ကာလရှည်ကြာ ကတည်းက ယဉ်ပါးလာတဲ့ ဝေါဟာရ တစ်ခုပါ။ ကောင်းတယ်လို့လည်း
လက်ခံထားမိတဲ့ ဝေါဟာရပါ။ ညီညွတ်တယ်။ စုပေါင်းဆောင်ရွက်တယ်။ တစ်သွေးတည်း၊
တစ်သားတည်း ဖြစ်တယ်လို့ ယူဆခဲ့မိပါတယ်။
သာမန်ပြည်သူမှာတော့ ဒါညီညွတ်တာပဲ။ ကောင်းတာပေါ့လို့ သာမန်အားဖြင့်
လက်ခံမိကြပါတယ်။ ဒီလို လက်ခံမိအောင်လည်း ထိုစဉ်က အုပ်ချုပ်တဲ့
ပုဂ္ဂိုလ်များက စည်းရုံးသိမ်းသွင်း ခဲ့ကြတာပါ။
ညီညွတ်ရမယ်။ ညီညွတ်စည်းလုံးမှ တိုင်းပြည်တိုးတက်မယ်။ ဒါကြောင့်
ညီညွတ်ကြ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် နာခံကြ။ ဒီလို ideology ထဲမှာ
ပြည်သူတွေကို ရိုက်သွင်းထားတာပါ။
ဒါပေမဲ့ ...
တစ်သွေး၊ တစ်သံ၊ တစ်မိန့်ရဲ့ နောက်ကွယ်မှာ ရေဘူးပေါက်တာ မလိုချင်ဘူး။
ရေပါတာပဲလို ချင်တယ်ဆိုတဲ့ လူတို့ရဲ့ ဆင်ခြင်တုံတရားနဲ့ ဆီလျော်စွာ
တုံ့ပြန်လာတဲ့ ဆင်ခြေကို ရိုက်ချိုးပစ်လိုက်တဲ့ အခြေအနေကို အရောက်တွန်းပို့
လိုက်တော့တာပါပဲ။
တစ်သွေး၊ တစ်သံ၊ တစ်မိန့်ကို အကျင့်ပါလာစေပြီး ခေါက်ရိုးကျိုးလာချိန်
အရောက်မှာ အထက်က ညွှန်ကြား အမိန့်ပေးတာ၊ နားထောင်။ တစ်မိန့်ကို ဘာမှ
မတုံ့ပြန်နဲ့။ လက်ခံ၊ ခေါင်းငုံ့၊ ပြန်မပြောနဲ့။
ဒီလိုနဲ့ ဗဟိုက ဦးစီးတဲ့ အလေ့အထတွေ ကျင့်သားရလာ ပါတယ်။
ဗဟိုဦးစီး စနစ်
၁၉၆၂ ခုနှစ်စကလို့ ဗဟိုဦးစီး စနစ်ဟာ တရားဝင် ထူထောင်လာပါတယ်။
ဗဟိုဦးစီး စနစ်နဲ့ သဘောသဘာဝအတိုင်း တစ်ဦး (တစ်စု) က အုပ်ချုပ်တဲ့၊
စီမံခန့်ခွဲတဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာပါတယ်။ ဆိုရှယ်လစ် ဒီမိုကရေစီ
ဆိုခဲ့ပေမယ့် အထက်က ချပေးတဲ့ စီမံကိန်း၊ အထက်က ချပေးတဲ့ လူပုဂ္ဂိုလ်၊ အထက်က
ချပေးတဲ့ အစီအစဉ်တွေအတိုင်း စီမံခန့်ခွဲ ခဲ့ကြတာပါ။ လိုက်နာဆောင်ရွက်
ခဲ့ကြတာပါ။
ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း တစ်ခုကို အမှတ်ရမိ ပါတယ်။ အဖွဲ့အစည်း
ဂိုဏ်းခေါင်းဆောင်ကြီးက သူ့တပည့်များကို ကျောခိုင်းပြီး ကုလားထိုင်ကြီးကြီး
တစ်ခုပေါ်မှာ ထိုင်နေပါတယ်။ သူ့တပည့်များက ဒူးထောက် အနေအထား နေကြရပါတယ်။
ခေါင်းဆောင်ကြီးဟာ ကျယ်လောင်ပီသတဲ့ အသံ၊ စီးပိုးတဲ့ အသံ၊ သြဇာရှိတဲ့
အသံနဲ့ သူ့တပည့်များကို လမ်းညွှန်ချက်တွေ၊ အမိန့်တွေ ပေးနေပါတယ်။ ၁၅
မိနစ်လောက် မိန့်ခွန်းခြွေပြီးမှ နောက်ဆုံးတစ်ခွန်း နိဂုံးချုပ်လိုက်
