေး၊ မင်းတို့
ရေးမယ့် Thesisကို စပ်ထဘီမဖြစ်စေနဲ့။ စပ်ထဘီလို Thesis မျိုး
ငါ့ဆီလာတင်လို့ကတော့ လွှင့်ပစ်မှာပဲ”
.................
.................
..................
“မြန်မာ့သမိုင်းကို နိုင်ငံခြားသားတွေက ရေးကြတယ်၊ အင်္ဂလိပ်က ရေးတော့
ဗမာအဆိုး၊ အင်္ဂလိပ်အကောင်း ဖြစ်အောင် ရေးတယ်၊ ဗမာမင်း ရက်စက်ပုံကို
ပုံကြီးချဲ့ပြီး ရွံ့မုန်းအောင် ရေးတယ်၊ တစ်ဖက်က အင်္ဂလိပ် အုပ်ချုပ်ရေး
ကောင်းပုံကို ရှေ့နေလိုက်တယ်၊ ကုလားက ရေးတော့ “ဒီကောင်တော်တယ်၊ ငါ့တပည့်ပဲ”
ဆိုတဲ့ လေသံနဲ့ ရေးတယ်၊ ဗမာက ရေးတော့ “ငါတို့က သာကီဝင်မျိုး၊
တို့အမျိုးကို မထိနဲ့ မီးပွင့်သွားမယ်” ဆိုတဲ့ သဘောမျိုး ရေးတယ်၊
မျိုးချစ်စိတ်အပြည့်နဲ့ သမိုင်းကို ရေးလို့ မရဘူး၊ ကိုယ့်အမျိုးမို့
မြှောက်မယ်၊ ကာကွယ်နေမယ် ဆိုတာမျိုး မပါစေနဲ့၊ ကိုယ့်အမျိုးကိုယ်တော့
ချစ်ကြတာချည်းပဲ။ တို့ကျောင်းသား ဘ၀က ဟာဗေး ရေးတဲ့ History of Burma
စာအုပ် ဖတ်တော့ တော်တော် စိတ်ဆိုးမိတယ်။ ဗမာတွေရဲ့ ညံ့ဖျင်းမှု မှန်သမျှကို
ပေါ်လွင်အောင် ဖော်တယ်။ သတိပေးသလိုလို ကဲ့ရဲ့သလိုလို ရေးတယ်။ မှန်သလိုလိုနဲ့
အထက်စီးက အဆုံးအဖြတ်ပေးပုံကို တွေ့ရတော့ မခံမရပ်နိုင် ဖြစ်ကြတာ ပေါ့၊
နောက် သေသေချာချာ လေ့လာကြည့်တော့ ဟုတ်သလောက် ဟုတ်နေပြန်ရော၊ ဒီတော့
အင်္ဂလိပ်၊ ကုလားတွေက မဟုတ်မမှန် လီဆယ်ပြီး မြန်မာ အဆိုး ရေးတာကိုလည်း
ဖော်ထုတ် ပြင်ဆင်ရမယ်၊ ဟုတ်သလောက် ကိုလည်း ၀န်ခံရမှာပဲ။
တကယ်တော့ကွာ၊ မျိုးချစ်အစစ်က မိန်းမတွေကွ။ သူ့အမျိုး သူ ချစ်တာပဲ၊ ယောက်ျားအမျိုး ချစ်ကို မချစ်နိုင်ဘူး။
..................
..................
..................
