စီးပွားရေးလား နိုင်ငံရေးလား
( ပိုက်တင် )
အတိုက်အခံနဲ့ အစိုးရ ကြား ရင်ကြားစေ့ရေးဟာ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းကာလမှာ
မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပြီး အချိန်တိုအတွင်း
အမျိုးသားစည်းလုံးညီညွတ်ရေးအဆင့် တက်လှမ်းနိုင်တော့မလိုနဲ့ အခုဆိုရင် တဖြည်းဖြည်း အခြေအနေက အနှုတ်လက္ခဏာဘက်ကို ဦးတည်ရွေ့လျားလာနေပြီး ဒီအချက်ကို နှစ်ဘက်စလုံးက အလေးအနက် စဉ်းစားသုံးသပ်မှသာ၊ ကောင်းမွန်တဲ့ အခြေအနေပြန်ရအောင်စိတ်ရှည်လက်ရှည်နဲ့
ပြန်လည်ဦးတည်ဆောင်ရွက်မှသာ ဒီမိုကရေစီတည်ဆောက်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းကြောင်းပေါ်က ချော်ထွက်မသွားအောင် ထိန်းထားနိုင်မှာဖြစ်သလို ရည်မှန်းသလောက် ပေါက်မြောက်ဖို့ ဖြတ်သန်းရမယ့်အချိန် လိုတာထက်
ပိုကြာမသွားအောင်လည်း ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
ဒေါ်စု ရဲ့ရည်ရွယ်ချက်ကို သုံးသပ်လို့ရသလောက် စီးပွားရေးကို ခန ထား၊
နိုင်ငံရေးကို အရှိန်မြှင့်ပြီးပြောင်း စံနှုန်းပြည့် ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် တည်ဆောက်ပြီးမှ
ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်စဉ်းစား ဆိုတဲ့ စိတ်ကူးစိတ်သန်း ကို အခြေခံထားတာတွေ့ရပါတယ်။ တစ်ဖက်မှာ အစိုးရနဲ့ တပ်က တော့ နိုင်ငံရေးကို အချိန်များများယူပြီး တစ်ဆင့်ချင်း တိုးတက်ပြောင်းလဲလာအောင် တည်ဆောက် ၊ စီးပွားရေးကိုတော့ ရွက်ကုန်ဖွင့်
အရှိန်အဟုန်အမြင့်ဆုံးနဲ့ တိုးတက်အောင်တည်ဆောက် ဆိုတဲ့ စိတ်ကူးကို
အခြေခံထားတဲ့ ရည်ရွယ်ချက်ပါ။
သေသေချာချာကြည့်ရင် ဒီရည်ရွယ်ချက် နှစ်ခုက တစ်ခုကိုတစ်ခု
ဆန့်ကျင်ဘက်ဖြစ်နေပြီး ဒါဟာ သာမန်ကိစ္စမဟုတ်ဘဲ
ရင်ကြားစေ့ရေး အဲဒီက တစ်ဆင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့
အဲဒီကတစ်ဆင့် ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေး
အောင်မြင်အောင်တည်ဆောက်နိုင်ဖို့ အကြီးအကျယ် အဟန့်အတားဖြစ်နေတယ်ဆိုတာ
သတိပြုကြဖို့လိုနေပြီဖြစ်ပါတယ်။
အဲဒီရည်ရွယ်ချက် နှစ်ခုစလုံးမှာ အောင်မြင်အောင် အကောင်းအထည်ဖော်နိုင်ဖို့
