ဇော်ဝင်းကို
၁
တရုတ်ရှေးပုံပြင်တစ်ခုရှိပါတယ်။ ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ အဲဒီ ဘုရင်ကြီးကနဂါးကိုသိပ်ချစ်သတဲ့။ သူ့နန်းတော်တစ်ပြင်လုံးမှာနဂါးရုပ်ကြီးတွေ ထား သတဲ့။ တစ်နေ့တော့ နဂါးမင်းကြီးဟာ အဲဒီဘုရင်ကြီးအကြောင်းကြားသွားပါလေ ရော။ နဂါးမင်းကြီးကလည်း သူ့ကိုချစ်တယ်ဆိုတော့ သဘောကျတာပေါ့။ ဒါနဲ့နဂါး မင်းကြီးက အဲဒီဘုရင်ကြီးရဲ့ နန်းတော်ကို အလည်အပတ်ရောက်လာသတဲ့။ နဂါးကြီး လာတယ်ဆိုတော့ တစ်ပြည်လုံး၊ တစ်နန်းတော်လုံးအုံးအုံးကြွက်ကြွက်ပေါ့။ “ဟယ်... နဂါးကြီးဟေ့၊ နဂါးကြီးဟေ့”နဲ့။ နဂါးကြီးနန်းတော်ကိုလာတဲ့လမ်းတစ်လျှောက်မှာ လူကြီး၊ ကလေးမကျန် နောက်ကတရုန်းရုန်းလိုက်ကြလို့။ ဒီအချိန်မှာ နဂါးချစ်ပါတယ်ဆိုတဲ့ ဘုရင်ကြီးကတော့...
ဘုရင်ကြီးကတော့ နန်းတော်လာရာလမ်းတစ်လျှောက်မီးတောက်တွေ၊ မီးခိုးတွေ မှုတ်ထုတ်ရင်း အရှိန်ပြင်းပြင်းနဲ့ တ၀ုန်းဝုန်းလှမ်းလာတဲ့ နဂါးကြီးကို နန်းတော်ပေါ်က လှမ်းအကြည့်၊ အဝေးကမြင်လိုက်ရုံနဲ့စိတ်တွေပြောင်းသွားသတဲ့။ နဂါးဆိုတာ ငါ့စိတ် ကူးထဲကလိုချစ်စရာသတ္တ၀ါမျိုးမဟုတ်ပါလား။ နှာခေါင်းကလည်း မီးခိုးတွေ၊ မီးလုံးတွေ တလွင့်လွင့်နဲ့။ အစွယ်ကြီးတွေကလည်း ပြူးလို့။ မျက်လုံးကြီးကလည်း နီနီ၊မာန်တဖီဖီနဲ့။ ကြောက်စရာ ရွံ့စရာကြီး ပါလားဆိုပြီး နန်းဆောင်ထဲ ပြေးဝင်၊ နန်းဆောင်တံခါးကိုပိတ်၊ သလွန်တော်ပေါ်မှာ ကုပ်ကုပ်ကလေးကွေးရင်း ““နဂါးကြီးကိုမတွေ့ချင် ဘူး၊ နဂါးကြီးကို နှင်ထုတ်ပစ်၊ မောင်းထုတ်ပစ်။ ငါ့အနားမလာစေ နဲ့”” လို့ စူးစူးဝါးဝါးအော်တော့သတဲ့။
ကျွန်တော်လည်း နဂါးချစ်တဲ့ဘုရင်ကြီးလိုအဖြစ်မျိုး ကြုံဖူးပါ တယ်။ ကျွန်တော့်အဖြစ်က ဒီလိုပါ။
x x x
ကျွန်တော်ဟာ အရွယ်ရောက်စကတည်းက နိုင်ငံရေးကို စိတ်ဝင် စားလာခဲ့တာပါ။ မိဘတွေကလည်း နိုင်ငံရေးလက်စလက်နရှိလေ တော့ ဒီမျိုးဆက်သွေးက ဆက်သလားမသိ။ နိုင်ငံရေးမှာလည်း ဦး ကျော်ငြိမ်းပြောသလို “ကြံပင်၊ ကျွန်းသစ်နဲ့ ကွန်မြူနစ်ထွက်တဲ့ က-သုံးလုံးမြို့” ဇာတိဆိုတော့ လက်ဝဲနိုင်ငံရေးပဲ စိတ်သန်ခဲ့။
မာ့က်လီနင်ဝါဒဆိုတာ ပြည်သူလူထုကို အခြေခံတဲ့နိုင်ငံရေးပါ။ ဒါကြောင့် ကျွန်တော် လုပ်ဆောင်မယ့်နိုင်ငံရေးဟာ လူထုနိုင်ငံရေးပဲ ဖြစ်တယ်လို့ ကျွန်တော် ခံယူခဲ့တာဟာ သဘာဝကျပါတယ်။
ဒါပေမဲ့ သဘာဝမကျတာက ကျွန်တော်ပါပဲ။ အစောပိုင်း ကျွန် တော်လုပ်ခဲ့သမျှ နိုင်ငံရေးလှုပ်ရှားမှုထဲမှာ လူထုနဲ့ချီတဲ့လှုပ်ရှားမှုရယ် လို့ မပါခဲ့ပါဘူး။ ၁၉၆၆ ခုနှစ်မှာ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်တက်နေ ရင်းက ကျွန်တော် အဖမ်းခံရတယ်။ ““လက်ရှိပညာရေးစနစ်တိုက်ဖျက် ရေး၊ ကျောင်သားသမဂ္ဂပြန်လည်ထူထောင်ရေး ကော်မတီ”” ဆိုတာ ကို ဖွဲ့စည်းရင်းနဲ့ အဖမ်းခံရတာပါ။ လျှို့ဝှက်အဖွဲ့အစည်းမို့ ထုနဲ့ချီ တဲ့ လှုပ်ရှားမှု မပါပါ။
