လူ့အဖွဲ့အစည်း ( society ) ဆိုတဲ့ သဘောတရားက နိုင်ငံတော် ( state) သဘောတရား မပေါ်ပေါက်ခင်
အရင် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဆိုတာက လူ့ဘောင်အဖွဲ့အစည်းတွေ
တောင့်တင်းခိုင်မာဖို့ မပြိုကွဲမပျက်စီးဖို့ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးနေဖို့အတွက်
လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။
civilization ဆိုတဲ့ လူ့ယဉ်ကျေးမှု ဆင့်ကဲတိုးတက်ဖြစ်ပေါ်လာခြင်းနဲ့အတူ
လူ့အဖွဲ့အစည်း ဆိုတဲ့သဘောတရားက ပေါ်ပေါက်လာခဲ့တာပါ။
civilization နဲ့ society သဘောတရားနှစ်ခုစလုံးက ဆင့်ကဲဖြစ်စဉ်နဲ့
ဖြစ်ပေါ်တိုးတက်လာခဲ့တာဖြစ်ပြီး လူသားမျိုးနွယ်များ တစ်ဖြည်းဖြည်း ယဉ်ကျေးလာတဲ့အလျောက်
အစုအဖွဲ့လိုက်နေထိုင်ပြီး ကျေးရွာများ ၊ မြို့ပြများ တိုင်းပြည်နိုင်ငံများ စသဖြင့် ပေါ်ပေါက်လာခဲ့ပြီး state ဆိုတဲ့သဘောတရားဟာ လူ့အဖွဲ့အစည်းများ အားကောင်းမောင်းသန်ဖြစ်ဖို့
အခိုင်မာဆုံးစုစည်းပေးထားနိုင်တဲ့ institution အဖြစ်ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။
ဒီတော့ လူ့အဖွဲ့အစည်းအတွက်နိုင်ငံတော်ဆိုတာပေါ်ပေါက်ခဲ့ရခြင်းဖြစ်ပြီးတော့
နိုင်ငံတော်အတွက် လူ့အဖွဲ့အစည်း တည်ရှိနေရတာ
မဟုတ်ဘူးဆိုတာ သိသာထင်ရှားတဲ့ အချက်အဖြစ် မြင်တွေ့နိုင်တာဖြစ်ပါတယ်။
အစိုးရဆိုတဲ့သဘောတရားကလည်း
နိုင်ငံတော်ဆိုတဲ့သဘောတရားနဲ့အတူ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ရခြင်းဖြစ်ပြီးတော့
အစိုးရများဟာ နိုင်ငံတော်နဲ့လူ့အဖွဲ့အစည်းက
ို ကြားကနေပေါင်းကူးပေးရတဲ့ institution ဖြစ်တယ်ဆိုတဲ့အချက်
ကို အထူးသတိပြုသင့်ပါတယ်။လူထုကိုယ်စားနိုင်ငံတော်ကို
စီမံခန့်ခွဲဖို့တာဝန်ရှိတဲ့ Institution ဖြစ်ပါတယ်။
အာဏာရှင် စနစ်နဲ့အုပ်ချုပ်တဲ့အစိုးရများဟာ နိုင်ငံတော်နဲ့အစိုးရကို
ထပ်တူပြုပြောဆို လုပ်ကိုင်တတ်ကြပါတယ်။
လူ့အဖွဲ့အစည်းရဲ့အမြင်မှာ
အစိုးရနဲ့နိုင်ငံမကွဲပြားတော့ဘဲရောထွေးရှုမြင်လာပြီး ( ကြောက်ရွံ့မှုနဲ့အတူ
)အစိုးရများကို နိုင်ငံတော်နဲ့ထပ်တူ ကြီးကျယ်ခမ်းနားစွာ
ရှုမြင်လာကြရလေအောင် အာဏာရှင်များက ဟိတ်ဟန်ထုတ်လေ့ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ
လူ့အဖွဲ့အစည်းဟာ အာဏာရှင်အစိုးရများနဲ့ နိုင်ငံတော်ကို မခွဲခြားတတ်တော့ဘဲ
တစ်စတစ်စနဲ့ နိုင်ငံရေးအသိအမြင်များပါ ဆုံးရှုံးပျောက်ကွယ်လာကြရပါတယ်။