မဖြစ်နိုင်အောင် အဟန့်အတားဖြစ်နေတဲ့ အခြေခံအကြောင်းတရားတွေ အသီးသီးရှိနေတာဟာလည်း နိုင်ငံတော်နဲ့ လူထုရဲ့
တိုးတက်ကောင်းမွန်မှု ဖြစ်ထွန်းပေါ်ပေါက်ဖို့
မလွယ်ကူသေးဘူး ဆိုတဲ့ သဘောဖြစ်နေတာကြောင့် နှစ်ဘက်စလုံးက
အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီး ပြင်သင့်တာပြင်
လျှော့သင့်တာလျှော့ဖို့မလုပ်ဘဲ ဘယ်ဘက်ကမှ လွယ်လွယ်ကူကူနဲ့
ကိုယ်မျှော်မှန်းသလို ပေါက်မြောက်အောင်မြင်အောင်
အကောင်အထည်ဖော်နိုင်မယ့် အခြေအနေမရှိပါဘူး။
ဒေါ်စု ရည်ရွယ်သလို နိုင်ငံရေးကိုအရင်တည်ဆောက်ဖို့
အခြေခံလိုအပ်ချက်တွေလည်းမပြည့်စုံသေးတာကို လက်တွေ့ကျကျ
ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ လေးပွင့်ဆိုင်တောင်းဆိုမှု
မအောင်မြင်တဲ့နောက်ပိုင်း လူထုတွေ့ဆုံပွဲတွေမှာ အစိုးရနဲ့တပ်ကို
စိတ်ခေါ်မှုတွေအရှိန်မြှင့်ဆောင်ရွက်လာခြင်းက
ရင်ကြားစေ့ရေးမျှော်လင့်ချက်ကိုရော အခြေခံဥပဒေ( အတိုက်အခံတို့
လိုလားသလောက်၊ ဒီမိုကရေစီစံနှုန်းကိုက် အဆင့် ) ပြင်ဆင်နိုင်ရေး ပိုမို
ခက်ခဲစေမှာဖြစ်ပါတယ်။ ဒေါ်စုပြောသလို ဘယ်လိုနည်းနဲ့မှ ပြင်မရရင်
လူထုအားနဲ့ပြင်မယ်ဆိုတဲ့ ပြောဆိုမှုကလည်း လက်တွေ့မှာ လူထုအင်အားနဲ့ပြင်ဆင်လို့ရနိုင်ဖို့ရာ
မျှော်လင့်ချက် နည်းလွန်းနေပေမယ့် ရင်ကြားစေ့ရေး
မအောင်မမြင်ဖြစ်နိုင်ပြီး နိုင်ငံရေးအရ အတိုက်အခံတို့အောင်မြင်မှု
ရရှိဖို့ အတွက် မျှော်လင့်ချက် နည်းသထက်နည်းလာအောင် အခြေအနေတွေ
ပိုမိုဆိုးရွားစေနိုင်တဲ့ လုပ်နည်းလုပ်ဟန်ဖြစ်နေပါတယ်။
တပ်ကိုလည်း နိုင်ငံရေးကနေ အပြီးဖယ်ထုတ် အခြေခံဥပဒေကိုလည်း အသစ်ရေးဆွဲလိုက်သလောက် ကောင်းအောင်ချက်ချင်းပြင်ဖို့
လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုဖျက်သိမ်းပြီး တပ်ကိုလည်း revolution
ပုံစံနဲ့ ဖယ်ထုတ်ပစ်ဖို့ လို့ပဲ ကောက်ချက်ချလို့ရတာကြောင့် လက်တွေ့မှာ
ဒီလိုလုပ်ဖို့ မဖြစ်နိုင်သလို လုပ်လည်းမလုပ်သင့်တဲ့အနေအထားမှာ
နိုင်ငံရေးကို ချက်ချင်း အကောင်းဆုံးတည်ဆောက်ဖို့စိတ်ကူးဟာ
မအောင်မမြင်နဲ့ဘဲ အဆုံးသပ်ရဖို့ရှိပါတယ်။ NLD အပါအဝင် ပါတီများအားလုံးက
institutionalize လုပ်ဖို့လိုအပ်နေပေမယ့် လောလောဆယ်ဘယ်ပါတီမှ
