Monday, December 9, 2013

Liberal Democracy

အရင်ခေတ်က ကြားနေ ဝါဒ ဆိုတာ လက်ဝဲမကျ လက်ယာမကျ အလယ်ကလူတွေကို ပြောတာလို့ နားလည်ထားရတာပေါ့။ အခုခေတ်နဲ့ပြောရရင် လစ်ဘရယ်ဝါဒီသမားတွေပေါ့။ လက်ဝဲစစ်စစ်တွေက လစ်ဘရယ်သမားတွေကို အချောင်သမားတွေလို့ပြောပြီး အချောင်သမားဝါဒလို့ ကင်ပွန်းတပ်ခဲ့တဲ့ကာလက နှစ်တရာမပြည့််သေးပါဘူး။ Ideology ပိုင်းအရ နိုင်ငံရေးအတွေးအခေါ်ပိုင်းမှာ လက်ဝဲနဲ့လက်ယာကို အပီ တစ်ဖက်ဖက်ကို မယူတာကိုပြောခဲ့ကြတာ။


အခုခေတ်ကျတော့လဲ အလယ်က Liberal Democracy သဘောပေါ့။ ဒီမိုကရေစီဘောင်မှာမှ လစ်ဘရယ်အတွေးအခေါ်ကို ဗဟိုထားပြီး လက်ယာယိမ်းဒီမိုကရက်နဲ့ လက်ဝဲယိမ်း ဒီမိုကရက်Center Right and Center Left Democrats တွေဆိုပြီး ဒီနေ့ ဒီမိုကရေစီနိုင်ငံကြီးတွေ အလုပ် လုပ်နေကြတယ်။ Far Right ခေါ် လက်ယာစွန်းတွေက ဖက်ဆစ်၊ နာဇီတွေ ဖြစ်ကြပြီး Far Left လက်ဝဲစွန်းတွေကျ ကွန်မြူနစ် ဆိုရှယ်လစ်တွေ ဖြစ်ကြတယ်။

အရင်တုန်းက ကလေးတွေ သင်ခန်းစာထဲမှာ ထည့်သင်ခဲ့ဘူးပါတယ်။ ဆိုရှယ်လစ်ခေတ်ကပေါ့လေ။ ဆိုရှယ်လစ် လက်ဝဲဆန်ဆန် အိုင်ဒီယာလေးပေါ့။ မဆလ အိုင်ဒီယာပေါ့။ "အလယ်ကလူစကားဝဲ၏" တဲ့။ ဟိုဘက်လိုလို ဒီဘက်လိုလို နဲ့ ကြားထဲကနေတတ်တဲ့လူတွေပေါ့လေ။

ရည်ညွှန်းတဲ့လူတွေက ဓနရှင်ပေါက်စ ဘူဇွာလူတန်းစားပေါ့။ အခုခေတ်လိုဆိုတော့ လူလတ် တန်းစားပေါ့လေ။ ရည်ညွန်းတာက ဒီလူတွေဟာ လက်သာရာကိုသွားတတ်တဲ့လူတွေ။ လိုအပ်ရင် ပြောင်းလဲတတ်တဲ့လူတွေ။ ဖောက်ပြန်ရေးသမား ဖြစ်လာနိုင်တဲ့လူတွေပေါ့လေ။ အဲ့လိုနဲ့ အရင်တုန်း က ကွန်မြူနစ်လက်ဝဲကြီးပိုပေါ့ အဲ့လို ကြားလူ ဆိုတဲ့သတ်မှတ်ချက်နဲ့ ကမ္ဘောဒီးယားမှာ ပညာတတ်တွေကို သတ်ဖြတ်ပစ်လိုက်တာ တိုင်းပြည်နွံထဲနစ်ခဲ့ရရှာတယ်။

အခုခေတ်ကျတော့လဲ အလယ်ဝါဒ လစ်ဘရယ်ဒီမိုကရေစီအင်အားကောင်းမှ ဖြစ်မယ်ဖြစ်လာပြန်ရော။ နောက် တစ်ချိန်က စကားဝဲတယ်လို့ ဆိုခဲ့ကြတဲ့ ဓနရှင်ပေါက်စလူတန်းစား (လူလတ်တန်းစား) နဲ့ ပညာတတ်လူတန်းစား ကို မွေးဖို့လိုတယ် ဘာညာနဲ့ ကက်ပဲစတီး တည်ဆောက်ရေးတွေ ဘာတွေ မိုးလုံးညံနေတာပါပဲ။ဒါမှ လစ်ဘရယ်ဒိမိုကရေစီ အင်အားကောင်းမယ်ပေါ့။ တိုင်းပြည်တည်ငြိမ်မယ်ပေါ့။ ပညာတတ်ဖို့လိုတယ်ပေါ့။

