Monday, December 9, 2013

လျှောက်မယ့်လမ်း၊ လှမ်းမယ့်ပန်းတိုင်

Written by (ယက္ခ) ရဲကြီး

ကျွန်တော်တို့အားလုံး အားထားခဲ့ကြတဲ့၊ အားထားနေဆဲပဲ ဖြစ်တဲ့ ပါတီကြီးအကြောင်း စိတ်လက် မချမ်းသာစွာနဲ့ပဲ ရေးရပါတော့တယ်။ စာရေးသူရဲ့ စိတ်ရင်းခံကို နားလည် နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဟုတ်ပါတယ် . . NLD ပါတီပါပဲ။


ကျွန်တော်တို့မှာ ပါတီစွဲ မရှိပါ။ လူတိုင်းလို ရှိကြပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ်စွဲကိုလည်း တတ်နိုင် သလောက် ကြိုးစား ဖျောက်ကြရမှာပါ။ ကျွန်တော်တို့ အတွက်ကတော့ ကျွန်တော်တို့ တိုင်းပြည် ထဲက ပါတီအားလုံး ကျွန်တော်တို့ ပါတီချည်းပါပဲ။ အားလုံးကို အားကိုး ချင်မိသူများပါ။ အားလုံးကို အထင်ကြီး လေးစားစိတ်နဲ့ မျှော်လင့်မိချင်သူများပါ။ လူကြီးလူကောင်း ပီသစွာနဲ့ ကျွန်တော်တို့အကျိုး သယ်ပိုး ထမ်းရွက်ခွင့်ကို တန်းတူ ကစားကွင်းထဲမယ် သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ကြတာကို လက်ခုပ် တီးချင်သူများပါ။


ကျွန်တော်တို့ကို ဖေးမကူညီမှာလား၊ ဝါးကူထိုးပြီး နှစ်ကြမှာလားလို့ တွေးမိတဲ့ အကြိမ်ရေတွေ များလာတဲ့အခါ ဒီလိုစာမျိုးကို ရေးဖြစ်စေပါတော့တယ်။ ကျွန်တော်တို့တစ်တွေ သိပ်မျှော်လင့် ခဲ့ကြတာ မဟုတ်လား။ သိပ်မျှော်လင့်နေဆဲပဲ မဟုတ်လားဗျာ။


အောက်ခြေမှာ သိသိသာသာ ဆိုးရွားပျက်ယွင်း လာနေပါတယ်။ အပေါ်ဆင့်တွေ အကြောင်း သိပ်မသိသလို၊ ကျွန်တော်တို့နဲ့လည်း သိပ်ထိတွေ့စရာ မရှိလို့ မပြောတတ်ပါ။ ကျွန်တော်တို့နဲ့ ထိတွေ့နေရတာကတော့ အောက်ခြေ ပါတီဝင်များ (Functioning Units) သာ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ ဆိုတာဟာ ဘာကြီးညာကြီးမှ မဟုတ်ကြတဲ့၊ ဟုတ်ခွင့် မရကြတဲ့ တိုင်းသူပြည်သား များ လူသာမန်များ ဖြစ်ကြကြောင်းပါ။


အရပ်ထဲမှာ နဂိုတည်းက ရှောင်ကြဉ်ကြရပါတဲ့ နယ်ခံ လူမိုက်များမှာ ခုအခါ ပါတီ လက်ပတ်များနဲ့ ပိုလို့ ပနံစား တောက်ကြွား နေကြပါရော ခင်ဗျာ။ ဘာပွဲ ညာပွဲ၊ အသံချဲ့စက်သံများ စီခနဲစတာနဲ့ အင်္ကျီမပါ ကိုယ်ဗလာ ဆရာသမားများက ခွပ်ဒေါင်းလက်ပတ် ဘယ်ညာပတ်လို့ တွင်ကျယ် လှကြပါပေ့ ခင်ဗျာ။ အရက်နံ့ ထောင်းထောင်းထလို့၊ ပုဆိုးစလွယ် သိုင်းသူသိုင်း၊ ဝါလည်းရ ဆရာလည်း ကျသူများ ကတော့ ပုလင်းကို နောက်ကျောမှာ ခပ်ပြောင်ပြောင် ထိုးလို့။ အုပ်ချုပ်ရေးမှူး ဆိုသူများလည်း စကားတင်းတင်း ဆိုရဲကြပုံ မပေါ်ပါ။ သူတို့က ခွပ်ဒေါင်း ခေါင်းစည်း ကိုယ်စီနဲ့ဟာကိုး ခင်ဗျ။


