Sunday, December 15, 2013

သူရဲကောင်း မင်ဒဲလား

reference : The Economist, December 5th ( The long walk is over )
ဒီတစ်ပတ် the Voice weekly ဆောင်းပါးပါ။
Economist မှာ ဒီဆောင်းပါးမူရင်းကို နှစ်ပါတ်ဆက်တိုက် နှစ်ခါပြန်ဖော်ပြပါတယ်။
မင်ဒဲလားကွယ်လွန်တဲ့ အခုအချိန်မှာသူ့ကိုဂုဏ်ပြုချင်လို့ရယ်
ကျနော်တို့လူတွေ သေချာပေါက်သိသင့်တဲ့ သှူုအကြောင်းအနှစ်ချုပ် စုံစုံလင်လင်ပါဝင်လို့ရယ် ဘာသာပြန်လိုက်တာပါ။ သူ့ဂုဏ်သိက္ခာနဲ့သိပ်မဆိုင်တဲ့
စာပိုဒ် တစ်ပိုဒ်နှစ်ပိုဒ်ကို ဆောင်းပါးရှည်လွန်းလို့ချန်ခဲ့ရတာကလွဲလို့ မူရင်းအတိုင်းပါ။ ၁၄ရက်နေ့ထုတ် the Economist မှာ ဒုတိယအကြိမ်ပြန်ပါလာတဲ့ဆောင်းပါးပါခင်ဗျာ။
 
နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်အခမ်းနားဆုံး statesmen က
ဘယ်သူဖြစ်မလဲ။လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သူ
လူသတ်သမားတွေဖြစ်တဲ့ဂျိုးဇက်စတာလင်နဲ့
မော်စီတုန်းကို ဘေးဖယ်ထားလိုက်ပါ။
အာဏာရှင်ဆန်ဆန်အမျိုးသားရေးဝါဒီတွေဖြစ်တဲ့ ဂါ့မဲလ် အက်ဘ်ဒယ်လ် နက်ဆာနဲ့ ပိုလေးစားဖို့ကောင်းသလောက် သြဇာလွှမ်းမိုးမှုကျတော့
ပိုနည်းတဲ့ဗက်ကလက်ဟာဗယ်လ်တို့ကိုလည်း အသာထားလိုက်ပါ။ပြီးတော့ နောက်ထပ်
နာမည် ဒါဇက်ဝက်လောက်ကို ဆန်းစစ်လိုက်ပါဦး။မိုဟန်ဒါ့စ် ဂန္ဒီ ၊
ဝင်စတန်ချာချီ ၊ ဖရန်ကလင် ရုဇဗယ့် ၊
ချားလ်စ် ဒီဂေါလ် ၊ ဂျက်ခ် ကနေဒီ နဲ့ နယ်လ်ဆင် မင်ဒဲလား တို့
ဖြစ်နိုင်ပါတယ်။ ကမ္ဘာအနှံ့အပြားက သန်းပေါင်းများစွာသော
လူတို့အဖို့ရာမှာတော့
ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် ခုနစာရင်းထဲက
နောက်ဆုံးပုဂ္ဂိုလ်သာလျှင်ဖြစ်ပါတယ်။

မစ္စတာ မင်ဒဲလားရဲ့ ရဲစွမ်းသတ္တိ အဆင့်အတန်းက အံ့မခန်း
ထူးခြားလှပါတယ်။သူ့ရဲ့ ကြော်ကြားမှုက နှစ်ပေါင်းများစွာကြာအောင်
သူ့တိုင်းပြည်ဖြစ်တဲ့ တောင်အာဖရိကနိုင်ငံအတွင်းထဲမှာပဲ ရှိခဲ့တာပါ။
ပုန်ကန်
ထကြွမှုကြီးအတွက် သူ့ရဲ့ ပထမဆုံး အမှုအဆုံးခဲ့တဲ့ ၁၉၆၁ ခုနှစ်ထိ
နိုင်ငံရပ်ခြားမှာ လူသိမများသေးပါဘူး။
အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ပေမယ့် သူ့လွတ်လပ်ခွင့်ဟာ နောက်ထပ်
တစ်နှစ်ကျော်ကျော်လေးပဲ ခံခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာစတင်စစ်ဆေးခဲ့တဲ့
ရီဗိုးနီးယားအမှုမှာ နိုင်ငံရေးအရ အကြမ်းဖက်မှုလုပ်ခဲ့တယ်လို့
ပြစ်ဒဏ်ချမှတ်ခြင်းမခံရခင်အချိန်အထိပါ ။ နှစ်ရှည်လများ
ချုပ်နှောင်ခံခဲ့ရတဲ့
ကာလအတွင်းမှာ ( အဲဒီကာလရဲ့ ၁၇ နှစ်လောက်က ရော်ဘင်ကျွန်း၊
ကိတ်ပ်ကမ်းရိုးတန်းရဲ့ လေပြင်းဒဏ်ခံအရပ် အယ်လ်ကတ်ရက်ဇ် မှာနေခဲ့ရတာပါ။)
အချုပ်အနှောင်ဘဝကလွတ်မြောက်ပြီး
ပြန်လည်ထွက်ပေါ်လာခဲ့တဲ့ ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ ၁၉၆၄ ခုနှစ်ကတည်းက
သူ့ဓါတ်ပုံတွေကို ဖော်ပြတာမျိုးလုံးဝမရှိခဲ့လေတော့ ကမ္ဘာကြီးဟာ
သူဘယ်လိုပုံစံများဖြစ်နေမလဲ လို့ပဲ
တွေးတော်ကြည့်ရုံသာ တတ်နိုင်ပါတော့တယ်။

