စည်းမဲ့ကမ်းမဲ့ တယ်လီဖုန်းများ
( The Voice daily သတင်းစာ ဆောင်းပါးလေးပါ။
ဒီမိုကရေစီ မရသေးပေမယ့် ဖုန်းတွေတော့ တော်တော် ရကုန်ကြပါပြီ။
ဒါပေမယ့် တချို့က မြောက် အုန်းသီးရသလိုပါပဲ။ မသုံးတတ်ပါဘူး။
ဒီတော့ ဖုန်းဆက်တဲ့အခါတိုင်း တိုင်းပြည် က အသိတရား လူစဉ်မမီသေးတာကို
ထုတ်ထုတ်ကြွားနေကြတဲ့သူတွေ ဒုနဲ့ဒေး ဖြစ်နေတာတွေ့ရပါတယ်။
ပြင်များပြင်ကြမလားလို့ သတိလေးပေးကြည့်တာပါဗျာ။ )
နိုင်ငံတကာနဲ့ယှဉ်ရင် ဆက်သွယ်ရေးမှာ အများကြီးနောက်ကျနေခဲ့တဲ့
ကျွန်တော်တို့ တိုင်းပြည်မှာ အခုဆိုရင် အတိုင်းအတာတစ်ခုအထိ
ဆက်သွယ်ရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုတွေ မြင်နေတွေ့နေရပြီဖြစ်လို့
ဝမ်းသာကြည်နူးစရာတော်တော်လေးကောင်းပါတယ်။ နောက်ထပ်တိုးတက်မှုများ
ကိုလည်း မကြာခင် မြင်တွေ့ကြရတော့မှာလည်းဖြစ်ပါတယ်။ မကြာမီလ အနည်းငယ်
အတွင်းမှာ လူတိုင်းနီးပါး မိုဘိုင်းတယ်လီဖုန်းနဲ့ မိုဘိုင်းအင်တာနက် အပြင်
wifi အင်တာနက်သုံးစွဲခွင့်ကိုပါ ရရှိပိုင်ဆိုင်နိုင်ကြတော့မှာ သေချာနေပါပြီ။
အများကြီးခေတ်နောက်ကျကျန်နေခဲ့ရတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ခဲ့ ပြီးနောက်ပိုင်းမှာ
ဆက်သွယ်ရေးဆိုင်ရာ
တိုးတက်မှုများကိုလည်း အရှိန်အဟုန်နဲ့ တည်ဆောက် ပြောင်းလဲနိုင်ခဲ့တယ်ဆိုတာ
မငြင်းနိုင်ပါဘူး။ လူထုတစ်ရပ်လုံးလူစဉ်မီကြစေလိုတဲ့ စေတနာအား ကောင်းကြသူများ
ရဲ့ ဝိုင်းဝန်းအားထုတ်ကြိုးပမ်းမှုများ၊ နိုင်ငံတော်သမ္မတရဲ့ စေတနာနဲ့ လွှတ်တော်များက
ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်မှုတို့ ပေါင်းဆုံတဲ့အခါ လူထုဟာ အကြီးအကျယ်အမြတ်ထွက်
ခဲ့ရတယ်လို့ ပြောရင်လည်းမမှားနိုင်ဘူးလို့ ထင်ပါတယ်။
ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်ကိုတည်ဆောက်နိုင်ရင် နိုင်ငံတော်ရဲ့
စီးပွားဖွံ့ဖြိုးတိုးတက်မှုကို
