Wednesday, January 15, 2014

အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ အနှောက်အယှက်များ

“ပြတင်းပေါက်တွေကိုဖွင့်လိုက်ပါ။ လေကောင်းလေသန့်တွေကို ခံစားရလိမ့်မယ်။ ဒါပေမယ့် လေကောင်းလေသန့်တွေနဲ့အတူ အမှိုက်သရိုက်တွေလည်း ပါလာနိုင်ပါတယ်” လို့ တိန့်ရှောင်ဖိန်ပြောခဲ့ဖူးတယ်။ အခုတလော ဖေ့ဘွတ်ပေါ်မှာ လူထုခေါင်းဆောင်ကိုအကာအကွယ်ယူကာ ဒီမိုကရေစီဘက်တော်သားတွေလို့ ကိုယ့်ကိုကိုယ်အမည်တပ်ပြီး အပြင်းအထန်ဝါဒဖြန့်တိုက်ခိုက်မှုတွေလုပ်နေတဲ့ ဒီမိုဖက်တီးနဲ့ခွန်ဒီးယမ်တို့လို လူတွေကို မြင်တွေ့ရတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ တိန့်ရှောင်ဖိန်ပြောခဲ့ဖူးတဲ့ စကားကိုသွားသတိရမိတယ်။ လူမှုကွန်ရက်အထူးသဖြင့် ဖေ့ဘွတ်(Facebook) တွင်ကျယ်လာတာဟာ အတိုင်းထက်အလွန်ကောင်းမွန်ပါတယ်။ သတင်းတွေအများကြီးကို အချိန်တိုလေးအတွင်းမှာ သိလာနိုင်တယ်။ လူပေါင်းစုံတဲ့နေရာဖြစ်တဲ့အတွက် သူများအတွေးအခေါ် အသိအမြင်တွေကိုတစ်နေရာတည်းမှာ စုစည်းသိရှိနိုင်သလို ကိုယ့်အတွေးအခေါ် အသိအမြင်တွေကိုလည်း လူအများသိအောင်ဖြန့်ဝေပေးနိုင်တယ်။ ဒါပေမယ့် အဲဒီကောင်းကျိုးတွေဟာ လေကောင်းလေသန့်ဆိုရင် လူမှုကွန်ရက်ရဲ့ အကျိုးသက်ရောက်မှုကို တလွဲအသုံးချပြီး ကိုယ့်ရေးသားမှုကို တာဝန်ယူခြင်းမရှိတဲ့သူတွေရဲ့ အစွန်းရောက်တိုက်ခိုက်မှုတွေကတော့ လေကောင်းလေသန့် အတူရောပါလာတဲ့ အမှိုက်သရိုက်တွေပဲပေါ့။