အဲ့လို လစ်ဘရယ်ဒီမိုကရေစီဝါဒဆိုတဲ့ အလယ်ဝါဒ ကြားဝါဒကို ခေတ်စားဖို့ တောင်းယူလို့မရ၊ တိုက်ယူမှ ရမယ်လို့ ကိုယ်တို့ဆီက လူတွေ အော်ရင်းနဲ့ တစ်ပြိုင်နက် ကြားဝါဒဆိုတာ အလကားလို့လဲ ပြောနေကြတဲ့အခါ အိုင်ဒီယိုလိုဂျီပိုင်း စံလွဲမှုတွေကို တွေ့လာရပြန်တယ်။ တစ်ကယ်က လစ်ဘရယ်ဒီမိုကရေစီဆိုတာ အလယ်ဝါဒပဲမဟုတ်လား။ အိုင်ဒီယိုလိုဂျီပြဿနာတက်ရင် ပဋိပက္ခတွေ ဖြစ်တတ်တာ တို့ဗမာအစည်းအရုံးကြီးစတည်ကတည်းက။ နောက် ဖဆပလကြီးကွဲပြိုထွက်သွားကတည်းက သမိုင်းသက်သေတွေ တပုံတပင်။

လစ်ဘရယ်ဒီမိုကရေစီဝါဒမှာ အားကောင်းတာတွေက လက်ယာစွန်းတွေရဲ့ ပြဿနာ လူမျိုးရေး၊ ဘာသာရေးစတာတွေ၊ လက်ဝဲစွန်းတွေရဲ့ ပြဿနာ ပညာတတ်မုန်းတီးရေး၊ ဓနရှင်နှိပ်ကွပ်ရေး စတာတွေကို ပယ်သင့်တာပယ်ပြီး လက်ဝဲရဲ့တန်းတူညီမျှမှုနဲ့ လက်ယာဖက်က တိုင်းပြည်ရဲ့ Integrity အတွက် နှောင်ကြိုးတွေကို လက်သင့်ခံထားတာလေးတွေပါပဲ။ ကောင်းတာလေးတွေ ယူထားတာပါပဲ။ ကလင်တန်တို့ကလဲ Center Right and Center Left တွေဆီက ကောင်းနိုးရာရာ ယူပြီး Triangulation လို့ခေါ်တဲ့ လမ်းစဉ်သစ်ခေါ် Third Way (တတိယလမ်း)ကို လုပ်လာကြပြန်တယ်။ နာမည်ကြီးတွေက တိုနီဘလဲတို့ ကလင်တန်တို့ပေါ့လေ။

အရင်ခေတ်က လက်ဝဲ ဆိုဗီယက်အရိပ်အောက်နဲ့ အရင်းရှင် အမေရိကန်အောက်မှာ ဘက်တစ်ဖက်ဖက်ကိုရွေးလို့ ပြောခဲ့ကြတယ်။ အခု ဒီပါရာဒိုင်းတွေ ပြောင်းလာပြီး အားလုံးက ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ကိုယ်နဲ့လိုက်ဖက်မယ့် အိုင်ဒီယိုလိုဂျီတွေနဲ့ ပေါင်းစပ်အသုံးချလာကြတယ်။ အ၇င် ကွန်မြူနစ် တရုတ်၊ ဗီယက်နမ်တို့ ကျင့်သုံးနေတာ ဒါပါပဲ။ State Capitalism တဲ့။ Mixed Economy တဲ့။ Capitalism စစ်စစ်ကြီးလို့လဲ ပြောရခက်ခဲမယ်။ လက်ဝဲအငွေ့တွေကျန်နေသေးတယ်။ ဒါပေမယ့် ဘက်တစ်ဖက်ဖက်မှာ ခိုလှုံမှ နိုင်ငံေ၇းရပ်တည်ချက်စစ်မှန်တယ်ဆိုတာတွေလဲ မဟုတ်ကြတော့ဘူး။ ခပ်ကြီးကြီးပြောရရင် စံနှုန်းအခြေပြုကနေ အကျိုးအမြတ်အခြေပြု ချဉ်းကပ်ပုံတွေကို ပြောင်းလာတာပေါ့။