သူ အဲဒီအချိန်မှာ ၇၁ နှစ်ရှိနေပါပြီ။ နိုင်ငံရေးကို
တစ်စိတ်တစ်ပိုင်းသာတက်တက်ကြွကြွလုပ်နိုင်ဖို့
ဆယ်နှစ်လောက်ပဲ ကျန်တော့တယ်လို့ဆိုနိုင်ပါတယ်။ သို့သော်ငြားလည်း တခြား
ဘယ်တစ်ဦးတစ်ယောက်နဲ့မှ မတူပါတူး။ သူဟာ အဲဒီ ဆယ်စုနှစ်ကာလအတွင်းမှာပဲ
ပြန်လည်ရင်ကြားစေ့ရေး ကို ခိုင်မာစေခဲ့ပါတယ်။ အဲဒီခေတ်ရဲ့ စက်ဆုတ်ဖွယ်အကောင်းဆုံး
အသားရောင်ခွဲခြားမှုကို အကောင်းဆုံး ငြိမ်းချမ်းစွာ အဆုံးသတ်ပေးခဲ့ပါတယ်။
အစာနာတတ်ဆုံး အမြင့်မြတ်ဆုံးသူတွေပင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က
စိတ်မကူးခဲ့ဖူးတဲ့ ဒီမိုကရက်တစ် ဆောင်အာဖရိက နိုင်ငံကို စတင်ဖို့
အကြီးအကျယ် မျှော်လင့်ခွင့် ပေးခဲ့ပါတယ်။

ထူးခြားခမ်းနားလှတဲ့ ကိုယ်ရည်ကိုယ်သွေးဟာ မထင်မရှားနဲ့နှစ်ပေါင်းများစွာ
ဖိနှိပ်ခံထားရသူတစ်ယောက်က အခုလို သြဇာလွှမ်းမိုးနိုင်ခြင်းရဲ့
အကြောင်းတရားဖြစ်ပါတယ်။ကမ္ဘာကြီးက
သူရဲကောင်းအမျိုးသား အမျိုးသမီးများကို လိုအပ်ပါတယ်။ဒါပေမယ့်အမြဲတမ်း
တော့ အမြော်အမြင်ရှိရှိ
ရွေးချယ်ခြင်း မဟုတ်ခဲ့ပါ။ ဒါပေမယ့် မစ္စတာမင်ဒဲလားကို ရွေးချယ်ရာမှာတော့
သူရဲကောင်းတစ်ယောက်အတွက်လိုအပ်ချက်တွေဟာ ပကတိအရှိတရားတို့နဲ့
ကိုက်ညီခဲ့ပါတယ်။ရိုးရိုးသားသာနေထိုင်ကျင့်ကြံတတ်ကြတဲ့
ကြီးကျယ်ခမ်းနားဆုံးပုဂ္ဂိုလ်များလိုပါပဲ။ မစ္စတာမင်ဒဲလားဟာလည်း
နားလည်ရခက်ခြင်းနဲ့ ဆန့်ကျင်ဘက် စရိုက်တွေ ရှိတဲ့သူပါ။သူ့မှာ
ခိုင်မာထက်သန်တဲ့ ဆုံးဖြတ်ချက်ရှိပါတယ်။ဒီလိုမဟုတ်ရင် သူဟာလျှော့ပေါ့
လိုက်လျောမှုတွေနဲ့၊
ပုန်ကန်ခြားနားမှုတွေကိုဆန့်ကျင်ဖို့ သဘောတူညီမှုတွေနဲ့ အစောကြီးကတည်းက
ထောင်ကနေလွတ်မှာဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ပင်ကိုယ်အားဖြင့် ညှိနှိုင်းစေ့စပ်ရေးသမားတစ်ယောက်၊
ရင်ကြားစေ့နိုင်သူတစ်ယောက်ဖြစ်ပါတယ်။သူ့စိတ်ထဲမှာ
လူဖြူတွေနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ခံစားချက်တွေ ရှိနေပေမယ့် သူဟာ သူ့ဘဝတလျောက်မှာ
ခေါင်းမာတဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဖြောင့်ဖျခဲ့ပါတယ်။ သူ့ရဲ့ အာဖရိက
အမျိုးသားကွန်ဂရက်ရဲ့မူဝါဒမှာ
လူမျိုးခွဲခြားရေးလုံးဝမပါရအောင် သေသေချာချာအတိုက်အခံလုပ်ပြီး
ထိမ်းသိန်းခဲ့တာပါ။လက်နက်ကိုင်မူဝါဒကို သူမလွှဲမရှောင်သာ
လက်ခံလိုက်ရတော့လည်း လက်နက်ကိုင်နည်းကို အာဏာရရှိဖို့ မဟာဗျူဟာတစ်ရပ်လို
အသုံးမချဘဲ အစိုးရက စေ့စပ်ဆွေးနွေးလာအောင် ဖိအားပေးဖို့သာ
ရည်ရွယ်ခဲ့ပါတယ်။နောက်ဆုံးတစ်နေ့ လူဖြူအစိုးရက
လိုက်လျောမှုတွေလုပ်လာတဲ့အချိန်ကျတော့လည်းလက်စားချေလိုမှုတွေကို လုံးဝ
မပြသခဲ့ဘဲ
ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်သင့်မြတ်ရေး နဲ့ပတ်သက်တဲ့ သူ့ရဲ့
ကိုယ်ရည်ကိုယ်သွေးကို အံ့မခန်း
ပြသခဲ့တာပါ။