ဒီကိစ္စကိုထိထိရောက်ရောက် မလုပ်ကြသေးမလုပ်နိုင်သေးတဲ့အချိန်မှာ
တပ်ကိုဖယ်ထုတ်ဖို့နဲ့ စံနှုန်းပြည့်ဒီမိုကရေစီ တည်ဆောက်ဖို့ ကို
ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ဖို့ဆိုတာ ပြန်လည်သုံးသပ်သင့်တဲ့ အလျင်အမြန်ပြင်ဆင်သင့်တဲ့ မူဝါဒတစ်ရပ်သာဖြစ်နေပါတယ်။ တစ်ဖက်ကလည်းနှစ်ပေါင်းများစွာ
ဆင်းရဲမွဲတေမှုဒဏ်ကို ခံနေကြရတဲ့ လူထုကို စံနှုန်းပြည့်ဒီမိုကရေစီမရခင်
ဆက်ပြီး အဆင်းရဲခံကြဖို့ ပြဌန်းပေးလိုက်သလိုဖြစ်လေတော့
တစ်ကယ်လို့၂၀၁၅ အလွန်မှာ ဒီမိုကရေစီလည်း စံနှုန်းပြည့်ရ စီးပွားရေးကလည်း
၂၀၁၅ အလွန် များမကြာခင်မှာ အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်
ဆောင်ရွက်ပေးနိုင်မှသာ လူထုက အတိုက်အခံအပေါ် ယုံကြည်မှု
တိုးပွားနိုင်မှာဖြစ်ပြီး ဒီလိုသာ ဆောင်ရွက်မပေးနိုင်ခဲ့ရင်
အတိုက်အခံအပေါ် ယုံကြည်မှု ကျဆင်းသထက် ပိုမိုကျဆင်းလာနိုင်ရုံမကဘဲဒီမိုကရေစီ
အပေါ်ယုံကြည်မှုပါ ကျဆင်းလာနိုင်ပါတယ်။
လောလောဆယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလာသင့်သလောက်မလာနိုင်သေးခြင်းက အခြေခံအဆောက်အဦများကို အစိုးရက ဖြည့်ဆည်းမပေးနိုင်တာက တစ်ကြောင်းဖြစ်ပြီး
ဒေါ်စုအနေနဲ့ ၂၀၁၅ အလွန်ကာလအထိ စောင့်စေချင်တဲ့သဘောရှိတာကြောင့်
နိုင်ငံတကာစီးပွားရေးလုပ်ငန်းတော်တော်များ ကစောင့်ဆိုင်းလိုခြင်းက တစ်ကြောင်းဖြစ်တယ်လို့ယူဆနိုင်တဲ့အကြောင်းတွေ လည်းရှိပါတယ်။ အမှန်ကတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရဖို့ မြန်မြန်စနိုင်လေကောင်းလေ ဆိုတဲ့အနေအထားပါ။ အခုကတည်းက စီးပွားရေးကိုအစွမ်းကုန်စတင်ဆောင်ရွက်ထားကြရင်တောင် ၂၀၁၅ ကျော်တာနဲ့ တိုင်းပြည် သိသိသာသာ နာလံထူနိုင်ဖို့မရှိသေးပါဘူး။ ဒီတော့ အခု မစနိုင်သေးတဲ့ကိစ္စက
အခုအစိုးရကို အကြီးအကျယ်ထိခိုက်နိုင်သလို ၂၀၁၅ မှာ ဘယ်အစိုးရတက်တက် အခုထိခိုက်တာထက်ပိုထိခိုက်တော့မှာပါ။ အကြောင်းကတော့ လူထုက ၂၀၁၅ အစိုးရအပေါ်
အကြီးအကျယ်မျှော်လင့်ထားလို့ပါပဲ။ဒီတော့ စီးပွားရေး
ခနထား နိုင်ငံရေးကိုအရင်တည်ဆောက် ဆိုတဲ့ ဒေါ်စုရဲ့မူဝါဒ
အောင်မြင်ရေးဟာလည်း လမ်းစ ပျောက်ဆုံးနေတယ်လို့ ကောက်ချက်ဆွဲလို့ရပါတယ်။
