လွန်ခဲ့သောငါးနှစ်ခန့်က နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင်
နာဂစ်ထက်ပြင်းသည့် “မြက်ကျွတ်မုန်တိုင်း”တစ်ခု ထပ်တိုက်မည်ဟု
သူတို့နေထိုင်ရာ ရွာများတစ်ဝိုက်တွင် ကောလာဟလများထွက်ပေါ်ခဲ့သည်။
ခေတ်ကာလက
ယခုလိုပွင့်လင်းသည့်အချိန်မဟုတ်သလို မိုးလေ၀သသတင်းများလည်း
အစိုးရကထုတ်ပြန်ရန် တုံ့ဆိုင်းနေသည့်ကာလဖြစ်သည့်အတွက် ယင်းသတင်းသည်
ကောလာဟလလော တကယ်လော သူတို့ဝေခွဲမရဖြစ်ခဲ့ရသည်။
“နာဂစ်ပြီး
လပိုင်းပဲကြာတယ်။ လယ်ထဲက ကျွန်တော်တို့ကို မောင်းထုတ်တော့တာပဲ။ အဲဒီတော့မှ
နာဂစ်တုန်းကတောင် မြက်ပင်ကျန်တယ်။ ဒီတစ်ခါတိုက်တဲ့မုန်တိုင်းက
မြက်ပင်ပါမကျန်ဘူး။ နာဂစ်ပြီး မြက်ကျွတ်မုန်တိုင်းလာမယ်ဆိုတဲ့တဘောင်က
မှန်ပါလားဆိုပြီး ပြောနေကြရတယ်”ဟု ဒဂုံဆိပ်ကမ်းမြို့နယ် တောင်တလုပ်ရွာမှ
လယ်သမားဟောင်းကြီး
ဦးတင်အေးကပြောသည်။
သူ ဘိုးစဉ်ဘောင်ဆက်
လုပ်ကိုင်လာသည့် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ လယ်မြေများကို
နာမည်ကျော်ကုမ္ပဏီများမှ အကျိုးတူလုပ်ဆောင်မည်ဟုဆိုကာ သိမ်းဆည်းသွားကြောင်း
၎င်းကပြောသည်။ ယင်းနေရာတစ်ခုထဲတွင် ဧက ၇၀၀၀ နီးပါးမှ လယ်သမားရာပေါင်းများစွာ
လယ်မဲ့ဘ၀သို့ နေ့ချင်းညချင်း ကျရောက်သွားကြောင်း လယ်သမားများကပြောသည်။
မြန်မာနိုင်ငံသည်
စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း
တောင်သူလယ်သမားများမှာ လယ်ယာမြေများကို အကြောင်းအမျိုးမျိုးပြပြီး
သိမ်းဆည်းခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ နိုင်ငံနှင့်တစ်ဝန်းတွင်
ဦးတင်အေးလို မြက်ပင်ပင်ပြန်မရသည့် မြက်ကျွတ်မုန်တိုင်းခံစားနေရသည့်
တောင်သူလယ်သမားအများအပြားရှိနေခဲ့သည်။
အစိုးရအဆက်ဆက်က
စီးပွားရေးလုပ်ငန်းရှင်များနှင့်ပေါင်းကာ သိမ်းဆည်းခဲ့သော
လယ်ယာမြေများအရေးသည် သမ္မတဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်တွင်မှ
လူသိရှင်ကြားသိခွင့်ရခဲ့ကြသည်။ လွှတ်တော်အပါအ၀င်
ကြားဝင်ဖြေရှင်းရေးအဖွဲ့အချို့ကို အစိုးရသစ်ကခွင့်ပြုခဲ့ပြီး
လယ်ယာမြေအငြင်းပွားမှု သောင်မတင်ရေမကျပြဿနာများကို
ဖြေရှင်းရန်ခွင့်ပြုခဲ့သည်။
သမ္မတကိုယ်တိုင်က သူသည် လယ်သမားမိသားစုမှ
ဆင်းသက်လာကြောင်း မကြာခဏပြောဆိုခဲ့ပြီး လယ်သမားများဘ၀စာနာကြောင်း၊
လယ်ယာမြေပြဿနာများအကြောင်း သူ၏မိန့်ခွန်းထဲတွင်
မကြာခဏထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော်လည်း အစိုးရသစ်သည်
လယ်သမားအရေးကို ဆောင်ရွက်ရာတွင် လူကြားကောင်းသည့် စကားများနှင့်သာ
နှစ်သိမ့်ခဲ့ပြီး တကယ့်လက်တွေ့တွင် ထိထိရောက်ရောက် ဆောင်ရွက်မှုမှာ
အားနည်းကြောင်း 7 Day က တွေ့ဆုံမေးမြန်းခဲ့သည့်
လယ်သိမ်းခံတောင်သူအချို့နှင့် လယ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။
လွှတ်တော်တွင်လည်း
လယ်သိမ်းခံပြဿနာများအရေး စုံစမ်းရေးကော်မရှင်တစ်ခုဖွဲ့စည်းပြီး
ဖြေရှင်းရန်ဆောင်ရွက်ခြင်း၊ ထောင်နှင့်ချီသော လယ်ဧကများကို
လယ်သမားများထံပြန်ပေးရန် စီစဉ်ခြင်းတို့ကို အစိုးရကလုပ်ဆောင်ခဲ့သည်။
သို့သော်လည်း သိမ်းဆည်းခံ လယ်မြေများနှင့်နှိုင်းယှဉ်ပါက
ပြောပလောက်သည့်ပမာဏပင်မရှိပါ။
“သမ္မတရဲ့စာနာထောက်ထားမှုက
မိန့်ခွန်းထဲမှာပဲ တွေ့ရတယ်”ဟု ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်ရွာမှ
လယ်သိမ်းခံ တောင်သူဦးမြင့်အောင်ကပြောသည်။
အစိုးရသစ်၏
လယ်ယာမြေအငြင်းပွားမှု ဖြေရှင်းရေးမူဝါဒကို သံသယရှိသည့်သူများထဲတွင်
ဦးမြင့်အောင်တစ်ယောက်တည်းတော့မဟုတ်။ သူနှင့်ဘ၀တူ ဦးတင်အေးတစ်ယောက်လည်း
အပါအ၀င်ဖြစ်သည်။ ဦးတင်အေးက သူသည် မြက်ကျွတ်မုန်တိုင်းဒဏ်မခံရမီ
ရက်သတ္တပတ်အနည်းငယ်အတွင်းက သမ္မတဦးသိန်းစိန်ဖြစ်လာမည့်
စစ်အစိုးရ၀န်ကြီးချုပ်ဟောင်း ဦးသိန်းစိန်နှင့် တွေ့ခွင့်ရခဲ့ကြောင်း
ပြောသည်။
လွန်ခဲ့သည့်ငါးနှစ်ကျော်ကာလ နာဂစ်မုန်တိုင်းတိုက်ပြီး
လအနည်းငယ်အကြာတွင် သူနေထိုင်ရာ ဒဂုံဆိပ်ကမ်းဆီသို့ ဦးသိန်းစိန်တစ်ယောက်
အခြံအရံများနှင့် ရောက်လာခဲ့သည်ဟု သူကပြောသည်။ ထိုစဉ် ဦးသိန်းစိန်က
သူတို့လယ်များနှင့် ထိပ်တန်းကုမ္ပဏီတို့ကို ပူးပေါင်းစေကာ
အကျိုးတူလယ်ယာမြေစနစ် ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း သူ့အားပြောကြားခဲ့ကြောင်း
ဦးတင်အေးကပြောသည်။
“သူပြန်သွားပြီး နောက်နှစ်ရက်လောက်ကြာတော့ တဲတွေဖျက်ပြီး ကျွန်တော်တို့ကို မောင်းထုတ်တော့တာပဲ”ဟု ဦးတင်အေးကပြောသည်။
“အဲဒီအချိန်ကတည်းက
မတွေ့ရတာ၊ ကျုပ် အခုတွေ့ရမယ်ဆိုရင်တောင် လိုက်တွေ့ချင်သေးတယ်။
သူပြောတဲ့စကားတွေ လက်ညှိုးထိုးပြီး မေးပြမယ် သူ့ကို။ ကျွန်တော်
မဟုတ်တာပြောရင် ကျုပ်ကိုသတ်ပစ်လိုက်။ ခင်ဗျား ဘာတွေပြောသွားလဲ၊
ကျုပ်မေးရမလားလို့”ဟု ဦးတင်အေးက ဒေါသတကြီးဆက်ပြောသည်။
အစိုးရသစ်လက်ထက်တွင်