ပါတယ်။
"အဲ့ဒီ အတိုင်းလုပ်၊ နားလည်လား"
သူ့တပည့်တွေက တုတ်တုတ်မျှ မလှုပ်ပါဘူး။ နားလည်လို့ ပြန်မမေးတာလား။ နားမလည်ဘဲ ပြန်မမေး ရဲတာလား။ ငြိမ်ကုပ်နေကြဆဲပါ။
"ကိုင်း ... သွားကြတော့"
တပည့်တွေ သူတို့ဆရာကြီး မျက်နှာကို တစ်ခါမျှ မတွေ့ခဲ့ရပါဘူး။ ခုလည်း
တွေ့ရဖို့ မျှော်လင့်ပေမယ့် တွေ့ခွင့်မရဘဲ ကုပ်ကုပ်ကုပ်ကုပ်နဲ့
ပြန်ထွက်လာခဲ့ ကြရပါတယ်။
ခုလည်း ရုပ်ရှင်ထဲကနဲ့ ဘာထူးလဲ။ အထက်ကလာတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ
ဘယ်ကဘယ်ပုဂ္ဂိုလ်က ချပေးနေမှန်း မသိပါဘူး။ မျက်နှာမပြတဲ့ ဂိုဏ်းခေါင်းဆောင်
အတိုင်းပါပဲ။ တစ်ခါတလေ စာရွက်စာတမ်းနဲ့ မဟုတ်ဘဲ တစ်ဆင့်ကြားခံ
ပုဂ္ဂိုလ်တစ်ယောက်က အထက်က ချပေးလိုက်တဲ့ အမိန့်တွေဆိုပြီး အောက်ခြေကလူတွေ
လိုက်လုပ်နေခဲ့တာ ကြာခဲ့ပြီကော။
အထက်က ချပေးတဲ့အတိုင်း အကောင်အထည်ဖော်လို့ မအောင်မြင် လွဲချော်နေရင်
ဘယ်သူ့တာဝန် ခံခိုင်းရမှန်း မသိပါဘူး။ သူလိုလို ကိုယ်လိုလိုနဲ့
ပြီးသွားတာပါပဲ။ အထက်က ချပေးတဲ့သူ ဘယ်သူမှန်း မသိလေတော့ တာဝန်ခံမယ့်သူ
ပျောက်နေပါတယ်။
စင်စစ် တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဆိုရင် ညီညွတ်မယ်။ အောင်မြင်မယ်
ထင်ခဲ့တဲ့ hypothesis က နှစ် ၅၀ ကျော်လာပါပြီ။ ဘာတွေ အောင်မြင်ခဲ့သလဲ။
မအောင်မြင်ရုံ ရပ်တန့်နေရုံသာ မဟုတ်ပါဘူး။ ယုတ်လျော့ကျဆင်း
ဆုံးရှုံးသွားတာတွေ လက်ညှိုးထိုးမလွဲ ကြုံခဲ့ရ၊ ကြုံနေကြရတာ လက်တွေ့ပါ။
စစ်အာဏာရှင် စနစ်
ဒီလို နှစ် ၅၀ ကျော် ကျင့်သားရလာတဲ့ လက်ဆင့်ကမ်းခေါင်းဆောင်
(လူပုဂ္ဂိုလ်တွေသာ ပြောင်းလဲပေမယ့် အကျင့်စရိုက် မပြောင်းတဲ့) တွေဟာ
ကြာလာတော့ စစ်တပ်ကို လက်ကိုင်တုတ် လုပ်လို့ရနိုင်တဲ့ အချိန်ကစပြီး
စစ်တပ်ကို အသုံးချကာ ပြည်သူကို လက်နက်အားကိုးနဲ့ အုပ်ချုပ်လာရာမှ ယခင်က
စစ်အာဏာရှင် ဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။
လူတွေပြောင်းပေမယ့် မူတွေ၊ အကျင့်တွေ၊ လုပ်ပုံလုပ်နည်းတွေ ဘာတစ်ခုမှ ဟုတ်တိပတ်တိ ပြောင်းလဲကျင့်သုံးတာ မတွေ့ခဲ့ရပါဘူး။
အစဉ်အဆက် ကျင့်သုံးနေကျအတိုင်း တစ်သွေး၊ တစ်သံ၊ တစ်မိန့်မှ
ဗဟိုဦးစီးစနစ်။ ထိုမှ အာဏာရှင်စနစ်၊ နောက်ဆုံး စစ်အာဏာရှင် စနစ်တွေအဖြစ်