အရှိန်အဟုန်မြှင့် ပေးနိုင်ရုံမကပါဘူး။ လူထုရဲ့ လူမှုအဆင့်အတန်းဟာလည်း
သိသိသာသာ မြင့်မား
တိုးတက်လာဖို့ရှိပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာပဲ တယ်လီဖုန်းနဲ့
အင်တာနက်သုံးစွဲနိုင်မှုပမာဏဟာ
လက်ရှိအနေအထားနဲ့နှိုင်းယှဉ်ရင် များစွာတိုးတက်ကောင်းမွန်လာတော့မယ်ဆိုတာကိုလည်း
အလွယ်တကူ ခန့်မှန်းလို့ရနေပြီဖြစ်ပါတယ်။
တစ်ဖက်မှာ တိုးတက်မှုတွေရှိနေသလို အခြားတစ်ဖက်မှာလည်း အဲဒီတိုးတက်မှုတွေနဲ့
လိုက်လျောညီထွေ
လိုက်ပါပြောင်းလဲတိုးတက်မှုမရှိနိုင်သေးတဲ့ လူထုရဲ့
လူမှုအသိပညာချို့တဲ့ခြင်းဆိုင်ရာ ပြသနာများကိုလည်း
ရင်ဆိုင်ကြုံတွေ့နေကြရပါပြီ။ တိုးတက်တဲ့ ရင့်ကျက်တဲ့
လူ့ဘောင်အဖွဲ့အစည်းအတွင်း မှာ အသိတရားရှိစွာနဲ့ လိုက်လျောညီထွေ
ပြုမူကျင့်ကြံ နေထိုင်နိုင်မှုဟာ ကျွန်တော်တို့လူ့ဘောင်မှာ လုံးဝ
မရှိသေးသလောက်ဖြစ်နေသေးတယ်လို့ တောင်ပြောရမလားမသိပါဘူး။
မိုဘိုင်းဖုန်းတွေ သုံးခွင့်ရလာခြင်းက ဝမ်းသာစရာဖြစ်ပေမယ့်
အဲဒီမိုဘိုင်းဖုန်းတွေကြောင့်ပဲ လူ့အအဖွဲ့အစည်းကို ကြီးစွာသော ထိခိုက်မှု
နှောက်ယှက်မှုတွေ ဖြစ်ပေါ်နေတာကို စိတ်မချမ်းမြေ့ဖွယ်
မြင်တွေ့ နေကြရပါတယ်။
ဘတ်စ် ဒရိုင်ဘာ တွေက ကားမောင်းရင် ဖုန်းပြောကြလေ့ရှိပါတယ်။ သူတို့အတွက်
ထုတ်ပြန်ထားတဲ့
စည်းမျဉ်းစည်းကမ်းတွေ ဘယ်လောက် ကောင်းတယ် မကောင်းတယ်တော့ မသိရပေမယ့်
ဘယ်စည်းမျဉ်းစည်းကမ်းကိုမှ တိတိကျကျ လိုက်နာခြင်းမရှိတဲ့ ဘတ်စ်
ဒရိုင်ဘာတွေက အများကြီးဖြစ်နေပါတယ်။ခရီးသည် ရာဂဏန်းနီးပါးလောက်ကို
စည်းကမ်းချိုးဖောက်ပြီး တင်ဆောင်ထားတဲ့
ကားကို တာဝန်ယူမောင်းနှင်ရတဲ့ ပုဂ္ဂိုလ်များဟာ မိုဘိုင်းဖုန်းလေးတွေ
ပြောရင်း မောင်းနှင်နေကြတာ မကြာခနမြင်ရတွေ့ရပါတယ်။ ဂိတ်ရင်းလို့ခေါ်တဲ့
သူတို့ရဲ့ သက်ဆိုင်ရာ ကားဂိတ်ပေါက်နားကိုရောက်တာနဲ့ တစ်ဖက်ကို ' ခနလေး
ဂိတ်ရှေ့ရောက်နေလို့ ပြန်ခေါ်လိုက်မယ် '
လို့ ပြောပြီး ဖုန်းကိုခနချပါတယ်။ ( ကားမောင်းရင်း ဖုန်းမပြောရဘူးဆိုတာ
