ပါမောက္ခဒေါက်တာ အောင်ထွန်းသက်
လုပ်သားဝန်ထမ်းများရဲ့ လုပ်ခလစာဟာ တစ်ဦးတစ်ယောက်ချင်းအတွက် သာမက နိုင်ငံ
တစ်နိုင်ငံလုံးရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး နယ်ပယ်အသီးသီးမှာ
ပတ်သက်၊ သက်ဆိုင် မှုရှိနေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဒီကိစ္စကို အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင်များ၊
နိုင်ငံတော်မှ တာဝန်ရှိသူများအားလုံးက တွင်တွင်ကျယ်ကျယ် စဉ်းစားလျက်
ရှိပါတယ်။ လွှတ်တော်အတွင်းမှာလည်း ဒီကိစ္စကို ဆွေးနွေးပြီး လိုအပ်တဲ့ဥပဒေများ
ချမှတ်ကြမှာ ဖြစ်ပါတယ်။
လုပ်ခလစာကို စဉ်းစားတဲ့အခါ
ရှုထောင့်အမျိုးမျိုးက စဉ်းစားဖို့ လိုအပ်ပါတယ်။ ဝန်ထမ်း တစ်ဦးအတွက်
လုပ်ခလစာဟာ အမှန်တော့ သူပေးတဲ့လုပ်အားအတွက် အလုပ်ရှင် ဖြစ်သူက
ပြန်လည်ပေးဆပ်တာ ဖြစ်တယ်။ ဒါကြောင့် လုပ်ခလစာကို ပြန်လည်ပေးဆပ်မှု
(Compensation) တစ်ရပ်အဖြစ် သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးရဲ့
ရပိုင်ခွင့် (Benefits) ကိုစဉ်းစားရာမှာ လုပ်ခလစာသာမက ခွင့်ရက်များ၊
နေ့လယ်စာ ကျွေးမွေးခြင်း၊ ရုံးတက်ရုံးဆင်း သယ်ယူပို့ဆောင်မှု စီစဉ်ပေးခြင်း၊
တူညီဝတ်စုံ ဆင်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စတာတွေ
ပါဝင်ပါတယ်။ ဒါကြောင့်လည်း ရပိုင်ခွင့်၊ အစုအစည်း၊ အထုပ်အပိုး (Benefits
Package) လို့ ခေါ်ဝေါ်သတ်မှတ် ကြတာဖြစ်ပါတယ်။
လုပ်ခလစာကို
စဉ်းစားသတ်မှတ်တဲ့နေရာမှာ ကုန်ထုတ်စွမ်းအား Productively ကို မလွဲမသွေ
စဉ်းစားရမှာဖြစ်တယ်။ တစ်နည်းအားဖြင့် လုပ်ခလစာနဲ့ ကုန်ထုတ်စွမ်းအားဟာ
ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ဒီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတဲ့အခါ
ရပိုင်ခွင့် (Rights) နဲ့ တာဝန်ရှိမှု (Responsibility )တို့ရဲ့
ဆက်စပ်မှုကို သတိပြုရမှာဖြစ် ပါတယ်။ ဝန်ထမ်းတစ်ဦးမှာ ရသင့်ရထိုက်တဲ့
လုပ်ခလစာရရှိမှုဟာ ရပိုင်ခွင့်ဖြစ်ပါတယ်။ သူစိုက်ထုတ်တဲ့ လုပ်အားအပေါ်
အခြေခံပြီး သူ့မှာရပိုင်ခွင့်ရှိပါတယ်။ တစ်ဖက်က သူ့မှာရပိုင်ခွင့်ရှိသလို
အခုလိုထိုက်တန်တဲ့ လုပ်ခလစာရရှိပြီးချိန်မှာ တစ်ဖက်ကလည်း
ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဖို့လည်း လက်ခံ သဘောတူရမှာ ဖြစ်ပါတယ်။
ကုန်ထုတ် စွမ်းအားနဲ့ လုပ်ခလစာဟာ အပေးအယူ သဘောသာ ဖြစ်ပါတယ်။
နိယာမသဘောအရ ဝန်ထမ်းတွေက လုပ်ခလစာကို တိုးမြှင့်စေလိုတဲ့ ဆန္ဒရှိပြီး
အလုပ်ရှင် ကတော့ လုပ်ခလစာကို ထိန်းသိမ်းလိုတဲ့ စိတ်ရှိမှာအမှန်ပါ။
ဒီသဘောရှိနေပေမယ့် သုညြွကွင်း တဲ့ ကိစ္စမျိုးမဖြစ်ဘဲ နှစ်ဦးနှစ်ဖက်
သင့်လျော်ပြီး လက်ခံနိုင်မယ့် ပမာဏကိုသာ ဖော်ထုတ် ရမှာသာ ဖြစ်ပါတယ်။
လုပ်ခလစာနဲ့ ပတ်သက်ပြီး နိုင်ငံအတော်များများမှာ အနိမ့်ဆုံးအဆင့်ကို
