ယခုနှစ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် သံတမန်ရေးရာတို့အတွက် အရေး ပါသော နှစ်တစ်နှစ်ဖြစ်ပေသည်။
ဒီမိုကရေစီဖေါ်ဆောင်ရာတွင် ထင်ရှားသော အောင်မြင်မှုများ၊ တိုးတက်ပြီး လွတ်လပ်ပွင့်လင်း လာသော လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားတို့၏ လူမှုဘ၀နှင့် လူမှုဖူလုံရေး တဖြည်းဖြည်းမြင့်လာခြင်းနှင့်အတူ မြန်မာ နိုင်ငံ သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ စံပြတစ်ခုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင်လည်း လင်းလက်တောက်ပလာခဲ့သော ကြယ်တစ်ပွင့်အဖြစ် အနောက်နိုင်ငံများက အမှတ်ပေးခဲ့ကြပါသည်။
အတိုက်အခံပါတီများက အခြေခံဥပဒေပြင်ဆင်ရေးကို တောင်းဆိုနေပြီး ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်သလို အစိုးရသည်လည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံ တစ်ဝှမ်းလုံး ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ကျော်နှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံညှိနှိုင်း ဆွေးနွေးနေပါသည်။
ယခုနှစ်သည် မြန်မာနိုင်ငံအတွက် သံတမန်စွမ်းရည် ကြွယ်ဝမှုကို ပြသရမည့် နှစ် တစ်နှစ်လည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ်တာဝန်ယူခြင်းဖြင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ရပ်တည်ချက် အသစ်နှင့် ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၄င်းသည် စစ်အစိုးရက ရာစုဝက်ကြာ အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ ပုံရိပ်မြင့်တက်လာခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌဖြစ်ခြင်း သည် အာဆီယံနိုင်ငံများ ပေါင်းစည်းခြင်း၏ သိသာထင်ရှားသော အမှတ်အသား ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်ရန်အတွက် မျှော်လင့်ချက်ဖြင့် အာဆီယံ ဒေသတွင်းပူးပေါင်းရေးကို အဆင့်မြှင့်ခြင်းလည်း ဖြစ်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူ (၅) ချက်ကို စတင်အဆိုပြုခဲ့သောနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် နှစ်(၆၀) ပြည့် အခမ်း အနားကို ၂၀၁၄ ခုနှစ်တွင် အိန္ဒိယ၊ တရုတ်နိုင်ငံ တို့နှင့်အတူ ပူးတွဲဆင်နွှဲမည်ဖြစ်ပါသည်။
ပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံသည် အာဆီယံနှင့် အာရှပစိဖိတ်ဒေသ ၏ သံတမန်ကြယ်ပွင့် တစ်ပွင့် အဖြစ် အလျှင်အမြန်ပင် ပေါ်ထွက်လာပြီး အရွယ်အစားအားဖြင့် ဒုတိယမြောက် အကြီးဆုံးသော အရှေ့တောင် အာရှနိုင်ငံတစ်ခုဖြစ်သောကြောင့် အတိတ်က ဂုဏ်သိက္ခာကိုလည်း ပြန်လည်ထိန်းသိမ်း ဖေါ်ထုတ်နေပါသည်။
သို့သော်လည်း မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသား အရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး များ၌ ဘက်စုံကဏ္ဍစုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ခက်ခဲကြမ်းတမ်းသော လုပ်ငန်း တာဝန်များနှင့် ဆက်လက်ရင်ဆိုင်နေရသည်။ ထို့ကြောင့်ပင် မြန်မာအစိုးရသည် ပြည်တွင်း ပြည်ပ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဖြေရှင်းရာတွင် သတိထားဆောင်ရွက် ရမည်ဖြစ်သလို အဖွဲ့အစည်းများအားလုံး၏ အကျိုး စီးပွားများ ပိုမိုရရှိရန်နှင့် ပြုပြင်ပြောင်းလဲရေး တဖြည်းဖြည်း တိုးတက်ဖြစ်ထွန်းစေရေးကို ချိန်ညှိဆောင်ရွက် သင့်ပေသည်။
အထူးသဖြင့် အမေရိကန်ကဲ့သို့သော အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်စဉ် များနှင့် စပ်လျဉ်းပြီး စိုးရိမ်မှု မြင့်မားနေကြဆဲဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ အားလုံးကို ပယ်ဖျက်ပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအကောင်အထည်ဖေါ်ရန်၊ တိုင်းရင်းသားပဋိပက္ခများ အဆုံးသတ်ရန်နှင့် မြောက်ကိုရီးယားနှင့် စစ်ရေးပူးပေါင်းခြင်းကို ရပ်တန့်ရန်တို့ ပါဝင်သော ကြိုတင်စည်းကမ်း သတ်မှတ်ချက်များ ချမှတ်ခဲ့ပြီး နှစ်ဦး
နှစ်ဘက် ဘက်ပေါင်းစုံ ပြန်လည်ပေါင်းစည်းသင့်မြတ်ကြရေး ဆောင်ရွက်ခဲ့ ပါသည်။ အနောက် နိုင်ငံများ သည် မြန်မာနိုင်ငံကို ထိုအချက်များနှင့် ပတ်သက်ပြီး ဆက်လက်ဖိအားပေးခြင်း ရှိ/ မရှိကိုမူ ယခု နှစ်တွင် စောင့်ကြည့်ရဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖေါ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးများသည် လူ့အခွင့်အရေး စံချိန် စံညွှန်းများ နှင့် မကိုက်ညီကြောင်း အနောက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှား သူများခံယူထား ကြသည်။ မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံဥက္ကဋ္ဌနေရာကို အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ဖိအား ကြောင့် စွန့်လွှတ်ခဲ့ရသည်။
