အီးယူက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ပယ်ဖျက်ပြီးနောက်
ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အီးယူ-မြန်မာလုပ်ငန်းအဖွဲ့ဖိုရမ်ကို
နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း
ကျင်းပခဲ့သည်။ မြန်မာနိုင်ငံသို့ အီးယူ၏ ထိုခြေလှမ်းသည်
နိုင်ငံတွင်းပြုပြင်ပြောင်းလဲမှုများ အခြေခံပြည်သူများဆီသို့
ထိစပ်ပေးနိုင်မည့် အလားအလာကောင်းသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု
သုံးသပ်သူတို့ကဆိုသည်။
နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်မြို့
ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၏ဆွေးနွေးပွဲသည်
အခြားဆွေးနွေးပွဲများနှင့်မတူ။ ဆွေးနွေးပွဲခန်းမအတွင်း နေရာယူထားသူများ၏
ထက်ဝက်ခန့်မှာ အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသည့်
အနောက်နိုင်ငံသားများဖြစ်သည်။ ထိုပုဂ္ဂိုလ်များမှာ ဥရောပသမဂ္ဂမှ
ထိပ်ပိုင်းခေါင်းဆောင်များနှင့်
ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြပြီး
စုစုပေါင်းတစ်ရာကျော်ခန့်ရှိသည်။
အဆိုပါဆွေးနွေးပွဲသည်
မြန်မာနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ
တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပထမဆုံးအကြိမ်ပြုလုပ်သည့်
အီးယူ-မြန်မာ
လုပ်ငန်းအဖွဲ့ဖိုရမ်ဖြစ်သည်။ အဆိုပါဖိုရမ်ကို
ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင်
ကျင်းပခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ အီးယူ၏ထိုခြေလှမ်းသည်
နိုင်ငံတွင်းပြုပြင်ပြောင်းလဲမှုများ အခြေခံပြည်သူများဆီသို့
ထိစပ်ပေးနိုင်မည့် အလားအလာကောင်းသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု
သုံးသပ်သူတို့ကဆိုသည်။
နေပြည်တော်တွင်ပြုလုပ်သောပွဲသို့
သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့
တက်ရောက်ခဲ့ကြသည်။
အဓိကအားဖြင့် နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများ
ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးကဏ္ဍတွင်ငြိမ်းချမ်းရေးဖြစ်စဉ် ၂၀၁၄
အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ကူညီရန်
ဆွေးနွေးခဲ့ကြသည်။
စီးပွားရေးကဏ္ဍတွင် အသေးစား၊ အလတ်စားကုမ္ပဏီများ၊
ခရီးသွားလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတို့တွင်
ကူညီရန်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နိုင်ငံဝန်ထမ်းများ
စွမ်းဆောင်ရေးမြှင်တင်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့တွင်
ကူညီပေးရေးတို့လည်း ပါဝင်သည်။
မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် လိုအပ်နေသောအကူအညီများကို
တရားဝင်ကူညီပေးနိုင်ရန်အတွက် လာရောက်တွေ့ဆုံမေးမြန်းခြင်းဖြစ်သည်ဟု
အဆိုပါဖိုရမ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို
မြန်မာ့စီးပွားရေးအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (MDRI)မှ
အကြီးတန်းသုတေသနပညာရှင် ဦးအောင်သူငြိမ်းကရှင်းပြသည်။
“ကျွန်တော်တို့ဆီက
လုပ်ငန်းရှင်တွေ ဥရောပကို ကုန်ပစ္စည်းတင်ပို့ဖို့ အီးယူအစိုးရဆီက
အကူအညီရယူနိုင်မှာဖြစ်တယ်။ ဒီဟာက အင်မတန်ကောင်းတဲ့ အလားအလာကောင်းဖြစ်တယ်”ဟု
နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာဇော်ဦးကသုံးသပ်သည်။
ဆွေးနွေးပွဲဦးဆောင်သူ
ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒအကြီးအကဲနှင့်
ဥရောပကော်မရှင်ဒုတိယဥက္ကဋ္ဌ မစ္စကတ်သရင်းအက်ရှ်တန်ကလည်း
ဥရောပခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ပူးပေါင်းပြီး
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကို
ခေါ်ထားတာဖြစ်တယ်”ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဥရောပသမဂ္ဂအနေဖြင့်
မြန်မာနိုင်ငံသို့ ၂၀၀၇ ခုနှစ်မှစတင်ပြီး
စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်
ဦးဆောင်သောအဖွဲ့တက်လာပြီး ပြုပြင်ပြောင်းလဲရေးအချို့ လုပ်ခဲ့သဖြင့် ၂၀၁၂
ခုနှစ်မှစ၍ လက်နက်တင်ပို့မှုမှလွဲ၍ ကျန်အရေးယူပိတ်ဆို့မှုများကို
ပယ်ဖျက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
ယခုနှစ်မတ်လအတွင်း ဥရောပသမဂ္ဂတည်ရှိရာ ဘရပ်ဆဲလ်မြို့သို့သွားရောက်ခဲ့စဉ်က
သဘောတူထားခဲ့သည့်အတိုင်း မြန်မာ-အီးယူ အလုပ်အဖွဲ့အစည်းအဝေးကို နိုဝင်ဘာ ၁၄
ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပနိုင်ခြင်းဖြစ်သည်။
နှစ်ရက်ကြာပြုလုပ်ခဲ့သည့်
ဆွေးနွေးပွဲတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊
ခရီးသွားလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်
ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ကြား
နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
အီးယူရင်းနှီးမြှုပ်နှံမှုဘဏ်သည်
အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များသို့ ပြည်တွင်းဘဏ်များမှ
ငွေထုတ်ချေးသွားရန်ရှိပြီး လွှတ်တော်မှ နောက်ဆုံးအတည်ပြုပြီးပါက
နှစ်စဉ်ယူရိုသန်း ၃၀ မှ ၁၀၀ ကြားထိ ရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင်
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်
ဝန်ထမ်းများစွမ်းဆောင်ရေးမြှင့်တင်ရေးလုပ်ငန်းတို့တွင်
ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် သဘောတူသည်ဟု မြန်မာ-အီးယူလုပ်ငန်းအဖွဲ့
ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂအနေဖြင့် ၂၀၁၄ ခုနှစ်မှ
၂၀၂၀ ပြည့်နှစ်ကာလအတွင်း ဥရောပသမဂ္ဂဘတ်ဂျက်မှ နှစ်စဉ်ယူရိုငွေ သန်း ၇၀ မှ
၉၀ အတွင်း ထောက်ပံ့သွားရန်ရှိသည်ဟု မြန်မာ-အီးယူလုပ်ငန်းအဖွဲ့၏
ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
စီးပွားရေးပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများရှိသကဲ့သို့ နိုင်ငံရေးကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်
ဆွေးနွေးနေသော ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ ဥရောပသမဂ္ဂပါလီမန်နှင့်
မြန်မာ့လွှတ်တော်တို့ကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌ
တာဝန်ယူခြင်းများကိုလည်း ပံ့ပိုးကူညီသွားမည်ဟု သဘောတူခဲ့ကြသည်။
“ပူးပေါင်းဆောင်ရွက်ရေးကို
နှုတ်အားဖြင့်သာမက ငွေရေးကြေးရေးနဲ့ပါ အင်တိုက်အားတိုက်လုပ်ချင်တာကို
ဒီအစည်းအဝေးနဲ့ စလိုက်တာဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး
ဒေါက်တာဇော်ဦးကဆိုသည်။
သို့သော်
ထိုအစီအစဉ်ဖြစ်မြောက်လာရန်အတွက်မှာမူ နှစ်ဖက်အပြန်အလှန်
ညှိနှိုင်းရမှာဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း နားလည်မှုစာချွန်လွှာ
ရေးထိုးနိုင်ရန်စီစဉ်ထားသည်။
“အစိုးရနဲ့ ပုဂ္ဂလိကကို
ဘယ်လိုပုံစံနဲ့ငွေချေးလဲ။ အခုကစပြီးဆွေးနွေးတာ Frame Work သဘောတူညီရပြီးမှ
MOU (နားလည်မှုစာချွန်လွှာ)ထိုးမယ်၊ ထိုးပြီးရင် အစိုးရ Project တွေကို
ငွေချေးမယ်၊ ပုဂ္ဂလိက SME (အသေးစားလုပ်ငန်း)တွေကို ငွေချေးနိုင်မယ်”ဟု
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆက်အောင်ကပြောသည်။
ဆွေးနွေးပွဲတွင်ထိုးခဲ့သော
သဘောတူညီမှုများနှင့်ပတ်သက်၍ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်မှ
ညွှန်ကြားရေးမှူး Dr.Tamsyn Barton က “ဒီကနေ့ လက်မှတ်ထိုးလိုက်တဲ့
နားလည်မှုစာချွန်လွှာဟာ အခြေခံမူဘောင်တွေအပေါ် သဘောတူထားတဲ့