“.....အထောက်အထားတွေ စု၊ မှတ်စုတွေ ထုတ်ပြီးရင် ကျမ်းရေးဖို့
ပုံစံချရတယ်ကွ၊ ဘယ်အချက်တွေ စုပြီး ဘယ်လို ပုံစံပေါ်အောင် ရေးမယ်ဆိုတဲ့
သဘောပဲ၊ အများဆုံး လက်ခံ ကျင့်သုံးတဲ့ ပုံစံက သမိုင်းပုံစံ (Historical
Method) ပဲကွ။ အမှုတွဲပုံစံ (Case Method)၊ နှိုင်းယှဉ်ပုံစံ (Comparative
Method)၊ စုပေါင်းပုံစံ (Compilation Method) စတာတွေပေါ့။ ဘယ်ပုံစံကို
သင့်တော်သလို ဘယ်လိုပဲသုံးသုံး နောက်ဆုံးကျတော့ သမိုင်းပုံစံကိုပဲ
ပြန်ကိုင်ရတာပဲ။ သမိုင်းရေးတာပဲကွာ သမိုင်းပုံစံ ရေးရမှာပေါ့။ ငါလိုချင်တဲ့
သမိုင်းပုံစံက
၁။ ရေးတဲ့အခါ သက္ကရာဇ် အနုအရင့်အလိုက် ဖော်ပြရမယ်။
၂။ အဆင့်ဆင့် ပြောင်းလဲပုံကို ပြောရမယ်။
၃။ အကြောင်းရင်းကို စစ်ဆေးရမယ်။
၎။ အခြေခံသဘောကို ဆွေးနွေးရမယ်။
၅။ အဖြစ်အပျက် ပေါ်ပေါက်ပုံကို တင်ပြရမယ်။
၆။ အကျိုးရှိပုံ အပြစ်ရောက်ပုံကို ရှင်းရမယ်။
၇။ ဒီအကျိုးအပြစ်ကို ဝေဖန်ရမယ်။
ဒီပုံစံအတိုင်း ရေးရင် ထူးထူးခြားခြားကြီး မကောင်း တောင်မှ လူအကဲ့ရဲ့
လွတ်တယ်။ မင်းတို့ ရေးချင်သလို ရေးလို့ မရဘူး။ ငါကတော့ သမိုင်းပုံစံနဲ့
ရေးတဲ့ Thesis မှ လက်ခံမယ်။ ဟင်းလေးအိုးလို ဗြောက်သောက် ရေးထားတဲ့ Thesis
မျိုးကို ဖတ်ပေးဖို့ မပြောနဲ့ လှန်တောင်ကြည့်မှာ မဟုတ်ဘူး။ ငါက သူများရေးတာ
ဖတ်ရရင် ကောင်းတယ် လို့ကို မထင်ဘူး။ ငါကိုယ်တိုင် ရေးတာကျတော့ ကောင်း
နေပြန်ရော။
....................
.....................
.....................
“.....စနစ်သစ် ပညာရေး စတော့မယ်ဆိုတော့ တို့ကို ညှိနှိုင်း
အစည်းအဝေးခေါ်တယ်ကွ၊ သူတို့က သိပ္ပံဘာသာ ရပ်ကို အားပေးမယ်၊ သမိုင်းကို
သင်ဖို့ မလိုဘူး ဆိုတာတောင် ပြောလာကြတယ်၊ အစည်းအဝေးမှာ ငါက ပြောတယ်၊
သမိုင်းကို မသင်ချင်ရင် မသင်ကြနဲ့၊ သမိုင်းဆရာတွေကို အလုပ်ဖြုတ်ပစ်လိုက်။
လူ ၃၀၀ လောက် ထမင်းငတ်သွား မယ်။ ဒါပေမဲ့ သမိုင်းကို မသင်ဖူးရင် နောင်အနှစ်
၂၀ ကြာတဲ့အခါ နိုင်ငံဟာ ခွေးဖြစ်သွားမယ်လို့ ငါ ပြောလိုက် တယ်။
ပညာရေးစနစ်သစ် လုပ်တော့မယ် ဆိုတော့ ငါက ပြောတယ်ကွ။ ဘာသာရပ်တစ်ခုကို အထူးပြု
လေ့လာတာ ကောင်းတယ်။ ခြေခြေမြစ်မြစ် ကျယ်ကျယ်ပြန့်ပြန့် သိတာ ပေါ့။ ဒါပေမဲ့
အင်္ဂလိပ်လို မသင်ဘဲ မြန်မာလိုသင်ရင် ကျောင်းသားတွေ အင်္ဂလိပ်လို မဖတ်တတ်
မရေးတတ် မပြောတတ် ဖြစ်ကုန်မယ်။ ပါးစပ်တွေ “အ” ကုန်မယ်။ မြန်မာစာ၊