တစ်ဖက်က အစိုးရရဲ့ စီးပွားရေး တွန်းတင် နိုင်ငံရေး ဖြည်းဖြည်းပြောင်းဆိုတဲ့ မူဝါဒကလည်း ၂၀၁၅ နီးလာလေ ပို ကျပ်တည်းလာလေ ဖြစ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း
အီလည်လည်ဖြစ်နေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးကောင်းဖို့မျှော်လင့်ချက်တွေ ဝေဝါးနေပါသေးတယ်။
အခြေခံအဆောက်အဦများအတွက် လက်ရှိ ဂျပန်နိုင်ငံက
လုပ်ဆောင်နေမှုများ အောင်မြင်ပြီးမြောက်တဲ့ အချိန်ရောက်မှသာ
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအလုံးအရင်းဝင်လာဖို့မျှော်လင့်လို့ရနိုင်မှာပါ။
ဒီတော့ လက်ရှိအစိုးရသက်တမ်းကာလမှာ စီးပွားဖြစ်ဖို့ မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားပြီး
အစိုးရကိုယ်တိုင်ကလည်းဒီအချက်အပေါ် စိတ်ပျက်လက်ပျက်ရှိနေပုံရပါတယ်။
အတိုက်အခံက နိုင်ငံရေးမြန်မြန်ပြောင်းဖို့ဖိအားပေးနေခြင်းက
တစ်ဖက်မှာ စီးပွားရေးရည်မှန်းချက်ပေါက်မြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့ ခက်ခဲနေတဲ့
( အဲဒီလိုကျပ်တည်းခက်ခဲရခြင်းက အတိုက်အခံရဲ့ ပယောဂလည်း
သက်ရောက်မှုရှိတယ်လို့ ယူဆစရာရှိနေတဲ့ ) အစိုးရနဲ့အတိုက်အခံတို့ယုံကြည်မှုတည်ဆောက်ဖို့ ဘယ်လိုမှ ဖြစ်နိုင်တဲ့အနေအထားမရှိပါဘူး။
နိုင်ငံရေး ကျတော့လည်း အဓိက အတိုက်အခံခေါင်းဆောင်နဲ့ရင်ကြားစေ့ရေးက
မျှော်လင့်ချက်နည်းလာသလိုဖြစ်နေရုံမက ငြိမ်းချမ်းရေးအတွက်အခြေခံ
ဖြစ်တဲ့အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့လည်း ခက်ခက်ခဲခဲ လုပ်နေရတာတွေ့ရပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံတောင်ပိုင်းက ဆွေးနွေးပွဲနဲ့ မြောက်ပိုင်းကဆွေးနွေးပွဲအနေအထားတွေက
ရလဒ်တွေကွဲပြားတဲ့ပုံ ဖြစ်နေပြီး အပစ်ရပ်လက်မှတ်ထိုးရင်တောင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ ကျန်နေဦးမယ့် အသွင်မျိုးမြင်နေရခြင်းက နိုင်ငံရေး ( ဒီမိုကရေစီရေး )
အောင်မြင်ဖို့ အချိန်ပိုကြာဦးမယ်ဆိုတဲ့ နိမိတ်လက္ခဏာတွေဖြစ်လေတော့
အစိုးရနဲ့တပ်ရဲ့မူဝါဒကလည်း အောင်မြင်သင့်သလောက်
မအောင်မြင်နိုင်ဘူးလို့သုံးသပ်ရင်မှားမယ်မထင်ပါဘူး။