သူတို့သိသိကြီးနဲ့ချိုးဖောက်နေကြတာသေချာပါတယ်။ )
အဲဒီဂိတ်ကို ကျော်တာနဲ့ ဖုန်းပြန်ခေါ်ပါတယ်။ နောက်ကစီးလာတဲ့ခရီးသည်တွေက
ရင်တမမ နဲ့ စိုးရွံ့နေကြတာ၊ ဒရိုင်ဘာ ဖုန်းပြောနေတဲ့ကိစ္စကို
ကြောက်လန့်တကြားနဲ့ ပြောဆိုနေကြတာကို သိရက်နဲ့ လုံးဝ
ဂရုမစိုက်ကြတာတွေ့ရပါတယ်။ မနေနိုင်လို့ ဖုန်းမပြောဖို့ လှမ်းသတိပေးတဲ့
ခရီးသည်တွေကလည်း အဟိန်းအဟောက်ခံရပါတယ်။ များသောအားဖြင့်
လူငယ်ဒရိုင်ဘာတွေဖြစ်နေတတ်ပြီး သက်ဆိုင်ရာ
တာဝန်ရှိသူများက ဆင်ခြင်တုံတရားဘယ်လောက်ရှိသလဲမစစ်ဆေးဘဲ ရိုင်းစိုင်းတဲ့
သူတွေကို ဘာကြောင့်
ခရီးသည် အမြောက်အများတင်ပြီး ကားမောင်းဖို့ ခွင့်ပြကြသလဲဆိုတာလည်း
စဉ်းစားလို့မရပါ။ အဲသလို ဖုန်းပြောရင်း ကားမောင်းလို့
ခရီးသည်တင်ဘတ်စ်ကားတွေ လမ်းဘေးဓါတ်တိုင်ကိုဝင်တိုက်ပြီး
ဒါဏ်ရာရတဲ့သူတွေရကုန်ကြတာလည်း
ကျွန်တော်ကိုယ်တိုင်ကြုံဖူးပေါင်းများလှပါပြီ။ယာဉ်တိုက်မှုများလည်းမကြာခနဖြစ်နေတာဖြစ်ပါတယ်။
ကိုယ်ပိုင်ကားမောင်းသူတွေကတော့ အများကြီးပိုဆိုးပါတယ်။
တယ်လီဖုန်းပြောရင်းကားမောင်းလို့ ကားက
အရမ်းနှေးသွားတာ အရမ်းမြန်သွားတာ မီးပွိုင့်မှာ မရပ်မိဘဲ
မီးနီကိုဖြတ်မိမလိုဖြစ်တာကို နောက်ကျပြီးမှသတိထားမိလို့
ရှေ့ကားရပ်နေတဲ့ကား ကိုဝင်တိုက်တာ ကားတွေ လေးငါးစီး ဆင့်ကဲ တိုက်တဲ့
ယာဉ်တိုက်မှုတွေ ဖြစ်တာ ရေတောင်မရေတွက်နိုင်တော့ဘူးထင်ပါတယ်။
စည်းကမ်းမလိုက်နာတဲ့လူတွေကို နားမလည်နိုင်သလို
အဲဒီစည်းကမ်းတွေလိုက်နာလာအောင် ထိထိရောက်ရောက်
ဆောင်ရွက်ခြင်းမရှိကြသေးတာကိုလည်း နားမလည်နိုင်တော့ပါဘူး။
တက္ကစီမောင်းတဲ့ ပုဂ္ဂိုလ်များကတော့ အဲဒီထက်တောင် အများကြီး
ပိုဆိုးပါတယ်။ကားမောင်းရင်းဖုန်းပြောသူအများစုက တက္ကစီမောင်းတဲ့
ပုဂ္ဂိုလ်များလို့ ထင်ပါတယ်။ ခရီးသည်ကို လှည့်တောင်မကြည့်အားကြပါ။
အရေးတကြီးကိစ္စမို့ မဖြစ်မနေဖုန်းပြောရတယ်ဆိုရင်တောင်မှ