စာချွန်လွှာပဲဖြစ်ပါတယ်။ သဘောတူညီချက်အပြည့်အစုံကတော့ ရှေ့နှစ်ဆန်းပိုင်းမှာ
ပြီးနိုင်မယ်လို့ ကျွန်မတို့ထင်ပါတယ်”ဟု ရှင်းပြသည်။
အကူအညီပေးမှုများနှင့်
ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန် ဟန်ပြင်နေချိန်တွင်
ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည်ဟု ပြောဆိုနေသော သမ္မတဦးသိန်းစိန်၏
သုံးနှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံတွင်
ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက်
အဟန့်အတားများစွာရှိနေသည်ဟု အစည်းအဝေးပွဲများတွင်
ထောက်ပြဝေဖန်မှုများရှိသည်။
အထူးသဖြင့် အဂတိလိုက်စားမှုများ၊
အခွန်အကောက်ဆိုင်ရာပြဿနာများ၊ အိမ်ခြံမြေဈေးနှုန်းများမြင့်မားမှုနှင့်
လျှပ်စစ်မီးပုံမှန်မရသည့် ပြဿနာများကို ထောက်ပြပြောဆိုခြင်းများရှိသည်။
ထိုကဲ့သို့
ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် အခြေခံအဆောက်အအုံများ မပြည့်စုံသည်များကို
ထောက်ပြမှုများရှိသလို လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ထောက်ပြမှုများလည်းရှိသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် အရေးကြီးသည့်
ရွေးကောက်ပွဲတစ်ရပ်ကျင်းပရန်ရှိရာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့်
မြန်မာ့နိုင်ငံရေးစိန်ခေါ်မှုများကို လျစ်လျူမရှုသင့်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ဖိုရမ်သို့တက်ရောက်လာသူများအား ပြောကြားခဲ့သည်။
ထို့ကြောင့်
ဥရောပနိုင်ငံများ၏ အကူအညီများရရန်အတွက်မူ အစိုးရပိုင်းမှ
လုပ်ဆောင်ပေးရမည့်အချက်များစွာရှိသလို ပုဂ္ဂလိကပိုင်းမှလည်း လုပ်ဆောင်ပေးစရာ
များစွာရှိနေသေးသည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ
ဦးနှင်းဦးကဆိုသည်။
“ကျွန်မတို့ဥရောပသမဂ္ဂမှာ
တင်းတင်းကျပ်ကျပ်လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေရှိပါတယ်။
သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ လုပ်ငန်းလုပ်ပိုင်ခွင့်ရယူမှု စတဲ့ကဏ္ဍအသီးသီးမှာ
လိုက်နာရမယ့် သတ်မှတ်ချက်တွေရှိပါတယ်”ဟု ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်မှ
ညွှန်ကြားရေးမှူးဒေါက်တာ Tamsyn Barton ကပြောသည်။ လက်ရှိအနေအထားသည်
အကြမ်းဖျင်းသဘောတူမှုများဖြစ်ပြီး အချိန်မရွေးပျက်ပြယ်သွားနိုင်ပြီး
နှစ်ဦးနှစ်ဖက်သဘာတူစာချုပ် ချုပ်ပြီးမှသာ မြန်မာနိုင်ငံသူ
နိုင်ငံသားများအနေဖြင့် အီးယူမှပေးမည့်အကူအညီများ ခံစားရမည်ဖြစ်သည်။
“ဖြစ်ဖို့တော့များပါတယ်။
သူတို့ဘက်က စေတနာရှိတယ်။ လုပ်ပေးချင်တဲ့ဆန္ဒရှိတယ်”ဟု ဦးနှင်းဦးက
ရှေ့အလားအလာနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားခဲ့သည်။
“ဒီလုပ်ငန်းအဖွဲ့ဖိုရမ်
လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တစ်ရက်၊ နှစ်ရက်တည်းအတွက် မဟုတ်ပါဘူး။
ဒီဖိုရမ်ဟာ မတူညီတဲ့ လူမှုအသိုင်းအ၀ိုင်းတွေအားလုံး စုစည်းပြီး
မြန်မာနိုင်ငံရဲ့ လုပ်ငန်းတွေပြီးမြောက်အောင်မြင်အောင် ကျွန်မတို့ဘက်က
သန္နိဋ္ဌာန်ချလုပ်ဆောင်ပေးသွားမယ်ဆိုတာကို ပြသဖို့ဖြစ်ပါတယ်”ဟု
ရန်ကုန်မြို့တွင်ပြုလုပ်သော ဖွင့်ပွဲတွင် အဆိုပါအဖွဲ့ကိုဦးဆောင်သူ
ဥရောပကော်မရှင်ဒုတိယဥက္ကဋ္ဌ မစ္စကက်သရင်းအက်ရှ်တန်က ပြောကြားခဲ့သည်။
ထို့ကြောင့်
အီးယူ-မြန်မာ အလုပ်သမားအဖွဲ့အစည်းတွင် ဆွေးနွေးခဲ့သည်များ၊
သဘောတူညီမှုများသည် နေချင်း၊ ညချင်း မဖြစ်မလာနိုင်သော်လည်း ဥရောပသမဂ္ဂမှ
သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ပါက
အစိုးရအပါအ၀င် မြန်မာနိုင်ငံသူနိုင်ငံသားများထံသို့ ထိရောက်သောအကူအညီများ
ရရှိလာမည်ဖြစ်သည်ဟုဆိုသည်။
ရေးသားသူ- အောင်သူရ
No comments:
Post a Comment