Friday, January 10, 2014

အသိတရားကြွယ်ဝချမ်းသာရေးအဓိက

( ဆောင်းပါးအဟောင်းပါ။ မဖတ်ရသေးသူတွေအတွက်။ တစ်ကယ်တော့ ဒီမိုကရေစီအတွက် ပဓါန အကျဆုံးကိစ္စပဲ။ အားလုံး နိုင်သလောက်ဝိုင်းလုပ်ရမယ့် အလုပ်ပါ။ )

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ပြောဆိုလေ့ရှိတဲ့ စကားတစ်ခွန်းကို ဖေါ်ပြချင်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ဆင်းရဲသားတွေ
ကိုယ်ပိုင်ကားစီးနိုင်တာကို ဆိုလိုတာမဟုတ်ဘဲ ချမ်းသာကြွယ်ဝသူတွေပါ Public Transport ( ဘတ်စ်ကားတွေ၊ မြို့ပတ်ရထားတွေ ) ကိုအသုံးပြုတဲ့ အခြေအနေကို ဆိုလိုတာပါတဲ့။

ဒီစကားလေးက အပေါ်ယံကြည့်ရင် ဘာမှမဟုတ်သလိုထင်ရပေမယ့် သေသေချာချာစဉ်းစားလေ နက်နဲလေ၊ အဓိပ္ပါယ်ရှိလေဆိုတာ တွေ့ရပါတယ်။ သာမန်အားဖြင့်ကြည့်ရင်
မိသားစုတိုင်းကားပိုင်ဝယ်စီးနိုင်တဲ့အနေအထားကို ရောက်ရင်
တိုင်းပြည် ချမ်းသာပြီလို့ ထင်ရပါတယ်။ ကားဝယ်စီးနိုင်ပြီဆိုတာ
ကြွယ်ဝချမ်းသာတဲ့ သင်္ကေတလို့ ထင်ရပါတယ်။ ဒါပေမယ့်
တိုင်းပြည်တစ်ပြည် အမှန်တစ်ကယ်ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ အဲဒီတိုင်းပြည်က
လူထုတစ်ရပ်လုံးရဲ့ အသိတရား၊ လူ့အဖွဲ့အစည်းအပေါ်တာဝန်ကျေမှု
ယဉ်ကျေးမှုမြင့်မားမှု စတာတွေနဲ့သာ တိုင်းတာလို့ ရမယ်ဆိုတာ အထက်ဖေါ်ပြပါ
စကားရပ်လေးက ဖေါ်ပြနေပါတယ်။

လူတွေ တာဝန်သိတတ်တဲ့အခါ ယဉ်ကျေးမှုမြင့်မားတဲ့အခါ လူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ လူတိုင်းမှာရှိကိုရှိရမယ့် အသိတရားတွေပြည့်ဝသွားတဲ့အခါမှာ အဲဒီတိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ပြီလို့ပြောလို့ရနိုင်ပြီး အဲဒီဖွံ့ဖြိုးတိုးတက်မှုဟာလည်း ရေရှည်တည်တံ့
ခိုင်မြဲနိုင်မယ်ဖြစ်ပါတယ်။အသိတရားအဆင့်အတန်း (အထက်တန်းကျကျ) ပြည့်မီတဲ့ လူ့အဖွဲ့အစည်းတွေမှာ ချမ်းသာကြွယ်ဝသူတွေကလည်း ငါတော့ချမ်းသာတာပဲ
ငါ့ငွေငါသုံးချင်သလိုသုံးမယ် ငါ့ဘာသာ စည်းစိမ်ခံတာ ဘယ်သူ့ ဂရုစိုက်ရမလဲဆိုတဲ့ အတွေးအခေါ်မျိုးတွေ
မရှိသလောက်နည်းပါးသွားလေ့ရှိပါတယ်။ ကိုယ်ပိုင်ကားကိုစီးမယ့်အစား
ချမ်းသာဆင်းရဲမရွေး ဘတ်စ်ကားတွေ ရထားတွေ စီးရကောင်းမှန်းသိကြပါတယ်။
ငါ့ကားနဲ့ကိုယ်တိုင်မောင်းသွားရင် ငါတစ်ယောက်စာနဲ့ လမ်းပေါ်မှာ
ကားတစ်စီးတိုး မှာဆိုတော့ လမ်းပိတ်ဆို့အောင်လုပ်သလိုဖြစ်မယ်။ ဆီလည်းကုန်တော့
ငါ့ဘတ်ဂျက်လည်းထိခိုက်မယ်။ ငါ့ကား အိပ်ဇောပိုက်က
ကာဘွန်ဒိုင်အောက်ဆိုဒ်ထွက်ရင် အိုဇုန်းလွှာ ပျက်စီးအောင် လုပ်သလိုဖြစ်ပြီး ငါသေတဲ့အခါ
နောက်ပိုင်းလူလုပ်မယ့် မျိုးဆက်တွေအတွက် ဒုက္ခပေးသလိုဖြစ်မယ် ။
ဘတ်စ်နဲ့သွားရင် တွက်ခြေလည်းကိုက်တယ်၊ လမ်းပေါ်မှာ ငါ့ကားတစ်စီးလျော့သွားတော့ အများပြည်သူသွားလာနေတဲ့ ဘတ်စ်တွေ ပိုခရီးတွင်လို့ လူ့အဖွဲ့အစည်းကို ကူညီရာလည်းရောက်မယ်။
ငါဆီဖိုးအကုန်သက်သာသလို နိုင်ငံခြားက ဆီဝယ်ရတာလည်း သက်သာသွားမယ်။ တတ်နိုင်သလောက်
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်းရောက်မယ် စသဖြင့် တွေးတဲ့ လူချမ်းသာတွေ များလာပါတယ်။ အဲဒီအခြေအနေကို ရောက်အောင်အသိတရား ဖွံ့ဖြိုးတိုးတက်ခြင်းကသာ
ဖန်တီးတည်ဆောက်ပေးနိုင်တာပါ။