ပါဠိကလွဲလို့ ဘာသာရပ် အားလုံးလိုလိုဟာ အင်္ဂလိပ်ဘာသာစကားနဲ့ပဲ ရေးပြီး
ရှိတယ်။ ဘာသာပြန် လုပ်ငန်းကလည်း ထွန်းထွန်းပေါက်ပေါက် မရှိသေးဘူး။ ပြီးတော့
အင်္ဂလိပ်ဘာသာက နိုင်ငံတကာသုံး ဘာသာ ဖြစ်တယ်။ ဒီတော့ အင်္ဂလိပ်လို သင်၊
ရှင်းပြ (Explanation) တဲ့အခါ မြန်မာလို ရှင်းပြတာ ပိုပြီး ထိရောက်မယ်လို့
ငါ ပြောတယ်။ မရဘူး။ ငါ့ဘက်က နှစ်ယောက်သုံးယောက်ပဲ ရှိတယ်။ ငါ
အရှုံးပေးလိုက်တယ်။
ငါက သမိုင်းကို အထူးပြု လေ့လာတယ်။ အထူးသဖြင့်
ဗမာသမိုင်းကို အထူးပြု လေ့လာတယ်။ သုတေသနပြု တယ်။ ခေတ်ဟောင်း ခေတ်လယ်
ခေတ်သစ် ကမ္ဘာ့သမိုင်း ကိုလည်း လေ့လာရတာပဲ။ သမိုင်းနဲ့ ဆက်စပ်တဲ့ ဘာသာရပ်တွေ
ကိုလည်း ဖတ်ရတာပဲ။ ပထ၀ီ၊ ဒဿနိက၊ စိတ်ပညာ၊ နိုင်ငံရေးသိပ္ပံဥပဒေ စတဲ့
ပညာရပ်တွေအပြင် စီးပွားရေး ဘူမိဗေဒ ရူပဗေဒ ဓာတုဗေဒ ဇီဝဗေဒ စတဲ့
သိပ္ပံဘာသာရဲ့ အခြေခံတွေကိုလည်း သိအောင် ဖတ်ရတာပဲ။ ပညာရပ်ဆိုတာ
သူ့အကန့်နဲ့သူ ထားလို့ မရဘူးကွ။ တစ်ခုနဲ့ တစ်ခုက ဆက်စပ်နေတာ။ တစ်ခုနဲ့တစ်ခု
ပတ်သက် နေတာ။
အခု ဖြစ်နေတာက သိပ္ပံပညာ လေ့လာသူက ၀ိဇ္ဇာပညာကို မသိဘူး။
စီးပွားရေးပညာသင်တဲ့သူက သမိုင်းကို မသိဘူး။ သိပ်နှမြောဖို့ ကောင်းတယ်။
မသိရုံတင် မဟုတ်ဘူး။ အထင်လည်း သေးသေးတယ်။ သိပ္ပံသမားရယ် ၀ိဇ္ဇာသမား ရယ်လို့
ခွဲခြား မြင်လာတယ်။ ဒါမျိုး မဖြစ်သင့်ဘူး။
ပညာဆိုတာ ဖွင့်ပေးရတယ်ကွ။
ဖွင့်ပေးမှ ပွင့်လာမယ်။ ပိတ်ဆို့မထားရဘူး။ ငါက အင်္ဂလိပ်ကိုလိုနီ
ပညာရေးစနစ်ကို အသားလွတ် ကြိုက်လို့ မဟုတ်ဘူး။ အကုန်လည်း မကြိုက်ဘူး။
စည်းကမ်းနဲ့ စနစ်ကောင်းတယ်။ ကျောင်းသား ကို လွတ်လပ်ခွင့်ပေးတယ်။
ကျောင်းသားသမဂ္ဂလို အသင်း ဖွဲ့စည်းခွင့်ပေးတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး
အပြိုင်အဆိုင် စည်းရုံးတာတို့ သဘောထား ကြေညာချက် ထုတ်တာတို့၊
မဲဆွယ်တရားဟောတာတို့၊ ရွေးကောက်ပွဲ ကျင်းပပေးတာတို့ ဆိုတာက ဒီမိုကရေစီ
အလေ့အကျင့်တွေ လုပ်ထုံးလုပ်နည်းတွေနဲ့ အသားကျလာအောင် လေ့ကျင့် ပေးတာပဲ။
မင်းတို့ လွတ်လပ်ရေး တိုက်ပွဲဝင်ကြတဲ့ ခေါင်းဆောင် တော်တော်များများဟာ
ကျောင်းသားသမဂ်္ဂက မွေးထုတ်ပေးလိုက်တာပဲ ကျောင်းသားတွေ နိုင်ငံရေးမှာ
စိတ်ဝင်စားလာအောင် သမဂ်္ဂက လှုံ့ဆော်ပေးလိုက်တာပဲ။ နိုင်ငံရေးသမား အသစ်တွေကို
သမဂ်္ဂက ပျိုးထောင် ပေးလိုက်တာပဲ”
.....................