အစိုးရရဲ့ ပရောဂျက်များကို
အကောင်အထည်ဖော်တဲ့အခါတိုင်း နိုင်ငံတော်က စေတနာနဲ့ဆောင်ရွက်ပေးတာဖြစ်တယ်
ဆိုတဲ့စကားမျိုးနဲ့ အစိုးရတွေက လူ့အဖွဲ့အစည်းကို လှည့်စားတတ်ကြပါတယ်။
ကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကိုကျင့်သုံးတယ်ဆိုရင်အစိုးရများဟာ
လူ့ဘောင်အဖွဲ့အစည်းရဲ့ ကိုယ်စား
နိုင်ငံတော်ကိုစီမံခန့်ခွဲ့ဖို့တာဝန်ရှိတာဖြစ်ပါတယ်။
နိုင်ငံတော် တောင့်တင်းခိုင်မာရေးဆောင်ရွက်နိုင်ရင် အဲဒီနိုင်ငံတော်ရဲ့ လူ့ဘောင်
အဖွဲ့အစည်းဟာလည်း တောင့်တင်းခိုင်မာလာတာဖြစ်ပါတယ်။တစ်ကယ်တော့
နိုင်ငံတော်ရော အစိုးရပါ လူ့အဖွဲ့အစည်း ကို ကိုယ်စားပြုရတာဖြစ်တယ်ဆိုတာ
အမှန်တရားဖြစ်ပါတယ်။
နိုင်ငံတော်ဆိုတဲ့ institution အဖြစ် ပီပြင်စွာဖြစ်ပေါ်ဖို့အတွက်
အချက်လေးချက်လိုအပ်ပါတယ်။
၁။မှီတင်းနေထိုင်တဲ့လူထု ၂။နယ်နိမိတ်ပိုင်းခြားသတ်မှတ်ချက်
၃။အချုပ်အခြာအာဏာပိုင်ဆိုင်မှု
၎။ အစိုးရ စတဲ့အချက်လေးချက်နဲ့ပြည့်စုံရင် နိုင်ငံတော် လို့သတ်မှတ်နိုင်ပါတယ်။
အစိုးရဆိုတာကတော့ ( လူ့အဖွဲ့အစည်းအကျိုးစီးပွားအတွက်)
နိုင်ငံတော်တည်တံ့ခိုင်မြဲအောင် တိုးတက်ဖွံ့ဖြိုးအောင်
ဆောင်ရွက်ရတဲ့ institution ဖြစ်ပါတယ်။လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို
အမှန်တစ်ကယ် ကိုယ်စားပြုတဲ့ အစိုးရများဟာ အောက်ပါလုပ်ငန်းဆောင်တာများကို
မဖြစ်မနေ အဓိက
လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
၁။လူ့အဖွဲ့အစည်းမှာပါဝင်တဲ့ လူထုလူတန်းစားအားလုံးကို
စည်းစည်းလုံးလုံးရှိအောင် စုစည်းတည်ဆောက်ပေးနိုင်ရပါမယ်။ ပြီးပြည့်စုံတဲ့
ပြည်ထောင်စု
(perfect union ) ကို ထူထောင်ပေးရပါမယ်။
၂။တရားဥပဒေစိုးမိုးရေးကိုခိုင်မာအောင်တည်ဆောက်ရပါမယ်။လူ့အဖွဲ့အစည်းကို
မတရားမှုများကနေ အကာအကွယ်ပေးနိုင်ရပါမယ်။
၃။နိုင်ငံတော်အတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို အခိုင်အမာ တာဝန်ယူ
ထိန်းသိမ်းပေးရပါမယ်။စိုးရိမ်ထိတ်လန့်နေရတဲ့အခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့
အခြေအနေကို
ဘယ်နိုင်ငံသားကမှ မလိုလားကြလေတော့
ဆူပူမှု မတည်ငြိမ်မှုတွေမဖြစ်ရလေအောင် အစိုးရများက အကာအကွယ်ပေးဖို့တာဝန်ရှိပါတယ်။
၎။နိုင်ငံတော်ကို ခိုင်မာတည်တံ့အောင်ကာကွယ်ရပါမယ်။
၅။ လူထုအတွက် အထွေထွေဖူလုံရေးကို
စွမ်းစွမ်းတမံဆောင်ရွက်ပေးရပါမယ်။တစ်နည်းအားဖြင့်