မန္တလေးနန်းရှေ့က ထောက်လှမ်းရေးတပ် စစ်ကြောရေးကိုဖြတ် သန်းပြီးတဲ့နောက် မန္တလေးနန်းတွင်းက အကျဉ်းထောင်မှာ ၂ နှစ်၊ နောက် ကိုကိုးကျွန်းမှာ ၂ နှစ်ကျော်၊ နောက် အင်းစိန်ပြန်ရောက်။ ဒီ ၆ နှစ်လုံးမှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အလံအောက်မှာ ပါတီကလပ်စည်းထဲဝင်လုပ်။ ထောင်ကလွတ်တော့လည်း မြေ အောက်ကလပ်စည်းမှာ လုပ်ရင်းထပ်အဖမ်းခံရ။ ဒီကာလတစ် လျှောက်လုံး လူထုလှုပ်ရှားမှုဆိုလို့ ၁၉၇၅ ခုနှစ် မန်းတက္ကသိုလ် ကျောင်းသားတွေရဲ့ အလုပ်သမားနှစ်ပတ်လည် လှည့်လည်ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တာပဲ ရှိပါတယ်။ ဒါတောင်မှ က-သုံးလုံး ပေါ်လစီ (အကျိုးအမြတ်ရှိရမယ်၊ အကန့်အသတ် ရှိရမယ်၊ အကြောင်းပြချက်ရှိရမယ်) အရ လှုပ်ရှားမှုကို ဖန်တီးပြီး ကိုယ့်လက် ရင်းအင်အားစုလက်ထဲ ထည့်ခဲ့ရတာမို့ ဒီကျောင်းသားလူထု လှုပ်ရှား မှုထဲမှာ ကိုယ်တိုင် တိုက်ရိုက်ပါဝင်ခဲ့ရတာ မရှိပြန်ပါဘူး။
ယူဂျီလုပ်ငန်းဆိုတာက လူငါးယောက်ပါတဲ့ ကလပ်စည်းနဲ့လှုပ် ရှားရတာ။ အထက်ကလပ်စည်းက တစ်ယောက်၊ အောက်ကလပ် စည်းက လေးယောက်၊ စုစုပေါင်း ကိုယ်အပါအ၀င်မှ ဆယ်ယောက် တိုက်ရိုက်ဆက်ဆံပြီး တစ်ဆင့်တစ်ဆင့်ကလပ်စည်းတွေ ပွားထွက် ရတာဖြစ်လို့ အင်မတန် ကျစ်လျစ်ပါတယ်။ ယုံကြည်ချက်အရ တစ် ယောက်နဲ့တစ်ယောက် အသက်ပေးထားတဲ့ ရဲဘော်ရဲဘက်အချင်း ချင်း ဆက်ဆံရေးမို့ အင်မတန်လည်း သန့်စင်ပါတယ်။ ကျွန်တော် လှုပ်ရှားခဲ့တာက အဲဒီလို ပုံစံနဲ့ပါ။
အဲဒီလိုလူထုလှုပ်ရှားမှုကို မက်မောပေမဲ့ မြေအောက်လှုပ်ရှား မှုနဲ့ပဲ အချိန်ကုန်ခဲ့ရတဲ့ ကျွန်တော်ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးမှာတော့ လူထုလှုပ်ရှားမှုကြီးနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ အင်မတန် လိုလားတောင့်တနေတဲ့ လူထုလှုပ်ရှားမှုကြီးကို မလွဲမရှောင်သာ ရင်ဆိုင်တွေ့လိုက်ရတာပေါ့။
x x x
၈၈ အရေးအခင်း ကနဦးမြစ်ဖျားကတည်းက ကျွန်တော်လည်း မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့တာပါ။ ၇၅ ကျပ်တန် တရားမ၀င် ကြေညာလို့ တက္ကသိုလ်ကျောင်းသားတွေ အုံကြွရာက စစ်တွေ အရေးအခင်း၊ တောင်ကြီးအရေးအခင်း၊ စစ်ကိုင်းအရေးအခင်း၊ ရန်ကုန်လူထုရဲ့ အလောင်းချင်းထပ်တိုက်ပွဲတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတဲ့ လူထုအုံကြွမှုလှိုင်းလုံးကြီးတွေကို နယ်မြို့လေးတစ်မြို့ ကနေ ခံစားကြည့်နေရင်း ဒီလှိုင်းလုံးကြီးတစ်ပြည်လုံး ဖုံးအုပ်တဲ့ထိ။
ကျွန်တော်တို့မြို့ကို လူထုလှုပ်ရှားမှု စတင်ဖောက်ခွဲတာက လူငယ်ကျောင်းသားတွေပါ။ “၈-၈-၈၈” တစ်ပြည်လုံး လှုပ်ရှားမှု အတွက် တိုက်ပွဲခေါ်သံ စတင်ပြီး နောက်တစ်နေ့ ၉-၈-၈၈ မှာ ““မျက်နှာဖုံးစွပ် သူရဲကောင်း”” များ စပေါ်လာပါတယ်။ လူငယ်အုပ်စု တွေ ထိုင်နေကျ လက်ဖက်ရည်ဆိုင်တွေထဲက နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စု လူကွယ်ရာကိုသွား၊ မျက်နှာဖုံးတပ်၊ ခွပ်ဒေါင်းအလံ ထူပြီး လမ်းပေါ်တက်လာ သူတို့နောက်မှာ ရဲဝံ့သူတစ်စုက ၀န်းရံလိုက် ပါပြီး တစ်စတစ်စနဲ့ ပြည်သူလူထုကြီးက ပထမ လမ်းဘေးကရပ် ကြည့်၊ တဖြည်းဖြည်း နောက်ကလိုက်၊ ဒီလိုနဲ့ လူတန်းကြီးရှည်လာ၊ လမ်းဆုံတစ်ခုမှာ မျက်နှာဖုံးတပ် သူရဲကောင်းတွေက လူထုကို လှုံ့ဆော်စကားပြော၊ နောက်လူခွဲလိုက်ကြ။