သမိုင်းလမ်းကြောင်းပေါ်မှာ ပေါ်ထွန်းလာခဲ့တဲ့ ရလဒ်နဲ့အတူ မြန်မာပြည်ဟာ
ထောင်းလမောင်းကြေ၊ ခရုဆန်ကျွတ်၊ ဖွတ်ကျောပြာစု၊ မွဲတကာ့ထိပ်ခေါင်
ဖွတ်မင်းဘ၀ ရောက်ခဲ့ရတာ လက်တွေ့အကျိုး၊ လက်တွေ့ဘ၀ပါပဲ။
ဒါပေမဲ့ ခုတော့လည်း ဒါတွေဒါတွေ ပြီးခဲ့ပါပြီ။ ပြီးခဲ့ပါပြီ။ ဟုတ်ကဲ့ လွှမ်းမိုးသီချင်း စာသားအချို့ကို ရေးပြတာပါ။
၂၀၁၀ ရွေးကောက်ခံ အစိုးရ အုပ်ချုပ်ရေး စနစ်
ဘာပဲပြောပြော လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ကတော့
သူတို့ကိုယ်သူတို့ ပြည်သူရွေးချယ် ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်လို့
ခံယူကြပါတယ်။ ကောင်းတဲ့ဘက်ကကြည့်ရင် ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာတဲ့
ဦးသိန်းစိန် အစိုးရဟာ ပြည်သူ့အတွက် ကြည့်တော့မယ်။ ပြည်သူ့အကျိုး
ဆောင်တော့မယ်လို့ ယုံကြည်အားကိုးစရာ မျှော်လင့်ချက်လေး လင်းလက်လာပါတယ်။
ဒီလို မျှော်လင့်ရင်း လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို
ပြည်သူတွေခမျာ နေပူအောက်က အရိပ်ကို မျှော်ရသလို ချွေးတဒီးဒီး ကျနေပါပြီ။
အရိပ်က ဘယ်မှာများ သွားကျနေပါသလဲ။
တစ်ခါတလေ စာရွက်စာတမ်းနဲ့ မဟုတ်ဘဲ တစ်ဆင့်ကြားခံ ပုဂ္ဂိုလ်တစ်ယောက်က အထက်က ချပေးလိုက်တဲ့ အမိန့်တွေဆိုပြီး အောက်ခြေကလူတွေ လိုက်လုပ်နေခဲ့တာ ကြာခဲ့ပြီကော။ အထက်က ချပေးတဲ့အတိုင်း အကောင်အထည်ဖော်လို့ မအောင်မြင် လွဲချော်နေရင် ဘယ်သူ့တာဝန် ခံခိုင်းရမှန်း မသိပါဘူး။ သူလိုလို ကိုယ်လိုလိုနဲ့ ပြီးသွားတာပါပဲ . . . . . |
လက်ရှိ အစိုးရမှာ ပါဝင်တာဝန် ထမ်းဆောင်နေကြတဲ့ ပြည်ထောင်စု ၀န်ကြီးတွေဟာ
ယခင်အုပ်ချုပ်သူများရဲ့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်စနစ်၊ ဗဟိုဦးစီးစနစ်၊
အာဏာရှင် စနစ်နဲ့ ကင်းလွတ်ပါရဲ့လား။ စိတ်သစ်၊ လူသစ်၊ မူသစ်၊
အုပ်ချုပ်ပုံအသစ်၊ ဒီမိုကရေစီ ကျင့်စဉ်ကို လက်တွေ့ကျင့်သုံး ပါရဲ့လား။
လက်ရှိအစိုးရ အဖွဲ့ဝင်တွေထဲမှာ တပ်မတော်နဲ့ ပတ်သက်မှု ရှိမရှိ
လေ့လာမိပါတယ်။ တပ်မတော်နဲ့ ပတ်သက်နေရင် တပ်မတော် အကျင့်စရိုက်
ဘယ်လောက်လွှမ်းမိုး နေသလဲဆိုတာ သိနိုင်ဖို့ပါ။
ပထမ တွေ့ရှိရတဲ့ အုပ်စုက စစ်တပ်ယူနီဖောင်းကို ပေါ်ပေါ်တင်တင် ၀တ်ဆင်ပြီး အစိုးရ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူတွေ ဖြစ်ပါတယ်။