လုထုအကျိုးစီးပွားကိုဖော်ဆောင်ရပါမယ်။ဥပမာအားဖြင့်
ပညာရေးအဆင့်အတန်းမြင့်မားရေး၊ သောက်သုံးရေ ဖူလုံရေး၊
လေထုနဲ့သဘာဝဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးဆိုင်အာမခံချက်ရှိရေး
စတဲ့ကိစ္စမျိုးတွေဟာ အစိုးရရဲ့ တာဝန်များထဲက အချို့ဖြစ်ပါတယ်။
၆။လူ့ဘောင်အဖွဲ့အစည်းရဲ့လွတ်လပ်ခြင်း ( Liberty ) ကို
အခိုင်အမာထိန်းသိမ်းပေးဖို့တာဝန်ရှိပါတယ်။ လူထုဟာ
အစိုးရရဲ့စီမံခန့်ခွဲပေးမှုနဲ့လွတ်လပ်စွာရွေးချယ်ခွင့်၊
ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်စတာတွေရရှိဖို့လိုအပ်ပါတယ်။
အစိုးရများဟာ နိုင်ငံတော်နဲ့လူထုအကျိုးစီးပွားကို
ထိထိရောက်ရောက်စီမံဆောင်ရွက်ရန်
ပြည်သူ့ရေးရာမူဝါဒများချမှတ်ဆောင်ရွက်နိုင်ဖို့
စွမ်းအားတစ်စုံတစ်ရာလိုအပ်ပြီး
အဲဒီစွမ်းအားကတော့ အာဏာ( Power ) ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့
တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ်ဖြစ်ပါတယ်။ အာဏာရှင်အစိုးရများကတော့
အဲဒီအာဏာသုံးရပ်စလုံးကို အစိုးရလို့ခေါ်တဲ့အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ထဲကဖြစ်စေ
အကြွင်းမဲ့အာဏာကိုရယူထားသူ ( နိုင်ငံတော်အကြီးအကဲလို့ သတ်မှတ်ထားသူ )
အာဏာရှင်ဖြစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့သာ နိုင်ငံတော်အာဏာအရပ်ရပ်ကို
ဆုံးဖြတ်စီမံခန့်ခွဲ့လေ့ရှိပြီး လူထုကိုယ်စားအုပ်ချုပ်ရတဲ့အစိုးရများ
ရရှိနိုင်တဲ့ ဒီမိုကရေစီစနစ်မှာတော့ အာဏာသုံးရပ်ကို စနစ်တကျ
ခွဲဝေသတ်မှတ်ပေးထားပါတယ်။
ဒီမိုကရေစီစနစ်သည်သာ လူ့အဖွဲ့အစည်းအတွက်အကောင်းဆုံး
နိုင်ငံရေးစနစ်ဖြစ်လေတော့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီစနစ်အဖြစ်
တည်ဆောက်ထားနိုင်မှသာ အဲဒီလူ့အဖွဲ့အစည်းဟာ
ငြိမ်းချမ်းသာယာဝပြောနိုင်မယ် တိုးတက်ဖွံ့ဖြိုးနိုင်မယ်ဖြစ်ပါတယ်။
နိုင်ငံတော် များကိုစီမံခန့်ခွဲပုံအမျိုးမျိုးရှိပြီး
အဲဒီစီမံခန့်ခွဲပုံစနစ်များ ဟာ
Political System ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ
The best political system for society လူ့အဖွဲ့အစည်းအတွက်
အကောင်းဆုံးနိုင်ငံရေးစနစ်ဖြစ်တာနဲ့အညီ နိုင်ငံတော်များဟာ
ဘယ်လိုနိုင်ငံရေးစနစ်မျိုးကိုကျင့်သုံးနေသည်ဖြစ်စေ
သက်ဆိုင်ရာလူ့အဖွဲ့အစည်းများဟာ အခါအခွင့်သင့်တာနဲ့ ဒီမိုကရေစီစနစ်ကို