မှတ်မှတ်ရရ ဂုဏ်ပြုချင်တာကတော့ အဲဒီ မျက်နှာဖုံးတပ် သူရဲ ကောင်းလေးများ လူထုကို နှိုးဆွတဲ့ စီတန်းလှည့်လည်ပွဲတွေလုပ်ပြီး မကြာမီမှာပဲ အဲဒီတပ်ဦးမှာ ပျဉ်းမနားမြို့ရဲ့ ရှေ့ဆောင်ကဗျာဆရာ ကြီးတစ်ဦး ပါလာတော့တာပဲ။ သူကတော့ မျက်နှာဖုံးမတပ်၊ ဂျင်း ဘောင်းဘီဝတ်ထားလေရဲ့။ တော်လှန်တဲ့ ဘောင်းဘီဝတ် မိုးတိမ်ကြီး ပေါ့။ ကျွန်တော်တို့ အစ်ကိုကြီး မောင်သင်းခိုင်။
ဒီနောက်မှာတော့ ကျွန်တော်လည်း ကျွန်တော့်ကို ယုံကြည် အားကိုးကြတဲ့ လူငယ်ရှေ့နေတွေနဲ့ပေါင်းပြီး ကျွန်တော်တို့မြို့ရဲ့ လူထု လှုပ်ရှားမှုကို တစ်ဆင့်မြှင့်တင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ သူရဲကောင်း တွေရဲ့ တပ်ဦးလှုပ်ရှားမှုအဖြစ်ကနေ တစ်မြို့လုံးကျယ်ပြန့်ပြီး လူတန်း စားပေါင်းစုံပါဝင်တဲ့ လှုပ်ရှားမှုကြီးအဖြစ် ပြောင်းပေးဖို့ပါ။ ရှေ့နေ အသင်းအတွင်းရေးမှူးအနေဖြင့် ကျွန်တော်တို့မြို့က ဆရာဝန်အသင်း ကို ဆက်သွယ်ခဲ့တယ်။ နောက်နေ့မှာ ရှေ့နေနဲ့ဆရာဝန်တွေ စုပေါင်း ပြီး ချီတက်ပွဲလုပ်ကြမယ်။ ပါဝင်ကြပါ။ ရှေ့နေတွေက အင်္ကျီအနက် နဲ့ ဆရာဝန်တွေက ဂျူတီကုတ်အဖြူတွေနဲ့ လက်ချင်းတွဲပြီး မြို့တစ် ပတ်လှည့်ကြမယ်ပေါ့။ ဒီအခါ ဆရာဝန်တွေကလည်း ရန်ကုန်ဆေးရုံ ကြီးရှေ့ အရေးအခင်းရဲ့ ရိုက်ခတ်မှုကြောင့် သွေးနိုးလာကြပြီမို့ ကျွန် တော်တို့ ကမ်းလှမ်းချက်ကို ချက်ချင်းပဲ သဘောတူလိုက်ကြပါတယ်။ ဒါနဲ့ လူငယ်ကျောင်းသားတွေနဲ့ ဆက်သွယ်လိုက်တယ်။ မျက်နှာဖုံး တပ် သူရဲကောင်းလေးတွေကလည်း ၀မ်းသာအားရပါပဲ။ ကျွန်တော် တို့မှာ စွန့်လွှတ်ရမယ့် အခက်အခဲတွေကြား ဒီလိုဆုံးဖြတ်လိုက်တဲ့ အတွက် ၀မ်းသာဂုဏ်ယူကြောင်း၊ အားလည်းတက်ကြောင်း ပြောကြ ပြီး ကျွန်တော်တို့လှည့်လည်ပွဲအတွက် လိုအပ်တာတွေ ကူညီကြ တယ်။ ဆရာဝန်အသင်းနဲ့ ရှေ့နေအသင်းအတွက် နဖူးစည်း စာတန်း ကြီးတွေနဲ့ လက်ကိုင်ပိုစတာတွေကိုလည်း အကူအညီပေးကြတယ်။
နောက်နေ့ မနက်ပိုင်းမှာပဲ ရှေ့နေတွေက တရားရုံးရှေ့မှာပဲ လူစုတန်းစီပြီး ကုန်းလမ်းအတိုင်း အောက်ကိုဆင်းလာ၊ ရှမ်းကန်ကို ဖြတ်၊ ဆေးရုံဘက်ကို သွား၊ ဆေးရုံက အသင့်စောင့်နေတဲ့ ဆရာဝန် နဲ့ သူနာပြုတွေကလည်း သူတို့အသီသီးရဲ့ နဖူးစည်းစာတန်းကြီးတွေ အောက်မှာ ၀တ်စုံအဖြူတွေနဲ့ စီတန်းပြီး ထွက်လာ၊ စစ်ကြောင်းနှစ်ခု ပေါင်းပြီး မြို့ထဲဘက်ကို ဆက်ထွက်၊ လူငယ်ကျောင်းသားတွေက ကျွန်တော်တို့ကို ဦးစားပေးရင်း ရှေ့တန်းတင်ပေးကြ၊ လူထုတစ်ရပ် လုံးကလည်း ဈေးသည်တွေ ဆိုင်ပိတ်ထားတဲ့အထိ အားပေးရင်း ပူးပေါင်းချီတက်ကြ၊ မြို့တစ်ပတ်လှည့်ပြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ မိန့်ခွန်းပြောရင်း မြို့ရဲ့ တပ်ဦးလှုပ်ရှားမှု (Vanguard movement) ကနေ လူထုလှုပ်ရှားမှုကြီး (Mass Movement) ဆီ ကူးပြောင်းတဲ့ ပထမခြေလှမ်းကို လှမ်းလိုက်ကြပါတယ်။
သည်နောက်မှာတော့ တစ်ပြည်လုံးမှာလည်း ဒေသအလိုက် အုပ်ချုပ်ရေးအာဏာစက်တွေ လျှောကျပြီး နောက်ဆုတ်သွားတဲ့ မဆလ အုပ်ချုပ်ရေးနေရာကို လူထုအုပ်ချုပ်ရေးက ၀င်ယူဖို့ ကြိုးစား ကြပါတယ်။ ရန်ကုန်မှာ GSC (General Strike Committee) က မြို့တော် အုပ်ချုပ်ရေးအတွက် တာဝန်ယူဖို့ ကြိုးစားသလို ကျန်တဲ့ ဒေသမှာလည်း ဒေသအလိုက် ထိန်းသိမ်းဖို့ ကော်မတီတွေ ဖွဲ့ကြရ တာပေါ့။
