NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး/အသစ်ရေးဆွဲရေးနှင့်
ပတ်သက်၍ လူထု ဆန္ဒခံယူပွဲ (သို့မဟုတ်) NLD ထောက်ခံသူများအနေဖြင့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး / အသစ် ရေးဆွဲရေးအတွက် မည်သို့ဆန္ဒသဘောထားရှိသည်ကို
ဆန္ဒသဘောထား ကောက်ခံသည့် ပွဲများ ဆောင် ရွက်နေပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် NLD ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်
ရှေ့နေဦးကိုနီသည် NLD ပါတီက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းနှင့်၊
ပဲခူးတိုင်း အတွင်းရှိ ၂ဝဝ၈ အခြေခံ ဥပဒေဆိုင်ရာ ဆန္ဒသဘောထားရယူပွဲများတွင်
လိုက်လံရှင်းလင်း ပြောကြားလျှက်ရှိပြီး ဂျာနယ်များတွင် လည်း ၂ဝဝ၈
အခြေခံဥပဒေနှင့် ပတ်သက်သည့် ဆောင်းပါးများ ရေးသားနေသူ ဖြစ်ပါသည်။
သတင်းစာတစ်စောင်တွင် ဖော်ပြပါရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်
ပတ်သက်၍ ဦးကိုနီ၏ အင်တာဗျူးကို ဖတ်ရှုခဲ့ရာ ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍
ဦးကိုနီ၏ ဝေဖန်သုံးသပ်ချက်အရ အချို့သူများသည်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရည်ရွယ်ချက်၏ နောက်ဝယ် အခြားရည်ရွယ် ချက်
တစ်ခုခု ရှိနေသလောဟု သံသယဖြစ်မိပါသည်။ ဦးကိုနီ၏ ပြောကြားချက်မှာ
အောက်ပါအတိုင်း ဖြစ်ပါသည်-
`အဲဒါကိုသမိုင်းကြောင်းနဲ့ပြောရရင်
ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေမှာ ဗမာနိုင်ငံမှာ
နိုင်ငံသား တစ်မျိုးတည်း ရှိရမယ်လို့ ပြတ်ပြတ်သားသား ရေးခဲ့တယ်။
တိုင်းရင်းသား ကဖြစ်တဲ့ နိုင်ငံသားဆိုတာ သတ်သတ် မရှိစေရလို့ ရေးခဲ့တယ်။
စိတ်ဝမ်းမကွဲအောင် နိုင်ငံသား တစ်မျိုးတည်း ထားတယ်။ မွန်၊ ဗမာ၊ ကရင်၊ ကချင်
အားလုံး နိုင်ငံသားပဲ၊ စပြီးဖောက်သွားတာက ၁၉၇၄ ဦးနေဝင်းရေးတဲ့ အခြေခံ
ဥပဒေပဲ။ နိုင်ငံသားကို ၂ မျိုး အဓိပ္ပါယ်ဖွင့်တယ်။ တစ်မျိုးက
တိုင်းရင်းသားမိဘနှစ်ပါးကမွေးသော နိုင်ငံသား နဲ့ ဥပဒေအရ ဖြစ်တဲ့
နိုင်ငံသား၊ အဲဒီကနေ ၁၉၈၂ ခု နိုင်ငံသားဥပဒေထွက်လာတော့ တိုင်းရင်း သားက
ဖြစ်သောနိုင်ငံသား၊ဥပဒေအရ ဖြစ်သောနိုင်ငံသား၊ ဧည့်နိုင်ငံသား၊
နိုင်ငံသားပြုခွင့်ရသူဆိုပြီးတော့ ၄ မျိုးကွဲ သွားတယ်။ အဲဒီထဲမှာ
နိုင်ငံသားဟုတ်မဟုတ်သံသယရှိသူဆိုပြီး တစ်စုပါတယ်။အခု ၂ဝဝ၈ မှာ ကျတော့
စောစောက ၅၉ (စ) မှာပြဌာန်းထားတဲ့ သမ္မတဖြစ်ထိုက်သော ဆိုတာ တစ်မျိုးပေါ်လာတယ်။
ပုဒ်မ ၁၂ဝ အရအမတ်အဖြစ်အရွေးခံထိုက်သောနိုင်ငံသားဆိုပြီး နောက်ထပ်တစ်မျိုး
ထပ်ပေါ်လာတယ်။ တကယ်တော့ အဲဒါဟာ တစ်နိုင်ငံတည်းမှာ မှီတင်းနေထိုင်တဲ့
လူတွေကို စိတ်ဝမ်းကွဲအောင် အမျိုးမျိုး ခွဲထားတာ။ ဒီလိုမလုပ်ရဘူး။
နိုင်ငံသားအားလုံးဟာ တစ်မျိုးတည်းပဲ ဖြစ်ရမယ်။ တန်းတူအခွင့်အရေး ရှိရမယ်။
ထူးခြားချက် အဖြစ် နိုင်ငံတော်သမ္မတ ဆိုတာ နိုင်ငံရဲ့
အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဖြစ်တဲ့ အတွက်သူ့အတွက်တော့
သီးခြားအရည်အချင်း သတ်မှတ်နိုင်ပါတယ်။ အဲဒါကလည်း ရိုးရိုးလေးပါ။
နိုင်ငံသားမိဘနှစ်ပါးက မွေးတဲ့ နိုင်ငံသား ဖြစ်ရမယ်။ ဆိုလိုတာက
နိုင်ငံတော်သမ္မတဖြစ်မယ့်လူဟာ သူကိုယ် တိုင် နိုင်ငံသားဖြစ်ရုံနဲ့
မလုံလောက်ဘူး။ သူ့ကိုမွေးတဲ့ အချိန်မှာ သူ့အဖေရော၊ အမေရာ နိုင်ငံသား
ဖြစ်ရမယ်။ ဒီလောက်ဆိုရင် လုံလောက်ပါတယ်´
ကချင်၊ ကယား၊ ကရင်၊
ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား နိုင်ငံသားများသာ
နိုင်ငံတော်သမ္မတဖြစ်ခွင့်ရှိသည်ဟု ဥပဒေပြဌာန်းထားခြင်းသည် မဖြစ်သင့်၊
မတရားဟု ဦးကိုနီက ဆိုလို ခြင်း ဖြစ်ဟန် တူပါသည်။ ဦးကိုနီက ကမ္ဘာပေါ်တွင်
ထိုဥပဒေမျိုး မည်သည့်နိုင်ငံတွင်မှ မရှိကြောင်း။ အရေးကြီးသည်မှာ
နိုင်ငံသားဖြစ်ရန်သာ အဓိကထားကြောင်း၊ ဥပမာ အိန္ဒိယနိုင်ငံတွင် ရာဂျစ်ဂန္ဒီ၏
အမျိုးသမီး ဆိုနီယာ ဂန္ဒီ ဆိုလျှင် အာဏာရပါတီ၏ ထိပ်တန်းခေါင်းဆောင်
ပါလီမန်အမတ်ဖြစ်ပြီး သူဟာ ဝန်ကြီးချုပ် လုပ်ချင်လျှင် လုပ်လို့ရကြောင်း၊
သူမလုပ်ချင်သည့်အတွက် မိုဟန်ဆင်းကို တင်ထားခြင်း ဖြစ်ကြောင်း၊
ဆိုနီယာဂန္ဒီသည် အီတလီနိုင်ငံသူဖြစ်ပြီး အိန္ဒိယနိုင်ငံသား
ခံယူထားသူဖြစ်ကြောင်း၊ တစ်ချိန် က ဘာပဲဖြစ်ဖြစ် အခုနိုင်ငံသားမှန်လျှင်
သူတို့ စဉ်းစားကြောင်း၊ နိုင်ငံ့အရေးတွေကို ဆောင်ရွက်ခွင့် ပေးထား ကြောင်း
ပြောကြားခဲ့ပါသည်။
အခြားနိုင်ငံများတွင် နိုင်ငံသားဖြစ်သူတိုင်း
သမ္မတအဖြစ် အရွေးချယ်ခံပိုင်ခွင့် ရှိ/မရှိ လေ့လာကြည့် ရာ နိုင်ငံအချို့တွင်
အောက်ပါအတိုင်း တွေ့ရှိရပါသည်-
(က) အာဖဂန်နစ္စတန်နိုင်ငံ။ အာဖဂန်မိဘနှစ်ပါးက မွေးဖွားသည့် အာဖဂန်နိုင်ငံသား မူဆလင် ဖြစ်ရမည်။
( ခ) အယ်ဂျီးရီးယားနိုင်ငံ။ အယ်ဂျီးယားနိုင်ငံတွင် မွေးဖွားသည့်နိုင်ငံသား
မူဆလင်ဖြစ်ရမည်။ အိမ်ထောင်ဖက်သည်လည်း အယ်ဂျီးရီးယားနိုင်ငံသားဖြစ်ရမည်။