တည်ဆောက်ကျင့်သုံးဖို့ တောင့်တကြ ကြိုးစားအားထုတ်ကြတာဖြစ်ပါတယ်။
Globalization ဖြစ်စဉ်ကြီးမှာလည်း
ကမ္ဘာကြီးက ဒီမိုကရေစီစနစ်ဆီ ဦးတည်ရွေ့လျားနေတာဖြစ်ပါတယ်။(
လက်ကျန်အာဏာရှင်နိုင်ငံအားလုံးမှာ
အနှေးနဲ့အမြန်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာမှာပဲဖြစ်ပြီး
ဒီမိုကရေစီမဖြစ်ရင်လည်း အဲဒီနိုင်ငံများ
ပျက်စီးယိုယွင်းမှာဖြစ်ပါတယ်။ ဥပမာ မြောက်ကိုးရီးယားနိုင်ငံဟာ ဒီမိုကရေစီ
ဖြစ်ရင်ဖြစ် မဖြစ်ရင် တောင်ကိုးရီးယားနဲ့
သေချာပေါက်ပူးပေါင်းရဖို့ရှိပါတယ်။ )
ဒီမိုကရေစီစနစ်ခိုင်မာဖို့ အတွက် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကျင့်သုံးတဲ့
နိုင်ငံတော်ကို တည်ဆောက်ပြီးရုံနဲ့လုံးဝ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်ကို
စီမံခန့်ခွဲရတဲ့ အစိုးရများဟာ
အဆင့်အတန်းမီတဲ့အစိုးရများ တစ်နည်းအားဖြင့် စွမ်းဆောင်ရည်ပြည့်ဝတဲ့
အကျင့်ပျက်ခြစားမှုကင်းတဲ့အစိုးရများဖြစ်ဖို့မဖြစ်မနေလိုအပ်ပါတယ်။အစိုးရများဟာ
အဆင့်မမီသေးဘဲ
ဒီမိုကရေစီပေါ်ထွန်းလာမယ်ဆိုရင်လည်း အဆင့်မီတဲ့အစိုးရများဖြစ်လာအောင်
ပေါ်ပေါက်လာနိုင်အောင် အားထုတ်နိုင်မှသာ အဲဒီ ဒီမိုကရေစီဟာ
အဲဒီနိုင်ငံတော်မှာ ခိုင်ခိုင်မာမာတည်တံ့နိုင်ပြီး
လူ့ဘောင်အဖွဲ့အစည်းဟာလည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို ရေရှည်မှာ
အပြည့်အဝရရှိဖို့အတွက် အာမခံချက်ရှိနိုင်ပါလိမ့်မယ်။
အဲဒီလိုက ကောင်းမွန်တဲ့ အစိုးရအင်္ဂါံရပ်နဲ့ညီတဲ့ အစိုးရတွေကို ရရှိဖို့
အတွက်ဆိုရင် လူ့အဖွဲ့အစည်းက ခိုင်မာတောင့်တင်းနေဖို့လိုအပ်ပါတယ်။
အားကောင်းမောင်းသန် လူ့အဖွဲ့အစည်း
( Strong Society ) တစ်ခုကနေ အာဏာရှင်အစိုးရတစ်ရပ်ပေါ်ထွက်လာဖို့ဆိုတာ
အခွင့်အလမ်းတော်တော်နည်းပြီးတော့ အားကောင်းမောင်းသန်အစိုးရများ ( Strong
Governments )
သာ ပေါ်ထွက်လာဖို့ အခွင့်အလမ်းများသလို အဲဒီအစိုးရများကလည်း
အားကောင်းမောင်းသန်နိုင်ငံတော်( Strong state ) ကို ပုံဖော်ပေးနိုင်
ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တာဖြစ်ပါတယ်။
နိုင်ငံတော်က အားကောင်းမောင်းသန်ဖြစ်တဲ့အတွက်
လူ့အဖွဲ့အစည်းရဲ့အဆင့်အတန်းကလည်း မြင့်သည်ထက်မြင့်လာဖို့ပဲရှိတယ်ဆိုတာ
အလွန်ခိုင်မာသော ကြောင်းကျိုးဆက်စပ်မှုဖြစ်ပါတယ်။
ဒီတော့ အားကောင်းမောင်းသန်လူ့ဘောင်အဖွဲ့အစည်း ဖြစ်ဖို့က
