ဦးသိန်းစိန် နှင့် ဒေါ်စုခေတ်လွန် နိုင်ငံရေး
လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကြီးဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ
မြောက်များစွာရှိနေတဲ့ကြားက တိုးတက်ဖြစ်ထွန်းမှုတွေ
အကြီးအကျယ်ဖြစ်ပေါ်နေတာ ငြင်းလို့မရနိုင်ပါဘူး။ နိုင်ငံရေးအရ တိုးတက်မှုဟာ
အရှိန်အဟုန်မြင့်မားလွန်းတာကြောင့်
တစ်ကမ္ဘာလုံးကတောင်မှ ရင်သပ်ရှုမောဖြစ်ရတဲ့အခြေအနေ၊အသိအမှတ်မပြုဘဲ
မထောက်ခံပဲ နေလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။
စီးပွားရေးတိုးတက်မှုဟာလည်း မကြာခင် သိသိသာသာ
ဖြစ်ပေါ်တော့မယ်ဆိုတာ IMF လို အဖွဲ့အစည်းကြီးတွေက တောင်မှ ခန့်မှန်းတွက်ဆနေကြပါပြီ။
ဒါပေမယ့် ဒီတိုးတက်ဖြစ်ထွန်းမှု အရှိန်အဟုန်များကို ရေရှည်တည်တံ့အောင်
ထိန်းသိမ်းနိုင်ပါ့မလား
ပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းတဲ့အထိ ရောက်နိုင်ပါ့မလား
ဆိုတာကိုတော့ အလေးအနက်စဉ်းစား
သုံးသပ်မှုတွေ ပြုလုပ်တာ တော်တော်နည်းပါးနေသေးတာ တွေ့ရပါတယ်။
လက်ရှိအခြေအနေက အနာဂါတ်ခိုင်မာဖို့ အာမခံချက် အပြည့်
မပေးနိုင်သေးပါဘူး။ မြန်မာ့ နိုင်ငံရေးနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ state
holder တွေ အားလုံး မီးကုန်ယမ်းကုန် အားထုတ်ကြရပါဦးမယ်။
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်ပိုင်း သမ္မတဦးသိန်းစိန်ရဲ့
အားထုတ်ကြိုးပမ်းမှုတွေကို ပြည်တွင်း ပြည်ပက လက်ခံ အသိအမှတ်ပြုကြ
တဲ့ အခါ လူမှုရေးအသင်းအဖွဲ့တစ်ခုအဖြစ်ကနေ အသွင်ပြောင်းလာတဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အနေအထားဟာ
အကြီးအကျယ်ပြောင်းလဲသွားခဲ့တယ်လို့ ဆိုရမယ်ဖြစ်ပါတယ်။ လူထုက
ယုံကြည်မှုမရှိဘဲ ဆန့်ကျင်ရှုံ့ချခံရတဲ့အနေအထားကနေ လူထုထောက်ခံမှု
မရသေးရင်တောင်မှအရင်လို ခါးခါးသီးသီး အမုန်းခံရတဲ့ အနေအထားကနေ
လွတ်မြောက်လာတယ် လို့ ဆိုရမှာပါ။ပါတီရဲ့ စွမ်းဆောင်မှုရယ်လို့ လူထုအတွက်
ထိရောက်အောင်ပီပီပြင်ပြင်လုပ်နိုင်တာ မရှိလှသေးပေမယ့်
အာဏာရပါတီဖြစ်လာပြီး အဲဒီပါတီကို ကိုယ်စားပြုတဲ့ အစိုးရရဲ့ ရပ်တည်ချက်က
ဒီမိုကရေစီလမ်းကြောင်းဆီ
ဦးတည်တယ်လို့ယုံကြည်လောက်အောင် အစိုးရက
စွမ်းဆောင်နိုင်ခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ လက်ရှိမှာလည်း
အားနည်းချက်အချို့ ရှိနေပေမယ့်
အစိုးရရဲ့ရပ်တည်ချက်ကို ခြုံကြည့်လိုက်ရင် တော်တော်များများ
လက်ခံနိုင်တဲ့အနေအထားမှာရှိနေလေတော့ အာဏာရပါတီအနေနဲ့ အားသွန်ခွန်စိုက်
ကြိုးပမ်းနိုင်ရင်
လူထုထောက်ခံမှုအချို့ကို