ကိုယ်ပိုင်ကားရှိတာချင်းအတူတူ ကားပိုကြီးတာချင်း ဈေးပိုကြီးတာချင်းပြိုင်နေကြတဲ့ ရေပေါ်ဆီတွေပဲ ရှိနေသေးတဲ့ တစ်နည်းအားဖြင့် ယဉ်ကျေးမှုလည်းနိမ့် ၊ လူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့
ကိုယ့်မှာရှိနေတဲ့တာဝန်ကိုလည်းမသိကျိုးကျင်ပြု၊ အသိတရားလည်းခေါင်းပါးကြတဲ့ လူချမ်းသာမျိုးတွေသာ များနေသေးတဲ့ ကျွန်တော်တို့တိုင်းပြည်မှာတော့ အခုကျွန်တော်ပြောနေတဲ့ အကြောင်းအရာတွေကို
ရယ်စရာသက်သက်လို့မြင်နေတဲ့သူတွေ များနေဦးမှာပါပဲ။ သေချာတာကတော့ အဲသလို
ခပ်ညံ့ညံ့သဘောထားရှိသူတွေများနေသေးသရွေ့ အမှန်တစ်ကယ် ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင်တစ်ခုကိုဘယ်တော့မှ ထူထောင်တည်ဆောက်လို့မရနိုင်ဘူးဆိုတာပါပဲ။

ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုပဲ အဓိကထား လုပ်ဆောင်မယ်ဆိုလို့ကတော့ အသိတရားတွေချွတ်ခြုံကျနေသရွေ့ အဲဒီဖွံ့ဖြိုးမှုဟာ သေချာပေါက် ပြန်လည်ပျက်စီးဆုံးရှံးမှာပါပဲ။
အခု ကျွန်တော်တို့တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတော့အမှန်ပါ။ နိုင်ငံရေး၊စီးပွားရေး
တိုးတက်ဖြစ်ထွန်းမှုတွေ ရှိတန်သလောက်ရှိလာပါပြီ။ တိုင်းပြည်ကို စိတ်ဝင်စားတဲ့ နိုင်ငံတွေ
၊နိုင်ငံတကာစီးပွားရေးကော်ပိုရေးရှင်းကြီးတွေ ဆိုတာလည်း မယုံနိုင်လောက်အောင်များပြားလွန်းနေပြီး တိုင်းပြည်ရဲ့ ရေခံမြေခံကလည်းတအားကောင်းနေလေတော့ မကြာခင်မှာ စီးပွားရေး (
ရုပ်ပိုင်းဆိုင်ရာ) ဖွံ့ဖြိုးတိုးတက်မှုတွေကို သေချာပေါက်မြင်တွေ့ရတော့မှာပါ။

