“ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ အစိုးရ ပေါ်လစီ ဘယ်လောက် အရေးပါလဲ ”
စည်သူအောင်မြင့်
မြန်မာတိုင်းမ် ဂျာနယ်၊ ၆-၁၂-၁၃။ စာ-၁၁။
အခုတလော ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြတဲ့ ပြသနာတွေထဲမှာ တိုင်းရင်းသား
လက်နက်ကိုင် အုပ်စုတွေကို အစိုးရက ကားလိုင်စင် ချပေးတဲ့ ပြသနာလည်း တစ်ခု
အပါအ၀င် ဖြစ်ပါတယ်။ တစ်ချို့က ဒီလို လုပ်တာဟာ တိုင်းရင်းသားအဖွဲ့တွေကို
အခွင့်အရေးပေး လာဘ်ထိုးမှု ပုံစံဖြစ်နေလို့ မသင့်တော်ဘူး၊ တစ်ချို့ကတော့ ဒီ
လိုင်စင်တွေကို လက်နက်ကိုင်အဖွဲ့တွေက သူတို့ကားတွေကို တရားဝင်
လိုင်စင်ဝင်တာ မဟုတ်ဘူး၊ လက်လွှဲရောင်းစားတော့ ပွဲစားတွေပဲ အမြတ်ရကြတယ်၊
အလွန်တန်ဘိုးကြီးတဲ့ ကားတွေကို တရားဝင်လိုင်စင် လုပ်ကြလို့ နိုင်ငံအတွက်
အခွန်အခ ဘယ်လောက် နစ်နာသွားတယ် စသဖြင့် ဝေဖန်တာရှိသလို တစ်ချို့ကတော့
ငြိမ်းချမ်းရေးအကောင်အထည်ဖော်နေတဲ့ တာဝန်ရှိသူတွေကပဲ ကိုယ်ကျိုးရှာနေသယောင်
မဟုတ်မမှန် လုပ်ကြံစွတ်စွဲ ပုတ်ခတ် တာမျိုးလည်း လုပ်ပါတယ်။ ဒီ ပြသနာ
ဘယ်လို ပြသနာမျိုးလည်း၊ ဘယ်လို ဖြေရှင်းရင်ကောင်းမလဲ ဆိုတာ ခုတစ်ပါတ်
ဆွေးနွေးသုံးသပ်သွားပါ့မယ်။
အရင်ကတည်းက ရှိခဲ့တယ်
တကယ်တော့
ငြိမ်းချမ်းရေးကား ဆိုတာ အရင်ခေတ်ကတည်းက ရှိခဲ့တာပါ။ ဖြစ်ပုံက ဒီလိုပါ။
၁၉၉၀ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အစိုးရနဲ့
ငြိမ်းချမ်းရေးယူပြီးတဲ့အခါ စီးပွားရေး အခွင့်အလမ်း မျိုးစုံ
တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ တပ်ဖွဲ့ပိုင်ကားတွေကို
မြို့တွေပေါ်မှာ တရားဝင် အသုံးပြုခွင့်ပေးဖို့ ဆိုတာလည်း ပါပါတယ်။ ဒါပေမယ့်
အားလုံးသိတဲ့အတိုင်း အဲဒီအချိန်က စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ
ကိုယ်ကျိုးစီးပွားအတွက် ကားတင်သွင်းခွင့်တွေ ပိတ်ပင်ထားပြီး ပြည်တွင်းမှာ
ကားဈေးနှုန်းတွေ မတရား ခေါင်ခိုက်အောင် ဖန်တီးထားတဲ့ အချိန်ပါ။
အချိန်တစ်ချို့မှာဆို ကားတစ်စီး သွင်းခွင့်ပေးလိုက်တာနဲ့ ကျပ်ငွေ
သိန်းထောင်နဲ့ချီ လာဘ်ငွေရတဲ့ ကာလ မျိုးတောင် ရှိခဲ့ဖူးပါတယ်။ အဲဒီအတွက်