လယ်ယာမြေအငြင်းပွားမှုပြဿနာသည် တစ်စတစ်စကျယ်လောင်လာခဲ့သည်။ ပြီးခဲ့သည့် ၁၄
လတာ ကာလအတွင်း အစိုးရအရာရှိများနှင့် လယ်သမားများအကြား လယ်ယာမြေပြဿနာကို
အကြောင်းပြုပြီး ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားကာ လူသုံးဦးထက်မနည်း
သေဆုံးခဲ့ပြီး ရာနှင့်ချီပြီး အနာတရဖြစ်သည်အထိ တင်းမာမှုများရှိခဲ့သည်။
လယ်ယာမြေအငြင်းပွားမှုများတွင်
အစိုးရဘက်မှ ကိုင်တွယ်ဖြေရှင်းမှုတွင် ဘက်လိုက်မှုများရှိကြောင်းလည်း
မကြာခဏဝေဖန်ခံခဲ့ရသည်။ အငြင်းပွားဖွယ်ရာ မြေနေရာများတွင်
တောင်သူလယ်သမားများ ၀င်ရောက်စိုက်ပျိုးပါက ရဲတပ်ဖွဲ့မှ လာရောက်အရေးယူမှုများ
ပြုလုပ်မှုများရှိသော်လည်း သိမ်းဆည်းခဲ့သည့် အစိုးရနှင့်နီးစပ်သည့်
ကုမ္ပဏီများဘက်က အဆိုပါလယ်ယာမြေများအတွင်း ၀င်ရောက်ပါက အာဏာပိုင်များက
လျစ်လျူရှုခဲ့ကြောင်း လယ်သမားများကစွပ်စွဲကြသည်။
“ရွှေသံလွင်က
လယ်တွေသိမ်းထားတာတွေကို ပြန်ပေးဖို့ စာတင်ပေမယ့် ဘာမှမထူးဘူး။ တောင်သူတွေက
ပြည်မက ဆန်ပြန်ဝယ်စားနေရတယ်။ လယ်သမားကိုကျတော့ သူ့လယ်သိမ်းပြီး ကုမ္ပဏီက
ပြန်ပြီးသီးစားခချပြီး စိုက်ခိုင်းတယ်”ဟု ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင်
တောင်သူများထံမှ ရွှေသံလွင်ကုမ္ပဏီက သိမ်းယူထားသည့် စိုက်ပျိုးမြေများ
ပြန်လည်ရရှိရေး လှုပ်ရှားနေသူ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၏
အတွင်းရေးမှူး ဦးအောင်ဇော်မြင့်ကပြောသည်။
အစိုးရက
သူနှင့်နီးစပ်သူများအား အရေးယူရန်ထက် လယ်သမားများကို အရေးယူရေးသာ
အားသန်နေကြောင်း လယ်သမားများနှင့် ၎င်းတို့အရေး ဆောင်ရွက်သူများကပြောသည်။
ဦးတင်အေးနှင့်
ဦးမြင့်အောင်တို့လယ်မြေများအနီး နေထိုင်သည့် ဦးမောင်ညိုတစ်ယောက်လည်း
လယ်သိမ်းခံတောင်သူတစ်ဦးပင်ဖြစ်သည်။ သူ၏လယ်မြေများ သိမ်းဆည်းခံရမှုအတွက်
ကန့်ကွက်မှုများကြောင့် တရားရုံးက ဒဏ်ငွေကျပ်တစ်သောင်း
ချမှတ်ခံခဲ့ရသူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အဆိုပါအမှုအတွက် တရားရုံးသို့
ရုံးချိန်းအကြိမ် ၇၀ အထိ ချိန်းဆိုခံခဲ့ရကြောင်း သူကပြောသည်။
“စားတာသောက်တာနဲ့
ရှေ့နေခမပါသေးဘူး။ လမ်းစရိတ် တစ်ရက် ၅၀၀ နှုန်းပဲထား။ သုံးသိန်းခွဲလောက်
အသားတင်ကုန်တယ်။ လယ်သမားလယ်သိမ်းခံရလို့ ကျပန်းလုပ်စားမယ်ဆိုတာတောင်
ရုံးချိန်းသွားနေရတာနဲ့တင် ထမင်းငတ်လောက်တယ်”ဟု ဦးမောင်ညိုကပြောသည်။