ဒါပေမယ့် စောစောက ကျွန်တော်ပြောတဲ့ လူထုမှာရှိကိုရှိရမယ့် 
အသိတရားတွေ၊ယဉ်ကျေးမှုတွေ၊ တာဝန်သိမှုတွေရှိလာအောင် လုပ်တဲ့နေရာမှာတော့
အားနည်းနေသေးတာတွေ့ရပါတယ်။ပြုပြင်ပြောင်းလဲရေးတွေ လုပ်တော့မှပဲ
အခြေအနေတွေက ပိုဆိုးလာလေသလားလို့ခံစားမိပါတယ်။
လမ်းတွေပေါ်မှာ ဘတ်စ်ကားဖြစ်ဖြစ် ၊ ကိုယ်ပိုင်ကားဖြစ်ဖြစ်၊ တက္ကစီဖြစ်ဖြစ်၊
ဆိုက်ကားဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် ပိုပြီး စည်းကမ်းပျက်လာပါတယ်။တစ်ယောက်နဲ့တစ်ယောက် အရင်
ဦးအောင် ဆဲဆိုကြိမ်းမောင်းတဲ့အသံတွေ ညံနေပါတယ်။ ကားကိုတရကြမ်းမောင်း
ယဉ်တိုက်မှုဖြစ်တော့ ကားပေါ်ကဆင်းပြေးဆိုတဲ့ယဉ်ကျေးမှုကလည်း
ပိုခိုင်မာလာသလိုပါပဲ။မော်တော်ယဉ်စည်းကမ်းထိန်းသိမ်းရေးတာဝန်ယူထားသူအပေါင်းကလည်း နေ့စဉ်ရတဲ့ ဆက်ကြေးကိုပဲ စိတ်ဝင်စားနေကြတုန်းပါ။ စပယ်ယာတွေကလည်း ခရီးသည်ကို စော်ကားဖို့
နေ့စဉ်နဲ့အမျှ လက်တွေ့ လေ့ကျင့်ခန်းဆင်းနေကြဆဲပါ။

လူ့အဖွဲ့အစည်းအတွင်းမှာလည်း သည်းခံတဲ့ ယဉ်ကျေးမှုက ပါးလျားလာပါပြီ။
ဆတ်ဆတ်ထိမခံဖြစ်လာသလိုပါပဲ။ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးနဲ့
ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေဆဲပါ။ တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းရမယ့်အစား နည်းနည်းမှားရင် ဒုတ်ဆွဲ ဒါးဆွဲ ပိုလုပ်လာပါတယ်။ အတ္တတွေလည်း ထူထဲလာသလို မြင်တွေ့နေရပါတယ်။
ကောင်းတူဆိုးဘက် ငြိမ်းချမ်းစွာ ခံစားစံစားကြမယ်ဆိုတဲ့ အသိကို အားလုံးက
သိဖို့ တော်တော်တော့ ခဲရာခဲဆစ်လုပ်ကြရပါလိမ့်ဦးမယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်တဲ့
စိန်ခေါ်မှုတွေကို အားလုံးက တာဝန်သိသိ ယဉ်ယဉ်ကျေးကျေး ရင်ဆိုင်ကျော်လွှားဖို့ မလုပ်ကြဘဲနဲ့ ပြီးပြည့်စုံတဲ့ ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုံးဝမျှော်မှန်းလို့မရ နိုင်ဘူးဆိုတာ
သတိပေးပါရစေ။(ဒီမိုကရေစီမရနိုင်ဘူးလို့ ဆိုလိုတာပါ။) တရားဥပဒေစိုးမိုးရေးဆိုတာ အားလုံးက တည်ဆောက်ယူရမယ့် လုပ်ငန်းတာဝန်ဖြစ်ပါတယ်။
မတရားတဲ့ ဥပဒေတွေပပျောက်ရေး ဝိုင်းလုပ်ကြဖို့လိုသလို ဥပဒေများကို လေးစာလိုက်နာရေးဟာလည်း လူထုမှာရှိရမယ့် အသိတရားရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့နေရာမှာ ထိရောက်မှုမရှိသေးခြင်း၊ လူထုအသိပညာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ အလေးပေးဆောင်ရွက်နိုင်မှုမရှိသေးခြင်း စတာတွေက
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေတဲ့ အလုပ်တွေနဲ့ လိုက်လျောညီထွေ
မဖြစ်သေးတဲ့ အခြေအနေလို့ဆိုရမယ်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့
စိတ်ပိုင်းဆိုင်ရာစွမ်းအား ( Mental Capacity ) ကို တစ်ပြိုင်ထဲ တည်ဆောက်ဖို့ ပျက်ကွက်နေပါသေးတယ်။ ဒါဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
တစ်ဘက်ကအားသွန်ခွန်စိုက်ကြိုးစားနေပြီး တစ်ဘက်ကကျတော့
ချွတ်ခြုံကျမတတ်ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေကို ပြန်လည်မြှင့်တင်ဖို့
နှေးကွေးနေခြင်းဟာ အဲဒီဖွံ့ဖြိုးတိုးတက်မှုကို တစ်ချိန်မှာ
ပြိုကျပျက်စီးသွားအောင် လုပ်နေတာနဲ့ အတူတူပါပဲ။