ဟိုအရင်တုန်းကတည်းက ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ အခိုင်မာဆုံးအင်စတီကျူးရှင်းနှစ်ခုရှိပါတယ်။ စစ်တပ်နဲ့ သံဃာ့အဖွဲ့အစည်းပါ။ မြန်မာပြည်မှာ စစ်တပ်ဟာ အင်အားငါးသိန်း၊ သံဃာ့အဖွဲ့အစည်းဟာ အင်အားငါးသိန်းရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီအင်အားကောင်းလာနိုင်ဖို့အတွက် အင်စတီးကျူးရှင်းတွေရဲ့အင်အားကောင်းဖို့လိုအပ်ပြီး အချင်းချင်းအပြန်အလှန်ထိန်းညှိပေးဖို့လိုအပ်ပါတယ်။ အခုလက်ရှိအချိန်ထိ ဒီအင်စတီကျူးရှင်းနှစ်ခုရဲ့ အင်အားနဲ့စည်းလုံးမှုအပေါ်ကို ယှဉ်ပြိုင်နိုင်မယ့် အဖွဲ့အစည်းမပေါ်ထွက်လာနိုင်သေးဘူး။ အင်အားငါးသိန်းရှိတဲ့စစ်တပ်ဟာ မဲပေးခွင့်ရှိသလို သူတို့နောက်မှာတွဲရက်ပါလာမယ့် မိသားစုဝင်အင်အားကိုပါထည့်တွက်မယ်ဆိုရင် အနည်းဆုံးတစ်သန်းရှိနိုင်ပါတယ်။ နောက်တစ်ခုက သံဃာ့အဖွဲ့အစည်းပါ။ သံဃာတော်တွေဟာ နိုင်ငံရေးမှာ တိုက်ရိုက်မဲပေးခွင့်မရှိပါဘူး။ ဒါပေမယ့် ဘာသာရေးကိုင်းရှိုင်းတဲ့မြန်မာနိုင်ငံမှာ သံဃာတွေဟာမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၇၀ရာခိုင်နှုန်းလောက်ထိရှိနိုင်တဲ့ ကျေးလက်ပြည်သူတွေအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ ကျေးလက်တောရွာတွေမှာ သံဃာတော်တွေဟာ ဆုံးမပြုပြင်သူတွေ၊ လမ်းညွှန်သင်ကြားပေးသူတွေပါ။ မြန်မာ့နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ခွင့်မရှိဘူးဆိုပေမယ့် သံဃာ့အသိုင်းအ၀ိုင်းဟာ နိုင်ငံရေးအပြောင်းအလဲမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတာကို ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟာ အထင်အရှားပါ။ အရင်တုန်းကတည်းက သံဃာအဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လိုလားလက်ခံကြတယ်။ ဒီအကြောင်းဟာ NLD အတွက် ၁၉၉၀နဲ့ ၂၀၁၂ Landslide နိုင်ရခြင်းရဲ့ အကြောင်းရင်းတွေဖြစ်လာပါတယ်။

ဒါပေမယ့်အခုတော့ ဖေ့ဘွတ်ပေါ်မှာ NLD၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နီးစပ်သူအသိုင်းအ၀ိုင်းလို့ အများကထင်မြင်ယူဆခြင်းခံထားရတဲ့ ဒီမိုဖက်တီးနဲ့ ခွန်ဒီးယမ်လိုမျိုးသုံးစွဲသူတွေဟာ မြန်မာနိုင်ငံမှာ အခိုင်မာဆုံးလို့ ဆိုရမယ့် အင်စတီကျူးရှင်းနှစ်ခုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်စိန်ခေါ်နေပါတယ်။ ပထမဆုံး အမျိုးသားရေးဝါဒီဦးဝီရသူကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် အချိန်ကြာမြင့်စွာ အားပေးထောက်ခံမှုပြုလုပ်ခဲ့တဲ့ သံဃာထုအပေါ်ကို ရိုင်းစိုင်းစွာပုတ်ခတ်မှုပြုလုပ်လာခဲ့တဲ့အတွက်ကြောင့် ဘာသာရေးကိုင်းရှိုင်းသူအများစုနေတဲ့မြန်မာနိုင်ငံမှာ လူထုထောက်ခံမှုများစွာဆုံးရှုံးစေခဲ့ရတယ်။ အမျိုးသားရေးဝါဒကို အစွန်းရောက်ဝါဒအဖြစ်ပုံဖော်ကာ အမျိုးသားရေးဝါဒီဖြစ်တဲ့ သံဃာတော်တွေရဲ့ အမျိုးစောင့်ဥပဒေလှုပ်ရှားမှုနဲ့ပတ်သက်ပြီး “ကတုံးတွေဟာ ဥပဒေရဲ့အထက်မှာရှိနေလို့လား” ဆိုတဲ့အသုံးအနှုန်းတွေနဲ့ပါ သံဃာ့အသိုင်းအ၀ိုင်းကိုစော်ကားခဲ့တဲ့အတွက် ဗုဒ္ဓဘာသာဝင်အများစုကြားမှာ ဒေါသထွက်စေခဲ့တယ်။ သံဃာနဲ့ထိပ်တိုက်တိုးပြီး အခုနောက်ပိုင်းမှာတော့ အတိုက်အခံဆိုတဲ့ ဒီမိုတွေဟာ နောက်ထပ်ခိုင်မာတဲ့အင်စတီကျူးရှင်းဖြစ်တဲ့ စစ်တပ်နဲ့ ထပ်ထိပ်တိုက်တိုးပါတယ်။ လက်ရှိနိုင်ငံရေးအပြောင်းအလဲမှာ အနေအထိုင်မှန်နေသေးတဲ့စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ရိုင်းစိုင်းတဲ့အောက်လုံးအသုံးအနှုန်းတွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ပြီး NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အတွက် နောက်ထပ်ရင်ဆိုင်ရမယ့် စစ်မျက်နှာအသစ်အဖြစ်ဖန်တီးယူပါတယ်။ စစ်တပ်နဲ့ သံဃာ့အဖွဲ့အစည်းအပြင် ဒီလူတွေဟာ ဒီမိုကရေစီတိုက်ပွဲမှာ မဟာမိတ်ဖြစ်ခဲ့တဲ့တခြား ၈၈နဲ့ တိုင်းရင်းသားပါတီလိုအတိုက်အခံအဖွဲ့တွေ၊ မီဒီယာတွေကိုပါ မောက်မာတဲ့အသုံးအနှုန်းတွေနဲ့ ပုတ်ခတ်တိုက်ခိုက်မှုတွေလုပ်ပြီး NLD ကို ထောက်ခံနေသူတွေနဲ့ တဖြည်းဖြည်းကင်းကွာလာအောင်လုပ်ပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်သူလို့ သူတို့အမြင်မှာ ထင်မြင်ယူဆသူတွေအကုန်လုံးကို စည်းလွတ်ဝါးလွတ် အုပ်စုလိုက်ဝိုင်းဝန်းအပုတ်ချမှုတွေလုပ်ကြပါတယ်။

NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားပြီး ဒီလိုပရမ်းပတာပြောဆိုမှုတွေပြုလုပ်နေတဲ့သူတွေ ရှင်းရှင်းလင်းလင်းစဉ်းစားရမယ့်အချက်က တစ်ခုတည်းရှိပါတယ်။ ကိုယ့်ဘက်ပါအောင် စည်းရုံးမှာလား ကိုယ့်ကိုဆန့်ကျင်လာအောင် တိုက်ခိုက်မှာလားဆိုတာပါ။ ကိုယ့်ခေါင်းဆောင်ကိုတကယ်ချစ်လို့ တကယ်အလုပ်လုပ်ပေးချင်တယ်ဆိုရင် ကိုယ့်ရန်သူတွေ၊ ကိုယ့်ကိုမထောက်ခံသေးတဲ့သူတွေကို ကိုယ့်ဘက်ပါလာအောင်၊ ထောက်ခံလာအောင် စွဲဆောင်စည်းရုံးရမှာပါ။ ကိုယ့်ဘက်ကိုနဂိုထောက်ခံနေသူတွေကို ရန်သူတွေဖြစ်သွားအောင် တိုက်ခိုက်ရမှာမဟုတ်ပါဘူး။ ကိုယ်နဲ့ နီးလာအောင်လုပ်ရမှာပါ၊ ဝေးသွားအောင်လုပ်နေတဲ့နည်းဟာ ဘယ်လိုမှ လူထုအားကိုရနိုင်မယ့်နည်းလမ်းမဟုတ်ဘူး။ ဒီအချိန်ဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အခြေခံဥပဒေပြင်ဆင်ဖို့လိုမျိုးကိစ္စတွေအတွက် ရနိုင်သမျှအားအကုန်လုံးကို စုစည်းရယူရမယ့်အချိန်ပါ။ အဲလိုရတဲ့အားကို စုစည်းယူနေရမယ့်အစား ဒီလူတွေဟာ ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးတွေကိုကအစ ပြဿနာအကြီးကြီးချဲ့ပြီး NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘက်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ထိပ်တိုက်ရင်ဆိုင်ရအောင်လုပ်နေတယ်၊ ထောက်ခံအားပေးသူတွေကို ဆုံးရှုံးနေစေပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တော်လှန်ရေးကာလမှာ အချိန်အတော်ကုန်ခဲ့ရပြီးပြီ။ ကျွန်တော်တို့တော်လှန်ရေးလုပ်နေတဲ့အချိန်မှာ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေ၊ ကိုယ့်အောက်နိုင်ငံတွေအကုန်လုံး ပြန်လည်တည်ဆောက်ရေးလုပ်ပြီး ကျော်တက်သွားခဲ့ကြပြီ။ တော်လှန်ရေးကာလမှာသုံးခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အလုံးစုံပျက်သုဉ်းရေးဟာ နိုင်ငံအတွက်အကျိုးမရှိဘူးဆိုတာ နှစ်ပေါင်းများစွာသာဓကရပြီးသားပါ။ အခုချိန်မှာလည်း နောက်တစ်ခေါက် ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ထိုင်းနိုင်ငံလို လူထုကိုလမ်းပေါ်ထွက်သွေးမြေကျအောင်တော့ ထပ်မလုပ်ပါနဲ့တော့။ အခုချိန်ဟာ တော်လှန်ရေးအတွက် အချိန်မဟုတ်တော့ဘူး။ အမျိုးသားပြန်သင့်မြတ်ရေးနဲ့ တည်ဆောက်ရေးအချိန်ဖြစ်သင့်ပါပြီ။ အခု အစိုးရနဲ့ အတိုက်အခံအဖွဲ့တွေအကြား၊ တိုင်းရင်းသားအဖွဲ့တွေအကြား ယုံကြည်မှုတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို စလုပ်နေပြီ။ ဒီလိုအချိန်မှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ တခြားဘယ်သူမှမကောင်းဘူးဆိုတဲ့သဘောမျိုးနဲ့ ၀န်းရံပေမယ့်အဖွဲ့လား၊ စည်းရုံးရမယ့်အဖွဲ့လား မခွဲခြားဘဲ ရှိရှိသမျှအားလုံးကို ကျားနာတစ်ကောင်လို မြင်မြင်သမျှတိုက်ခိုက်ပစ်နေခြင်းဟာ ယုံကြည်မှုတည်ဆောက်ရေးကိုပျက်ပြားစေနိုင်သလို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်အပေါ်မှာလည်း ပြင်းပြင်းထန်ထန်ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။