ပညာသင်ကြားခွင့်နည်းပါးခဲ့ပြီး
ငွေကြေးချို့တဲ့သည့် လယ်သမားများကို လယ်ယာမြေများ လက်လွှတ်ရန်အတွက်
ဖိအားပေးမှုများအနက် တရားစွဲဆိုရေးဆိုသည့်အချက်ကိုလည်း အသုံးချလာကြောင်း
လယ်ယာမြေအရေးဆောင်ရွက်သူများကပြောသည်။
“အစိုးရက
ဒီကိစ္စကိုဖြေရှင်းပေးတာ ဘာမှအားရစရာမရှိဘူး။ တရားခံဖြစ်တဲ့သူကဖြစ်။
ဘ၀ပျက်တဲ့သူကပျက်။ ကော်မရှင်ကလည်း တိတိကျကျ ဘာမှမလုပ်နိုင်သေးဘူး။
လယ်သမားတွေက လယ်မရဘဲ အမှုပဲရင်ဆိုင်နေရတယ်”ဟု တရားစွဲဆိုခံရသည့်
လယ်သမားများအား လိုက်လံကူညီပေးနေသည့် ရှေ့နေဦးရောဘတ်စန်းအောင်ကပြောသည်။
သရက်ပင်ချောင်ကျေးရွာ
လယ်သိမ်းခံတောင်သူဦးမြတ်မောင်တစ်ကတော့ အထက်က ဘ၀တူလယ်သမားများလို
အစိုးရကိုလည်း ဝေဖန်ခြင်းမပြုခဲ့ပါ။ တရားစွဲဆိုခံရရန်လည်း လိုလားမှုမရှိသည့်
သူကလယ်မြေများဆုံးရှုံးမှုကို ကိုမောင်ညိုတစ်ယောက်လို ကျယ်ကျယ်လောင်လောင်
ကန့်ကွက်ခြင်းလည်းမပြုပါ။ ကုမ္ပဏီမှပေးသည့် ကရုဏာကြေးကိုလက်ခံရန်
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက်
ဆယ်စုနှစ်သုံးခုကြာလုပ်ကိုင်ခဲ့သည့် လယ်မြေများကို
စွန့်လွှတ်ရတော့မည်ဖြစ်သည်။
“ကုမ္ပဏီက တစ်ဧက သိန်းအစိတ်ပေးတယ်။ ၁၀
သိန်းကို လက်ငင်း။ ကျန်တာကို နောက်နှစ်လအတွင်းဆိုပြီးပေးတယ်။ ဒါပေမဲ့
ဒီမှာက မြေတစ်ကွက်ကို သိန်း ၂၀၀ လောက်ပေးရတော့ ဒီပိုက်ဆံနဲ့
ဘယ်မှာသွားနေမလဲ”ဟု သူကပြောသည်။
မြန်မာ့သမိုင်းတွင်
အဆိုးရွားဆုံးသော သဘာဝဘေးဖြစ်သည့် နာဂစ်မုန်တိုင်းကြောင့်
လူသိန်းချီသေဆုံးပြီး ကန်ဒေါ်လာသန်းချီကာ
ပျက်စီးဆုံးရှုံးခဲ့မှုများရှိခဲ့သည်။ ယခင်စစ်အစိုးရက
မုန်တိုင်းမတိုက်မီနှင့် မုန်တိုင်းလွန်ကာလများတွင် ပြည်သူများကို
ထိထိရောက်ရောက် ကာကွယ်မှုမပေးနိုင်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။
နာဂစ်မုန်တိုင်းအပြီး
တိုက်ခတ်နေသည့် “မြက်ကျွတ်မုန်တိုင်း”တွင်တော့ အစိုးရက ပြည်သူများအပေါ်
မည်မျှအကာအကွယ်ပေးမည်ဆိုသည်ကို လယ်သမားများနှင့် ၎င်းတို့အရေးဆောင်ရွက်သူများက
စိတ်ဝင်စားလျက်ရှိသည်။
“နာဂစ်က လူသိန်းနဲ့ချီပြီး ဒုက္ခရောက်တယ်။
ဒီတစ်ခါ ခင်ဗျားပြောတဲ့ “မြက်ကျွတ်မုန်တိုင်း”က
တစ်နိုင်ငံလုံးဒုက္ခရောက်မှာ”ဟု ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ
လယ်သမားများအရေး ဆောင်ရွက်နေသည့် ဦးဝေဠုကပြောသည်။
ရေးသားသူ- ထွန်းခိုင်၊ ခန့်ထက်
No comments:
Post a Comment