ဖွံ့ဖြိုးတိုးတက်တဲ့လူ့ဘောင် တစ်နည်းအားဖြင့် ဒီမိုကရက်တစ်လူ့ဘောင်နဲ့
လိုက်လျောညီထွေတဲ့ အသိတရားတွေအပြည့်အဝရှိတဲ့ လူထုဖြစ်အောင် အားလုံးက
ဝိုင်းဝန်းကြိုးစားတည်ဆောက်ကြဖို့ ပျက်ကွက်နေ နှောင့်နှေးနေကြမယ်ဆိုရင် ကျွန်တော်တို့ လုပ်နေတဲ့နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ခြင်းက
တစ်ချိန်မှာ သဲထဲရေသွန် ဖြစ်မှာမုချပါ။ ဒီမိုကရေစီစရိုက် ပီပြင်တဲ့လူထုဖြစ်အောင် တည်ဆောက်ပြုပြင်ဖို့က အစိုးရများမှာလည်းတာဝန်ရှိသလို နိုင်ငံရေးပါတီတွေမှာလည်းတာဝန်ရှိပါတယ်။
အရပ်ဘက် အဖွဲ့အစည်းတွေမှာတာဝန်ရှိသလို လူထုကိုယ်တိုင်မှာလည်း
လိုက်ပါပြောင်းလဲဖို့တာဝန်ရှိပါတယ်။ ဒီမိုကရေစီလူ့ဘောင်နဲ့ လိုက်လျောညီတွေတဲ့ အသိတရားများပြည့်ဝတဲ့ လူထုကြီးဖြစ်အောင်ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဆိုတဲ့ အလုပ်က
ရွေးကောက်ပွဲတွေထက်အရေးပိုကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့ထက် အများကြီးပိုအရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ( အသိတရား ) အဆင့်အတန်းပြည့်မီတဲ့ လူထုရှိမှသာ
တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ တည်တံ့နိုင်မယ်ဖြစ်ပြီး စဉ်ဆက်မပြတ်လည်း တိုးတက်နေနိုင်မယ်ဖြစ်ပါတယ်။ ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့ ချမ်းသာကြွယ်ဝမှုလည်းဖြစ်နိုင်မယ်ဖြစ်ပြီး တခြားနိုင်ငံများအားလုံးရဲ့ အထင်ကြီးလေးစားမှုကိုလည်း ရရှိနိုင်မယ်ဖြစ်ပါတယ်။

ဒီတော့ အသိတရားမြင့်မားပြီးတာဝန်သိတဲ့ လူထုကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းတဲ့ အလုပ်ကို မေ့လျော့ပေါ့ဆမနေဘဲ အထူးအလေးပေးဆောင်ရွက်ကြဖို့ ၊ဖြစ်နိုင်ရင်
ရုပ်ပိုင်းဆိုင်ရာချမ်းသာကြွယ်ဝရေး ကြိုးစားလုပ်ဆောင်တာထက် ၊ နိုင်ငံရေးကို အပြည့်အဝကောင်းမွန်ပြည့်စုံရေး ကြိုးစားလုပ်ဆောင်တာထက် ၊ လူထုရဲ့
စိတ်ပိုင်းဆိုင်ရာစွမ်းပကားများပြန်လည်ပြည့်မီကြွယ်ဝလာပြီး
ဒီမိုကရေစီအသိတရားများ ရင့်ကျက်စွာပြည့်စုံလာစေရေး ပိုမိုဦးစားပေး
ကြိုးပမ်းကြစေလိုပါကြောင်း တိုက်တွန်းပြောကြားလိုက်ရပါတယ်။ ။
ပိုက်တင်

No comments:

Post a Comment