( ဂ) အာဂျင်တီးနားနိုင်ငံ။ အာဂျင်တီးနားနိုင်ငံတွင်း မွေးဖွားခဲ့သည့်
နိုင်ငံသားဖြစ်ရမည်။ ပြည်ပ တွင် မွေးဖွားခဲ့သူဖြစ်ပါက
အာဂျင်တီးနားနိုင်ငံဖွားမိဘ၏ သား/သမီးဖြစ်ရမည်။
(ဃ)
အင်ဒိုနီးရှားနိုင်ငံ။ တစ်ဆူတည်းသော ဘုရားကို ယုံကြည်သူဖြစ်ရမည်။
မွေးဖွားစဉ် ကတည်းက အင်ဒိုနီးရှားနိုင်ငံသားဖြစ်ရမည်။ အင်ဒိုနီးရှား
ကွန်မြူနစ်ပါတီဝင် မဖြစ်ဖူးရ။
( စ) ပါကစ္စတန်နိုင်ငံ။ မူဆလင် မဟုတ်ပါက သမ္မတအဖြစ် ရွေးချယ်ခံခွင့် မရှိ။
ထို့ကြောင့် တိုင်းရင်းသားနိုင်ငံသားဖြစ်သူများသာ
သမ္မတဖြစ်ခွင့်ရှိသည်ဆိုသော မြန်မာနိုင်ငံ၏ ၂၀၀၈
ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်မျိုး မည်သည့်နိုင်ငံတွင်မှ
မရှိကြောင်း ဦးကိုနီ၏ ပြောကြား ချက်သည် မှန်ကန်သလိုလို ရှိသော်လည်း
တကယ်တမ်းတွင် လိုရာဆွဲပြောကြား ချက်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။
နိုင်ငံအချို့တွင် နိုင်ငံသားဖြစ်သူတိုင်း သမ္မတဖြစ်ခွင့်ရှိသော်လည်း
အချို့နိုင်ငံများတွင် ဘာသာရေးယုံကြည်မှုကို သမ္မတ အရည်အချင်းတွင်ထည့်သွင်း
သတ်မှတ် ထားသဖြင့် အခြား ဘာသာဝင် နိုင်ငံသားများ သမ္မတဖြစ်ခွင့်မရှိကြောင်း
တွေ့ရှိနိုင်ပါသည်။ ထို့ပြင် နိုင်ငံအချို့တွင် နိုင်ငံသား မိဘများက
မွေးဖွားသည့် နိုင်ငံသားများသာ သမ္မတဖြစ်ခွင့် ရှိကြောင်း လည်း
တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် သမ္မတအရည်အချင်းသတ်မှတ်ချက်သည် တစ်ကမ္ဘာလုံး
လိုက်နာရမည့် အမှန်တရားမဟုတ်သဖြင့် မိမိ နိုင်ငံအခြေအနေပေါ်မူတည်၍
သတ်မှတ်ကြခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး ဒီမိုကရေစီသက်တမ်း နှစ်ပေါင်း
များစွာ ကြာမြင့်နေပြီဖြစ်သည့် နိုင်ငံများကို လက်ညှိးထိုးပြကာ
ထိုနိုင်ငံများတွင် ထိုသို့ ပြဌာန်းထား၍ မိမိ တို့ နိုင်ငံတွင်
ထိုသို့ပြဌာန်းရမည်ဆိုခြင်းမှာ စဉ်းစားဆင်ဥာဏ် နည်းရာ ရောက်သည်ဟု
သုံးသပ်ရပါသည်။
ထို့ပြင် ရှေ့နေကြီး ဦးကိုနီထောက်ပြခဲ့သော
အိန္ဒိယနိုင်ငံတွင် အီတလီနိုင်ငံသူအဖြစ်မှ အိန္ဒိယနိုင်ငံသူ အဖြစ်ခံယူခဲ့သော
ဆိုနီယာဂန္ဒီသည် အာဏာရပါတီ၏အကြီးအကဲဖြစ်၍ ၀န်ကြီးချုပ်လုပ်ချင်လျှင်
လုပ်နိုင် သော်လည်း သူ မလုပ်ချင်၍ မန်မိုဟန်ဆင်းကို တင်ပေးသည်ဆိုသည်မှာလည်း
မမှားသော်လည်း မမှန်ဟု ဆိုချင်ပါသည်။ ဆိုနီယာဂန္ဒီအနေဖြင့် ဥပဒေအရ
ဝန်ကြီးချုပ်ရာထူး ရယူနိုင်သော်လည်း ၀န်ကြီးချုပ်ရာထူး ရယူခဲ့ပါက