မျှော်လင့်နိုင်တယ်လို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမယ့်
လက်ရှိသမ္မတရဲ့ စွမ်းဆောင်ချက်တွေက ကောင်းမွန်လို့သာ
ထောက်ခံမှုများရရှိလာတာ ဖြစ်လေတော့ ဒါဟာ ပါတီကို
ထောက်ခံခြင်းမဟုတ်သေးဘူးဆိုတဲ့ အချက်ကို သတိပြုဖို့ အထူးလိုအပ်ပါတယ်။
သမ္မတဖြစ်သူအနားယူပြီးတဲ့ နောက်မှာ
ပါတီပုံရိပ်ကို မြှင့်တင်ပေးနိုင်မယ့်သူတွေ လိုအပ်နေပါသေးတယ်။မဟာဗျူဟာ
နည်းဗျူဟာတွေကောင်းကောင်း ရှိတဲ့ ပါတီဖြစ်တာနဲ့အညီ plan B သာမက plan C
တောင်
ရှိချင်ရှိနေနိုင်တာကြောင့် နောက်ထပ် ဆက်ခံမယ့်
ခေါင်းဆောင်တွေလည်းလေ့ကျင့်ပြင်ဆင်ထားပြီးသား အဆင်သင့် ရှိနေမှာ
အသေအချာဖြစ်ပါတယ်။အစိုးရသစ်ပေါ်ပေါက်လာပြီး
နောက်ပိုင်း ပြည်တွင်းကကော နိုင်ငံတကာကပါ လက်ခံလာခြင်းကို
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်များကိုယ်တိုင်က
ကြိုတင်မျှော်လင့်ထားပုံမရပါဘူး။ အစပိုင်းမှာ ထောက်ခံမှုတွေအတွက်
အံ့အားတသင့် ရှိနေခဲ့ပုံ ရပါတယ်။
နောက်ပိုင်း သမ္မတကို ထောက်ခံအားပေးမှုတွေ တအားအရှိန်ရလာတဲ့အခါ ပါတီအနေနဲ့
အစွမ်းကုန် အားထုတ်ဖို့လိုအပ်ပြီလို့တော့သိမြင်လာပုံ ရပါတယ်။ တလောက
ပါတီဒုဥက္ကဌ တာဝန်ယူထားသူက၂၀၁၅ ဟာ သူတို့အတွက် သိပ်ကြီးမားတဲ့
ရည်မှန်းချက်မဟုတ်ဘဲ လူထုအကျိုးစီပွားကို ဖေါ်ဆောင်ပေးဖို့သာ
အဓိကရည်မှန်းထားကြောင်း
ပြောသွားတာကြားမိတော့
တော်တော်လေးအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။လက်ရှိအနေအထားမှာ
နိုင်ငံရေးပါတီတစ်ခုအနေနဲ့ အမှန်တစ်ကယ်လည်း အခုလိုရေရှည်
ရည်ရွယ်ချက်မျိုး
ခိုင်ခိုင်မာမာချမှတ်ထားသင့်တာဖြစ်ပြီး လူထုထောက်ခံမှုရတဲ့ (
ဒီမိုကရေစီအင်အားစုတွေကိုကိုယ်စားပြုတယ်လို့ဆိုတဲ့)
ပါတီတွေကတောင် ဒီလိုစကားမျိုးပြောသံဆိုသံ မကြားရသေးပါဘူး။အာဏာရပါတီအနေနဲ့
အမှန်တစ်ကယ်ရည်ရွယ်ချက်ရှိပုံလည်းရပြီး ဒီလိုရည်ရွယ်ချက်မျိုး
ပါတီကြီးတစ်ခုမှာရှိနေခြင်းက
တိုင်းပြည်အနာဂါတ်ကောင်းမွန်ရေးအတွက် ကောင်းမွန်တဲ့
အာမခံချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် စောစောကပြောသလိုပါပဲ။ ခေတ်ဟောင်း
(စစ်အုပ်ချုပ်ရေး)ကနေ
ပေါက်ဖွားလာတဲ့ပါတီဖြစ်လေတော့ လူထုထောက်ခံမှု အခိုင်အမာ
ရချင်တယ်ဆိုရင်တခြားပါတီတွေထက် အဆပေါင်းများစွာ ကြိုးစားအားထုတ်မှသာ
တန်ရုံကျပါလိမ့်မယ်။
လက်ရှိအခြေအနေမှာ လူထုကကော နိုင်ငံတကာကပါ ထောက်ခံအားပေးနေတယ်ဆိုတာ
သမ္မတဦးသိန်းစိန်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို
သာ ထောက်ခံအားပေးနေတာဖြစ်ပြီး သူ့မိခင်ပါတီကို