.....................
......................
မင်း စာတမ်းကို အခု ငါ ဖတ်နေတာက ကြီးကြပ်သူ အနေနဲ့လည်း ဖတ်တယ်။ ပြင်ပ
စာစစ်အနေနဲ့လည်း ဖတ်တယ်။ ပြင်ပ စာစစ်က ထောက်ပြစရာ မလိုအောင် ရေးရတယ်။
ဗမာစကားရှိတယ် မဟုတ်လား။ ရေပက် မ၀င်အောင် ပြောတယ် ဆိုတာလေ။ အေး၊ မင်း
စာတမ်း ရေးတယ်ဆိုရင် ဖတ်တဲ့သူ ထောက်ကွက်မရရှိအောင် ခိုင်ခိုင်မာမာ
အကိုးအကား ပြရေးရတယ်။ မင်း မှတ်ထား။ သမိုင်းမှာ မဟုတ်တာကို ဟုတ်သလိုလို
ရေးရင်၊ ဟုတ်နေတာကို မဟုတ်သလို ရေးရင် ရာဇ၀တ်ပြစ်မှုထက် အပြစ်ကြီးတယ်။
....................
....................
....................
“မင်းတို့က ကျေးဇူးတင်တယ် ကျေးဇူးတင်တယ်ဆိုပြီး လောကွတ်စကား
သိပ်ပြောကြတာပဲ၊ တို့ Thesis မှာ လောကွတ်စကားပြောဖို့ မလိုဘူး၊
လောကွတ်လုပ်ဖို့ မလိုဘူး”
မင်းက ပေပုရပိုက်တွေ
ငှားရမ်းကူးယူခွင့်ပြုတဲ့ သူတွေကို ကျေးဇူးတင်တယ် ပြောတယ်။ မလိုပါဘူး။
အဲသည် ပေပုရပိုက်တွေကို အကိုးအကားပြတဲ့အခါ “ဘယ်သူ့စာစု”ဆိုတာ
ဖော်ပြပြီးသားပဲ။ ဒီလို ဖော်ပြတာဟာ သူ့ကို ဂုဏ်ပြုတာပဲ။ ကျေးဇူးတင်တာပဲ။
မင်းက စာကြည့်တိုက်မှူးတွေကို ကျေးဇူးတင်ကြောင်း ပြောတယ်။ ဒါက သူတို့
လုပ်ရမယ့် အလုပ်လုပ်တာပဲ။ လောကွတ်လုပ်ဖို့ မလိုပါဘူး။ ပြီးတော့ မင်းက
ငါ့ကို ကျေးဇူးတင်တယ်တဲ့။ ဘာကျေးဇူးတင်စရာ လိုသလဲ။ ငါလုပ်ရမယ့်အလုပ်
ငါလုပ်တာပဲ။ မင့်ကျေးဇူးအတင်ခံချင်လို့ ငါလုပ်တာ မဟုတ်ဘူး။ မင်းက
မဟာဝိဇ်္ဇာဘွဲ့အတွက် ကျမ်းရေးတယ်။ ငါက ကြီးကြပ်ရတယ်။ မင်း ဘာလုပ်ပါ။
ဘာရှာပါ။ ဘာပြင်ပါ။ ဘာဖြည့်ပါလို့ ငါက မင်းကို ခိုင်းရုံပဲ။
မင်းဟာမင်းလုပ်တာ။ ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။
စာတစ်စောင်
ပေတစ်ဖွဲ့ ရေးကြရင် ဘယ်သူ့ကို ကျေးဇူးတင်ပါတယ်။ ဘယ်ဝါ့ကို
ကျေးဇူးတင်ပါတယ်လို့ ရေးကြ ပြောကြတယ်။ ကုန်ကုန် ပြောမယ်ကွာ။ ကိုယ့် မယား၊