မပြေးသော်လည်းကန်ရာရှိဆိုသလိုပဲ သူတို့ဟာ NLD၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဘယ်လောက်ပဲ မပတ်သက်ပါဘူးလို့ဆိုဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့ အများသူငါမရနိုင်တဲ့သတင်းတွေ ဓာတ်ပုံတွေတင်နေတာ၊ ဒီမိုဖက်တီးလို့အများစုယုံကြည်နေကြတဲ့ လက်တွန်းလှည်းပေါ်ကအမျိုးသမီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ဓာတ်ပုံတွေ ပျံ့နှံ့နေတာ။ ဒါတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့တွေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆက်စပ်မှုရှိနေပါလားဆိုပြီး စစ်တပ်အသိုင်းအ၀ိုင်းရော ကျန်တဲ့အသိုင်းအ၀ိုင်းတွေရောကို ယုံကြည်စေပါတယ်။ ဒီအတွက် သူတို့လုပ်ရပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဘော်လို့ ထင်မိကြမှာပါပဲ။ သူတို့တွေရဲ့ စည်းလွတ်ဝါးလွတ် ပြောဆိုလုပ်ဆောင်မှုတွေကြောင့် တချို့သဘောထားပျော့ပြောင်းတဲ့ စစ်တပ်အသိုင်းအ၀ိုင်းကလူတွေကြားမှာလည်း ပူးပေါင်းနိုင်ပါ့မလားဆိုတာကို သံသယတွေဝင်လာစေတယ်။ ဒီလိုပဲ သံဃာ့အသိုင်းအ၀ိုင်းကရဟန်းတွေ၊ ဘယ်အဖွဲ့ကို ထောက်ခံရမလဲဆိုတာ လေ့လာစောင့်ကြည့်နေဆဲ သဘောထားအလယ်အလတ်ရှိသူတွေအကုန်လုံးကိုပါ ရန်သူတွေအဖြစ် ဖန်တီးယူရင်း NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်နေတဲ့ အားပေါင်းများစွာကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါတွေကို ပြတ်ပြတ်သားသားပြုပြင်ရှင်းလင်းမှုမလုပ်ဘူးဆိုရင်တော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ခုနှစ်မှာ အလွန်ခက်ခဲတဲ့အတားအဆီးတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
 
Thurein Hlaing Win

No comments:

Post a Comment