ထောက်ခံနေခြင်းမဟုတ်ဘူးဆိုတာ ပါတီဝင်များအနေနဲ့ ဂရုပြုမိကြမှာ လည်း
သေချာပါတယ်။ အနာဂါတ်မှာ ကောင်းမွန်စွာ ရပ်တည်နိုင်ဖို့
တစ်နည်းအားဖြင့် လာမယ့်ရွေးကောက်ပွဲတွေမှာ လုံလောက်တဲ့ ထောက်ခံမဲတွေ
ရရှနိုင်ဖို့ နည်းလမ်းကောင်းတွေ ရှာဖွေနေပုံလည်းရှိပါတယ်။ အမှန်တစ်ကယ်
တိုင်းကျိုးပြည်ကျိုးဆောင်ရွက်လိုတဲ့
စိတ်စေတနာမှန်ရင် လူထုကကော နိုင်ငံတကာကပါ ဘယ်ပုဂိုလ်
ဘယ်အဖွဲ့အစည်းကိုမဆိုထောက်ခံအားပေးမှာပဲဆိုတဲ့ လက်တွေ့သင်္ခန်းစာကိုလည်း
ရရှိသွားပုံရှိပါတယ်။ ဒါပေမယ့်
သမ္မတဦးသိန်းစိန်ခေတ်လွန်ကာလမှာ လက်ရှိ ပြည်တွင်းပြည်ပ ထောက်ခံမှုတွေကို
ဆက်လက်ထိန်းသိမ်းထားဖို့အတွက်ကတော့ အာဏာရပါတီကြီးအတွက် အခက်ခဲဆုံး
ရုန်းကန်ရမယ့်
စိန်ခေါ်မှုကြီးဖြစ်နေပါတော့တယ်။
အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အနေနဲ့ကတော့ အာဏာရပါတီနဲ့
လုံးလုံးလျားလျားဆန့်ကျင်ဘက်အနေအထားမှာရှိနေဆဲပါ။ အာဏာရပါတီက
လူထုထောက်ခံမှုရဖို့ ခဲရာခဲဆစ်ကြိုးစားဖို့
လိုသလောက် NLD အနေနဲ့ကတော့ လူထုထောက်ခံမှု (အများစု ) ကို အသာလေးနဲ့
ရနေတဲ့ နောက်ထပ်လည်းရနေဦးမယ့် အနေအထားပါ။ ၁၉၉၀ ရွေးကောက်ပွဲကာလအတည်းက
တခဲနက်ထောက်ခံခဲ့တဲ့ လူထုက
အခုလောလောဆယ်မှာလည်း အတိုက်အခံပါတီကြီးကိုရာခိုင်နှုန်း တော်တော်များများ
ထောက်ခံဆဲဖြစ်တယ်လို့ ယူဆရပါတယ်။ဒီလိုလူထုထောက်ခံမှုကို အလွယ်တကူလေးနဲ့
ရရှိနေခြင်းက
ဒေါ်စုတစ်မျက်နှာကြောင့် ဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။
ဒေါ်စုသာ နိုင်ငံရေးလောကမှာ ရှိမနေတော့ရင် အခုရနေတဲ့ လူထုထောက်ခံမှုကို
ဆက်ထိန်းထားနိုင်ဖို့ဆိုတဲ့ အချက်က အတိုက်အခံပါတီကြီးအတွက် အခက်ခဲဆုံး
စိန်ခေါ်မှုကြီးဖြစ်ပါလိမ့်မယ်။
ဒီတော့ ဦးသိန်းစိန်နဲ့ ဒေါ်စု ခေတ်လွန် မြန်မာ့နိုင်ငံရေးဟာ
ဘယ်လိုဘယ်ပုံရှိမယ်လို့
ကြိုတင်တွက်ဆပြောဆိုဖို့မလွယ်လှဘူးလို့ဆိုရမှာဖြစ်ပါတယ်။ ယခင်အစိုးရဆီက
အလွယ်တကူ အမွေဆက်ခံခွင့်ရခဲ့ခြင်း၊အင်အားအရ တခြားပါတီများထက် များစွာ
သာလွန် တောင့်တင်းကောင်းမွန်ခြင်းနဲ့
လက်ရှိတာဝန်ယူနေတဲ့ အစိုးရ (သမ္မတ )ကို ပြည်တွင်းပြည်ပ ထောက်ခံမှုရှိခြင်း
စတဲ့ အားသာချက်တွေရှိတဲ့ အာဏာရပါတီရော ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့
အများကြည်ညိုလေးစားသူ
လူထုခေါင်းဆောင်ကြောင့် လူထုနဲ့
နိုင်ငံတကာထောက်ခံမှုဆိုတဲ့အားသာချက်ရှိနေတဲ့ အတိုက်အခံပါတီပါ
ဦးသိန်းစိန်နဲ့ဒေါ်စုခေတ်လွန် ကာလမှာ နိုင်ငံရေးအရ
အောင်မြင်မှုဆက်လက်ရရှိဖို့၊ခိုင်ခိုင်မာမာဆက်လက်ရပ်တည်နိုင်ဖို့
တော်တော်ခက်ခက်ခဲခဲ လုပ်ရပါလိမ့်ဦးမယ်။ ဒီပုဂိုလ်နှစ်ယောက်စလုံးက