ဒီတော့ စီးပွားရေး ပထမ ဆိုတဲ့ အစိုးရနဲ့တပ် တစ်ဖက်၊ နိုင်ငံရေးပထမ ဆိုတဲ့
အတိုက်အခံဖက် လုံးလုံးဆန့်ကျင်ဘက်ဖြစ်လာနေခြင်းက
နိုင်ငံတော်နဲ့လူထုကံကြမ္မာ အပြောင်းအလဲကို လွယ်လွယ်လုပ်လို့မရအောင် ကြီးကြီးမားမား အဟန့်အတားဖြစ်လာနေတယ်ဆိုတာ အထူးဂရုပြုကြစေချင်ပါတယ်။နှစ်ဖက်စလုံးက
ပြန်လည်စဉ်းစားသုံးသပ်မှုများပြုလုပ်ဖို့လိုအပ်နေပါပြီ။
ဖြတ်သန်းလာခဲ့သမျှ နိုင်ငံရေးခရီးကို ပြန်ငဲ့ကြည့်မယ်ဆိုရင် ၁၉၈၈
နောက်ပိုင်းကာလ တောက်လျှောက် တပ်က သူရည်မှန်းသလို မရ ရအောင်
ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပြီး အခု လောလောဆယ်ကြုံတွေ့နေရတဲ့ အကျပ်အတည်းအခက်အခဲတွေကိုလည်း မရ အရ ကျော်လွှားသွားမယ့်ပုံမျိုးရှိတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ လောလောဆယ်တွေ့ကြုံနေရတဲ့
နိုင်ငံရေးအကျပ်အတည်းဆိုတာက ၂၀၁၀ ဟိုဘက်ပိုင်းတုန်းက တွေ့ကြုံခဲ့ရတဲ့
အခက်အခဲတွေနဲ့နှိုင်းစာရင် တပ်အနေ ကျော်လွှားသွားဖို့
ပိုလွယ်ကူနေတာကြောင့်ဖြစ်ပါတယ်။ နိုင်ငံရေးလည်းပြောင်း စီးပွားရေးလည်းကောင်းဆိုတာမျိုးဖြစ်လာနိုင်ပေမယ့်
အခုအတိုင်းဆိုရင် နိုင်ငံရေးရော စီးပွားရေးပါလိုတာထက်ပို
ကြာမယ့်အနေအထားပါ။ ဒါပေမယ့် အခုလို နှစ်ဖက် မူဝါဒများ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေမယ်ဆိုရင်
အဓိက နစ်နာမှာကတော့ နိုင်ငံတော်နဲ့လူထုပါပဲ။အတိုက်အခံအနေနဲ့က
လူထုထောက်ခံမှု ကျဆင်းနိုင်တဲ့အခြေအနေကို ပေါ့ပေါ့မစဉ်းစားသင့်ပါဘူး။
လိုတာထက်ပိုပြီး လူထုထောက်ခံမှုကျဆင်းမယ်ဆိုရင် နောက်ဆယ်စုနှစ်များမှာ
နိုင်ငံရေးလုပ်ဖို့ တော်တော်ကြီးခက်ခဲမယ်ဆိုတာ သတိချပ်စေချင်ပါတယ်။
နိုင်ငံတော်လည်းဂုဏ်ကျက်သရေကျဆင်းခဲ့ရတာ ကြာပြီဖြစ်သလို
လူထုကိုလည်းဆင်းရဲတွင်းထဲ ဆက်မထားသင့်တော့ဘူးလို့ထင်ပါတယ်။ မြန်မာလူထုက
ဒီမိုကရေစီကိုလိုချင်တောင့်တကြရတဲ့ အဓိက အကြောင်းရင်းက
ထမင်းဝချင်ကြတာပါ။ အာဏာရှင်စနစ်ဆိုးကြောင့် ငတ်ခဲ့ပြတ်ခဲ့ရတာဖြစ်ပြီး
ဒီမိုကရေစီဆိုရင်တော့ ငါတို့ထမင်းဝ နိုင်ကောင်းရဲ့ဆိုတဲ့အတွေးက အဓိကပါ။
လွတ်လပ်ခွင့်ကို မလိုချင်ကြဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။
