Wednesday, December 4, 2013

၂၀၁၅ ကို အာရုံစိုက်ပါ

( အဟောင်းလေးပါပဲ။ အခု ထပ်တင်သင့်တယ်ထင်လို့တင်လိုက်ပါတယ်။ တပ်က
တိုင်းရင်းသားတွေကို ဖက်ဒရယ်နဲ့တော်တော်နီးစပ်သွားအောင် လိုက်လျောမှုတွေ လုပ်ပေးတော့မယ်လို့ယူဆပါတယ်။ ၅၉ (စ ) ကတော့ အခုလက်ရှိ အတိုက်အခံပါတီရဲ့ အမှားတွေကြောင့် လောလောဆယ် ပိုဝေးသွားပါပြီ။ ၂၀၁၅ ဟိုဘက်မှာပဲ အဖြေက ရှိပါတယ်။ လက်မခံလည်းလက်မခံသူတို့သဘောပါခင်ဗျာ။ တပ်နဲ့ ပြေလည်းဖို့ ဦးတည်လုပ်မှသာ ဒီမိုကရေစီမြန်ပါလိမ့်မယ်။ အခုက ပြေလည်ချင်တယ်ပြောနေပေမယ့်
လက်တွေ့မှာက ပိုအမြင်မှားအောင်လုပ်သလိုဖြစ်နေတာကို ပြန်သတိထားသင့်ပါတယ်။
အခုအတိုင်းသွားနေရင် ကြာလေ ခက်လေဖြစ်ပါလိမ့်မယ်။ )
အခြေခံဥပဒေ ပြင်ဆင်ရေးက အသစ်ရေးဆွဲရေးအယူအဆရဲ့ ရှေ့ကို
တဖြည်းဖြည်းရောက်လာပါတော့မယ်။လက်ရှိအနေအထားမှာ ပြင်ရေး၊ သစ်ရေး ငြင်းခုံမှုကလည်းပါးလျားလာနေပါပြီ။ လက်တွေ့ကျသော ချဉ်းကပ်မှုများ
အားဖြင့်သာ ထိရောက်သော အလုပ်များကို ဖြစ်ပေါ်စေနိုင်ပြီး လိုရာခရီးလည်းပေါက်မြောက်နိုင်မယ်ဆိုတာ
ခေါင်းအေးအေးနဲ့စဉ်းစားမိတဲ့အချိန်မှာ လက်ခံလို့ ရနိုင်ကြမယ်ဖြစ်ပါတယ်။
ပြင်ရေးသစ်ရေး သွေးဆူပွဲက ရပ်လုနီးအခြေအနေရောက်လာတာ ကျွန်တော်တို့ ကံကောင်းတယ်လို့တောင်ပြောရမယ်ထင်ပါရဲ့။

ဒါပေမယ့် လူထုကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် မေးမြန်းဆွေးနွေးမှု
မပြုနိုင်ကြဘဲ အလွန် ကျဉ်းမြောင်းလှတဲ့ ဘောင်တစ်ခုထဲက ဆောင်ရွက်လို့ ( စမ်းသပ်ကြည့်လို့ ) ရလာတဲ့ ရလာဒ်တစ်ခုကို ကိုင်တွယ်ပြီး လူထုကတော့ ပြင်ဖို့
ဆန္ဒရှိနေပြီ၊ အခုပြင် အကုန်ပြင်ဆိုတာမျိုး လည်း ဖြစ်လာနိုင်ပါသေးတယ်။
ဒီလိုဖြစ်လာရင်လည်း နိုင်ငံရေးဖြစ်စဉ်ကြီးအတွက် နောက်ထပ် ကြီးစွာသောအဟန့်အတားတစ်ခု ( obstacle )သေချာပေါက်ဖြစ်လာနိုင်ပါသေးတယ်။ တပ်မတော်သား ၂၅ရာခိုင်နှုန်း နဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အများစုရှိနေတဲ့ လွှတ်တော်များကနေ ဘယ်လောက်အတိုင်းအတာအထိ
ပြင်ဆင်ရေးကို လိုက်လျောနိုင်မယ်ဆိုတာ ခနှ်ုမှန်းပြောဆိုဖို့ရာ မလွယ်လှတဲ့ကိစ္စဖြစ်ပါတယ်။

ကျွန်တော်တို့ စိတ်ရှည်လက်ရှည်နဲ့ လက်တွေ့ကျကျ ဝိုင်းဝန်းကြိုးစား အားထုတ်ကြမယ်ဆိုရင် ၂၀၁၅ မှာ ဆုံမှတ်တစ်ခုကို ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒီဆုံမှတ်ဟာ ဒီမိုကရေစီ သေချာပေါက်ဖြစ်တော့မယ်ဆိုတဲ့ အာမခံချက်ကို ရဲရဲပေးနိုင်တဲ့ ဆုံမှတ်ဖြစ်နိုင်ပါတယ်။