ANC ရဲ့ စစ်ဘက်ဆိုင်ရာ ဦးစီးချုပ် ပြောက်ကျားခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။
၁၉၅၂ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်ထိ
ANC ဥက္ကဌ ဖြစ်ခဲ့သူ အဲလ်ဘတ် လူသူလီဟာ ငြိမ်းချမ်းရေးသမားမဟုတ်သော်လည်း
အကြမ်းမဖက်ရေးနည်းလမ်းကို ယုံကြည်သူပါ။ လက်နက်ကိုင်လမ်းစဉ်ကို မင်ဒဲလားဟာ
တွန့်တွန့်ဆုတ်ဆုတ်နဲ့ပဲ စွန့်ခဲ့ခြင်းပါ။ သူက သူတို့လုပ်နေတဲ့
လက်နက်ကိုင်တော်လှန်ရေးဟာ လူထုကိုတိုက်ရိုက် တိုက်ခိုက်တာမဟုတ်လို့
သွေးမြေမကျတဲ့ လွတ်မြောက်ရေးတိုက်ပွဲလို့ခံယူခဲ့သူပါ။သူဘာကြောင့်
လက်နက်ကိုင်လမ်းကိုလိုက်ခဲ့သလဲဆိုတော့ တစ်ကြောင်းက အစိုးရရဲ့ တစ်စတစ်စ
ပိုမိုဖိနှိပ်လာမှုကိုဟန့်တားဖို့
တခြားနည်းလမ်းမရှိဘူးလို့ယုံကြည်တာကြောင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့
တခြားစောပြိုင်ဘက်လက်နက်ကိုင်အဖွဲ့တွေ ( ဥပမာအားဖြင့် Pan Africanist
Congress ) တွေကို ရှုံးနိမ့်မှာစိုးရိမ်မှုကြောင့်ဖြစ်ပါတယ်။

ကွန်မြူနစ်ဝါဒနဲ့ ပတ်သက်လို့ တော်တော်စွဲလမ်းနှစ်သက်ခဲ့ပြီး
တော်တော်ကြီးကြာမှ စွန့်ခဲ့ခြင်းဖြစ်ပါတယ်။
၁၉၅၀ ခုနှစ်များတုန်းက ဂျိုဟန်းနက်စ်ဘတ် မြို့နယ်
အော်လန်ဒိုမှာရှိတဲ့သူ့အိမ်ခန်း နံရံတွေမှာ လီနင်နဲ့စတာလင်ရဲ့ ရုပ်ပုံတွေ
ချိတ်ဆွဲထားခဲ့ဖူးပါတယ်။မာ့စ်ရဲ့ လွှမ်းမိုးမှုကိုခံခဲ့ရပြီး
တောင်အာဖရီကကွန်မြူနစ်ပါတီနဲ့ ဆက်ဆံ လုပ်ကိုင်မှုတွေရှိခဲ့ပါတယ်။
အဲဒီအချိန် သူ့ရေးသားမှုတွေဟာ မာ့စ်ဝ်ဒနဲ့ အများကြီး ဆက်စပ်နေခဲ့ပါတယ်။

ဒါပေမယ့် မင်ဒဲလားက သူဟာ ကွန်မြူနစ်မဟုတ်ကြောင်း
အခိုင်အမာပြောလေ့ရှိပါတယ်။ANC က ကွန်မြူနစ်ပါတီနဲ့ဆက်ဆ့ခြင်းဟာ ရန်သူရဲ့
ရန်သူဖြစ်လို့တစ်ကြောင်း ကွန်မြူနစ်တွေက တောင်အာဖရိက လူထုကို အညီအမျှ
ဆက်ဆံတာကြောင့်ဖြစ်တယ်လို့ သူက ပြောပါတယ်။ဆိုဗီယက်မော်ဒယ်လ်ကိုသူက
ဆန္ဒမရှိကြောင်းဖော်ပြလေ့ရှိပြီး ဗြိတိသျှပါလီမန်ဟာ ကမ္ဘာမှာ
ဒီမိုကရက်တစ်အဆန်ဆုံးပဲလို့ ပြောတတ်ပါတယ်။
တော်လှန်ရေးကာလတစ်လျောက်လုံးမှာ သူဟာ ကွန်မြူနစ်ဝါဒကို
မယုံကြည်ကြောင်းပြသခဲ့ပြီး ၁၉၅၆ခုနှစ် ANC ရဲ့ အဓိကမူဝါဒကိုဖော်ပြတဲ့
Freedom
ကြေငြာစာတမ်းမှာဆိုရင် တော်လှန်ရေးရဲ့ ရည်မှန်းချက်ဟာ
ဆိုရှယ်လစ်ဝါဒ ထူထောင်ရန်မဟုတ်ကြောင်း နဲ့
လူလတ်တန်းစားအရင်းရှင်ဝါဒအခြေပြု ဒီမိုကရေစီ အတွက်သာ ဖြစ်ကြောင်း
ဖော်ပြခဲ့ပါတယ်။