ကျွန်တော်တို့ မြို့မှာလည်း ပထမဆုံး သပိတ်ကော်မတီ စဖွဲ့ပါ တယ်။ မြို့နယ်တရားသူကြီးကိုယ်တိုင်လည်း ကော်မတီမှာ ပါပါ တယ်။ တကယ်တော့ အဲဒီမြို့နယ်တရားသူကြီးက ကျွန်တော်တို့နဲ့ အရင်းနှီးဆုံး ဒီမိုကရေစီရဲဘော်ကြီးပါ။ မြို့ကချစ်ခင်တဲ့ ဆရာဝန် တစ်ယောက်လည်းပါတယ်။ ကျွန်တော်ကလည်း ရှေ့နေအသင်းကိုယ် စားပြုရင်း ကော်မတီထဲ ပါခဲ့ရတယ်။ လူထုလှုပ်ရှားမှုကို အင်မတန် လိုလားနှစ်ခြိုက်ခဲ့သူတစ်ယောက် လူထုလှုပ်ရှားမှုကြီးထဲမှာ ထဲထဲ ၀င်ဝင် ပတ်သက်ခွင့်ရပြီပေါ့။
အဲဒီမှာတင် ကိုယ်ကျိုးကြီးနည်းတော့တာပါပဲ။ သဘောတရား အရသာ လူထုကို ယုံကြည်အားကိုးတယ်ဆိုပေမဲ့ လက်တွေ့မှာ လူထု နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ ကျွန်တော့်အတွက် ပြဿနာပေါင်းစုံနဲ့ ကြုံ ရတော့တာပါပဲ။
x x x

မြို့ရဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက လက်ရှောင်သွားကြပြီ။ မြို့အုပ်ချုပ်ရေးကို ဘယ်သူတာဝန်ယူမလဲ။ သပိတ်ကော်မတီက မလွဲ မသွေ တာဝန်ယူရတော့မှာပေါ့။ ကောင်းပြီ။ အုပ်ချုပ်ရေးဆိုတာ အာဏာစက်ပဲ။ ဒါဆို အာဏာရဲ့ယန္တရားတွေက ဘယ်မလဲ။ သပိတ် ကော်မတီက ထုတ်တဲ့ အမိန့်ကို အာဏာတည်အောင် ဘာနဲ့လုပ် မလဲ။ အစိုးရ ဂိုဒေါင်တွေ ဖောက်နေကြပြီ။ လုတာ၊ ယက်တာတွေ ပြောက်ကျား ပြောက်ကျား ပေါ်လာနေပြီ။ ဟော...မြို့တောင် ဘက်ဖျားမှာ မတူတဲ့ ဘာသာဝင်အချင်းချင်း ပဋိပက္ခဖြစ်ကုန်ပြီတဲ့။ ဘယ်လို ဖြေရှင်းကြမလဲ။ စည်းစနစ်ကျနအောင် ဘယ်လိုလုပ်ကြမ လဲ။ ဒီမှာတင် အင်အား Force မဖြစ်မနေ လိုအပ်လာပါတယ်။ အဲဒီအင်အားကို ဖြည့်ပေးတာကတော့ ရဲရင့်တက်ကြွတဲ့ကျောင်းသား တွေ၊ လက်ရုံးရည်ကြံ့ခိုင်တဲ့ အရပ်သားလူငယ်တွေနဲ့ ရဟန်းပျို သံဃာ တော်တွေပါပဲ။ သူတို့တစ်တွေ တစ်မြို့လုံး စည်းကမ်းထိန်းသိမ်းရေး အတွက် အဖွဲ့တွေ ဖွဲ့လိုက်ကြတယ်။ ဒီအဖွဲ့တွေက စည်းကမ်းသတ် မှတ်ချက်တွေထုတ်တယ်။ စည်းကမ်းမလိုက်နာရင် အပြစ်ပေးတာတွေ လုပ်တယ်။
ဒီအချိန်မှာ နဂါးချစ်တဲ့ တရုတ်ဘုရင်ကြီး နဂါးကြီးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့တော့တာပါပဲ။ ကျွန်တော်က အကျစ်လျစ်ဆုံး ““အပေါ် တစ်ယောက်၊ တို့ငါးယောက်၊ အောက်လေးယောက်”” ဆိုတဲ့ ဆက်ဆံ ရေး၊ ဇောက်နက်တဲ့ဆက်ဆံရေးနဲ့ နေလာတာပါ။ အခု အပြန့်ကျယ် တဲ့ ဆက်ဆံရေးကို ကြုံရပြီ။ အဲဒီမှာ ကြုံသမျှလူထုကြီးအားလုံးဟာ ကျွန်တော် ကြိုတင်သတ်မှတ်ထားတဲ့စံနဲ့အပြည့် ကိုက်ညီတဲ့လူမျိုး တွေ မဟုတ်ပြန်ဘူး။ ဒီလှုပ်ရှားမှုကြီးထဲမှာ အတ္တသမားတွေလည်း ပါတယ်။ ကိုယ်ကျိုးရှာသူတွေလည်း ရှောင်မရ။ ကြမ်းကြမ်းရိုင်းရိုင်း တွေက ထုနဲ့ဒေး။
ဝန်ပိလို့ ချည့်နဲ့နေတဲ့ မြည်းရဲ့ ကျောကို ချိုးပစ်လိုက်တဲ့နောက် ဆုံး ကောက်ရိုးတစ်မျှင်ကတော့ ဒီလိုပါ။ သပိတ်ကော်မတီကနေ ဆပ် ကော်မတီတွေအမျိုးမျိုး ဖွဲ့လိုက်တယ်။ စီးပွားရေးကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ တရားရေး ကော်မတီ စတာတွေပေါ့။ အဲဒီထဲမှာ ကျွန်တော်တို့က တရားရေး ကော်မတီကို တာဝန်ယူရတယ်။ တရားရေးကော်မတီရဲ့အလုပ်က တော့ မြို့နယ်သပိတ်ကော်မတီကို လာတိုင်တဲ့အမှုကိစ္စတွေ ဖြေရှင်း ပေးရတာပါပဲ။ ထောင်ချလို့ရတဲ့ အာဏာမျိုးမဟုတ်လေတော့ အပြစ် ပေးမယ်ဆိုရင်လည်း ကြိမ်းမောင်းဆုံးမတာ လုပ်ရတာပေါ့။ အထူး သဖြင့်တော့ နှစ်ဖက်ကို ဖျန်ဖြေပေးရတာ များပါတယ်။ Arbitration Court သဘောပါပဲ။ အဲဒီရုံးတွေဟာ အမှတ် (၂) အ.