လမ်းဘေးမှာခနရပ်ပြီးပြောရင်
လက်ခံလို့ရပါသေးတယ်။ တစ်ခါတလေ မှာ တက္ကစီဒရိုင်ဘာကို သူ့ဇနီးဖြစ်သူက
ဖုန်းလှမ်းဆက်ပြီး
စကားအကြာကြီးပြောနေတာမျိုးတောင်ကြုံဖူးပါတယ်။ ကားမောင်းနေတယ်လို့
ယောက်ျားဖြစ်သူက သတိပေးတာကိုတောင် အိမ်ကမိန်းမတွေ ပိုက်ဆံရှာဖွေပေးနေတဲ့
အိမ်ဦးနတ်အတွက် လုံးဝလုံးဝ
စိုးရိမ်ရကောင်းမှန်းမသိကြတာ အံ့သြဖွယ်ကြုံတွေဖူးပါတယ်။ အရေမရအဖတ်မရတွေ
ပြောနေတာများပါတယ်။ဘယ်ယာဉ်ထိန်းရဲကမှ အရေးယူတာလည်း မကြုံဖူးပါ။
တစ်ခါတစ်ရံများဆို လူစည်ကားတဲ့ ကော်ဖီဆိုင်ထဲမှာ အေးအေးလူလူ
အနားယူနေကြတဲ့သူတွေကိုအားမနာဘဲ ဖုန်းကို အကျယ်ကြီးအော်ပြောနေကြတာလည်း
ကြုံဖူးကြမယ်ထင်ပါတယ်။ တယ်လီဖုန်းဆက်ရင်လည်း လူမှုကျင့်ဝတ်ကို
မဖြစ်မနေလိုက်နာဖို့ လိုတယ်ဆိုတဲ့
အသိတရားလေးတောင်မွေးရကောင်းမှန်းမသိကြပါလားဆိုတဲ့အသိနဲ့
စိတ်ပျက်လက်ပျက်ဖြစ်မိတာ အမှန်ပါ။တယ်လီဖုန်းတွေ လူတိုင်းကိုင်နိုင်ဖို့
တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တောင်
အပြစ်တင်မိတဲ့အခါမျိုးလည်းပါတယ်။ အားလုံးက
ဝိုင်းဝန်းစဉ်းစားဖြေရှင်းကြဖို့ အချိန်တန်နေပြီလို့ထင်ပါတယ်။
ကျွန်တော်က လူထုကြားထဲက ကျင့်ဝတ်စည်းကမ်းမလိုက်နာမှုတွေကို
ကြည့်ပြီးစိတ်ပျက်လက်ပျက်ဖြစ်နေတုန်းမှာပဲ ဟိုတစ်ရက်က လွှတ်တော်ဆိုင်ရာ
သတင်းတစ်ပုဒ်ကိုဖတ်လိုက်ရတော့ စိတ်ပျက်နေရာကနေ စိတ်ဓါတ်ပါကျမသွားရအောင်
ကိုယ့်ဘာသာမနည်းအားတင်းထားရတဲ့ အဆင့် ရောက်သွားပါတော့တယ်။ လွှတ်တော်အစည်းအဝေး
ကျင်းပနေတုန်း အမတ်မင်းတို့ရဲ့ တယ်လီဖုန်းတွေ ထ အသံမြည်လို့
လွှတ်တော်ဥက္ကဌဖြစ်သူက မိုဘိုင်းဖုန်းနဲ့ပတ်သက်လို့
သတိပေးရတယ်ဆိုတဲ့သတင်းပါ။
သာမန်အရပ်သူအရပ်သားတွေက ကျင့်ဝတ်တွေမလိုက်နာနိုင်ကြသေးတာကို
အသိပညာရေချိန် နိမ့်ပါးကြသေးလို့ပါ၊ နောက်တော့
လိုက်နာရကောင်းမှန်းသိလာကြပါလိမ့်မယ်ဆိုပြီးစိတ်ကိုဖြေလို့ရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တချို့အနေနဲ့ လွှတ်တော်အစည်းအဝေးများကျင်းပနေစဉ်မှာ