ကိုယ့်လင်၊ ကိုယ့်သားသမီးကိုတောင် ကျေးဇူးတင် သတဲ့။ တော်သေးတာပေါ့ကွာ။
ကိုယ်မွေးထားတဲ့ ခွေးကလေး ကြောင်ကလေးက စာရေးတဲ့အခါ အနှောင့်အယှက် မပေးဘဲ
အနားမှာ အသာလေး ငြိမ်ငြိမ်လေး ၀ပ်နေလို့ ကျေးဇူးတင်ပါတယ်လို့ မပြောကြတာ။
တိုThesis
မှာတော့ ကျေးဇူးစကားနဲ့ လောကွတ်လုပ်ဖို့ မလိုဘူး။ အပိုပဲ။
......................
......................
......................
အဲသည့်မိန့်မှာချက်တွေဟာ ၁၉၆၅ ခုနှစ်မှာ မန္တလေး တက္ကသိုလ်ကို
သမိုင်းဘာသာရပ်အဓိကနဲ့ ရောက်လာပြီး ၁၉၆၉ မှာ ၀ိဇ္ဇာဘွဲ့။ ၁၉၇၇ ခုနှစ်မှာ
မဟာဝိဇ်္ဇာဘွဲ့ရခဲ့တဲ့ မုံရွာက ၀င်းမောင် (သမိုင်း)ရဲ့ “ကျွန်တော်
ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း” ဆိုတဲ့ စာအုပ်ထဲက
မဟာဝိဇ္ဇာကျမ်းကို ကြီးကြပ်တဲ့ သမိုင်း ပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်းက
သူ့တပည့် မောင်ဝင်းမောင်ကို သမိုင်းကျမ်းတစ်စောင် အရည်အချင်း ပြည့်ပြည့်
ရေးနိုင်ဖို့ အသေးစိတ် ကြီးကြပ်ပေးစဉ်က နာခံခဲ့ရတဲ့ မိန့်မှာချက်တွေပါပဲ။
အခု ဆရာကြီး ကွယ်လွန်ခဲ့တာ ရှစ်နှစ်တာကာလ တိုင်တဲ့အချိန်ကို
ဂါရ၀ပြုအောက်မေ့တဲ့အနေနဲ့ သူ့တပည့် ဆရာဝင်းမောင် (သမိုင်း) က
မဂ္ဂဇင်းတွေထဲမှာ ထည့်သွင်း ဖော်ပြပြီးသား စာတွေကို စုပြီး စာတစ်အုပ်
ထုတ်ပါတယ်။ ဖတ်ကြည့်ပြီး စိတ်ထဲ ငြိတဲ့ စာပိုဒ်တွေကို စုစည်းပေးလိုက်
တာပါ။ စာအုပ်တစ်အုပ်လုံး မဖတ်ဖြစ်သူတွေ အခု ဆရာ့ မိန့်မှာချက်တွေ
ဖတ်ရုံမျှနဲ့ ဆရာဟာ ဘယ်လို ဆရာမျိုး ဖြစ်ပြီး သူ့တပည့်တွေအပေါ် ဘယ်လို
လေ့ကျင့် ပျိုးထောင် ပေးခဲ့တယ် ဆိုတာ အထင်အရှား သိနိုင်တာ တစ်ခုကိုသာ
သတိထားမိတယ်ဆိုရင်ပဲ ရေးရတာ ရေးရကျိုးနပ်ပါရဲ့။
သင့်နော်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၄ မှ ဆရာသင့်နော်၏ ဆောင်းပါး
No comments:
Post a Comment