သတ်မှတ်ဖို့ ကြိုးစားလာခဲ့ကြတယ်။ အမေရိကန် နိုင်ငံမှာ နာမည်ကြီး McDonald
စားသောက် ဆိုင်မှာ လုပ်နေကြတဲ့ ဝန်ထမ်းတွေဟာ တစ်နာရီအတွက်
အနိမ့်ဆုံးလုပ်ခလစာ တိုးတောင်း ခဲ့ကြပြီး မကြာသေးခင်က ကုမ္ပဏီက သဘောတူ
လက်ခံခဲ့တာ တွေ့ရပါတယ်။
အထင်ရှားဆုံးဥပမာက
အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တက်လာတဲ့ အစိုးရ အသစ် က
အနိမ့်ဆုံးလုပ်ခလစာကို တစ်နေ့ထိုင်းဘတ်ငွေ ၃ဝဝ (အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာ)
သတ်မှတ်ခဲ့ပါတယ်။ အခုလို သတ်မှတ်လိုက်တာမို့ဝန်ကြီးချုပ် ရင်လတ်အစိုးရဟာ
လူကြိုက် များခဲ့ပါတယ်။ လုပ်ခနည်းဝန်ထမ်းအများစုရဲ့ ထောက်ခံမှုကို
ရရှိခဲ့တယ်။ တစ်ခုတော့ ရှိပါ တယ်။ အခုလို ဥပဒေအရ အနိမ့်ဆုံးလုပ်ခလစာကို
သတ်မှတ်ခဲ့ပေမယ့် ဒီလုပ်ခလစာကို လုပ်သားတိုင်းခံစားခွင့်
မရခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် ရွှေ့ပြောင်း လုပ်သား ဖြစ်တဲ့
မြန်မာလုပ်သားတွေ မခံစားရတာကိုလည်း ကြားသိရပါတယ်။
ဒီဆောင်းပါးမှာ
ကျွန်တော့်အနေနဲ့ ထိုင်းနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာ
သတ်မှတ်မှု အတွေ့အကြုံများကို တင်ပြဆွေးနွေးချင်ပါတယ်။ ဒီအတွေ့ အကြုံတွေကို
အခြေခံပြီး ကျွန်တော်တို့နိုင်ငံမှာ စဉ်းစားသင့်တဲ့၊ ဆုံးဖြတ်သင့်တဲ့
အကြောင်းအချက် တွေကို ဖော်ပြသွားနိုင်မှာ ဖြစ်ပါတယ်။ တစ်ရက် ထိုင်းဘတ်ငွေ
၃ဝဝ အနိမ့်ဆုံးလုပ်ခ လစာကို ထိုင်းတစ်နိုင်ငံလုံးမှာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ
၁ ရက်နေ့မှာ စတင်အကောင် အထည်ဖော် ခဲ့ပါတယ်။ အစိုးရရဲ့ဦးတည်ချက်က
ဝင်ငွေနည်းတဲ့သူတွေရဲ့ အခြေအနေကို တိုးတက်နိုင်ဖို့ တစ်ဖက်ကကြိုးစားခဲ့သလို
တစ်ဖက်ကတော့ နိုင်ငံရေးအရ အကျိုး အမြတ်ရလိုတဲ့ ဆန္ဒလည်း ရှိခဲ့တာအမှန်ပါ။
၂၁ လကြာ အကောင်အထည်ဖော်ခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာကြောင့် စက်ရုံ၊ အလုပ်ရုံ
တွေရဲ့ စရိတ် တိုးတက်လာတဲ့အတွက် ဝန်ထမ်းများကို လျှော့ချခဲ့တာ
တွေ့မြင်ရပါတယ်။ အခုလို ဝန်ထမ်းတွေ လျှော့ချခဲ့တာမို့ အလုပ်လက်မဲ့ပမာဏတွေ
တိုးလာခဲ့တယ်။ အလုပ်ရပ်စဲရာ မှာလည်း ဝန်ထမ်းများကို ပေးသင့်တဲ့လျော်ကြေးငွေ
မပေးခဲ့တာတွေ့ရ ပါတယ်။ ရသင့်တဲ့ လျော်ကြေးတစ်ဝက်လောက်ပဲ ပေးခဲ့ကြတယ်။
အနိမ့်ဆုံးလုပ်ခလစာ ပေးခြင်းနဲ့ပတ်သက်ပြီး နိုင်ငံတော်က ဥပဒေအရ
အရေးယူဆောင်ရွက်နိုင်စွမ်းမရှိ တာကိုလည်း တွေ့ခဲ့ရတယ်။
ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်းရဲ့ တွေ့ရှိချက်များအရ
အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြီး ချိန်ကစပြီး ထိုင်းနိုင်ငံရှိ အသေးစားနဲ့
အလတ်စား စီးပွားရေး လုပ်ငန်း ပေါင်း၂ ဒသမ ၉သန်းအနက် တစ်သိန်းကျော်