ဒုတိယ တစ်စုက စစ်တပ်ယူနီဖောင်း ချွတ်လိုက်ပြီး အရပ်သားယူ နီဖောင်း
(တိုက်ပုံ၊ ခေါင်းပေါင်း) ၀တ် အစိုးရ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် နေသူတွေ
ဖြစ်ပါတယ်။
တတိယ တစ်စုက အရပ်သားများ ဖြစ်သော်လည်း ထိုအရပ်သားရဲ့ မိဘ၊ ယောက္ခမ
စတဲ့သူတို့နဲ့ ဆွေမျိုးတော်စပ်နေတဲ့ အစိုးရ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်
နေသူတွေ ဖြစ်ပါတယ်။
စတုတ္ထ တစ်စုကသာ အရပ်သား စစ်စစ်ဖြစ်ပြီး စစ်တပ်နဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိတဲ့ အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးတွေကို ဖွဲ့စည်းပုံ အခြေခံပုဒ်မအရ
ပြည်သူက ရွေးချယ်တင်မြှောက် ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်စရာ
မလိုပါဘူး။ သမ္မတရဲ့ ရွေးချယ်အမည်စာရင်း တင်သွင်းမှုကို ပြည်ထောင်စု
လွှတ်တော်က အတည်ပြုပေးရတဲ့စနစ် ဖြစ်ပါတယ်။
ခုနှယ် တစ်သွေး၊ တစ်သံ၊ တစ်မိန့်ရဲ့ ကျင့်သားအောက်မှ အစိုးရ
အဖွဲ့ဝင်တွေဟာ အထက်က ကျလာတဲ့ အမိန့်ကို နာခံတဲ့၊ လိုက်နာတတ်တဲ့အကျင့်
ပြင်မရတော့ပါဘူး။ ပြင်မရသေးပါဘူး။ ပြင်ဖို့ မကြိုးစား ကြသေးပါဘူး။
ခုဆို လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက လျှပ်စစ်ဓာတ်အားခ
တိုးမြှင့်ကောက်ခံမယ့် ကိစ္စမှာ သမ္မတကပါ ပြည်ထောင်စု လွှတ်တော်ကို
သ၀ဏ်လွှာပို့ပြီး ကျောထောက်နောက်ခံ ပေးထားတာတွေ တွေ့ရပါတယ်။ အခု
မကောက်သေးပါဘူး။
ဒါပေမဲ့ ဘတ်ဂျက်နှစ်ကုန်ရင်တော့ တိုးကောက်မှာပါတဲ့။
လျှပ်စစ်ပြည်ထောင်စု ၀န်ကြီးရဲ့ တိုးမြှင့်ကောက်ခံမယ့် အမိန့်ဟာ အထက်က
ကျလာမှန်း သိသာပါတယ်။ လျှပ်စစ်မီတာ ကောက်ခံမယ့် အမိန့်ကို တစ်သွေးတစ်သံ
တစ်မိန့်အရ အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးက တစ်ခဲနက် ထောက်ခံကြမှာ
မလွဲဧကန် သေချာလှပါတယ်။ ဘယ်ဝန်ကြီး တစ်ဦးတစ်ယောက်ကမှ ယောင်ယမ်းပြီး
ကန့်ကွက်ရဲမှာ မဟုတ်ပါဘူး။
တစ်လောက ပညာရေး ၀န်ကြီးဌာနမှ အလယ်တန်းပြ ဆရာမ တစ်ဦးကို
ပြစ်ဒဏ်ပေးရာမှာလည်း ပညာရေး ၀န်ကြီးဌာန တစ်ခုတည်းက ပင်စင်ပေးလိုက်တဲ့
ပြစ်ဒဏ်ကို မကျေနပ်လို့ အထက်က ကျလာတဲ့ အမိန့် (ပြစ်ဒဏ်) အရ ရာထူးမှ
တစ်ခါတည်း ထုတ်ပစ်လိုက်တဲ့ သာဓကပါပဲ။