အိန္ဒိယတိုင်းရင်းသူမဟုတ်သူ ၀န်ကြီးချုပ်ရာထူးယူသည်ကို အကြောင်းပြု၍
နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်လာမည့်အရေးကို တွက်ဆ၍
အမျှော်အမြှင်ရှိစွာဖြင့် ၀န်ကြီးချုပ်ရာထူးကို စွန့်လွှတ် ခဲ့ခြင်း
ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင်မူ နိုင်ငံရေးတည်ငြိမ်မှုထက်
ပုဂ္ဂိုလ်ရေးဆန္ဒများကို ရှေ့တန်းတင် နေသလောဟု စဉ်းစားမိပါသည်။
ရှေ့နေကြီး ဦးကိုနီ ပြောကြားသည့်အတိုင်း နိုင်ငံသားတိုင်း
သမ္မတဖြစ်ခွင့်ရှိရမည်ဆိုပါက တိုင်းရင်း သားမဟုတ်သော မြန်မာနိုင်ငံသား
တရုတ်များ၊ အိန္ဒိယန်းနွယ်ဖွားများနှင့် ဘင်္ဂါလီများသည်လည်း လွှတ်တော်က
ရွေးချယ်ပါက သမ္မတဖြစ်လာနိုင်သည့် အလားအလာရှိပါသည်။ ထိုသို့ တိုင်းရင်းသား
မဟုတ်သူများ နိုင်ငံတော်သမ္မတဖြစ်လာပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့
သွားရာလမ်းကြောင်း ပိုမို ဖြောင့်ဖြူးမည်လော၊
နိုင်ငံရေးမိုးသက်မုန်တိုင်းများ ပိုထန်လာမည်လော ဆိုသည်ကို စဉ်းစားဥာဏ်
ရှိသူ တိုင်း သိနိုင်ပါသည်။
ယခုဆောင်းပါးအစတွင်
တင်ပြခဲ့သည့်အတိုင်း ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ ဦးကိုနီ၏ ဝေဖန်
သုံးသပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရည်ရွယ်ချက်၏ နောက်ဝယ်
အခြားရည်ရွယ်ချက် တစ်ခုခု ရှိနေသလောဟု သံသယဖြစ်မိသည်ကို
ဆက်လက်တင်ပြသွားပါမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံး၏
အခေါင်အချုပ်ဖြစ်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်
မညီညွတ်သော တည်ဆဲဥပဒေမှန်သမျှကို အခြေခံဥပဒေနှင့် ညီညွတ်အောင်
ပြန်လည်ရေးဆွဲ ရမည်ဖြစ်ပါသည်။ ဦးကိုနီက ၁၉၈၂ ခု နိုင်ငံသားဥပဒေတွင်
တိုင်းရင်းသားက ဖြစ်သော နိုင်ငံသား၊ ဥပဒေ အရ ဖြစ်သောနိုင်ငံသား၊
ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟူ၍ ၄ မျိုး ခွဲခြားထားကြောင်း
ပြောကြား ခဲ့ပါသည်။ အကယ်၍ ဦးကိုနီပြောသည့်အတိုင်း နိုင်ငံသားဖြစ်သူတိုင်း
သမ္မတအဖြစ် ရွေးကောက် တင်မြောက်ခွင့်ရှိသည်ဟု ပြင်ဆင်လိုက်ပါက ၁၉၈၂ ခုနှစ်
နိုင်ငံသားဥပဒေသည် အခြေခံဥပဒေ နှင့် ညီတော့မည်မဟုတ်ပေ။ ထို့ကြောင့် ၁၉၈၂
ခုနှစ် အခြေခံဥပဒေကိုလည်း မလွှဲမသွေ ပြင်ဆင်ရ တော့မည် ဖြစ်သည်။
တစ်ဖန် ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင်
ထိုပြည်နယ်/ တိုင်း အတွင်း နေထိုင်သော တိုင်းရင်းသားများအနက် ၁ % နှုန်းထက်
