Tuesday, January 21, 2014

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၏ စိန်ခေါ်မှုများ

လက်ရှိနိုင်ငံရေးဖြစ်စဉ်များအရ နိုင်ငံရေးအင်အားစုများအားလုံး၏ စိတ်ဝင်စားမှုမှာ အခြေခံ ဥပဒေ
ပြင်ဆင်ရေး၌ စူးစိုက် လျှက်ရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မကြာခဏပြော ဆိုသကဲ့သို့ပင် ယနေ့မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်း စဉ်မှာနိုင်ငံရေးဆိုင်ရာ
ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးဟူသော သုံးပွင့်ဆိုင်အပြောင်းအလဲသို့ သွားနေသည်ဖြစ်ရာ ယနေ့ နိုင်ငံရေးအခြေအနေများအရ အခြေခံဥပဒေ ပြင်ဆင်ရေးသည်လည်း ယင်းသုံးပွင့်ဆိုင်အပြောင်းအလဲ၏ အဓိကကျသော အခန်းကဏ္ဍအဖြစ် အရေး ပါသော အချက်တစ်ချက် ဖြစ်နေသည်ကို တွေ့ရသည်။

ယင်းသုံးပွင့်ဆိုင်ပြုပြင်ပြောင်းလဲရေးတွင်ပင် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နိုင်ရေးမှာ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်သကဲ့သို့ လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးနှင့် တိုက်ရိုက် ပတ်သက်နေသောအချင်းအရာတစ်ခုလည်း ဖြစ်သည်။

လက်ရှိ နိုင်ငံတွင်း ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်၍ ၂၀၁၃ တစ်နှစ်လုံးတွင်ပင် ပြင်ဆင်မလား၊ အသစ်ရေးမလားဟူသော အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လူထု ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ကာ လူထုဆန္ဒကို စူးစမ်းခဲ့ကြသည်ကို စာဖတ်သူများအသိပင်ဖြစ်သည်။ လူထုအများစု၏ ဆန္ဒမှာလည်း အသစ်ရေး ဆွဲရန်ထက် ပြင်ဆင်ရန်ကိုသာ အားသန်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်း ထုတ်ပြန် ချက်များအရ သိရသည်။ ယင်းပြင်ရေး၊ အသစ်ရေးဆွဲရေးနှင့်ပတ်သက်၍ နိုင်ငံရေးဆောင်းပါးများ အစဉ်တစ်စိုက်ရေးသားသော စာရေးဆရာကျော်ဝင်းက“အသစ်ရေးတာကတော့ ကျွန်တော်တို့ ရှားရှားပါးပါး ရတောင့်ရခဲ ရထားတဲ့ ဒီအပြောင်းအလဲကို အန္တရာယ် အလွန်ကြီးစေရာရောက်တဲ့အချက်လို့ ကျွန်တော်ထင်ပါတယ်။ ပြင်ကို ပြင်ရမယ်။ ဘယ်အခြေခံဥပဒေမှ စရေးခါစမှာ ပြီးပြည် စုံတယ်ဆိုတာ မရှိပါဘူး”ဟု ဒီဇင်ဘာ ၂၄ ရက်နေ့ကရန်ကုန်မြို့ သမိုင်းမြို့မ ကျောင်းတိုက်၌ ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ယက် လူထုဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။

ယနေ့ ဒီမိုကရေစီအရင့်ကျက်ဆုံးဟုဆိုနိုင်သည့် အမေရိကန် ပြည်ထောင်စုသည်ပင်လျှင် အခြေခံဥပဒေကိုစရေးစဉ်အခါက အားနည်းချက်များစွာ ရှိခဲ့သော်လည်း လိုအပ်သည်များ ကို ပြင်ရင် ပြင်ရင်းဖြင့် အကောင်းဆုံးနှင့် နီးစပ်လာသော အခြေခံဥပဒေ အဖြစ်ကို ရောက်ရှိသွားခြင်းဖြစ် သည်။ ကမ္ဘာပေါ်ရှိမည်သည့်အခြေခံဥပဒေမှ လုံးဝပြီးပြည့်စုံသည်ဟု သတ်မှတ်နိုင်ခြင်း မရှိပေ။

“ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ကျွန်တော်တို့မှာမေးခွန်းသုံးခုရှိတယ်။ ဘာတွေကို ပြင်ရမှာလဲ။ ဘယ်လို ပြင်မှာလဲ။ ပြင်ဆင်တယ်ဆိုတဲ့ နောက်ကအကျိုးဆက်ကိုဖြေဖို့ လိုလာတယ်” ဟု မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