ပြည်တွင်းမှာ ကားအစီးရေ ပေါများလာမှာကို ဘယ်လိုနည်းနဲ့မှ
ခွင့်မပြုနိုင်ခဲ့ပါဘူး။ ဒီအတွက် ငြိမ်းအဖွဲ့တွေကို သုံးစားလို့မရတဲ့
မာစဒါဂျစ် အစုတ်လေးတွေ တစ်စီးနှစ်စီးဆီ တရားဝင် ချပေးပါတယ်။ ဒီလောက်ပါပဲ။
ငြိမ်းအဖွဲ့တွေကလည်း နယ်စပ်မှာဝယ်ရင် ကျပ် သိန်း ၁၀၀ မပေးရတဲ့ ကားတွေကို
ပြည်တွင်းမှာသုံးဖို့ ကျပ် သိန်းထောင်နဲ့ချီ မသုံးချင်ပါဘူး။
တစ်ချို့အဖွဲ့တွေ အဲလောက် ငွေမရှိပါဘူး။ ဒီအတွက် နောက်ပိုင်း
ထောက်လှမ်းရေးတပ်ဖွဲ့နဲ့ နားလည်မှုယူပြီး နယ်စပ်က သွင်းလာတဲ့
လိုင်စင်မဲ့ကားတွေကို ငြိမ်းအဖွဲ့ ထောက်ခံစာတွေနဲ့ အသုံးပြုပါတယ်။
အဲဒီအချိန် မီခဲ့သူတွေ သိပြီးဖြစ်တဲ့အတိုင်း နောက်ပိုင်း အဲဒီကားတွေ
ရဟန်းသံဃာနဲ့ ပြည်သူတွေ လက်ထဲရောက်သွားခဲ့ပါတယ်။ အကျဉ်းချုပ်ပြောရရင်
ထောက်လှမ်းရေးတွေကို နှိပ်ကွပ်ပြီးနောက်ပိုင်း အဲဒီကားတွေကို တရားမ၀င်ဘူး၊
အားလုံးလာအပ်ရမယ်၊ မအပ်ရင် ဖမ်းမယ် ဆီးမယ် ထောင်ချမယ်လုပ်လို့ ပြည်သူပေါင်း
သောင်းနဲ့ချီ ကားအသိမ်းခံရ ဆုံးရှုံးခဲ့ကြရဖူးပါတယ်။ ငြိမ်းအဖွဲ့တွေကတော့
သူတို့ပိုင်ကားတွေ သူတို့နယ်ထဲ မောင်းယူသွားပြီး စစ်အစိုးရနဲ့ ဆက်ဆံရေး
တင်းမာမှုလည်း အစပြုခဲ့ပါတယ်။
နောက်တစ်ကြော့
နောက်ပိုင်း
အစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေထဲက နယ်ခြားစောင့်တပ်
ပြောင်းတဲ့အဖွဲ့၊ ပြည်သူ့စစ်ပြောင်းတဲ့ အဖွဲ့တွေကို ဆုလာဘ် သဘော
ကားပါမစ်တွေ ထုတ်ပေးခဲ့ဖူးပါတယ်။ နမူနာအားဖြင့် နယ်ခြားစောင့်တပ်
ပြောင်းတာကို လက်ခံလိုက်တဲ့ အင်န်ဒီအေ (ကချင်) အဖွဲ့ဆို
ခေါင်းဆောင်တွေအတွက် ကားအစီး (၄၀) ကျော် လိုင်စင်ရပါတယ်။
လုပ်ပုံလုပ်နည်းကတော့ ဘယ်ကရရ ရထားတဲ့ လိုင်စင်မဲ့ကားကို
လိုင်စင်ဝင်လိုက်ရင် တရားဝင် ဖြစ်သွားပါပြီ။ ဒီအတွက် ကားဈေးကောင်းတဲ့
အဲဒီအချိန်က ခေါင်းဆောင်တစ်ချို့ဟာ လိုင်စင်ဝင်ပြီးကား ပြန်ရောင်းရုံနဲ့တင်
ကျပ်ငွေ သိန်း ၁၀၀၀ လောက်ရတဲ့သူလည်း ရသွားကြပါတယ်။ နှစ်ပေါင်းများစွာ
တော်လှန်ရေးလုပ်၊ အသက်မသေပဲ ကျန်ခဲ့ပြီး တပ်ဖွဲ့ကို အစိုးရတပ်မတော်
လက်အောက် အပ်လိုက်တဲ့အတွက် ရလာတဲ့ ဆုလာဒ်ဆိုပြီး လှောင်ပြောင်တာ ခံသူ
ခံရပါတယ်။
လက်ရှိ အခြေအနေ
အခုဆိုရင် အစိုးရနဲ့ အပစ်ရပ်
လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁၄ ဖွဲ့ ရှိနေပါတယ်။ အဲဒီ
အဖွဲ့တွေဟာ အရင်လိုပဲ ငြိမ်းချမ်းရေးလုပ်ထားစဉ်ကာလ မြို့ထဲသွားလာဖို့
သူတို့ကားတွေ လိုင်စင်လုပ်ပေးပါလို့ တောင်းဆိုမှုတွေ ရှိတယ်လို့ အစိုးရ
တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတစ်ကြိမ်တော့ အစိုးရဘက်က လိုက်လျောခဲ့ပါတယ်။
အရင်တစ်ချိန်က ဖြစ်ခဲ့တဲ့ အခြေအနေတွေကို သုံးသပ်ပြီး လက်နက်ကိုင်တပ်ဖွဲ့
ထောက်ခံစာနဲ့ လိုင်စင်မဲ့ကားတွေ မြို့ပေါ်ရောက်မလာစေဖို့ ရည်ရွယ်ပုံရပါတယ်။
ဒီလိုနဲ့ တပ်ဖွဲ့ အကြီးအသေးအလိုက် တစ်ချို့အဖွဲ့ကို လိုင်စင် ၁၂၀၊
တစ်ချို့အဖွဲ့ကို ၈၀၊ တစ်ချို့အဖွဲ့ကို ၆၀ စသဖြင့် ချပေးခဲ့ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ကား၊ ဘာကားမဆို လာပြီး မှတ်ပုံတင်ရင်
တစ်ချို့ကားတွေ လုံးဝ အခွန်ကင်းလွတ်ခွင့်ရမယ်၊ တစ်ချို့ကားတွေကတော့
တစ်ပိုင်းတစ်စ အခွန်ကင်းလွတ်ခွင့်ပေးမယ် ဆိုတဲ့ နည်းနဲ့ပါ။ ပြောရရင်
အရင်ခေတ်တုန်းကလို မြို့တွေပေါ်မှာ လိုင်စင်မဲ့ကားတွေ ရောက်မလာအောင်
စည်းကမ်းတကျ လုပ်လိုက်တာဖြစ်ပါတယ်။ တစ်ဆက်တည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့
အခက်အခဲ တစ်ခု ဖြေရှင်းပေးတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့အခြေအနေ
တစ်ချို့ လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့တပ်ဖွဲ့ကား သူတို့
လိုင်စင်လာဝင်ပေမယ့် တစ်ချို့ကျတော့ ပါမစ်ရောင်းစားတာ လုပ်ပါတယ်။ ဒါလည်း
သဘာဝ ကျပါတယ်။ ပါမစ်ရောင်းစားပြီး ရလာတာကို တပ်ဖွဲ့ရံပုံငွေ လုပ်မယ်၊
အဲဒီထဲက ငွေတစ်ချို့သုံးပြီး သင့်တော်တဲ့ ကားပြန်ဝယ်သုံးမယ် ဒီလို
လုပ်တာမျိုးတွေလည်း ရှိပါတယ်။ တပ်ဖွဲ့ရံပုံငွေ ဟုတ်မဟုတ်၊ ကိုယ်ကျိုးတွေ
သုံးမသုံး တစ်ဖွဲ့ချင်းစီရဲ့ ပြသနာပဲ ဖြစ်ပါတယ်။
ဈေးကွက်ဂယက်
လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်ပိုင်းအတွက် ချပေးတဲ့ ကားလိုင်စင်
အရည်အတွက် တစ်ချို့ကို အစိုးရက လုံးဝ အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့အတွက်
အဲဒီ ပါမစ်တွေကိုင်ပြီး တန်ဘိုးအလွန်မြင့်တဲ့ ကားတွေကို လိုင်စင်ဝင်၊