ထ.က စာသင်ခန်း အဆောက်အအုံတွေထဲမှ ဖွင့်ထားတာပါ။ အဲဒီ ကျောင်း ၀န်းထဲမှာပဲ လုံခြုံရေးတာဝန်ယူတဲ့ ကျောင်းသားသမဂ်္ဂနဲ့လူငယ် တွေက ကင်းတပ်ဖွဲ့တွေအဖြစ် လေ့ကျင့်တာတွေ လုပ်နေကြတယ်။ သူတို့ လက်နက်တွေကတော့ တုတ်၊ ဓားအပြင် ကြယ်ပုံ (Star လို့ခေါ်တဲ့) ပေါက်ဆူး၊ ဂျင်ဂလိဆိုတဲ့ လေးခွထဲ ထည့်ပစ်ရတဲ့ သံပေါက်ဆူးတွေပါပဲ။ တစ်နေ့တော့ ရုံးထိုင်နေတုန်း လေ့ကျင့်နေတဲ့ လူငယ်တွေရဲ့ ကြယ်ပုံပေါက်ဆူးက ပြတင်းပေါက်က ၀ှီးခနဲ ၀င်လာ ပြီး ကျွန်တော်တို့ထိုင်နေတဲ့ နောက်က သစ်သားနံရံမှာ ဒေါက်ခနဲ လာစိုက်တယ်။ သွားပါပြီ။ ကျွန်တော့်ရဲ့ သည်းခံနိုင်မှုတွေ ကုန်ဆုံး သွားပါပြီ။ သပိတ်ကော်မတီကို ကျွန်တော် တင်ပြလိုက်တယ်။ ကျွန်တော့်ကျန်းမာရေး အနေအထားအရ ဦးစီးဦးဆောင်အဖြစ်နဲ့ တိုက်ရိုက်တာဝန်ယူရတဲ့ အနေအထားကနေ နုတ်ထွက်ခွင့်ပေးဖို့။ ကျွန်တော့်နေရာမှာ ကျွန်တော် ယုံကြည်စိတ်ချရတဲ့ ရှေ့နေအသင်း က အလုပ်အမှုဆောင်အဖွဲ့ဝင် ရဲဘော်ကို တာဝန်ပေးဖို့။ အကြောင်း ပြချက်ကတော့ ကျန်းမာရေးပေါ့။ ပထမဆုံးလှည့်လည်တဲ့နေ့က ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ တရားဟောရင်း ကျွန်တော် မူးလဲသွားခဲ့တာ ကို အကြောင်းပြပြီး ကျန်းမာရေးမကောင်းလို့ Drip သွင်းရမယ်ဆိုပြီး နုတ်ထွက်လိုက်တယ်။ ကျန်တဲ့ ကော်မတီတွေကတော့ တားကြတာ ပေါ့။ ဒီလို အခြေအနေမျိုးမှာ ဒီလို အစဉ်အလာရှိတဲ့ လူတစ်ယောက် မပါလို့ ဖြစ်မလားပေါ့။ ဒါပေမဲ့ ကျွန်တော့်စိတ်ကို ပြောင်းအောင် သူတို့ မတတ်နိုင်ကြဘူး။ ဒါနဲ့ ကျွန်တော်ရဲ့ ရဲဘော်ရှေ့နေကိုပဲ ကျွန် တော့်နေရာမှာ တာဝန်လွှဲပြောင်းပေးလိုက်တယ်။ နောက်တော့ အဲဒီ ပထမသပိတ်ကော်မတီကတစ်ဆင့် ပိုမိုကျယ်ပြန့်တဲ့ သပိတ်ကော်မတီ ကို ဖွဲ့လိုက်တယ်။ ကျွန်တော်ကတော့ ရှေ့နေအသင်းကိုပဲ ဆက်ဦး ဆောင်ပြီး သပိတ်ကော်မတီမှာ တာဝန်ယူတဲ့ ကျွန်တော့်ရဲဘော်ကို နောက်က ပံ့ပိုးနေပါတော့တယ်။
ကျွန်တော်မပါပေမဲ့ ကျွန်တော်တို့မြို့နယ် သပိတ်ကော်မတီ ကတော့ မြို့နယ်ရဲ့ အရေးကိစ္စတွေကို အတတ်နိုင်ဆုံး ဆောင်ရွက် တယ်။ ဘာသာရေးအဓိကရုဏ်းဖြစ်မှာကို ထိန်းသိမ်းပေးနိုင်ခဲ့တယ်။ ဒီအချိန်မှာ လုံခြုံရေးအတွက် အဓိကကျတဲ့ ရဲတပ်ဖွဲ့နဲ့ ကာကွယ်ရေး အတွက် အဓိကျတဲ့ စစ်တပ်တို့က လက်ရှောင်နေတာကြောင့် ဖရို ဖရဲဖြစ်နေတဲ့ မြို့လုံခြုံစည်းစနစ်ကျမှုတို့ကို (ကျွန်တော့်မျက်စိထဲ အချိုး မကျတဲ့) လူငယ်ကျောင်းသားတွေ၊ လူငယ်သိုင်းသမားတွေနဲ့ ရဟန်း ပျို သံဃာတွေက ၀ိုင်းဝန်းထိန်းသိမ်းပေးကြတယ်။
အခု ပြန်စဉ်းစားတော့ ကျွန်တော်ဟာ လူထုလှုပ်ရှားမှုရဲ့ လက္ခဏာကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်း မရှိခဲ့တာ ပါ။ ပြည်သူလူထုကြီးဟာ အနှစ်သာရအားဖြင့် တက်ကြွတော်လှန် တာ အမှန်ပဲ။ ဒါပေမဲ့ ပုံသဏ္ဌာန်အားဖြင့် အမျိုးမျိုးရှိနေသေးတယ်။ သူတို့ထဲမှာ အလွှာတွေအမျိုးမျိုး ရှိနေတဲ့အနက်က အကြီးမား အကျယ်ပြန့်ဆုံး အလွှာဟာ အောက်ခြေလူတန်းစားတွေပဲ။ ဒီလူတန်း စားဟာ ခေတ်စနစ်ရဲ့ ဖိစီးမှုကြောင့် ပညာအခြေခံအားနည်းတယ်၊ ကြမ်းတယ်၊ ရိုင်းတယ်၊ ယဉ်ကျေးဖွယ်ရာ မရှိဘူး။ ဒီလို