ပဓါနအကျဆုံးဖြစ်နေတာတွေ့ရပါတယ်။ အဲဒီလို
အားကောင်းမောင်းသန်လူ့အဖွဲ့အစည်းဖြစ်ပေါ်လာနိုင်ဖိုအတွက်
၁။ နိုင်ငံတော်ရဲ့စီးပွားရေးဟာ အခြေခံကောင်းများရှိဖို့လိုအပ်ပါတယ်။
ထိပ်တန်းစီးပွားရေးနိုင်ငံဖြစ်ရမယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။ မှန်ကန်တဲ့
အခွန်ကောက်ခံတဲ့စနစ် နဲ့အခွန်ကို အစိုးရများက
မှန်မှန်ကန်ကန်သုံးစွဲတဲ့စနစ်ရှိရပါမယ်။ ဈေးကွက်စီးပွားရေးစနစ်ကို
စစ်စစ်မှန်မှန် တည်ဆောက်ဖို့လိုပါတယ်။ လွတ်လပ်စွာ
လုပ်ငန်းများတည်ထောင်ခွင့်၊လွတ်လပ်စွာပြိုင်ဆိုင်ခွင့် ၊
လွတ်လပ်စွာကုန်သွယ်ခွင့်၊
လွတ်လပ်စွာ တီထွင်ဖန်တီးခွင့်စတာတွေရှိဖို့ လိုအပ်တဲ့ဥပဒေများအခိုင်အမာ
ပြဌာန်းထားရပါမယ်။နိုင်ငံတော်ရဲ့အရင်းအမြစ်များအားလုံးကို စနစ်တကျ
စီမံခန့်ခွဲ့နိုင်ရပါမယ်။
နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက်လာနိုင်အောင်လမ်းဖွင့်ပေးနိုင်ရပါမယ်။ခြုံငုံပြီးပြောရရင်
ဈေးကွက်စီးပွားရေးစနစ် ကောင်းမွန်စွာ ဖြစ်ထွန်းဖို့
ပြည့်စုံကောင်းမွန်တဲ့ မူဝါဒများနဲ့ အခြေအနေများကို
ချမှတ်တည်ဆောက် ထားပြီးဖြစ်ဖို့မဖြစ်မနေလိုအပ်ပါတယ်။
၂။ပညာရေးစနစ်ကိုလည်း အဆင့်မီအောင် ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။
ပညာရေးစနစ် ပျက်စီးယိုယွင်းနေတဲ့အခြေအနေကနေ အဆင့်မီတဲ့ အနေအထားရောက်ဖို့
ပြုပြင်တည်ဆောက် တဲ့
အလုပ်ကို နေ့ချင်းညချင်းပြီးအောင်လုပ်လို့မရပါဘူး။
ပညာရေးစနစ် ပြန်လည်ကောင်းမွန်ပြည့်စုံပြီဆိုရင်တောင်မှ
အဲဒီစနစ်ကောင်းရဲ့အသီးအပွင့်တွေ ရလာဒ်တွေ ရရှိဖို့ ဆယ်စုနှစ်နဲ့ချိန်ပြီး
စောင့်ရပါတယ်။ ပညာရေးစနစ်မကောင်းပဲ တိုးတက်ဖွံ့ဖြိုးတဲ့
နိုင်ငံတော်ဆိုတာလည်း မရှိနိုင်ပါဘူး။ လူ့အဖွဲ့အစည်းအတွက်
ပဓါနအကျဆုံး အရေးကြီးဆုံးကလည်း ပညာရေးဖြစ်သလို စီးပွားရေးအရ
အမှန်တစ်ကယ်ထိပ်တန်းကိုရောက်ဖို့ကလည်း သာမန်လူပြိန်းတွေက
ထင်မြင်ယူဆနေကြသလို သဘာဝ
အရင်းအမြစ်တွေမဟုတ်ဘဲ ပညာရေးစနစ်ကောင်းမွန်ခြင်းက အခရာဖြစ်ပါတယ်။
ဒီတော့ပညာရေးစနစ်အလွန်အမင်းပျက်စီးနေခဲ့ရင်အထိရောက်ဆုံးနဲ့အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့
မဖြစ်မနေလိုအပ်ပါတယ်။
၃။ကျန်းမာရေးကဏ္ဍမှာလည်း နိုင်ငံတကာအဆင့်ရှိဖို့ လိုအပ်သလို
နိုင်ငံတော်ကရေးဆွဲထားတဲ့ကျန်းမာရေးမူဝါဒများဟာ ကောင်းမွန်ပြည့်စုံနေမှသာ
လူ့အဖွဲ့အစည်းအားကောင်းမောင်းသန်ဖြစ်ဖို့