တစ်ကယ်တမ်းတော့ အဲ့ဒါတွေက ဝါဒတွေပါ။ ဝါဒတွေအနောက်လိုက်ရင်း သူ့အုပ်စု၊ ကိုယ့်အုပ်စု ဖြစ်လာကြတော့။ လောကကြီးမှာ ဓမ္မနဲ့အဓမ္မသဘောကို ပြောရင် X-Y သင်္ချာညီမျှခြင်းနဲ့ပြောကြည့်ချင်တယ်။ ဓမ္မဟာ Horizontal Line နဲ့တူတယ်။ တစ်ဖက်သားကို ထိခိုက်အောင်လုပ်ရင် လုပ်တဲ့လူဟာ ဘယ်ဝါဒီပဲဖြစ်ဖြစ် အဓမ္မဆောင်သူပါပဲ။ လိုင်းရဲ့ အထက်မှာနေနိုင်အောင်ကျင့်ဆောင်ရင် ဓမ္မဆောင်သူ။ လိုင်းရဲ့အောက်ကိုကျအောင်ကျင့်ရင် အဓမ္မဆောင်သူ ဆိုတဲ့သဘောမျိုးပါပဲ။Vertical Line နဲ့ ခွဲထားတဲ့ အုပ်စုတွေလိုမဟုတ်ဘူး။ အုပ်စုတွေမှာကျတော့ ကိုယ့်အုပ်စုထဲက ကိုယ့်ဝါဒအတိုင်းကျုးလွန်ရင် ဓမ္မလို့ သတ်မှတ်ခဲ့ကြတာအများကိုး။ ဥပမာ ခမာနီပိုပေါ့ဟာ သူ့ဝါဒအရ ကျူးလွန်တယ်။ စတာလင်ကြီး ဆိုက်ဘေးရီးယားကို လူတွေ ပို့ပြီး သန်းပေါင်းများစွာသတ်တယ်။ သူ့ဝါဒအရ ဓမ္မနဲ့ညီတယ်ပြောနေတာပါပဲ။ တစ်ကယ်တမ်း ဟုတ်ပါ့မလား။ လောကပါလ ဓမ္မနဲ့ ညီပါ့မလား။

နိုင်ငံရေးမှာ သမုတိသစ္စာထိုက်တာကိုပြောမယ်ဆိုရင် ပြည်သူဟာ အခရာဖြစ်ပါတယ်။ ဝါဒတွေ စံနစ်တွေ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲထွက်ပေါ်လာခဲ့ကြပေမယ့် ပြည်သူကို အခြေပြုရင် နိုင်ငံရေးမှာသစ္စာကိုဆောင်တယ်လို့ ရည်ညွန်းချင်တယ်။ ဗုဒ္ဓဟော မဟာသမ္မတ ကမ္ဘာဦင်္းမင်းဟာလဲ ပြည်သူတွေကို စောင့်ရှောက်ဖို့ ပြည်သူတွေနဲ့ မင်းနဲ့ကြား ကတိကဝတ်ထားခဲ့ကြတာပဲမဟုတ်လား။


ဓမ္မနဲ့ အဓမ္မမှာ ဘယ်သူဘယ်ဝါနဲ့ ဘက်ဘက်က ဆိုတာ မရှိဘူး။ စောင့်စည်းသူနဲ့ မစောင့်စည်းသူပဲရှိတယ်။ ဝါဒနဲ့ကိုက်တဲ့ ဓမ္မ၊ အဓမ္မတွေနဲ့ မတိုက်ဆိုင်ဘဲ ပြည်သူကို ဦးတိုက်တဲ့ သစ္စာနဲ့သာ နိုင်ငံရေးရေချိန်ကိုတိုင်းတာရမယ်။ ပိုပေါ့လို အိုင်ဒီယာမျိုးနဲ့ ဓမ္မ၊ အဓမ္မပြောရင်တော့ ပြဿနာရှိမယ်ထင်ပါတယ်။ ပြည်သူအတွက် ဘယ်လောက် တွေးသလဲ ဘယ်လောက်ပြောသလဲ ဆိုတာနဲ့သာလျှင် နှိုင်းစာရမယ်။ ပြည်သူအတွက်ကြည့်တဲ့မြင်တဲ့ ပြောစကားတွေနဲ့ တစ်ဦးတစ်ယောက်အတွက် ပြောတဲ့စကားတွေဟာ မြင်းမိုရ်တောင်နဲ့ ဆီးစေ့လို ကွာခြားလှပါတယ်။


Myo Set

No comments:

Post a Comment