လွတ်လပ်ခွင့်ကို အသက်ရှင်နေတဲ့လူတိုင်း လိုချင်ကြပါတယ်။လိုအပ်ကြပါတယ်။
ထမင်းဝဖို့က မြန်မာလူထုအတွက်( အဓိက )လိုအပ်ချက်ဖြစ်တယ်။
လိုချင်တောင့်တမှုလည်းဖြစ်တယ်လို့ ဆိုလိုရင်းပါ။
စီးပွားရေးကိုခနထားပြီး နိုင်ငံရေးကို မြန်မြန်တည်ဆောက်လိုတဲ့အတိုက်အခံတို့ အောင်မြင်အောင်ဆောင်ရွက်နိုင်ရင် လူထုကသာမက တစ်ကမ္ဘာလုံးကပါတစ်ခဲနက် ချီးမွန်းဂုဏ်ပြုကြမှာဖြစ်ပေမယ့်
၂၀၁၅မှာ အမှန်တစ်ကယ် အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့
အလားအလာမရှိပါဘူး။ဒီတော့ နိုင်ငံရေးလည်းကောင်းမလာဘဲ စီးပွားရေးက
အခုထက်နိမ့်ပါးသွားရင် လူထုက ဒီမိုကရေစီဆိုတာကို သံသယဝင်ကြပါလိမ့်မယ်။
ထောင်စုနှစ်အသစ်မှာ စီးပွားရေးကနိုင်ငံရေးရှေ့ကိုရောက်လာနေတယ်ဆိုတာ
သတိပြုကြဖို့ပါ။ နိုင်ငံရေးဆိုတာကလည်းတစ်ကမ္ဘာလုံးဟာ ဒီမိုကရေစီ
ဘက်ကိုပဲဦးတည်နေတာဖြစ်ပြီး မကြာမတင်မှာပဲ လက်ကျန်အာဏာရှင်နိုင်နိုင်များပင်လျင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို မဖြစ်မနေလုပ်ကြရတော့မှာဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုတာ သမိုင်းမှာသာ ကျန်ရစ်တော့မှာဖြစ်ပါတယ်။
စီးပွားရေးပိုတောင့်တင်းတဲ့နိုင်ငံက ပိုပြီးရှေ့ရောက်ဖို့ရှိတယ်ဆိုတာ
လောလောဆယ်တရုတ်ပြည်က အမေရိကားကိုကျော်တက်တော့မယ့်အခြေအနေက အဖြေ
ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံတော်သစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကြီးမှာ
တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာရင် လူထုကို ထမင်းဝအောင်ကျွေးနိုင်ခဲ့ရင် ၊ အကျင့်ပျက်ခြစားမှုကို
ထိထိရောက်ရောက် နှိမ်နင်းနိုင်ခဲ့ရင်၊နိုင်ငံတော်ရဲ့ပုံရိပ်ကို
ဖြည်းဖြည်းချင်းမြှင့်တင်နိုင်ခဲ့ရင်၊ လူထုကို အခုထက် ပိုလေးစားတန်ဖိုးထားနိုင်ခဲ့ရင် ၊ တပ်မတော်က လူထုကို အလုပ်အကျွေးပြုပြီး သမိုင်းသစ်ကိုရေးနိုင်ခဲ့ရင် (နိုင်ငံရေးနှေးကွေးနေသော်ငြားလည်း )
စီးပွားရေးကို မြန်မြန်တည်ဆောက်ပြီး နိုင်ငံရေးကို ဖြည်းဖြည်းပြောင်းမယ်ဆိုတဲ့ ဖက်ကအခုထက်ပိုပြီး
အသာဆီးရသွားမှာမုချဖြစ်ကြောင်း သတိပေးတင်ပြလိုက်ပါတယ်။ ။
ပိုက်တင်
No comments:
Post a Comment