အခြေအနေ မျိုးမှာ ဒီလူထုကြီးဟာ ကျွန်တော်စိတ်ကူးယဉ်ထားသလို တည်တည် ငြိမ်ငြိမ် ယဉ်ယဉ်ကျေးကျေး ဆွေးနွေးတိုင်ပင်လုပ်ဆောင်ဖို့ ဘယ်ရှိ နိုင်ကြမလဲ။ ထစ်ခနဲဆို ၀ုန်းဒိုင်းကြဲတာမျိုး၊ အားတက်စရာရှိ ဟော ခနဲ၊ အားပျက်စရာရှိ ဝေါခနဲ၊ ထိန်းမနိုင် သိမ်းမရ အတက်အကျဖြစ် တာမျိုး ရှိပေမပေါ့။ တကယ်တော့ ကျွန်တော်ဟာ အဲဒီအချိန်က မာ့က်စ်လီနင်ဝါဒ၊ မော်စီတုံးအတွေးအခေါ်ကို ဆုပ်ကိုင်တယ် ဆိုပေ မဲ့ ““ဟူနန်ပြည်နယ် လယ်သမားလှုပ်ရှားမှု အစီရင်ခံစာ”” မှာ မော် ပြောခဲ့တဲ့စကားကို ကျွန်တော် မေ့နေခဲ့တာပါ။ မော်က ပြောတယ် လေ ““တော်လှန်ရေးဆိုတာ ဇာပန်းထိုးတာမဟုတ်ဘူး။ ပျော်ပွဲစား ထွက်တာမဟုတ်ဘူး။ အဲဒီလို ညင်ညင်သာသာ၊ ကြင်ကြင်နာနာ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ လုပ်နေရတာ မဟုတ်ဘူး။ တော်လှန်ရေး ဆိုတာ လူတန်းစားတစ်ရပ်က လူတန်းစားတစ်ရပ်ကို အကြမ်းဖက် ဖြိုချတာဖြစ်တယ်။ ခေတ်တစ်ခေတ်က ခေတ်တစ်ခေတ်ကို ပေါက်ကွဲ ကူးပြောင်းတာဖြစ်တယ်”” လို့။
ကျွန်တော်က လူထုလှုပ်ရှားမှုကြီးတစ်ခုကို စိတ်ကူးယဉ်အမြင် နဲ့ ကြည့်ခဲ့တာကိုး။ ညင်ညင်သာသာ၊ ကြင်ကြင်နာနာ၊ သိမ်သိမ်မွေ့ မွေ့၊ နူးနူးညံ့ညံ့ ဖြစ်မယ်လို့ ထင်ခဲ့တာကိုး။ တကယ့်လက်တွေ့ဘ၀ က အဲဒီစိတ်ကူးတွေနဲ့ မကိုက်ညီတဲ့အခါကျတော့ ကျွန်တော် စိတ် ဂယောင်ချောက်ချား ဖြစ်ရတော့တာပဲ။
ကျွန်တော် အတတ်နိုင်ဆုံး စွမ်းဆောင်ခဲ့တာကတော့ အရေး တော်ပုံကာလမှာ ကျွန်တော့်ရဲဘော်တွေကို ပံ့ပိုးပေးပြီး အရေးတော်ပုံ အပြီး စစ်အစိုးရစွဲဆိုလာတဲ့အမှုတွေမှာ တရားခံဖြစ်ကြရတဲ့ ကျွန် တော့် ရဲဘော်သပိတ်ခေါင်းဆောင်တွေကို အမှုအားလုံးအတွက် ဒိုင်ခံ ရှေ့နေလိုက်ပေးခဲ့တာပါပဲ။
၂
မြန်မာတစ်ပြည်လုံးနဲ့ချီပြီး မြို့နယ်အသီးသီးမှာ အုပ်ချုပ်ရေး အာဏာပိုင်တွေက တမင်ဖြစ်ဖြစ် အခြေအနေအရဖြစ်ဖြစ် နောက် ဆုတ်သွားကြ၊ နိုင်ငံကာကွယ်ရေးတာဝန်ရှိတဲ့ စစ်တပ်ကလည်း လက် ရှောင်၊ တောကြောင်အစစ်တွေလား ပဉ္စမံတပ်သားတွေလား မသိတဲ့ ဓားတ၀င့်ဝင့်နဲ့ လူရမ်းကားအုပ်စုတွေက ဂိုဒေါင်ဖောက်လုယက်၊ တချို့နေရာတွေမှာဆို ကားစိမ်းကြီးပေါ်က ယူနီဖောင်းအစိမ်းနဲ့လူ တွေက ဂိုဒေါင်တံခါးသော့တွေကို ရိုက်ချိုးဖွင့်ပေးပြီး ထားသွား၊ ဖွင့် ပေးသွားတဲ့အခါ လူအုပ်ကြီး ၀င်မွှေတာတွေ ရှိ၊ စိတ်ချောက်ချား အောင် ကောလာဟလတွေ လွှင့်၊ တကယ်လည်း ရေတွင်းရေကန် ကို အဆိပ်ခပ်သူက ခပ်။ ဒီအပေါ် ချောက်ချားနေတဲ့ လူထုက လက်လွန်ခြေလွန်ဖြစ်တဲ့အခါ ဖြစ်။ ဒီလို ဗရုတ်သုတ်ခ အခြေအနေ ထဲမှာဗမာပြည် တစ်နံတစ်လျားနယ်ပယ် အသီးသီးက သပိတ် ကော်မတီတွေဟာ လုံခြုံရေးနဲ့ အေးချမ်းတည်ငြိမ်ရေးအတွက် အစွမ်းကုန်ကြိုးစားနေခဲ့ရတာပါ။ နယ်ပယ်ဒေသတချို့ (ဥပမာ မန္တလေးက အချို့နယ် မြေတွေ) မှာ လက်တွေ့ကျတဲ့ ဒီမိုကရက်တစ် ပြည်သူအုပ်ချုပ်ရေးကို စမ်းသပ်ထူထောင်ဖို့ ကြိုးစားနေခဲ့ကြတာပါ။ တကယ်တော့ အုပ်ချုပ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အဓိက ကျတဲ့ Law Emforcement Bodies တွေသာ ပါလာခဲ့ရင် လူထု အုပ်ချုပ်ရေးပုံစံသစ်တစ်မျိုး ကျွန်တော်တို့ နိုင်ငံမှာ ပေါ်လာခဲ့မှာပါ။ ဒါပေမဲ့ ဘယ် Law Enforcement Bodies တွေမှ လူထုလုံခြုံရေး