ပြင်ဆင်မည့်အချက်များကို နိုင်ငံရေးအရခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် အချက်လေးချက်ကိုတွေ့ရပြီး ၎င်းတို့မှာ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်ပတ်သက်ပြီး လက်ရှိတိုင်းရင်းသားပဋိပက္ခ များကို ဖြေရှင်းနိုင်ရန်အတွက် လိုအပ် သည့် အချက်အလက်များ ပြင်ဆင်ရန်၊ တပ်မတော်၏ အခန်းကဏ္ဍကို ပြင်ဆင်ဆွေးနွေးရန်၊ ဖွဲ့စည်းပုံတွင် ရှေ့နောက် မညီသည့် ကိစ္စရပ်များ ပြင်ဆင်ရန်နှင့် သမ္မတဖြစ်ခွင့်ကိုသတ်မှတ်ထားသည့် ပုဒ်မ ၅၉(စ) ကိုပြင်ဆင်ရန်တို့ ဖြစ်ကြောင်း ၎င်းက
ဆက်လက် ပြောကြားသည်။

နိုင်ငံတော်အစိုးရကိုယ်တိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လေ့လာသုံးသပ်ရေးတို့အတွက်
ပြည်ထောင်စု လွှတ်တော်မှ ကိုယ်စားလှယ် ၁၀၉ ဦးပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလကတည်းကပင် ဖွဲ့စည်း
ထားပြီး ဖြစ်သည်။ အဆိုပါ ကော်မတီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၅၂ ဦးဖြင့် အများဆုံးပါဝင်နေပြီး ဒုတိယအများဆုံးမှာ တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည်။

ထို့ကြောင့် အဆိုပါကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီက အများဆုံးပါဝင်နေသည့်အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေးကို များစွာအဟန့်အတားဖြစ်စေနိုင်ကြောင်းလည်း ဝေဖန်မှုများစွာ ထွက်ပေါ် လျှက်ရှိသည်။

သို့သော်လည်းလွှတ်တော်တွင်းအမတ်ဦးရေ အများဆုံးဖြစ်သည့် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြင်ဆင်သင့်သည့် ပြဌာန်းချက်များအဖြစ် ၁၂ ချက်၊ ပယ်ဖျက်ခြင်း ၅ ချက်၊ ဇယား ၂ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဥပဒေပြုစာ ရင်းတွင် ဖြည့်စွက် သင့်သည့် ကိစ္စရပ်များအဖြစ် ၁၁ ချက်နှင့် အခြေအနေအချိန်အခါ အရ ပြင်ဆင်သင့်သည့် ပြဌာန်းချက် များအဖြစ် ၆ ချက် စသည့်အချက်ပေါင်း ၄၇ ချက်ကို ပြင်ဆင်ရန် ပါတီဗဟိုကော်မတီဒုတိယအကြိမ် အစည်းအဝေးတွင် သဘောတူခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ
လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

တိုင်းရင်း သားများ နေထိုင်ရာ ပြည်နယ်များနှင့် တိုင်းဒေသကြီးတို့၏ ဥပဒေပြုရေးဆိုင်ရာ အာဏာခွဲဝေမှုကို ပြဌာန်း ထားသည့် ဇယား (၂) ကဲ့သို့သော ၂၀၀၈ အခြေခံဥပဒေပါ အချက် များကို ဖြည့်စွက်သင့်သည်များ ဖြည့်စွက်ပြင်ဆင်ရန် အာဏာရ ပါတီ၏ သတင်းထုတ်ပြန်ချက်မှာ
ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် နီးစပ်လာသည့် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်ဟုယူဆရပါသည်။

“Constitution (အခြေခံဥပဒေ) မှာပါတဲ့ လူမျိုးစုအခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ ဇယား ၁၊ ၂၊ ၃၊ ၅ နဲ့ ဆက်စပ်တဲ့အပေါ်မှာဒါတွေကိုအကျေအလည် ညှိနှိုင်းဆွေးနွေးပြီးတော့ အခြေတစ်ခု ၂၀၁၅ မတိုင်ခင် ရအောင် ယူစေချင်ပါတယ်။ ရနိုင်မယ်လည်းထင်ပါတယ်” ဟုလည်းစာရေးဆရာကျော်ဝင်းက ၎င်း၏ သုံးသပ်ချက်ကို ပြောကြား ခဲ့သည်။

သို့သော်လည်းယင်းဇယားများ ပြင်ဆင်ရေးနှင့် သယံဇာတခွဲဝေရေးဆိုင်ရာကိစ္စရပ်များမှာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးအပြီး တွင် ဖြစ်ပေါ် လာမည့် နိုင်ငံရေးဆွေးနွေးပွဲများအပေါ်တွင် များစွာ မူတည်နေပါသေးသည်။