လက်ရှိတွင် အနောက်နိုင်ငံများနှင့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ဆောင်ရွက်မှု များ မည်သို့မြှင့်တင်နေသနည်းဆိုသည်ကို အနီးကပ်စောင့်ကြည့်နေကြသည်။ ၂၀၁၃ နှစ်ကုန်လျှင် နိုင်ငံရေးအကျဉ်းသား များ အားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ဖိအားပေးရန် မေတ္တာရပ်ခံသည့် အိပ်ဖွင့်ပေးစာ တစ်စောင်ကို အချို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက အမေရိကန် သမ္မတ ဘားရက်အိုဘားမားထံ ပြီးခဲ့သောအပတ်က ပေးပို့ခဲ့ကြသည်။ တနင်္လာ နေ့က အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ အားလုံး မလွတ်မြောက်သေးကြောင်း အချို့လူ့အခွင့်အရေးအဖွဲ့ များက စောဒကတက်ပြောဆိုကြသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဇန်နဝါရီ ၅ ရက်တွင် အရပ်ဖက် လူ့အဖွဲ့အစည်း ၁၀ဖွဲ့ နှင့်အတူ အစိုးရအား ဆန္ဒပြပွဲများပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ထိုအဖွဲ့အစည်း များသည် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံအတွင်း အာဆီယံထိပ်သီး အစည်းအဝေးပွဲများကို ဆန္ဒပြပွဲများ ပြုလုပ်ရန်စင်မြင့်အဖြစ် အခွင့်အရေးယူလိမ့်မည်လော။ မြန်မာနိုင်ငံအနေနှင့် လူ့အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ပြီး တစ်ချိန်တည်းတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို မည်သို့ ထိန်းသိမ်းနိုင်မည်နည်းဟုလည်း မေးစရာများရှိပါသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြားမှ ညှိနှိုင်းဆွေးနွေးမှုများသည် အာဏာ ခွဲဝေရေး၊ သဘာဝအရင်းအမြစ်ခွဲဝေရေး၊ တိုင်းရင်းသားမျိုးနွယ်စု ယဉ်ကျေးမှု ကာကွယ်ရေးနှင့် လက်နက် ဖြုတ်သိမ်းရေးကဲ့သို့သော ပြဿနာများထဲမှ ရုန်းမထွက်နိုင် ဖြစ်နေခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ဗုဒ္ဓ္ဇဘာသာဝင်များနှင့် မွတ်ဆလင်ဘာသာဝင် များအကြား သွေးချောင်းစီးပဋိပက္ခများ ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အာဆီယံအဖွဲ့အစည်း အတွင်းရှိ အစ္စလာမ် နိုင်ငံများနှင့် အနောက်နိုင်ငံများသည် အာဆီယံအစည်းအဝေးပွဲ များတွင် တိုင်းရင်းသားရေးပဋိပက္ခများနှင့် ဘာသာရေးပဋိပက္ခများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအား အခက်တွေ့စေလိမ့်မည်လော မေးစရာဖြစ်နေ ပါသည်။
အခြားစိုးရိမ်ဖွယ်တစ်ခုမှာ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား စစ်ရေးပူးပေါင်းမှုပင် ဖြစ်သည်။ ပြုံယမ်းနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု များ မရှိတော့ကြောင်း မြန်မာအစိုးရ တာဝန်ရှိ သူများက အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း အမေရိကန်နိုင်ငံသည် မြန်မာ စစ်တပ်တာဝန်ရှိသူ တစ်ဦးနှင့် ကုမ္ပဏီ သုံးခုတို့ကို မြောက်ကိုးရီးယားနှင့် စစ်ရေးဆက်သွယ်သည် ဆိုသည့် စွဲချက်ဖြင့် မကြာသေးမီက အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအစိုးရကို ဦးတည် အရေးယူခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သည် မြောက်ကိုးရီးယားကို ဟန့်လိုက်ခြင်း ဖြစ်သလို မြန်မာစစ်တပ်ကိုလည်း ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်တင်ရန်အတွက် တိုက်တွန်းရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း မြောက်ကိုးရီးယားနိုင်ငံက နျူကလီးယားအရေးကို တစ်ကျော့ပြန် အရှိန်မြှင့် ဆောင်ရွက်လာခဲ့မည် ဆိုလျှင် အမေရိကန်သည် မြန်မာနိုင်ငံအပေါ် လူသိရှင်ကြား ဖိအားပေးလိမ့် ဦးမည်လော။
ထိုပြဿနာများကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံဘက်မှ သံတမန် ပရိယာယ်ကြွယ်ဝရန် လိုအပ်သလို ပြင်ပအင်အားကြီးနိုင်ငံများဘက်မှလည်း ပြုပြင်ပြောင်းလဲရေး၏ အခက်အခဲများကို စာနာထောက်ထားမှု နှင့် နားလည်မှုရှိရန် လိုအပ်ပေသည်။
Ref; http://www.globaltimes.cn/ "Myanmar’s reforms face tough challenges in hopeful new year"

No comments:
Post a Comment