အတွက် ဆောင်ရွက်မပေးကြဘဲ “မှတ်ပလားကွ” ဆိုတဲ့သဘောနဲ့ လက်ပိုက်ကြည့်နေကြတာ တွေ့ရတယ်။ ဒီလိုနဲ့ သပိတ်ကော်မတီ တွေက ဦးဆောင်လို့ တချို့ဒေသတွ ပြည်သူ့အုပ်ချုပ်ရေးကို စမ်းသပ် ထူထောင်ဆဲ ကာလမှာပဲ ဂိုဒေါင်ဖောက်တဲ့ကိစ္စ၊ ခေါင်းဖြတ်တဲ့ကိစ်္စ တွေကို ပုံကြီးချဲ့မီးမောင်းထိုး ““လှိုင်းကြီးလေဆန် ဖြစ်ရပ်မှန်”” ဇာတ် ညွှန်းရိုက်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ပါတော့တယ်။
x x x
တကယ်ကတော့ လူထုလှုပ်ရှားမှုကြီးကို မျှော်လင့်တောင့်တသ လောက် လူထုလှုပ်ရှားမှုကြီးနဲ့ ရင်ဆိုင်တွေ့တဲ့အခါ မလုပ်တတ် မကိုင်တတ် မရှုနိုင်မကယ်နိုင်ဖြစ်ရတာဟာ ကျွန်တော် တစ်ယောက် တည်း မဟုတ်ပါဘူး။ ၀မ်းနည်းအားနာစွာနဲ့ ပြောရမယ်ဆိုရင် ရန်ကုန် မြို့က (အဲဒါကလည်း မြန်မာတစ်ပြည်လုံးရဲ့ အချက်အချာ) နိုင်ငံရေး ခေါင်းဆောင် အတော်များများပါပဲ။ ကျောင်းသားလူငယ် အများစု က ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဖွားမြင်စေခဲ့တယ်။ အဲဒီအထဲ မှာ သာကေတက လူ့ပေါက်ပန်းလို့ သတ်မှတ်ခံရတဲ့ လူငယ်အများစု လည်း ပါပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို စတင်ဖောက်ခွဲ ခဲ့တာ ရန်ကုန်မှာပါ။ ၈-၈-၈၈ မတိုင်ခင် ရှေးဦးကာလတွေမှာ ဒီ အရေးတော်ပုံကြီးအတွက် လူထုအင်အားနဲ့ စိတ်ဓာတ်အင်အားတွေ ကို စတင်စုစည်းပေးခဲ့တာဟာ ရန်ကုန်မြို့ ဆင်ခြေဖုံးက လှုပ်ရှားမှု တွေပါ။ စစ်တပ်က သေနတ်နဲ့ တရစပ် ပစ်နေတဲ့အချိန် သာကေတ က လူကြမ်း လူရိုင်းဆိုသူတွေဟာ ကွန်ကရစ်ပိုက်လုံးကြီးတွေ လှိမ့် ရင်း အလောင်းချင်းထပ် ရှေ့ကို တိုးခဲ့ကြတယ်။ သူတို့တွေရဲ့ ဂုဏ် ပြောင်တဲ့ သေဆုံးမှုတွေဟာ အစိုးရ၀န်ထမ်း စာရေးစာချီနှင့် မီးဖို ချောင်ထဲက အိမ်ရှင်မ အဆုံး လူထုအလွှာအသီးသီးရဲ့ နှလုံးသား ကို သိမ်းကျုံးယူငင်ပြီး ကြောက်စိတ်တွေဖယ်ဖျောက် သတ်္တိတွေ ရောက်စေခဲ့တယ်။ စာပေအနုပညာရှင်များ၊ ဆရာဝန်၊ ရှေ့နေအပါ အ၀င် တတ်သိပညာရှင်များ၊ အစိုးရ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ အတော်များများ၊ အို...စစ်တပ်ထဲက အင်အားစု တချို့တောင် ဒီမိုကရေစီရေး လက်ဆန့်ကြွေးကြော်ပြီး တစ်မြို့လုံးသောင်းသောင်း ဖြဖြ ဆန္ဒပြခဲ့တာဟာ သာကေတလို ဆင်ခြေဖုံးက လူငယ်တွေရဲ့ နှိုးဆွအားအများကြီးပါပါတယ်။
ရွှေတိဂုံရင်ပြင် ဟောပြောပွဲ၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဟောပြောပွဲတွေမှာ ရောက်လာကြတဲ့ လူကြီးခေါင်းဆောင်များကို ကျောင်းသားခေါင်းဆောင်များ အပါအ၀င် လူငယ်တွေက အားကိုး တကြီး နေရာပေးခဲ့ကြတယ်။ အစောပိုင်းမှာတော့ ၀န်ကြီးချုပ်ဟောင်း ဦးနုကတောင် တွန့်ဆုတ်ဆုတ်ပါ။ ဒီနောက်မှာတော့ ပါလီမန်ဒီမို ကရေစီခေတ်က နိုင်ငံရေးနဲ့ ပတ်သက်ဖူးသူတွေ (လက်ဝဲရော လက် ယာပါ) ရှေ့ကို ရောက်လာကြတယ်။ လူထုကလည်း အားကိုးကြတာ ကိုး။ ၁၉၆၂ ခုနှစ်က စလို့ ၂၆ နှစ်လုံးလုံး အာဏာရှင် စနစ်အောက် မှာ လက်တွေ့နိုင်ငံရေးလှုပ်ရှားမှု ကင်းမဲ့ခဲ့တဲ့ လူထုဟာ ကောက်ရိုး မျှင်ဆွဲသလို ရတတ်သမျှ အားကိုးရှာကြပါတယ်။ ဒါပေမဲ့ သူတို့ အားကိုးတဲ့ ခေါင်းဆောင်ကြီးများက လက်တွေ့ရင်ဆိုင်နေရတဲ့ ဖရို ဖရဲအခြေအနေကြီးမှာ တစ်ပါတီစနစ်ရဲ့ အုပ်ချုပ်ရေးယန္တရား အကူ အညီမလိုတဲ့ လူထုအုပ်ချုပ်ရေးပုံစံသစ်ကို တည်ထောင်ဖို့ ကြိုးစားခဲ့ ကြပါသလား။ ကျစ်လျစ်သိပ်သည်းတဲ့ ခေါင်းဆောင်မှုကိုတည် ဆောက်ပြီး ပြည်သူလူထုကြီးကို ဦးဆောင်၊ မြို့ရွာငြိမ်းချမ်းမှုကို တည် ဆောက်၊ အုပ်ချုပ်ရေးဟောင်းရဲ့ လက်နက်ကိုင်အင်အားအကူအညီ မလိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးတည်ဆောက်ရေးအတွက် နည်းလမ်းရှာ ကြံဖို့ ကြိုးစားခဲ့ကြပါသလား။
မကြိုးစားခဲ့ကြပါ။ သို့မဟုတ် မကြိုးစားနိုင်ခဲ့ကြပါ။ သူတို့လုပ် နေကြတာကတော့ ပြောနိုင်ဆိုနိုင်တုန်း နှစ်ပေါင်းများစွာက အကျိတ် အခဲရှိခဲ့တဲ့ ကွဲလွဲမှုတွေအကြောင်း မီးမောင်းထိုးလို့ ချေးခြောက်ရေနှူး ကြတာပါပဲ။ ခေါင်းဆောင်တွေထဲက (ဥပမာ ပဲခူးဦးခင်မောင်မြင့်တို့ လို၊ ၁၉၆၂ တကသ ခေါင်းဆောင်ဟောင်းတွေလို) လူကြီးတချို့က လူငယ်တွေနဲ့ တစ်သားတည်းကျအောင် ကြိုးစားခဲ့ကြပေမဲ့ အများစု က လူငယ်တွေအပေါ် ဆရာကြီးလုပ်ချင်တဲ့သဘောတွေ ပိုများပါ တယ်။ အချင်းချင်းရှိခဲ့တဲ့ အကျိတ်အခဲတွေကိုလည်း အရေးတော်ပုံ ကြီးမှာ လာရောက်ထင်ဟပ်စေခဲ့ကြတယ်။ ရှစ်လေးလုံး အရေးတော် ပုံကြီးကို ပေါက်ဖွားလာအောင် အသက်သွေးချွေးတွေ စတေးလို့ ကြိုးပမ်းခဲ့ရတဲ့ လူငယ်ကျောင်းသားတွေမှာ သူတို့ပြင်ဆင်ပေးတဲ့ နေရာမှာတောင် ညီညီညာညာ မထိုင်နိုင်ကြ၊ ရှေ့ဆက်ရမယ့်လမ်း ကိုလည်း ထိထိရောက်ရောက် မရွေးနိုင်ကြ၊ ငြင်းရင်းခုံရင်းနဲ့ မီးရှူး မီးပန်းလွှတ်နေကြ၊ တကယ့်လူထုကြီးကို ထိန်းရမယ်ဆိုတော့လည်း မထိန်းနိုင်ကြ။
ရှစ်လေးလုံးကာလရဲ့ အနှောင်းပိုင်း လူထုလူအုပ်ကြီးနဲ့ လက် နက်ကိုင်အင်အားစုတွေ ထိပ်တိုက်တွေ့တော့မယ့် အခြေအနေမှာ လူအုပ်ကြီးကို ဘယ်သူမှ မထိန်းနိုင် မထိန်းရဲဖြစ်နေတုန်း လူထုကြီး ကိုထိန်းသွားတာဟာကိုမင်းကိုနိုင်တို့ကျောင်းသားခေါင်းဆောင်တွေပါ။
လူကြီးတွေညီညွတ်စေချင်လွန်းလို့ GSC က လူငယ်ခေါင်း ဆောင်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ ကြိုးပမ်းသမျှဟာလည်း သဲထဲရေသွန်ပါပဲ။ နောက်ဆုံးလူကြီးတွေကို တစ်နေရာတည်းထား၊ တံခါးပိတ်လက်မှတ်ထိုးခိုင်းပြီး စင်ပြိုင်အစိုးရကြေညာဖို့ လူငယ်တွေ က ကြိုးစားကြတယ်ဆိုတဲ့ သတင်းတောင် ကြားရရဲ့။ ဘယ်လိုပဲဖြစ် ဖြစ် စင်ပေါ်တင်ပေးတဲ့လူကြီးတွေဟာ သူတို့ ငြိမ်နေရတဲ့ အချိန် ကာလတစ်လျှောက်လုံး (ကျွန်တော့်လိုပဲ) လူထုလှုပ်ရှားမှုကြီးကို မျှော်လင့်နေကြမှာပါ။ ဒါပေမဲ့ တကယ့်လူထုလှုပ်ရှားမှုကြီးနဲ့ ကြုံလိုက် တော့ ဒီလူထုလှုပ်ရှားမှုကြီးကို ရဲရဲဦးမဆောင်နိုင်ကြဘူး။
တော်လှန်ရေးခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ စကားကို သတိ ရတယ်။ ““တော်လှန်ရေးလှိုင်းလုံးကြီးကတော့ လာနေပြီ။ ဒီလှိုင်းလုံး ကြီးကို ရဲရဲတက်စီးမလား၊ လှိုင်းအပုတ်ခံပြီး လှိုင်းအောက်မှာ အမြုပ် ခံမလား”” တဲ့။ ကျွန်တော် အပါအ၀င် ပညာရှိလူကြီးလူကောင်းများ ကတော့ လူထု လှုပ်ရှားမှုလှိုင်းလုံးကြီးကို တက်မစီးဘဲ လှိုင်းအောက် မှာ လူးလိမ့်နေခိုက် စစ်အာဏာရှင်စနစ်ရဲ့ တတိယလှိုင်းက ထပ် အဖုံး တစ်ပြည်လုံး စုံးစုံးမြုပ်ကြရပြန်ပါရော။
Yanantthit
No comments:
Post a Comment