ယင်းတို့ ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်အတွက် စိန်ခေါ်မှုများစွာနှင့် ညှိနှိုင်းဆွေးနွေးစရာများစွာ ရှိနေပါသည်။
နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၄ နှစ်သစ်အတွက် ပထမဆုံး ရေဒီယိုမိန့်ခွန်းတွင် “ငြိမ်းချမ်းရေးဖြစ်စဉ် ကိုအခြေပြုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံဥပဒေ
ပြင်ဆင်မှုများကို လုပ်ဆောင်ရာမှာ မိမိတို့အချင်းချင်းအပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံတဲ့
ဆွေးနွေးညှိနှိုင်းမှုတွေ၊ တောင်းဆိုမှုတွေကိုအပြန်အလှန် နားလည်လက်ခံပေးနိုင်တဲ့ အခြေအနေတွေ ဒါတွေကဆုံးဖြတ်ပေးသွားမှာ ဖြစ်တယ်” ဟု ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အခြေခံဥပဒေ ပြင်ဆင်ရေး
အကြားဆက်နွယ်နေမှုကိုထည့်သွင်းပြောကြားသွားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ရရှိလာသော သဘောတူညီချက်များနှင့် လွှတ်တော်မှ ဖွဲ့စည်းထားသည့် ၁၀၉ ဦးကော်မတီ၏ တင်ပြချက်များအကြား ဆက်စပ်ညှိနှိုင်းကြရန်လည်းအရေးကြီးကြောင်း ဦးကျော်ဝင်းက ထောက်ပြ ပြောဆို ထားသည်လည်း ရှိသည်။

ဒေါက်တာမင်းဇော်ဦးကလည်း  “ကျွန်တော့အမြင်မှာတော့ ဒီကနေ့ ပဋိပက္ခကိုရှင်းဖို့၊ ပဋိပက္ခတွေ
နောက်တစ်ကျော့ ပြန်မဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် အကောင်းဆုံးအခြေအနေက Political
Dialouge (နိုင်ငံရေးဆွေးနွေးပွဲ) ဖြစ်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်တယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာအင်အားစုတွေ အားလုံးကပါမယ်။ အစိုးရလည်းပါမယ်။ တပ်မတော်လည်း ပါမယ်။ လွှတ်တော်လည်းပါမယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေလည်း ပါမယ်။ တိုင်းရင်းသား ပါတီတွေလဲ ပါမယ်။ အခြားနိုင်ငံရေးပါတီတွေလည်းပါမယ်ဆိုရင် ကျွန်တော်တို့ မြန်မာ့သမိုင်းမှာတစ်ခါမှ မရှိဖူးသေးခဲ့တဲ့ အင်အားစုအားလုံးပါတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီး ဖြစ်ကိုဖြစ်လာရမယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲကြီးကနေပြီးတော့ ထွက်လာတဲ့ နိုင်ငံရေးသဘောတူညီချက် ပြည်ထောင်စု
သဘော တူညီချက်က ပင်လုံစာချုပ်ထက်တောင် ပိုပြီးတော့ သြဇာ အာဏာရှိမှာ ဖြစ်တယ်”ဟု ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြား ချိတ်ဆက်အဖြေရှာသင့်ကြောင်း ၎င်း၏ အမြင်ကို ပြောကြားသွားခဲ့သည်။

နိဂုံးချုပ်ဆိုရလျှင် ယနေ့ လက်တွေ့နိုင်ငံရေးအခြေအနေများအရ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အသီးသီးသော နိုင်ငံရေး အင်အားစုများအကြား ညှိနှိုင်းခြင်းဖြင့်သာမက တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးအပြီး ထွက်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲ များပြီးနောက် ပေါ်ပေါက်လာဦးမည့် နိုင်ငံရေးရလဒ်များအပေါ်တွင်ပါ မူတည် နေသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ သက်တမ်းရှည်ကြာလှပြီဖြစ်သော ပြည်တွင်းစစ် ကိုရပ်စဲပြီး သေနတ်သံများကို အဆုံးသတ်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း ဆွေးနွေးကြမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေး
ထိုးနိုင်ရန် လည်း အရေးကြီးသည်။ အပစ်အခတ် ရပ်စဲရေးမှာသဘောတူလက်မှတ် ရေးထိုးလိုက်နိုင်
ရုံမျှဖြင့် တာရှည်ခံ ငြိမ်းချမ်းရေးရရှိမည်ဟု အာမခံချက် ပေးနိုင်မည် မဟုတ်သော်လည်း ယင်းမှဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များကမူ တာရှည်ငြိမ်းချမ်းရေး၏ အုတ်မြစ်များဖြစ်သည်ဟု သေချာပေါက် ပြောနိုင်သည်။ သို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့အကြား အပြန်အလှန် ဆက်စပ်ကာဖြင့် တာရှည်တည်တံ့ခိုင်မာသော ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်မိပါကြောင်း…..။

Myanmar Peace Chronicle

No comments:

Post a Comment