ကျွန်တော်တို့ နှလုံးသားထဲအထိ စွဲခဲ့ရတဲ့ အနီရောင် ခွပ်ဒေါင်းပုံ ပိတ်စကလေးတွေဟာ အခုအခါ ကြောက်ရွံ့ မသတီစရာ ပိတ်စကလေးတွေ အဖြစ် တဖြည်းဖြည်း ပုံစံပြောင်းလာ သလိုမျိုး ခံစားရတာကို အလွန်ပဲ ဝမ်းနည်းမိပါတယ်။


ကားတစ်စီးလုံး အနီရောင် ပိတ်စတွေနဲ့၊ ကိုယ်တုံးလုံး ခေါင်းစည်း လက်ပတ် ဆရာသမားများနဲ့ အသံချဲ့စက်က ပါတီသီချင်းသံနဲ့ “အမေစု . . အန်အယ်လ်ဒီ” အော်ဟစ်သွားကြတဲ့ အရက်နံ့ လှိုင်လှိုင် ဒိုင်နာကားတွေလည်း ပိုပိုတွေ့လာရပါတယ်။ သူတို့ သွားမယ့်လမ်းကို ပိတ်တယ်ထင်လို့နဲ့ တူပါရဲ့၊ ဆဲဆို သွားတတ်ကြပါသေးတယ်။ ဘယ်သူတွေက ကျွန်တော်တို့ကို ကူညီကြမှာလဲ။ ဘယ်သူတွေကို ကျွန်တော်တို့ မျှော်လင့်ရမှာလဲ။


“ဘယ်သူလဲ၊ နာမည်ပြော၊ ဘာကိစ္စလဲ၊ ဘယ်ကလဲ” ကျွန်တော်တို့အားလုံး သိပ်မုန်းတီး စက်ဆုပ်ခဲ့ကြတဲ့ အာဏာရှင် ခေါင်းစည်းအောက်က လေယူလေသိမ်းတင် မကတဲ့ မျက်နှာပေး၊ မျက်လုံး အကြည့်များနဲ့ ငယ်ရွယ်နုပျိုတဲ့ ပါတီဝင် လူငယ် အပေါက်စောင့်လေးပါ။ ထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီ ပေးဆပ်ခဲ့တဲ့ သူ့ဦးကြီး၊ ဘကြီးအရွယ် စီနီယာကို ဆက်ဆံပုံပါ။ ငယ်ရွယ်သူ ဘာသာဘာဝ အပေါက်စောင့်ခွင့်ရတဲ့ ခဏမှာ တစ်စုံတစ်ရာကို ယစ်မူး သွားတာများလား။ တံခါးပေါက်ထက် ကြီးကျယ်တာတွေကို စောင့်ရှောက်ခွင့်ရတဲ့ တစ်နေ့မှာ ဆိုရင်ရော။


ကျွန်တော်တို့ သိရှိ ထိတွေ့ခွင့်ရတဲ့ အောက်ခြေ ပါတီဝင်များက ဒီလိုတွေပါ။ ရှေ့ဖြတ်လျှောက်ရင် ခေါင်းငုံ့ပေတော့လို့ ခံစားရစေတာတော့ အမှန်ပါ။ “ပါတီကြီးကို ဘယ်နေ့မှာ ဘယ်သူတွေက စတည်ထောင်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်း မျိုးလောက်ကိုတောင် မဖြေတတ်တဲ့ အထက်က တံခါးမှူးလေး လိုလူတွေပဲ အတွေ့ရ များပါတယ်။ အသိပညာ ဝမ်းစာဟောင်းလောင်းနဲ့ ခေါင်းတွေထဲက သေးနုပ်တဲ့ အတွေးအယူတွေ အတွက် တာဝန်ရှိမှာက ဘယ်သူတွေများလဲ ခင်ဗျာ။


ကား၊ ဆိုင်ကယ်နဲ့ မထိမိဘဲနဲ့ ပစ်လှဲ ငိုပြတတ်တဲ့ သူတွေရှိတာ သိကြပါလိမ့်မယ်။ အများသိနေကြတဲ့ ငွေညှစ်ရန် အားထုတ်မှုများမှ ငွေညှစ်သူ အကျင့်ပျက်သူ အချို့အတွက် ရှေ့ကအဆင်သင့် ဆိုသလို ရုံးပြင်စခန်း တက်ကြွစွာ ပါဝင်ဆောင်ရွက် ပေးကြရှာတဲ့ ပါတီဝင်တွေလည်း အားရစဖွယ် တွေ့ ကြရပါတယ်။ ခေတ်သစ် ရော်ဘင်ဟုများ ပုံဖော်ကြလေသလား။ ကား၊ ဆိုင်ကယ် စီးနိုင်တဲ့ ဖောက်ပြန်သော လူတန်းစားတွေကို နှိပ်ကွပ်ဖို့ပဲလား။ နဂိုအခံ မစ္ဆရိယ အချဉ်ဓာတ်ကလေးတွေ စုဆောင်း ဖော်ထုတ်ပွဲပဲလား။ ဓမ္မ၊ အဓမ္မ မခွဲခြားနိုင်လောက်တဲ့ ဉာဏ်ပညာ နုံနဲ့မှုပေလား။ ကာယကံရှင်များ ကိုယ်တိုင်ရော ခွဲခြားနိုင်ကြပါရဲ့လား မသိပါခင်ဗျာ။