အထောက်အပံ့ဖြစ်နိုင်မယ်ဖြစ်ပါတယ်။ အစိုးရများရဲ့ကျန်းမာရေးစောင့်ရှောက်မှု
အစီအစဉ်များကိုလည်း အကောင်းဆုံးရေးဆွဲထားဖို့လိုအပ်ပါတယ်။
ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများ စောင့်ရှောက် ပြုစုရေး၊
အလုပ်သမားများအတွက် လူမှုဖူလုံရေးအစီအစဉ်များ၊
ဆရာဝန်၊ဆေးဝါးနဲ့ ဆေးရုံများ ထောက်ပံ့ပေးနိုင်မှု စတာတွေကို အဆင့်မီအောင်
မြှင့်တင်ဖို့လိုအပ်ပါတယ်။
ကျန်းမာရေးအရ အဆင့်မီတဲ့ လူထု တစ်နည်းအားဖြင့် အသက်ရှည်နှုန်း( Life
Expectancy ) မြင့်မားတဲ့လူထုဖြစ်အောင် နိုင်ငံတော်မူဝါဒများနဲ့
ထိန်းကျောင်းမြှင့်တင်ပေးနိုင်တဲ့
လူ့ဘောင်အဖွဲ့အစည်းများသာလျှင် အားကောင်းမောင်းသန်ဖြစ်နိုင်ပါတယ်။
၎။ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားရေးကို နိုင်ငံတော်က
အမြော်အမြင်ကြီးကြီးနဲ့ဆောင်ရွက်ပေးနိုင်ဖို့လိုအပ်ပါတယ်။ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတယ်ဆိုတာက
နှစ်ထောင်ချီတဲ့ယဉ်ကျေးမှု
အမွေအနှစ်တွေပိုင်ဆိုင်ရုံနဲ့ဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။
လူ့အဖွဲ့အစည်းအကျိုးစီးပွားကို အာမခံချက်ပေးနိုင်တဲ့
ဒီမိုကရေစီစနစ်ဆိုတွေမှာ ယဉ်ကျေးမှုများ စုံစုံလင်လင် အတူတကွဖြစ်ထွန်းတဲ့
Muliti Dimensional Culture ကို အဲဒီ လူ့အဖွဲ့အစည်းက
ကျေနပ်စွာ အသိတရားရှိရှိ လက်ခံကျင့်သုံးပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမျိုးကို
Melting Pot Society လို့ခေါ်ပါတယ်။ မတူကွဲပြားမှုများငြိမ်းချမ်းစွာ
အတူတကွ ယှဉ်တွဲဖြစ်ပေါ်ခြင်းကို
ကိုယ်စားပြုနိုင်တဲ့လူ့ဘောင်အဖွဲ့အစည်းများမှာသာ ဒီမိုကရေစီစနစ်
တည်တံ့နိုင်ပြီး
နိုင်ငံတော်ကလည်း စဉ်ဆက်မပြတ်တိုးတက်ဖြစ်ထွန်းနိုင်မှာဖြစ်ပါတယ်။
၅။လွတ်လပ်ပြီး အဆင့်မြင့်တဲ့မီဒီယာများကလည်း
လူ့ဘောင်အဖွဲ့အစည်းအားကောင်းမောင်းသန်ဖြစ်ဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။
မီဒီယာများက အဆင့်မီပြီးလွတ်လပ်မှုလည်းအပြည့်အဝရှိရင်
နိုင်ငံတော်နဲ့ လူ့ဘောင်အဖွဲ့အစည်းတိုးတက်ဖွံ့ဖြိုးမှုကို
ခိုင်ခိုင်မာမာရှိအောင် ထိန်းမတ်ပေးနိုင်ပါတယ်။
မီဒီယာလွတ်လပ်ခွင့်ဆုံးရှုံးတာနဲ့ လူ့ဘောင်အဖွဲ့အစည်းများဟာ
ချည့်နဲ့လာတတ်ပြီး
လူထုရဲ့ အသိပညာရေချိန်မြင့်မားရေးဟာ နိုင်ငံတော်
တိုးတက်ဖွံ့ဖြိုးရေးအတွက် သော့ချက်တစ်ခုဖြစ်လို့ မီဒီယာများက လူထုကို