ဈေးကွက်ထဲ ပြန်ရောက်တဲ့အခါ အမြင့်ကားတွေ ဈေး ဇောက်ထိုး ကျကုန်ပါတယ်။
ဒီအခါ တကယ့် အမြင့်ကားကြီးတွေ ဈေးကျအောင် အစိုးရကလုပ်တာဆိုပြီး
ကိုယ်ကျိုးစီးပွား ထိခိုက်သွားသူတွေက မီဒီယာ သုံး ထိုးနှက်တာတွေတောင်
ရှိလာပါတယ်။ အဓိက ကတော့ ဒီလို ကားဈေးတွေ ထိုးကျသွားတာ
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ လုပ်ရပ်လို့ ယူဆပြီး
ငြိမ်းချမ်းရေး လုပ်ငန်း ထိခိုက်နိုင်သည်အထိ မမှန်မကန် အချက်အလက်တွေနဲ့
စွတ်စွဲ ဝေဖန်ပုတ်ခတ်ကြပါတော့တယ်။ (တကယ်တော့ လက်နက်ကိုင် အဖွဲ့တွေကို
ကားလိုင်စင် လုပ်ပေးတာ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ပါ)။ တကယ်တော့ ဒါကလည်း
မဆန်းပါဘူး။ အရင် တစ်ချိန်တုန်းကလည်း ကားဈေးတွေကျအောင် လုပ်တယ်ဆိုပြီး
ကားဝယ်ရောင်းသမားတစ်ချို့နဲ့ မီဒီယာတွေ ပေါင်းပြီး ပြည်သူတွေ
မျက်နှာမကြည့်ပဲ အစိုးရကို ဆူပွက်ခဲ့ကြပါသေးတယ်။
9F /----- ပြသနာ
ကြားထဲ ထပ်မှောင့်တာက ငြိမ်းအဖွဲ့တစ်ချို့ အရင်ခေတ်ကအတိုင်း ထောက်ခံစာ
ထုတ်ပေးပြီး လိုင်စင်မဲ့ကား ရောင်းတဲ့ ပြသနာပါ။ အဲဒီ ပြသနာ ရှိတယ်၊ သူတို့
တပ်ဖွဲ့နာမည် ခုတုန်းလုပ်ပြီး ကားဘယ်လောက် ရောင်းပြီးပြီ၊ ထောက်ခံစာ
ဘယ်လောက် ထုတ်ပေးထားပြီးပြီး မသိနိုင်ဘူး ဆိုပြီး ကေအဲန်ယူ၊ ကေအဲန်အယ်လ်အေ
ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူတွေက ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ
လုပ်ရပါတယ်။ အဲဒါဟာ 9F /----- နံပါတ်တပ် ကားတွေရဲ့ ပြသနာပါ။ အဲဒီလို
ကားမျိုးတွေကို ရဲစခန်းတွေမှာ ဖမ်းထားတာတွေ ရှိနေပြီး တစ်ချို့ အပြင်မှာ
သုံးနေတာတွေ ရှိပါတယ်။ အဲဒီ နံပါတ်ပြားတွေဟာ အစိုးရ ကညန က ထုတ်ထားပေးတဲ့
နံပါတ်တွေ မဟုတ်ပါဘူး။ စောစောက သတင်းစာရှင်းပွဲမှာ ပြောခဲ့တဲ့ မသမာသူ
တစ်ယောက်က လုပ်ကြံဖန်တီးထားတဲ့ ကားနံပါတ်ပြားတွေပါ။ ရှင်းရှင်းပြောရရင်
လိုင်စင်မဲ့ကားပါ။ ခံရတော့ လက်ဝယ်ရှိ ပြည်သူတွေပါ။
နောက်ဆုံးတော့ ကားတင်သွင်းခွင့်ပေါ်လစီ
ပြသနာကို အရင်းစစ်လိုက်ရင် အစိုးရကနေ လက်နက်ကိုင်တိုင်းရင်းသားတွေ အတွက်
ကား လိုင်စင်တွေ လုပ်ပေးတာ မှန်ကန်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကလည်း