ပိတ်ခဲ့ရကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ အသေးစားနဲ့ အလတ်စား
စီးပွားရေးလုပ်ငန်းတွေဟာ တစ်နိုင်ငံလုံးရှိ လုပ်ငန်းများရဲ့ ၉၀
ရာခိုင်နှုန်းခန့်ရှိပြီး တိုင်းပြည်ဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်းကို
ဖြည့်ဆည်းပေးလျက် ရှိပါတယ်။ နိုင်ငံခြားကို ပို့ကုန် အဖြစ် တင်ပို့တဲ့
မီးအိမ်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကို လွန်ခဲ့တဲ့နှစ် ၂၀ ကျော် ကတည်းက
တည်ထောင်ခဲ့ပါတယ်။ အနိမ့်ဆုံး လုပ်ခလစာကြောင့် ထုတ်လုပ်မှုစရိတ်ဟာ ၄၀
ရာခိုင်နှုန်းခန့် တိုးမြင့်လာပြီး ယှဉ်ပြိုင်ရာမှာ မထိရောက်နိုင်တော့
ပါဘူး။ ဒါကြောင့် ယခင်ရှိတဲ့ ဝန်ထမ်း ၅၁၀ အနက် ၄၀၀ ကျော်ကို
အလုပ်ရပ်စဲခဲ့တာ တွေ့ရတယ်။ လုပ်ငန်းကြီးတွေနဲ့ အနိမ့်ဆုံး
လုပ်ခလစာရဲ့ဝန်ကို မထမ်းနိုင်ပေမယ့် အလတ်စားနဲ့အသေးစား လုပ်ငန်းတွေမှာ
အခက်အခဲ နဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။ ထိခိုက်မှု အများဆုံး လုပ်ငန်းတွေက
ဝန်ထမ်းအင်အား အသုံး များတဲ့ အထည်ချုပ်စက်ရုံများ၊ ပရိဘောဂ
ထုတ်လုပ်တဲ့လုပ်ငန်းများ၊ သားရေလုပ်ငန်းများနဲ့ ကြွေထည်မြေထည် အလုပ်ရုံများ
ဖြစ်ပါတယ်။ မော်တော်ယာဉ် ထုတ်လုပ်တဲ့ကုမ္ပဏီများမှာ
ထိခိုက်မှုနည်းပါးခဲ့ပါတယ်။ စက်ကိရိယာ၊ နည်းပညာသုံးစွဲမှုပမာဏ
များတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ စောစောက တင်ပြခဲ့သလို
လုပ်ခလစာတိုးမြှင့်လာတာနဲ့အမျှ ကုန်ထုတ်စွမ်းအား တိုးမြှင့်ခဲ့ရင်
လုပ်ငန်းတွေ အနေနဲ့ တိုးမြှင့်မှုကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
တစ်ဖက်ကလည်း အခုလို ဝန်ထမ်းအင်အား လျှော့ချတဲ့နေရာမှာ နည်းပညာနဲ့
တီထွင်မှုများကို အစားထိုးနိုင်စွမ်း ရှိခဲ့ရင် ကာလရှည်အတွက် အကျိုးရှိမှာ
ဖြစ်ပါတယ်။
အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ခဲ့တဲ့ အတွက်
ဆိုးကျိုးချည်းမဟုတ်ဘဲ ကောင်းကျိုးတွေ ရှိတာကိုလည်း တွေ့မြင်ရပါတယ်။
အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှုဟာ လုပ်ဖို့ လိုအပ်တဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်။
လူမှုရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရသော်
လည်းကောင်း မဖြစ်မနေလုပ်ရမယ့်အရာ ဖြစ်ပါတယ်။ လုပ်ခလစာ တိုးမြှင့်မှုကြောင့်
စီးပွားရေးလုပ်ငန်းများ အနေနဲ့ လုပ်သင့်လုပ်ထိုက် တဲ့
ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည်ဖော်ရမှာဖြစ်ပြီး
နိုင်ငံရဲ့ယှဉ်ပြိုင်မှုကို အားပေးရာ ရောက်ပါတယ်။ လုပ်ခ လစာ
တိုးမြှင့်လာတဲ့အတွက် လုပ်ငန်းများ အရင်ထက် စွမ်းရည် ပြည့်နိုင်အောင်
ကြိုးစား လာပြီး နည်းပညာတီထွင်မှုတွေ ကိုလည်း အသုံးချလာမှာ ဖြစ်ပါတယ်။
အခုလို အိမ်နီးနားချင်းနိုင်ငံက ရလာတဲ့သင်ခန်းစာတွေကို