ပညာပေးနိုင်ပါတယ်။နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကိုလည်း
စောင့်ကြည့်ထိန်းမတ်ပေးနိုင်တာဖြစ်ပါတယ်။
၆။ လူ့ဘောင်အဖွဲ့အစည်း အားကောင်းမောင်းသန်ဖြစ်ဖို့
နိုင်ငံရေးစနစ်ကောင်းတစ်ခု တည်ရှိရပါမယ်။
ဒီမိုကရေစီမထွန်းကားနိုင်သေးခင်မှာ အထက်မှာ ဖော်ပြခဲ့တဲ့ စီးပွားရေး၊
ပညာရေး၊
ကျန်းမာရေး၊ယဉ်ကျေးမှု စတာတွေကို တိုးတက်ကောင်းမွန်အောင်တည်ဆောက်ရင်း
နိုင်ငံရေးစနစ်ကိုလည်း
အခြေအနေများနဲ့လိုက်လျောညီထွေပြုပြင်ပြောင်းလဲနေဖို့လိုအပ်ပါတယ်။
ပြောင်းလဲမှုဆိုတဲ့နေရာမှာ
ဒီမိုကရေစီကိုဦးတည်တဲ့ပြောင်းလဲမှုများဖြစ်ရပါမယ်။
ဒီမိုကရေစီမဖြစ်ထွန်းခင်မှာ နိုင်ငံရေးစနစ်ဟာ ဆင့်ကဲဖြစ်စဉ်နဲ့
တဖြည်းဖြည်းပြောင်းလဲနေဖို့ မျက်ခြေမပြတ် လေ့လာစောင့်ကြည့်
ကြိုးစားတည်ဆောက်နေဖို့လိုအပ်ပါတယ်။
အခြေနေတွေအားလုံးက ပြီးပြည့်စုံအောင်ကောင်းမွန်ပြီဆိုတာနဲ့
ဒီမိုကရေစီကလည်း အပြည့်အဝတည်ဆောက်ပြီးဖြစ်နေမှာဖြစ်ပြီး နိုင်ငံတော်နဲ့
လူ့ဘောင်အဖွဲ့အစည်းဟာ
အပြန်အလှန်ကောင်းကျိုးပြုနိုင်တဲ့အအေအထားကိုရရှိမှာဖြစ်ပါတယ်။
နိုင်ငံရေးစနစ်ဟာ လူတစ်ဦးချင်းစီရဲ့ တန်ဖိုးများ ( Individal Values
)ကို မြှင့်တင်ပေးနိုင်စွမ်းရှိအောင် နည်းလမ်းပေါင်းစံရှာဖွေပြီး
မူဝါဒများချမှတ် ဆောင်ရွက်နိုင်ရပါမယ်။
မိသားတစ်စုချင်း ၊ Community တစ်ခုချင်း ၊
ဒေသတစ်ခုချင်းတိုးတက်ဖွံ့ဖြိုးလာအောင်ဆောင်ရွက်နိုင်မှသာ
နိုင်ငံတော်တစ်ဝှမ်းမှာရှိတဲ့ Society တစ်ခုလုံးအဆင့်မီလာမှာ
အားကောင်းမောင်းသန်ဖြစ်လာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနိုင်ငံရေးအပြောင်းအလဲများဟာ အချိန်ကာလအရ
များစွာနောက်ကျပြီး ဖြစ်ပေါ်နေခြင်းဖြစ်လေတော့
အားလုံးအစီအစဉ်တကျနဲ့ဖြစ်ထွန်းနေတာမဟုတ်ပါဘူး။
တိုးတက်ချင်တဲ့နေရာမှာတိုးတက်ပြီး
တစ်နည်းအားဖြင့်တိုးတက်ဖို့လွယ်ကူတဲ့နေရာတွေမှာ တိုးတက်နေပြီး
တိုးတက်ကောင်းမွန်အောင်ပြုလုပ်ဖို့ခက်ခဲလွန်းတဲ့
နေရာတွေမှာ အလွန်အမင်းခက်ခဲနေတာတွေ့ရမှာပါ။ ဒါဟာ ဆယ်စုနှစ်များစွာ
စနစ်ကောင်းများနဲ့အဆက်ပြတ်ခဲ့ရတဲ့ရလာဒ်ဖြစ်ပါတယ်။ ဥပမာ
အမေရိကန်ပြည်ထောင်စုဟာ
ဒီမိုကရေစီဖြစ်ဖို့ ဘက်စုံထောင့်စုံကနေ တစ်ပြေးညီတိုးတက်လာခဲ့တာဖြစ်ပြီး
ဒီလို ဘက်စုံ တစ်ပြေးညီတိုးတက်ခြင်းကလည်း ဒီမိုကရေစီခိုင်မာဖို့
အများကြီးအထောက်အပံ့ဖြစ်တာဖြစ်ပါတယ်။)