ရံပုံငွေအတွက် ပါမစ်ရောင်းစားပြီး ကားချင်းဖလှယ်တာမျိုးလည်း မမှားပါဘူး။
မှားနေတာက အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ
ကောင်းကောင်းမချမှတ်နိုင်သေးတာပါ။ ပြည်တွင်းမှာ ကားဈေးတွေ
အလွန်ကြီးနေပါသေးတယ်။ ရန်ကုန်မှာ ကားတွေကြပ်နေတဲ့ ပြသနာ
ဖြေရှင်းမပေးနိုင်သလို၊ နယ်တွေမှာကျတော့ ပြည်သူတွေ စီးဖို့၊ သုံးဖို့
ကားမရှိပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းရင် ဈေးမြင့်လွန်းပြီး
မ၀ယ်နိုင်လို့ပါ။ ဒါကြောင့် နိုင်ငံအတွက် သင့်တော်မယ့် ကားတင်သွင်းခွင့်
ပေါ်လစီ လိုအပ်နေပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကလည်း ပါမစ်တွေကိုတော့
အကုန်ရောင်းစား၊ ကိုယ်ကိုယ်တိုင်ကတော့ သေနတ်တွေကိုင်ပြီး
လိုင်စင်မဲ့ကားသုံးမယ် ဆိုတဲ့ ခေတ်မျိုး ချန်ထားခဲ့ဖို့ လိုပါပြီ။
ပြည်သူတွေကို ဒုက္ခရောက်စေမယ့် လိုင်စင်မဲ့ကားတွေကို ထောက်ခံစာ ရေးပေးတဲ့
အပြုအမူတွေကိုလည်း ရပ်ဆိုင်းဖို့ ကောင်းပါပြီ။ အမြင့်ကားဈေးတွေ ကျတာနဲ့တင်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ထိခိုက်လောက်အောင် စွတ်စွဲပုတ်ခတ်မှုတွေ
လုပ်နေသူတွေလည်း ရပ်တန်းက ရပ်သင့်ပါပြီ။
နိဂုံးချုပ်ပြောရရင်
လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ပြသနာ အဖြေရှာရာမှာ
အစိုးရရဲ့ စီးပွားရေး ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပေါ်လစီတွေနဲ့ အများကြီး
ဆက်စပ်နေတယ်ဆိုတာ ခုပြသနာက မီးမောင်းထိုးပြနေပါတယ်။ ဒီအတွက် အစိုးရအနေနဲ့
တိုင်းပြည်ကို ကောင်းမွန်မှန်ကန်တဲ့ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ
ပေါ်လစီတွေချမှတ် အကောင်အထည် ဖော်ခြင်းဟာ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးကိုလည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။
(နောက်ဆုံးသတင်းအရ
ငြိမ်းအဖွဲ့တွေကို လုံးဝ အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ ကားပါမစ် ချထားပေးတာ
၃၀၄ စီးပဲ ရှိပါတယ်။ အကုန် လိုင်စင် လုပ်ပြီးသေးဟန် မတူပါဘူး)
No comments:
Post a Comment