ပိုသော တိုင်းရင်းသားများ၏ အရေးကိစ္စ များကို ဆောင်ရွက်နိုင်ရန်
၎င်းတိုင်းရင်းသားများကို ကိုယ်စားပြုသည့် တိုင်းရင်းသားရေးရာ ၀န်ကြီးများ
ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသည်။ ဦးကိုနီ၏ အဆိုအရ
တိုင်းရင်းသားမဟုတ်သော နိုင်ငံသား နှင့် တိုင်းရင်းသား နိုင်ငံသားများ
အခွင့်အရေး တန်းတူပေးရမည်ဆိုပါက တရုတ်ရေးရာဝန်ကြီး၊ တမီလ် ရေးရာဝန်ကြီး၊
ဆစ်ခ်ရေးရာဝန်ကြီး၊ ဘင်္ဂါလီရေးရာဝန်ကြီး အစရှိသည်ဖြင့်
လူမျိုးရေးရာဝန်ကြီးများစွာ တိုးလာစရာရှိပါသည်။
၁၉၈၈ ခုနှစ်တွင်
နိုင်ငံတော်သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သော အခြေခံဥပဒေဆိုင်ရာ ဥပဒေ က၀ိတစ်ဆူ
ဟု သိရှိထားကြသော ဒေါက်တာမောင်မောင်၏ မြန်မာ နိုင်ငံ၏ ၁၉၈၈ ခုနှစ်
အရေးအခင်း (ဒုတိယတွဲ)၊ စာမျက်နှာ ၄၀၀ တွင် ဖော်ပြထားချက်ကို ကောက်နှုတ်
ဖော်ပြလိုပါသည်။ ယင်းရေးသား ဖော်ပြချက်မှာ -
ကျွန်တော်သိရှိသလောက်တော့ ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်များသည်
အောင်ဆန်းစုကြည် ကို တမင်သက်သက်ရည်ရွယ်ပြီး အရွေးချယ်မခံရလေအောင်
ထည့်သွင်းရေးဆွဲထားခြင်း မဟုတ်ပါ။ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေကို
ဗိုလ်ချုပ်အောင်ဆန်း ဦးစီးဦးဆောင်ပြုပြီး ရေးဆွဲခဲ့ကြစဉ်ကပင် အလွန်
အရေးကြီးသည့် အခြေခံမူတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲခဲ့ခြင်းသာ ဖြစ်ပါသည်။
ထို့အပြင် လန်ဒန်မြို့တွင် နန်းရင်းဝန်အက်တလီနှင့် လွတ်လပ်ရေးအတွက်
တိုင်ပင်ဆွေးနွေးခဲ့စဉ်ကလည်း ဗိုလ်ချုပ်အောင်ဆန်း သည် ပဓာနကျသော
သတ်မှတ်ချက်တစ်ခုကို မီးမောင်းထိုးပြခဲ့သည်။ ယင်းအချက်မှာ “မြန်မာနိုင်ငံ
လွတ်လပ်ရေး ရသည့်အခါ နိုင်ငံတော်၏ ကျေးဇူးသစ္စာစောင့်သိမှုအပေါ် ဇဝေဇ၀ါ
ဖြစ်နိုင်သူများနှင့် နိုင်ငံ ခြားတွင် အမြဲနေထိုင်ခဲ့သူများကို
မြင့်မားသည့် နိုင်ငံရေးရာထူးအဆင့်များ ရယူခွင့် မရှိရလေအောင် ဥပဒေ အရ
တားမြစ်ထားရမည်” ဟု အသေအချာ အတိအလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယနေ့အခါ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း အခြားသောတိုင်းပြည်များတွင်
နိုင်ငံသား အဖြစ် ခံယူကာ အပြီးသွားရောက်နေထိုင်ကြသူများ အများအပြား
ရှိနေပြီ ဖြစ်သည်။ ထိုသို့နေထိုင်ပြီး သူတို့အဆင်ပြေသည့် အချိန်အခါကျမှ
မိမိတို့သည် မြန်မာလူမျိုးပါ ဟု ဆိုကာ အမိနိုင်ငံသို့ ပြန်လာပြီး