သူလက်ခံယုံကြည်ထားတဲ့ မူဝါဒတွေနဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ အစပ်အဟပ်
မတဲ့ဘဲရှိခဲ့တာကို
ကျူးဘား ၊ လစ်ဗျား နဲ့ ဆီးရီးယားတို့နဲ့ ဆက်ဆံရေးများမှာ အထင်အရှား
မြင်တွေ့ ခဲ့ရပါတယ်။နှစ်ပေါင်းများစွာ လူ့အခွင့်အရေးရရှိရေး မူကို ANC
ရဲ့ အဓိက မူဝါအဖြစ် ဆောင်ရွက်အကောင်အထည်ဖော်ခဲ့ပါတယ်။ မတူကွဲပြားသူများ
ပျော်ရွှင်လွတ်လပ်ရေးအတွက်လည်း
သူသမ္မတ အဖြစ်ဆောင်ရွက်စဉ်ကာလမှာ သူ့နိုင်ငံရဲ့ အမျိုးသား
အကျိုးစီးပွားအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့တာပါ။
၁၉၉၀ ခုနှစ်များမှာ နိုက်ဂျီးရီးယား သမ္မတဖြစ်ခဲ့သူ ရက်စက်ကြမ်းကြုတ်ပြီး
အလွန်ဆိုးယုတ်တဲ့
ဆန်နီ အဘာချာကို သတ္တိရှိရှိ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ဒါပေမယ့် ဖီဒယ်
ကက်စထရိုနဲ့ မွမ်မာ ဂဒါဖီးတတို့ကိုတော့ သူအလားတူ
ရှုံ့ချတာမျိုးမရှိခဲ့ပါဘူး။ဒါနဲ့ပတ်သက်လို့အမေရိကန်တွေ
အံ့အားတသင့်ဖြစ်ခဲ့ရပါတယ်။

ဒီကိစ္စမျိုးတွေနဲ့ပတ်သက်လို့ မင်ဒဲလားရဲ့သဘောထားဟာ
နားလည်ရခက်ပါတယ်။သူနဲ့အတူ ထောင်တစ်သက်တစ်ကျွန်းကျခဲ့တဲ့ ရဲဘော်
ခုနှစ်ယောက်အနက်တစ်ယောက်ဖြစ်သူ အာမက်ကက်သရာဒါကပြောတာကတော့
မိတ်ဆွေတစ်ယောက်နဲ့ပတ်သက်ရင် မင်ဒဲလားရဲ့စိတ်ကို ပြောင်းလဲဖို့
မလွယ်ပါဘူး တဲ့။နောက်မင်ဒဲလားဟာငယ်ငယ်ကတည်းကမိသားစုနဲ့ကွဲကွာခဲ့ရတာပါ။
ပထမဦးဆုံးမိခင်ရဲ့ စောင့်ရှောက်မှုအောက်မှာ နေခဲ့ရပါတယ်။
နောက်ဆယ်နှစ်အရွယ်မှာ ဖခင်ဖြစ်သူကွယ်လွန်ပြီးတဲ့နောက် ဇိုစာ
ဘာသာစကားပြောတဲ့ မျိုးနွယ်စု တစ်ဒါဇင်လောက်ထဲကတစ်ခုဖြစ်တဲ့ သန်ဘူး
မျိုးနွယ်စု ခေါင်းဆောင်က စောင့်ရှောက်ဖို့လက်ခံခဲ့ပါတယ်။
ဒီလိုပုံမကျပန်းမကျ ထိမ်းသိန်းစောင့်ရှောက်ခံခဲ့ရတော့ မင်ဒဲလားရဲ့
အမူအကျင့်တွေအပေါ် ရိုက်ခတ်မှုရှိတယ်ဆိုရင် တစ်ခါတစ်ရံမှာ သူ့အတွက်
ကောင်းမွန်တဲ့ အမူအကျင့်တွေကိုဖြစ်ပေါ်စေပြီးတစ်ခါတစ်ရံတော့ သူ့
အပြုအမူတွေကို နားလည်ရခက်စေတယ်လို့ဆိုရမယ်ဖြစ်ပါတယ်။

သူဟာ တော်ဝင်ဘဝနဲ့မွေးဖွားခဲ့သူဖြစ်ပြီး
သီးခြားလည်းနေတတ်ထိုင်တတ်ပါတယ်။သူဟာ အလွန်ကို သီးသန့်နေတတ်ရုံမကဘဲ
တစ်မိန့်တစ်အာဏာဆန်ချင်တဲ့ စရိုက်မျိုးတောင်ရှိတတ်တယ်လို့
လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ဒါပေမယ့် ဒါက မင်ဒဲလားဟာ
ရှေးရိုးစွဲဖြစ်တယ် ဆက်ဆံရေးမကောင်းဘူးဆိုတဲ့ အဓိပ္ပါယ်တော့မဟုတ်ပါဘူး။
၁၉၇၀ အလယ်ပိုင်းနှစ်တွေတုန်းက အစွန်းရောက် လူမည်းလူငယ်အဖွဲ့ဖြစ်တဲ့
လူမည်းအသိတရားနိုးထရေးအဖွဲ့ ( Black Consciousness Movement ) က လူငယ်တွေ
ရော်ဘင်ကျွန်းကို စတင်ရောက်ရှိလာပြီး လူမည်းတွေ
သီးခြားရပ်တည်ရေးတရားတွေဟောကြတော့ မင်ဒဲလားဟာ စိတ်ရှည်လက်ရှည်နဲ့ဘဲ
လူငယ်တွေကို အသိအမှတ်ပြုခဲ့တာကြောင့် သူတို့အံ့အားသင့်ခဲ့ရတဲ့အကြောင်း
သူနဲ့အတူတူ ထောင်ထဲနေခဲ့သူ ရဲဘော်များက
ပြောပါတယ်။နောက်ပိုင်းမြို့နယ်တော်တော်များများမှာ
အဓိကရုဏ်းတွေဖြစ်တော့လည်း
မကျေမနပ်ဖြစ်နေကြတဲ့ လူငယ်တွေကို သူကပဲ ရင်ကြားစေ့ပေးခဲ့ပါတယ်။

အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်မှာ သန်ဘူးလူမျိုးစု ခေါင်းဆောင်
သူ့ကိုထိမ်းသိန်းစောင့်ရှောက်သူက သူ့ကိုလက်ထပ်ပေးဖို့ စီစဉ်တာကြောင့်
ဂျိုဟန်းနက်စ်ဘတ်ကို သူ ထွက်ပြေးခဲ့ပါတယ်။နောက် သုံးနှစ်အကြာ ၁၉၄၄
ခုနှစ်မှာတော့ သူတစ်သက်လုံးရင်းရင်းနှီးပေါင်းသင်းခဲ့တဲ့ ဝေါ်လ်တာ
ဆီစူစူရဲ့ ဝမ်းကွဲညီမ အယ်ဗလင်ကို လက်ထပ်လိုက်ပါတယ်။သူ့အတွက်
သားသမီးလေးယောက်မွေးပေးခဲ့ပေမယ့်
သူ့ဇနီးက သူအင်မတန်ထက်သန်တဲ့ နိုင်ငံရေးထက် ဘာသာရေးကိုပဲ
အများကြီးပိုပြီးစိတ်ဝင်စားခဲ့သူပါ။

၁၉၅၈ ခုနှစ်မှာ သူလက်ထပ်ခဲ့တဲ့ ဒုတိယ ဇနီး ဝင်နီကတော့
သူ့နိုင်ငံရေးကိစ္စတွေကို မျှဝေတာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးတာနဲ့
ခင်ပွန်းဖြစ်သူကို သူမမပိုင်ဘဲ လူထုကသာပိုင်ဆိုင်ကြောင်း
ဝင်နီသိရှိသွားပါတယ်။
မင်ဒဲလားကိုယ်တိုင်ဝန်ခံခဲ့သလိုပါပဲ။သူ့ကလေးတစ်ယောက်ပြောသလို သူဟာ
လူထုရဲ့ဖခင်ဖြစ်ပြီး သူတို့အဖေဘဝအတွက်သူတို့ကို တစ်ကြိမ်းတစ်ခါမှ
အချိန်မပေးခဲ့ပါဘူး။
ဝင်နီကို အလွန်ချစ်မြတ်နိုးသော်လည်း ၁၉၉၄ ခုနှစ်မှာ ထွက်တဲ့ သူ့ရဲ့
ကိုယ်တိုင်ရေးအထ္ထုပ္ပတိထဲမှာဖော်ပြထားသလို ရော်ဘင်ကျွန်းကနေ
ဝင်နီ့ထံစာတွေ အတန်တန်ရေးခဲ့ပေမယ့် ဒုတိယအိမ်ထောင်ရေးဟာလည်း
ပြိုကွဲခဲ့ရပါတယ်။အသားအရောင်ခွဲခြားရေးဝါဒရဲ့ တိုက်ခိုက်မှုဒဏ်ကို
ဝင်နီလည်း အလူးအလဲခံခဲ့ရရှာပါတယ်။
သူ့ဇနီးများနဲ့ သားသမီးများအပေါ် တာဝန်ပျက်ကွက်တယ်ဆိုတဲ့ခံစားချက်နဲ့
မင်ဒဲလားကိုယ်တိုင်လည်း နာနာကျင်ကျင် ခံစားခဲ့ရပါတယ်။မိုဇမ်းဘစ်နိုင်ငံ
ပထမဆုံးသမ္မတရဲ့ ဇနီးဟောင်းမုဆိုးမ ဂရာကာ မက်ချယ်နဲ့လက်ထပ်ခဲ့တဲ့
အသက်ရှစ်ဆယ်အရွယ်အထိ အိမ်ထောင်ရေးရဲ့ သာယာမှုကို မခံစားခဲ့ရပါဘူး။