ring tone တွေကို အသံတိုးတိုး လျှော့ထားသင့်တယ်၊silent mode
ပြောင်းထားသင့်တယ်၊ဖြစ်နိုင်ရင် ဖုန်းတွေပါ ပိတ်ထားသင့်တယ်ဆိုတဲ့
အသိတရားမရှိကြတာ အံ့သြကုန်နိုင်ဖွယ်ဖြစ်ပါတယ်ဗျာ။ နိုင်ငံတော်နဲ့ လူထုကို
ဦးဆောင်ဦးရွက်ပြုနေကြတဲ့ပုဂ္ဂိုလိကြီးများက
လူမှုကျင့်ဝတ်ဆိုင်ရာ အသိတရားမရှိကြတာကတော့ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ
ပြောပြစရာစကားလုံးတောင်ရှာမရတာအမှန်ပါ။
အရပ်ထဲက မဆင်မခြင်ဖုန်းပြောကြတဲ့ လူတွေ ကားဆရာတွေကို အပြစ်တင်မိတာတောင်
ကျွန်တော်မှားပြီလားလို့ တွေးမိပါတယ်။ အသိပညာမြင့်မားသူများလို့
သတ်မှတ်ထားတဲ့ လူထုကိုဦးဆောင်ဦးရွက်ပြုနေကြသူများပင်လျှင်
စည်းမဲ့ကမ်းမဲ့ပြုမူနေကြလေတော့ အရပ်ထဲကလူတွေ
အသိတရားနိမ့်ပါးတာကို ခွင့်လွှတ်နားလည်ပေးလို့ရလာပါတယ်။ တဖြည်းဖြည်းနဲ့
ကောင်းလာအောင်
အမှန်တစ်ကယ်ထိထိရောက်ရောက် ဆောင်ရွက်ကြပါလို့ပဲ တောင်းပန်ရုံရှိပါတော့တယ်။
ဒီပြသနာတွေကို ထိထိရောက်ရောက်မကိုင်တွယ်ဘဲ ပစ်ထားမယ်ဆိုရင် ၂၀၁၄
ခုနှစ်နောက်ပိုင်း မိုဘိုင်းဆက်သွယ်ရေးက အခုထက် အဆများစွာ
တိုးတက်လာရင်ဆိုတဲ့အတွေးဝင်မိတော့ တော်တော်
ထိတ်လန့်မိပါတယ်။ ဖုန်းကိုစည်းနဲ့ကမ်းနဲ့ မသုံးစွဲတတ်ကြဘူးဆိုရင်
လူ့အဖွဲ့အစည်းကိုထိခိုက်ပျက်စီးစေမှုတွေ ပိုများလာပါတော့မယ်။
အနှောက်အယှက်ဖြစ်မှုတွေတိုးပွားလာပါတော့မယ်။
ဒီထက်ပိုပြီးအရေးကြီးတာက စည်းကမ်းမရှိတဲ့တယ်လီဖုန်းတွေကြောင့်
တခြားတပါးသောနိုင်ငံသားတို့ က National Identity ကိုပါ
အထင်အမြင်သေးတာကိုပါ ခံကြရတော့မှာဖြစ်တဲ့အတွက် သက်ဆိုင်သူများအနေနဲ့
နိုင်ငံနဲ့လူထုအကျိုးကို အမှန်တစ်ကယ်လိုလားပါတယ်ဆိုရင်ဖြင့် အခုကတည်းက
ထိထိရောက်ရောက်လေး
တည့်မတ်ပြင်ဆင်ပေးကြစေလိုပါကြောင်း အနူးအညွတ် တောင်းပန်လိုက်ရပါတယ်။ ။
ပိုက်တင်
No comments:
Post a Comment