ထို့အတူ အထက်က အကောင်အထည် မဖော်ချင်သေးတဲ့ အချို့ကိစ္စတွေမှာ
အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးအချို့ စိတ်တော်သိ၊ အလိုက်တော်
နားလည်ပေးကာ နှာစေးနေကြ ရပါတယ်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ကိုး ...။
အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခသတ်မှတ်ရေး၊ တက္ကသိုလ်များ
အဆင့်မြှင့်တင်ရေး၊ တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး၊
ကျေးလက်ဆေးပေးခန်း အဆင့်မြှင့်တင်ရေး၊ ၀န်ထမ်းတိုးမြှင့် ခန့်ထားရေး
စတာတွေမှာ အထက်က အရိပ်အကဲကြည့်ပြီး ပြည်ထောင်စု ၀န်ကြီးတွေက အကောင်အထည်
ဖော်နေကြရတာပါ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ကိုး ...။
တင်ပြစရာတွေ အများကြီးပါ။
လိုတိုရှင်း တင်ပြရရင် ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ ဒီခရီးကို သွားနေသမျှ
တစ်သွေးတစ်သံ တစ်မိန့်အတိုင်း မပြောင်းမလဲ ဆက်လက်ကျင့်သုံး နေကြဦးမှာ
မြေကြီးလက်ခတ် မလွဲပါ။ ဒါက လူတွေရဲ့ ပြဿနာပါ။
အဲဒီလို တစ်သွေး၊ တစ်သံ၊ တစ်မိန့် ကျင့်သုံးမှု ပိုမိုအားကောင်းစေဖို့ ကြိုတင်စည်းဝါး ရိုက်ထားတဲ့ မူကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။
တပ်မတော်
တပ်မတော်ဆိုတာ လက်နက်ကိုင် အဖွဲ့အစည်းကြီး ဖြစ်တာကြောင့်
လက်နက်အားကိုးနဲ့ အခြားသူတစ်ယောက်ကို ဒုက္ခပေးနိုင်တဲ့အတွက်
အလွန်သတိရှိရမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။
စစ်သားတစ်ယောက်မှာ သေစေနိုင်တဲ့ လက်နက်ရှိတာကြောင့် သူ့ရဲ့ရန်သူကလည်း
သူနဲ့တန်းတူရည်တူ လက်နက်ကိုင် တုံ့ပြန်ရတဲ့အတွက် အဲဒီ့စစ်သားတစ်ယောက်ရဲ့
အသက်ကိုလည်း အချိန်မရွေး သေစေနိုင်ပါတယ်။ ဒါကြောင့် လက်နက်ကို အလွဲသုံးစား
မလုပ်ဖြစ်အောင် တင်းကျပ်တဲ့ စည်းကမ်းအမိန့်နဲ့ ထိန်းကွပ်ထားရပါတယ်။
စစ်သားတစ်ယောက်က အမိန့်နာခံတာဟာ တာဝန်ကျေပွန်တာ ဖြစ်ပါတယ်။
သေနတ်သမားကို သေနတ်နဲ့ တုံ့ပြန်သလို ပါးစပ်သမားကို ပါးစပ်နဲ့
တုံ့ပြန်ပါတယ်။ အမုန်းစကားကို အမုန်းနဲ့ တုံ့ပြန်သလို အပြုံးစကားကို
အပြုံးနဲ့ တုံ့ပြန်ပါတယ်။
ဒါကြောင့် ရန်သူနဲ့ တွေ့ကြုံရင်ဆိုင် နေချိန်မှာ အမိန့်နာခံမှုဟာ
အရေးကြီးပါတယ်။ အမိန့်မနာခံတဲ့ ရဲဘော်ကို စစ်မြေပြင်မှာ ပစ်သတ်ခွင့်