အနည်းဆုံးတော့ ချစ်ခြင်းမေတ္တနဲ့ပတ်သက်ရင် သူ့ကိုယ်ပိုင်ဘဝဟာ
အများနဲ့သက်ဆိုတဲ့ဘဝနဲ့ အကြီးအကျယ်ခြားနားခဲ့ပါတယ်။မင်ဒဲလားအပေါ်
သူမြင်ဖူးသူတွေရော မမြင်ဖူးသူတွေပါ သန်းပေါင်းများစွာဆို့ဟာ သူ့ရဲ့
အသားအရောင်ခွဲခြားရေးဝါဒကိုဆန့်ကျင်တော်လှန်ရာမှာ ထူးခြားပြောင်မြောက်တဲ့
သူ့ကိုယ်ရည်ကိုယ်သွေးအတွက် လေးစားဂုဏ်ပြုခဲ့ကြတာချည်းပါပဲ။သူ့ရဲ့
နိုင်ငံရေးအတိုက်အခံ တချို့ကသာ သူ့ကိုဆန့်ကျင်ခဲ့ကြတာပါ။ ဒါပေမယ့်
သူ့ရင်တွင်းခံစားချက်တွေ၊ ဒဏ်ရာတွေကိုစတေးပြီး သူဟာ
အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
လူဖြူတွေအပေါ် လုံးဝ အပြီးအပိုင်ခွင့်လွှတ်ခြင်းကို ပြသနိုင်ခဲ့ပါတယ်။

နောက်ဆုံး သမ္မတ ပီ ဒဗလျူ ဘိုသာနဲ့ လက်ဖက်ရည်အတူတူသောက်ဖို့ သူ့ကို
ထောင်ထဲကနေခေါ်ထုတ်ခဲ့တဲ့အချိန်မှာ
လူဖြူကြီးစိုးရေးကိုဆန့်ကျင်ခဲ့တဲ့သူ့ကို မိကျောင်းကြီးလို့
ကင်ပွန်းတပ်ခဲ့သူနဲ့ အဆင်အပြေဆုံးဆက်ဆံ နိုင်ခဲ့ပါတယ်။ နောက်ဆုံးသူ
ထောင်ကလွတ်မြောက်လာတော့လည်း ရင်ကြားစေ့ရေးကို
စိတ်ဓါတ်အဆင့်အတန်းမြင့်မားစွာနဲ့
အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အသက် သုံးဆယ့်သုံးနှစ်အရွယ်မှာ သူဟာ
ပထမဆုံးလူမည်းသမ္မတဖြစ်ဖို့ရည်ရွယ်ကြောင်းထုတ်ဖော်ပြောဆိုတဲ့အခါ ANC ပါတီက
သူ့ရဲဘော်တွေ အံ့အားသင့်ကြရပါတယ်။ဒါပေမယ့် ဘယ်လိုဆုလဒ်မျိုးကိုမှ သူက
မျှော်လင့်တာမဟုတ်ပါဘူး။ကမ္ဘာနဲ့ချီပြီးထင်ရှားကြော်ကြားလာတော့လည်း သူဟာ ရိုးရိုးရှင်းရှင်းပဲနေခဲ့ပြီး ဘယ်တော့မှ အခွင့်အာဏာကို
အလွဲသုံးစွဲလေ့မရှိပါဘူး။ထောင်ထဲ ပြန်ရောက်ချိန် တခြားအကျဉ်းသားတွေနဲ့မတူတဲ့
သီးခြားအခွင့်အရေးတွေပေးတော့လည်း ငြင်းဆန်ခဲ့ပါတယ်။ထောင်အာဏာပိုင်တွေက
လူမည်းတွေကိုချိုးနှိမ်တဲ့အနေနဲ့
ဘောင်းဘီတိုတွေဝတ်ခိုင်းပါတယ်။သူ့တစ်ယောက်ထဲကို ဘောင်းဘီရှည်ပေးတော့ သူက
ဝတ်ဖို့ငြင်းဆန်ပါတယ်။ နောက်နှစ်နှစ်လောက်ကြာလို့ သူ့လူတွေအားလုံးကို
ဘောင်းဘီရှည်တွေပေးဝတ်မှ သူလည်းဝတ်ဖို့ လက်ခံခဲ့တာပါ။
သူ့ ရဲ့ မျိုးရိုးနာမည် "မာဒီဘာ "ဆိုတဲ့အမည်ကိုရရှိဖို့
သန်ဘူးမျိုးနွယ်စု ဘုရင်ရဲ့ တော်ဝင်မျိုးဆက်ဖြစ်ခဲ့ရခြင်းအပေါ် သူ
ဂုဏ်ယူခဲ့ပါတယ်။ ရော်ဘင်ကျွန်းမှာ ထောင်ကျနေတုန်း သူများတွေထက်ပိုပြီး
ထောင်ဝင်စာလာတွေ့တဲ့သူပိုများနေတဲ့အတွက်လည်း သူက ရှက်ရွံ့နေခဲ့သူပါ။
သူတို့ထဲကတစ်ယောက်ဆိုရင် ၁၅ နှစ်အတွင်းထောင်ဝင်စာလာတွေ့တာ
သုံးယောက်ပဲရှိခဲ့ပါတယ်။၁၉၉၀ ခုနျစ်များမှာ
သူလွတ်မြောက်ခဲ့ပြီးနောက်ပိုင်း ဂျိုဟန်းနက်စ်ဘတ်မှာ ဇိမ်ရှိရှိမနေဘဲ
ဆင်ခြေဖုန်းမှာ သက်တောင့်သက်သာနေခဲ့ပါတယ်။အားလပ်ရက်များမှာတော့ ငယ်ငယ်က
အပျော်ရွှင်ဆုံးနေထိုင်ခဲ့ဖူးတဲ့
ကူလူ ကိုပြန်ပြီး သူထောင်ထဲနောက်ဆုံးအချိန်နေတုန်းက အဆောင်တွေနဲ့တူတဲ့
အိမ် ဆောက်ပါတယ်။