မြန်မာနိုင်ငံမှာက ကစဉ့်ကလျားတိုးတက်ဖြစ်ထွန်းနေတာဖြစ်ပါတယ်။ ဥပမာ
အင်တာနက်နဲ့ ဆက်သွယ်ရေးကဏ္ဍများဟာ လာမယ့်နှစ်အနည်းငယ်အတွင်း
နိုင်ငံတကာအဆင့်ဖြစ်လာတော့မှာဖြစ်ပေမယ့်
လူတစ်ဦးချင်းဝင်ငွေက အောက်ဆုံးအဆင့်ကနေတက်ဖို့
တစ်နည်းအားဖြင့်ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်နိုင်ဖို့
တော်တော်ကြီးရုန်းကန်ကြရဦးမှာဖြစ်ပါတယ်။
ဒီတော့တခြားနိုင်ငံက နိုင်ငံတည်ဆောက်ရေးနည်းလမ်းတွေကို
ပုံတူကူးချလို့မဖြစ်နိုင်တဲ့အနေအထားဆိုတာတွေ့ရပါတယ်။ ဒီတော့မြန်မာနိုင်ငံ
ပြန်လည်တည်ဆောက်ရေး
လုပ်ငန်းကိုလုပ်တဲ့ကိုင်တဲ့နေရာမှာ
နည်းလမ်းသစ်တွေရှာဖွေဖို့လိုအပ်ပါတယ်။ လမ်းကြောင်းပေါ်က
အချန်မရွေးချော်ထွက်သွားနိုင်တဲ့အခြေအနေဆိုတာလည်းငြင်းမရပါဘူး။
နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးမှာပါဝင်နေတဲ့ ဘယ်သူမဆို
တီထွင်ဖန်တီးနိုင်စွမ်းတွေ
နည်းလမ်းသစ်ရှာဖွေနိုင်စွမ်းတွေရှိဖို့မဖြစ်မနေလိုအပ်ပါတယ်။ Innovation
ရှိရပါမယ်။
ဒီမိုကရေစီစနစ်ဆိုတာက အစိုးရတစ်ရပ်ကို ဒီမိုကရေစီနည်းကျ
ရွေးချယ်တင်မြှောက်ပေးနိုင်ရုံနဲ့
ဖြစ်ပေါ်ထွန်းကားနိုင်တာမဟုတ်ပါဘူး။လူ့ဘောင်အဖွဲ့အစည်းက
အားကောင်းမောင်းသန်ဖြစ်မှသာ
ဒီမိုကရေစီ တည်တံ့ခိုင်မာဖို့ နဲ့နိုင်ငံတော် တည်တံ့ခိုင်မာဖို့
အာမခံချက်ရှိနိုင်မယ်ဖြစ်ပါတယ်။လူ့အဖွဲ့အစည်းအားကောင်းရင်
အစိုးရကောင်းရဖို့ ဆိုတာ သိပ်ခက်ခဲတဲ့အလုပ်မဟုတ်တော့ပါဘူး။
လူ့အဖွဲ့အစည်း အားကောင်းမောင်းသန်ဖြစ်လေ နိုင်ငံတော်
အားကောင်းမောင်းသန်ဖြစ်လေ အဲဒီလူ့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကို
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့နိုင်ငံတော်အာဏာအရပ်ရပ်က
ဆောင်ရွက်ပေးနိုင်လေ လူ့အဖွဲ့အစည်းရဲ့ အနာဂါတ်နဲ့
ကောင်းကျိုးချမ်းသာများတည်တံ့ခိုင်မာရေးအတွက်လည်း
အာမခံချက်ပေးနိုင်လေဖြစ်တာကြောင့်
လူ့ဘောင်အဖွဲ့အစည်း အားကောင်းမောင်းသန်ဖြစ်စေရေးကို အဓိကထား
အားထုတ်ကြိုးပမ်းကြဖို့ မဖြစ်မနေလိုအပ်ပါကြောင်း။ ။
( Myanmar Egress Capacity
Development Centre မှာ ပို့ချနေတဲ့သင်တန်းတစ်ခုဖြစ်တဲ့
Social Entrepreneurship Course သင်တန်းမှာ
မှာသွားရောက်ဟောပြောတဲ့ ဟောပြောဆွေးနွေးချက်များဖြစ်ပါတယ်။
The Voice Weekly မှာ လည်း ဒီတစ်ပတ် ဆောင်းပါးအဖြစ်ရေးလိုက်ပါတယ်။ )
( ပိုက်တင် )
No comments:
Post a Comment