ရှိပါတယ်။ စစ်မြေပြင်မှာပါ။
ဒီအမူအကျင့်ကို စစ်မြေပြင် မဟုတ်တဲ့ အရပ်ဘက်မှာ ကျင့်သုံးလို့ မရပါဘူး။
ဒါပေမဲ့ လက်ထောက်ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေးမှူးချုပ်အထိ ရာထူးများ
အသီးသီးကို သိမ်းပိုက်ယူလိုက်ကြပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်စနစ်ကို
ပြည်သူ့ဝန်ထမ်း အုပ်ချုပ်ပုံ စနစ်ထဲမှာ ဆွဲသွင်းကျင့်သုံး စေပါတယ်။
အထက်ကပြောရင် နားထောင်၊ ပြန်မပြောနဲ့။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်
ကျင့်သုံးလာပါတယ်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်က ကြာလာတော့ ဗဟိုဦးစီးစနစ်
ဖြစ်လာပါတယ်။ နောက်ဆုံး အာဏာရှင်စနစ် ဖြစ်သွားပါရော။
တစ်သွေး၊ တစ်သံ၊ တစ်မိန့်နှင့် ဒီမိုကရေစီ ကျင့်စဉ်
ဒီမိုကရေစီ ကျင့်စဉ်ဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ကို မကျင့်သုံးပါဘူး။
မတူညီ ကွဲပြားနေတာကို လက်ခံကျင့်သုံးပြီး လူအများစုရဲ့ ဆန္ဒကို
အကောင်အထည်ဖော်၊ လူနည်းစုရဲ့ ဆန္ဒကို လေးစားတဲ့ သဟဇာတဖြစ်အောင် ကျင့်သုံးတဲ့
ကျင့်စဉ်ဖြစ်ပါတယ်။
ဘယ်သူ့ကိုမှ အမိန့်နဲ့ စေခိုင်းခြင်း မပြုသလို၊ ဘယ်သူရဲ့ မတရားတဲ့
အမိန့်ကိုမှ နာခံစရာ မလိုပါဘူး။ အားလုံးတန်းတူရည်တူ ထားရှိတဲ့အတွက်
အမိန့်ပေးသူဟာ တစ်သမတ်တည်း တစ်ယောက်တည်း (တစ်ဖွဲ့တည်း) မဟုတ်ရပါဘူး။
ထို့ပြင် အမိန့်ဆိုတာထက် လုပ်ငန်းဦးတည်ချက်ကို အများသဘောတူပြီး
ဆောင်ရွက်တဲ့ ကျင့်စဉ်ပါ။
ဆိုတော့ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ပြီး ဒီမိုကရေစီ ကျင့်စဉ်ကို
ကျင့်သုံးတော့မယ်လို့ စိတ်ရောကိုယ်ပါ နှစ်နှစ်ခြိုက်ခြိုက်
ဆုံးဖြတ်ပြီးပြီဆိုရင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးများ တစ်သွေး၊
တစ်သံ၊ တစ်မိန့် ကျင့်သုံးမှုကို စွန့်လွှတ်ကြပါ။ ပြည်သူ့အသံ လွှတ်တော်အသံ၊
ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုသလို အများဆန္ဒကို လေးစားလိုက်နာ အကောင်အထည်
ဖော်စေလိုပါတယ်။ သို့မဟုတ် တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဆိုပြီး အာဏာရှင်
စနစ်ကို သွယ်ဝိုက်ကျင့်သုံး နေတာနဲ့ တူနေပါကြောင်း အသိပေးအပ်ပါတယ်။
Written by မောင်တင်ဦး (မြောင်းမြ)
No comments:
Post a Comment