အကျဉ်းသားအမှတ် ၄၆၆/၆၄ ဘဝနဲ့ ရော်ဘင်းကျွန်းကိုရောက်သွားတဲ့အချိန်မှာတော့
မင်ဒဲလားဟာ ဒဏ္ဍာရီထဲက ဟီရိုးဘဝ ရောက်သွားပြီလားလို့
ထင်မှတ်စရာဖြစ်ခဲ့ပါတယ်။ သို့သော်ငြားလည်း ထူးခြားပြောင်မြောက်တဲ့
စွမ်းဆောင်နိုင်တဲ့နိုင်ငံရေးသမားအဖြစ် ပြသနိုင်ခဲ့ပါတယ်။

သူ နိုင်ငံရေးအရ အမှားတချို့လည်းလုပ်ခဲ့ပါတယ်။ဆန္ဒပြပွဲတွေ၊
သပိတ်တိုက်ပွဲတွေ ထိရောက်အောင်ပံ့ပိုးနိုင်ဖို့ ANC
ဟာအကြမ်းမဖက်ရေးမူဝါဒကိုစွန့်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့
တစ်ဖက်တစ်လမ်းကနေ အစိုးရကိုဖိအားပေးဖို့လုပ်ခဲ့တုန်းက နိုင်ငံရပ်ခြားက
အထောက်အပံ့တချို့ကို
ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သူစတင်ဝင်ရောက်ခဲ့စဉ်က
အင်မတန်အင်အားချည့်နဲ့နေတဲ့အဖွဲ့အစည်းဖြစ်တဲ့ ANC ကို အင်အားတွေ
မြှင့်တင်ပေးနိုင်ခဲ့တဲ့ မင်ဒဲလားဟာ ဒီအချက်ကို ကြိုတင်မတွေးမိတာတော့
ဟုတ်မယ်မထင်ပါဘူး။
ဒါပေမယ့် မင်ဒဲလားမပါဘဲနဲ့ တောင်အာဖရိကမှာ
လူများစုအုပ်ချုပ်ရေးစနစ်ကိုပြောင်းလည်းဖို့ဆိုတာ
ဘယ်လိုမှဖြစ်လာမှမဟုတ်တာအမှန်ပါ။၁၉၈၅ ခုနှစ်မှာ သူဟာ
သူ့အမှုကိုစိတ်ဝင်တစားရှိခဲ့သူ တရားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့
တောင်းဆိုခဲ့ပါတယ်။သူ့လုက်ဖော်ကိုင်ဖက်တွေရဲ့သဘောတူညီမှုကို
ရယူဖို့မပြောနဲ့ သူတို့ကိုအသိတောင်မပေးခဲ့ပါဘူး။ သူ့တောင်းဆိုမှုကို
လိုက်လျောလိမ့်မယ်လို့မထင်ခဲ့တာကြောင့်ပါ။နောက်ပိုင်းတော့ သူက
ခေါင်းဆောင်ဆိုတာ တစ်ခါတစ်ရံမှာ
နောက်ကလူတွေကို ကျော်ပြီးလုပ်ရကိုင်ရတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။
နောက်ပိုင်းသူဟာ စေ့စပ်ညှိနှိုင်းရေးတွေမှာ အဓိကကဏ္ဍက ပါဝင်ခဲ့ပြီး
အဲဒီညှိနှိုင်းမှုတွေကနေတစ်ဆင့် ၉၃-၉၄ အခြေခံဥပဒေဆိုင်ရာ
ညှိနှိုင်းသဘောတူညီချက် ရရှိပြီး နောက်ပိုင်းရွေးကောက်ပွဲ
ကျင်းပနိုင်ခဲ့ပါတယ်။

ANC ထောက်ခံသူ အမြောက်အများရဲ့ မကျေနပ်မှုတွေရှိခဲ့တဲ့အရေးပါတဲ့
အခြေခံဥပဒေဆိုင်ရာသဘောတူညီချက်များကို အများက လက်ခံလာဖို့
သူတစ်ယောက်ထဲကသာ တတ်နိုင်ခဲ့တာပါ။လူသိများလှတဲ့ ANC ဟီးရိုး ခရစ်စ်
ဟာနီကို လက်ယာစွန်းအာဖရီကန်နာတွေက လုပ်ကြံသတ်ဖြတ်ခဲ့စဉ်တုန်းက ဒေါသထွက်နေတဲ့
လူအုပ်ကြီးကို သူတစ်ယောက်ပဲ ဖြောင်းဖျနိုင်ခဲ့တာပါ။
ဗိုလ်ချုပ် ကွန်စ်တန် ဗီလ်ဂျိုဟန်နဲ့ လက်ယာ အာဖရီကန်တွေ ထောက်ခံမှုကို
အသေအချာရဖို့လည်း
သူကပဲ ဗဟိုချက်မဖြစ်ခဲ့တာပါ။သူနဲ့ အတူတူ အတွေ့အကြုံတွေ
ခါးခါးသီးသီးကြုံတွေ့ခဲ့တဲ့ တခြားသူတွက စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဖို့
ဆန္ဒတွေဖြစ်ပေါ်တောင်းဆိုလာကြတော့လည်း အမှန်တရားနဲ့
ပြန်လည်ရင်ကြားစေ့ရေးကိုဖန်တီးဖို့အတွက် သူကပဲ မျှမျှတတနဲ့
သြဇာလွှမ်းမိုးနိုင်ခဲ့တာဖြစ်ပါတယ်။