ကျွန်တော်တို့နိုင်ငံမှာ တာဝန်ရှိသူ တွေ၊ ပါဝင်ပတ်သက်နေသူတွေက သိရှိပြီး
ကိုယ့်နိုင်ငံအတွက် အကျိုးအရှိဆုံး၊ အသင့်လျော် ဆုံး အဖြေတွေကို
ထုတ်ဖော်သွားရမှာ သာဖြစ်ပါတယ်။ ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားကြပြီး
သူ့ဘက် ကိုယ့်ဘက် မကြည့်ဘဲ အမျိုးသားအကျိုးကို ဦးထိပ်ထားဖို့ လိုအပ်ပါတယ်။
တစ်ခုသတိပြုရမယ့်ကိစ္စကတော့ ကုန်ဈေးနှုန်းတိုးမြင့်မှုပဲ ဖြစ်ပါတယ်။ နိုင်ငံ့
ဝန်ထမ်းတွေကို ဘဏ္ဍာရေးနှစ်သစ်မှာ တစ်လငွေကျပ်နှစ်သောင်း တိုးမြှင့်တဲ့
အစီအစဉ်ကြောင့် ကုန်ဈေးနှုန်း တွေက ကြိုတင်ပြီးတက်နေတာ တွေ့ရပါတယ်။
လစာတိုးတဲ့အချိန်တိုင်း ဒီအခြေအနေများကို ရင်ဆိုင်ခဲ့ရတယ်။ ကုန်ဈေးနှုန်းက
ကြိုတင်တိုးနေရင် နိုင်ငံတော်ရဲ့ စေတနာဟာ အကျိုး သက်ရောက်မှု
လျော့နည်းသွားမှာ ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတိုးတက်မှုနဲ့
ပတ်သက်လာရင်လည်း ဈေးနှုန်းထိန်းချုပ်မှု ပေါ်လစီကို ရှောင်ရှား ရမှာ
ဖြစ်ပါတယ်။ ဈေးနှုန်းထိန်းချုပ်မှုကြောင့် ဆိုးကျိုးတွေက အများကြီး။
အထူးသဖြင့် မှောင်ခို ဈေး ပေါ်လာခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာလည်း မှောင်ခိုနဲ့ ပတ်သက်ပြီး အတွေ့အကြုံက
နှစ်ပေါင်းမြောက်မြားစွာ ရခဲ့ပြီးဖြစ်တယ်။
လုပ်ခလစာတိုးမြှင့်လာတာနဲ့အမျှ ကုန်ထုတ်စွမ်းအားတက်ခြင်းဟာ
သော့ချက်ဖြစ်တယ်။ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်တဲ့အခါမှာ ဒီအကြောင်းအချက်ကို
ဗဟိုပြုပြီး စဉ်းစားကြလိမ့် မယ်လို့ မျှော်လင့်မိပါတယ်။
ဒီဆောင်းပါးရေးနေချိန်မှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အိုဘားမားက သူ့ရဲ့
နိုင်ငံ တော် မိန့်ခွန်းမှာ ပြည်သူ့ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာကို
တစ်နာရီ အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာအဖြစ် တိုးမြှင့်ခဲ့တယ်။ အခုလို
ဆောင်ရွက်လိုက်တဲ့အတွက် ပုဂ္ဂလိက ကဏ္ဍမှာ အနိမ့်ဆုံး
လုပ်ခလစာတိုးမြှင့်လာဖို့လည်း မျှော်လင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အစိုးရဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာကို အခုလို မြှင့်တင်ခဲ့တာဟာ
ဆင်းရဲချမ်းသာ ကွာလာမှုကို ကိုင်တွယ်ဖြေရှင်းစေလိုတဲ့ ဆန္ဒကြောင့်လည်း
ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံမှာ
အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ဖို့ စဉ်းစားတဲ့နေရာမှာ ရယူနိုင်တဲ့
သင်ခန်းစာတွေ အများကြီးရှိကြောင်း အားပေးချင်ပါတယ်။ သူများတွေမှားတဲ့
အမှားမျိုး မမှားအောင်၊ သူများတွေ မှန်တာတွေကို အတုယူကြဖို့သာ
ရှိပါတော့တယ်။ ။
၂၄-၂-၂၀၁၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ
No comments:
Post a Comment