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ဗန်းပြလျက် ရွေးကောက်ပွဲများ၌
ပါဝင်ယှဉ်ပြိုင်အရွေးခံခွင့် တောင်း ခံအရေးဆိုသည်ကို ခွင့်ပြုလိုက်မည်
ဆိုပါက ပြည်သူလူထုအပေါ် မတရားရာ ကျပေလိမ့်မည်။ ဟူ၍ ဖြစ် ပါသည်။ အထက်ပါ
ရေးသားချက်များမှာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်
လက်ရာမကင်း သော ဒေါက်တာမောင်မောင်၏ ရှင်းလင်းချက် ဖြစ်ပါသည်။
အင်္ဂလန်ပုံစံ အင်္ဂလန်နိုင်ငံသား ဆိုလျှင် အင်္ဂလန်တွင် နိုင်ငံသားခံယူထားသော
မြန်မာနိုင်ငံသား တစ်ယောက် အင်္ဂလန်ဝန်ကြီးချုပ် ဖြစ်နိုင်ပါမည်လား။
ဦးကိုနီအား မေးလိုပါသည်။ မြန်မာနိုင်ငံသည် အမျိုး သားနိုင်ငံ
ဖြစ်သည့်အတွက် အမေရိကန်နိုင်ငံလို Migrant Nation မဟုတ်ပါ။ အမေရိကန်၏
သမိုင်း ကြောင်းကို သေချာလေ့လာကြည့်လျှင် ကမ္ဘာအရပ်ရပ်မှ ရောက်ရှိ
စုစည်းခဲ့ကြပြီး အမေရိကန်နိုင်ငံသား ဟူ၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
တိုင်းရင်းသားစိတ်ဓါတ်ထူထောင်၍ မရနိုင်သောကြောင့် နိုင်ငံသား စိတ်ဓါတ်ကို
ရိုက်သွင်းထားခြင်း ဖြစ်ကြောင်း သတိပြုကြရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံသည်ကား တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သော Nation State
ဖြစ်ပါသည်။ ထို့ကြောင့် ရိုးသားဖို့ လိုပါသည်။ နိုင်ငံအပေါ် သစ္စာရှိဖို့
လိုပါသည်။
ကျွန်တော်တို့မြန်မာနိုင်ငံသားများအနေဖြင့်
နိုင်ငံရေးအသိ၊ နိုင်ငံရေး ရေချိန် မြင့်မားကြပါသည်။ ထို့ကြောင့်
ရည်ရွယ်ချက်ရှိရှိဆောင်ရွက်သည်ဖြစ်စေ၊
တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီနိုင်ငံဖြစ်ရေး ရှေးရှု ဆောင်ရွက် သည် ဖြစ်စေ
လူဦးရေသန်းထောင်ချီနေသောနိုင်ငံကြီးများနှင့် လူဦးရေ ပေါက်ကွဲမှုဖြစ်နေသော
နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ကျွန်တော်တို့
မြန်မာနိုင်ငံနှင့် ထိုဥပဒေ သင့်တော်ခြင်း ရှိ/မရှိ မြန်မာနိုင်ငံသား များ
စဉ်းစား ဆင်ခြင်နိုင်ကြမည်ဟု ယုံကြည်မိပါသည်။ သို့သော်လည်း မိမိတို့
ချစ်ခင်လေးစားသူတစ်ဦး သမ္မတဖြစ်ရေး အတွက် နောင်ရေးကို အရှည်မျှော်
မတွေးမိဘဲ ပညာရှိသတိဖြစ်ခဲ ဖြစ်သွားကြမည်ကို စိုးရိမ်စိတ်ဖြင့်
တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
မျိုးချစ်သူ
https://www.facebook.com/politicalarticlesofmyanmar
No comments:
Post a Comment