အသားအရောင်ခွဲခြားရေးဝါဒကို မင်ဒဲလားဟာ တစ်ဖက်သတ်
အဆုံးသတ်ခဲ့ခြင်းမဟုတ်ပါ။ကွန်မြူနစ်ဝါဒကျဆုံးခြင်း၊
လူဖြူအတိုက်အခံတို့ရဲ့ အာဖရိကအမျိုးသားရေးဝါဒ၊နိုင်ငံတကာ
အရေးယူပိတ်ဆို့မှုများ၊ပြည်တွင်းစီးပွားရေးဖိအားများ၊ANC မဟုတ်တဲ့
နိုင်ငံတကာ ဆန့်ကျင်မှုများနဲ့ အတူ ၁၉၈၉ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ
တာဝန်ထမ်းဆောင်သွားသူ သမ္မတ အက်ဖ် ဒဗလျူ ဒီကလာ့ခ်
လည်း အပြောင်းအလဲကို ဖော်ဆောင်ခဲ့တဲ့အထဲမှာ အားလုံးအတူအကွဖြစ်ပါတယ်။
ဒါပေမယ့်မင်ဒဲလားရဲ့ အခန်းကဏ္ဍကတော့ ချဲ့ကားပြောစရာမလိုဘဲ အလွန်တရာ
ကြီးကျယ်ခမ်းနားခဲ့ပါတယ်။

ပိုမိုကြီးကျယ်တဲ့ သူ့ရဲ့ အောင်မြင်မှုတွေကတော့ မဖြစ်မနေလိုအပ်တဲ့
အမျိုးသားရင်ကြားစေ့ရေးကို သိမြင်မှု၊ ကလဲ့စားချေမှုတွေကို
ရှုံ့ချချေဖျက်နိုင်မှုနဲ့တရားဥပဒေစိုးမိုးရေးကိုအခြေခံတဲ့ ဒီမိုကရက်တစ်
တောင်အာဖရိကနိုင်ငံတော်သစ်ကို ဦးစီးထူထောင်နိုင်မှုတို့ပါပဲ။ သူဟာ
အာဖရီကန်လူမျိုးသန်းပေါင်းများစွာကို
မျှော်လင့်ချက်များထားရှိနိုင်စေခဲ့တဲ့အပြင် အခြားဒေသများက
သန်းပေါင်းများစွာသောလူထု တို့ရဲ့ လေးစားချစ်ခင်မှုကိုလည်းရယူခဲ့သူပါ။
သူ့နောက်ပိုင်း တာဝန်ယူတဲ့အစိုးရအဖွဲ့ဝင်တွေက သူ့လောက်
လေးစားချစ်ခင်မှုမခံယူနိုင်ခဲ့ရင် ၊နောက်
ဇင်ဘာဘွေလိုနိုင်ငံမျိုးတွေကသူ့နမူနာကို မယူနိုင်ခဲ့ရင်တော့
အံ့သြစရာမဟုတ်ပါ။
သူ့ကိုဂုဏ်ပြုထိုက်တဲ့ စံနှုန်းများကို တခြားတပါးသူတို့
လိုက်နာကျင့်ကြံစေလောက်တဲ့မထိ သူ့မှာ တန်ခိုးပါဝါ မရှိပါဘူး။ သူ့ရဲ့
ကိုယ်ကျင့်စံနှုန်းတွေလို ထိထိရောက်ရောက် အကျိုးရှိအောင်
နေထိုင်ကျင့်ကြံကြဖို့ မျှော်လင့်လို့လည်းမရနိုင်ပါဘူး။မတူညီတဲ့
ဝန်းကျင်များကလည်း သူနဲ့ထပ်တူဖြစ်ဖို့
တခြားသူများအတွက်အဟန့်အတားဖြစ်နိုင်တာပါပဲ။ သူ့ဘဝဟာ
ကြမ်းတမ်းခက်ထန်ခဲ့ပေမယ့် သူလုပ်ခဲ့သမျှ ဘယ်လောက်အလုပ်ဖြစ်ခဲ့သလဲဆိုတာ
စောင့်ကြည့်နိုင်လောက်တဲ့အထိ မင်ဒဲလားဟာ အသက်ရှည်ရှည်နေခဲ့ရပါတယ်။
အသက်ရှည်ရှည်နေနိုင်မှုကြောင့်ပဲ ကြီးမားတဲ့ အောင်မြင်မှုကို
စွမ်းဆောင်နိုင်ခဲ့တဲ့အပြင်သူ့ရဲ့ " သူ့ရဲ့ လွတ်မြောက်ခြင်းသို့
ခရီးရှည်ကြီး " ကိုလည်းပျော်ရွှင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။
ခေတ်သစ်ကမ္ဘာကြီးဆိုတာကလည်း
ဝမ်းနည်းပူဆွေးနေသူ သူရဲကောင်းတစ်ယောက်ထက်
ပျော်ရွှင်ချမ်းမြေ့နေတဲ့သူရဲကောင်းကို အများကြီးပိုပြီး
ချစ်ခင်မြတ်နိုးကြတာမဟုတ်ပါလား။ ။

ပိုက်တင်

No comments:

Post a Comment