တစ်ချိန်ချိန်မှာ နိုင်ငံရေးလောက ကနေ
တစ်စုံတစ်ရာသောအကြောင်းတရားနဲ့ ထွက်ခွာကြမှာပါပဲ။ အဲဒီအချိန်ရောက်ရင်
အဆိုပါ ပါတီကြီးနှစ်ခု အတွက်ရော မြန်မာနိုင်ငံနဲ့မြန်မာလူထုအတွက်ပါ
လက်ရှိ ကောင်းမွန်နေတဲ့
နိုင်ငံရေးအခြေအနေတွေ တည်တည်ငြိမ်ငြိမ်နဲ့
ဆက်လက်ဖြစ်ထွန်းနေဖို့အရေးကြီးလှပါတယ်။ အခုအချိန်ကတည်းက
ကြိုတင်စဉ်းစားပြီး ပြင်ဆင်လုပ်ကိုင်ဖို့ ပါတီနှစ်ခုစလုံးက
စဉ်းစားနေလောက်ပြီလို့ ယူဆရပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်စုခေတ်လွန်ကာလ နိုင်ငံရေးကို သေချာပေါက်
ကြိုတင်ခန့်မှန်းလို့ရတဲ့ အချက်အလက်အချို့တော့ရှိနေပါတယ်။ ၁။
ပြည်နယ်အသီးသီးက တိုင်းရင်းသားပါတီတွေက
အင်အားပိုကောင်းလာနိုင်ပြီး
တိုင်းရင်းသားပါတီတွေအချင်းချင်းပူးပေါင်းမှုတွေသေချာပေါက်
ရှိလာနိုင်ပါတယ်။ပြည်နယ်အသီးသီးက လူထုရဲ့ သက်ဆိုင်ရာ
တိုင်းရင်းသားပါတီများအပေါ်
ထောက်ခံမှုဟာလည်း အကြီးအကျယ်မြင့်တက်လာပါလိမ့်မယ်။ ၂။စီးပွားရေးအရ အထိုက်အလျောက်
ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာခဲ့မယ်၊ နောက်ထပ်တာဝန်ယူမယ့်
ပါတီခေါင်းဆောင်တွေက လက်ရှိသမ္မတလို
လူထုထောက်ခံမှုရအောင်စွမ်းဆောင်နိုင်မယ်ဆိုရင် လက်ရှိအာဏာရပါတီဟာလည်း
အခြေအနေကောင်းလာနိုင်ပါတယ်။ ၃။တိုင်းရင်းသားပါတီမဟုတ်တဲ့
အခြားပါတီများထဲက အင်အားချို့တဲ့နည်းပါးတဲ့ ပါတီငယ်များဟာ ၂၀၁၅
နောက်ပိုင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ပါတယ်။
၎။ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်တွင်းပြည်ပထောက်ခံမှု ရနေတဲ့
အတိုက်အခံပါတီကြီးအနေနဲ့ကတော့ အဲဒီအချိန်ကျမှ ပိုမိုပြင်းထန်တဲ့
စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ၅။ လူထုကလည်း
ပါတီကိုရောလူပုဂ္ဂိုလ်ကိုပါ စနစ်တကျရွေးချယ်တတ်တဲ့ ဓလေ့
တဖြည်းဖြည်းရင့်ကျက်လာနိုင်ပြီး ဒီလိုဖြစ်လာမယ်ဆိုရင် ဒီမိုကရေစီရေးအတွက်
ကြီးစွာသော အထောက်အပံ့ ရရှိပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအားသွန်ခွန်စိုက်ကြိုးပမ်းနေကြရတဲ့
ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးဟာ တည်တည်ငြိမ်ငြိမ်နဲ့
ဆက်လက်ဖြစ်ထွန်းနေဖို့အတွက် နိုင်ငံရေးပါတီများမှာသာမက
လူထုမှာပါတာဝန်ရှိနေတာဖြစ်ပြီး အလွယ်တကူ ရရှိခဲ့တာမဟုတ်တဲ့
မျှော်လင့်ချက်တွေ၊အခွင့်အလမ်းတွေကို အလွယ်တကူပဲ
ပြန်လည်ပျက်စီးဆုံးရှုံးမသွားရစေအောင်
ဝိုင်းဝန်းထိန်းသိမ်းကြိုးပမ်းကြစေလိုပါကြောင်း
လေးစားစွာသတိပေးတိုက်တွန်းလိုက်ပါတယ်။ ။
ပိုက်တင်
No comments:
Post a Comment