ဆင်းရဲသူ၊ အားနည်းသူဘက်က ရပ်တည်မှာလား။ မှန်တဲ့သူဘက်က ရပ်တည်ကြမှာလား။ အကျိုးကျေးဇူး တစ်စုံတစ်ရာကြောင့် ရပ်တည်ကြတာရော ဖြစ်နေမလားခင်ဗျာ။


အားလုံး ဆိုးနေကြတာ မဟုတ်မှန်း ကျွန်တော်တို့ သိပါတယ်။ တခြားပါတီများနဲ့ ယှဉ်ရင် လူကောင်းတွေလည်း ပိုများပါတယ်လို့ ပြောရင်လည်း ကျွန်တော်တို့ မငြင်းလိုပါ။ ပါတီ ဥက္ကဋ္ဌကြီးရဲ့ စကားကိုပဲ သိပ်ကြိုက်လို့ ပြန်ပြောပါရစေ။ “နိုင်ငံရေး အကျဉ်းသား တစ်ယောက်ရှိတယ် ဆိုရင်ပဲ များလှပါပြီ” . . ဆိုတဲ့ အတိုင်းပါပဲ။ “ပြည်သူကို ညှဉ်းဆဲကလူပြုမယ့် ပါတီဝင်တစ်ဦး ရှိတယ် ဆိုရင်ပဲ ကျွန်တော်တို့ အတွက်တော့ များလှပါပြီ” လို့ ဆိုချင်ပါတယ်။


ကျွန်တော်တို့ကို ညှဉ်းဆဲကလူ ပြုတတ်တဲ့ သူတွေရဲ့ လက်ကနေ ကယ်တင်လိမ့်မယ်လို့ ကျွန်တော်တို့ အများကြီး မျှော်လင့်ခဲ့ရတဲ့ အမှတ်တံဆိပ်ကြီးပါ။ အားလုံး အားထားကြရတဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်၊ ခေါင်းဆောင် ပုဂ္ဂိုလ်များ မရှိတော့တဲ့အခါ ‘ကျားထက်ဆိုးတဲ့ ရှင်ကြီး’ လည်း ဖြစ်မသွားစေလိုပါ။ ကျွန်တော်တို့နဲ့ အလှမ်းကွာဝေးပါတဲ့ အထက်ပိုင်းလွှာမှ တာဝန်ရှိ လူကြီးများက ကျွန်တော်တို့ကို ပြန်ကြည့်ပေးကြပါ။ ကျွန်တော်တို့ ဆိုတာဟာ ဘာကြီးညာကြီးမှ မဟုတ်ကြတဲ့၊ ဟုတ်ခွင့် မရကြတဲ့ တိုင်းသူပြည်သားများ လူသာမန်များ ဖြစ်ကြကြောင်းပါ။


အရာရာတိုင်း ရွေ့နေပြီဖြစ်တဲ့ ဒီနေ့မှာ ပါတီကြီးဟာလည်း အရွေ့တစ်ခုထဲမှာ စီးမျောနေမှာ အမှန်ပါ။ ဒါကြောင့်မို့ တစ်နေ့တစ်ချိန်မှာ ‘ရောက်’ သွားမှာလည်း အမှန်ပါပဲ။ ‘ဘယ်ကိုလဲ’ ဆိုရင်တော့ သူရွေးချယ်ခဲ့တဲ့ လမ်းပေါ်က သူလှမ်းနေတဲ့ ပန်းတိုင်ဆီကိုသာ ဖြစ်ပါလိမ့်မယ် ခင်ဗျား။


 
 http://thevoicemyanmar.com

1 comment:

  1. Oh !!! What a pity ! I want to see NLD is the best party in Myanmar. NLD must be clean and active. NLD must be unity and in discipline. NLD is for the people, NLD is by the people, NLD is of the people. What is happening in present? Please, please, please all of you try the best.

    ReplyDelete