၁။ ပြည်ခိုင်ဖြိုးပါတီ အာဏာရပါတီအဖြစ်မှ အတိုက်အခံပါတီ အဖြစ်ရောက်ရှိနိုင်ခြင်း။ ၂။အတိုက်အခံပါတီများက နည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်ကြလျှင် အစိုးရဖွဲ့နိုင်၊ လွှတ်တော်ကို လွှမ်းမိုးနိုင်ခြင်း 
၃။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်အကြား
သဘောတူညီမှုမှာသိသာစွာတိုးတက်ဖြစ်ပေါ်လာနိုင်ခြင်း ( သို့မဟုတ် ) ငြိမ်းချမ်းရေးကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်ပြီးစီးနိုင်ခြင်း။ 
၎။ နိုင်ငံတော်၏ စီးပွားရေးမှာ ယခုနှင့်နှိုင်းစာလျှင် များစွာထူးခြားကောင်းမွန်သော
အနေအထားတစ်ခုသို့ အခိုင်အမာ ရောက်ရှိနေနိုင်ခြင်း။ ၅။ကျန်ရှိနေသော
အစိုးရနှင့် လွှတော်သက်တမ်း နှစ်နှစ်ကျော်ခန့်ကာလအတွင်း နှစ်ဘက်စလုံးက
အားသွန်ခွန်စိုက် အားထုတ်ကြိုးပမ်းကြမည် ဆိုပါက
ဒီမိုကရေစီရေးနှင့်ပတ်သက်လျှင် အရေးပါဆုံးအခြေခံလိုအပ်ချက်ဖြစ်သော
တပ်မတော်နှင့် အတိုက်အခံတို့ ကြား နားလည်မှု ယုံကြည်မှု တစ်စုံတစ်ရာသော အတိုင်းအတာသို့
ရောက်ရှိအောင်ဆောင်ရွက်နိုင်ခြင်း စတဲ့ အချက် ငါးချက် ဆုံမယ့်
နိုင်ငံတည်ဆောက်ရေးအတွက် ကြီးမားတဲ့တိုးတက်မှုကို အားဖြည့်ပေးနိုင်မယ့် ဆုံမှတ်တစ်ခုဟာ ၂၀၁၅ မှာ ကျွန်တော်တို့ကို စောင့်ကြိုနေတာဖြစ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးကို အလောတကြီး နဲ့ တောင်းဆိုမယ် ကြိုးစားမယ်ဆိုရင်
အဲဒီဆုံမှတ်ကို ရောက်ဖို့ဆိုတာ သေချာပေါက် ပြောလို့မရနိုင်ပါဘူး။
ဒီကြားထဲမှာ အခြေခံဥပဒေကို ပြင်ဖို့ လုံးဝ ကြိုးစားလို့မရကြောင်း
သက်သေပြပြောဆိုနေတာမဟုတ်ပါ။ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ကြကိုင်ကြဖို့
ဆိုလိုရင်းဖြစ်ပါတယ်။ ဘယ်အတိုင်းအတာ ပြင်ဆင်လို့ရမယ်ဆိုတာ
သေသေချာချာ လေ့လာဆန်းစစ် ညှိနှိုင်းတိုင်ပင်ကြဖို့ ဆိုလိုရင်းဖြစ်ပါတယ်။

အခုလောလောဆယိ NLD က လုပ်နေတဲ့ လူထုနဲ့ တွေ့ဆုံ ဆွေးနွေး
သဘောထားရယူတဲ့ကိစ္စမှာ NLD က ပုဂ္ဂိုလ်များပြောဆိုတာရှိပါတယ်။ တပ်က အာဏာကို
အခြေခံဥပဒေအရ အသာစီးရယူထးတဲ့ သဘောမျိုးပြောဆိုတယ်လို့ နားလည်ရပါတယ်။
ဒီမိုကရေစီစံနှုန်းဖြစ်တဲ့ လူထုအာဏာသဘောတရားလုံးဝမရှိကြောင်းဆိုလိုတယ်လို့ နားလည်ရပါတယ်။
ကျွန်တော့်အနေနဲ့ ဒီအချက်ကို လုံးဝသဘောမတူပါ။ တပ်က
အခြေခံဥပဒေနဲ့ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့်ကို ပါဝင်ရယူထားတယ်ဆိုတာ
မှန်ပါတယ်။ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့အခြေခံဥပဒေဆိုတာလည်း
အမှန်ပါပဲ။ ဒါပေမယ့် စံနှုန်းတွေနဲ့ တိုင်းတာချိန်ထိုးရင် အပြည့်အဝ
ကိုက်ညီမှုမရှိခြင်းသာဖြစ်ပြီး လူထုအာဏာ ( people power )
လုံးဝမရှိဘူးဆိုတာ လုံးဝမမှန်ပါ။ လက်ရှိအခြေခံဥပဒေကို ခွဲခြမ်းစိတ်ဖြာ်တဲ့အခါမှာ ဆန္ဒစွဲတွေ ၊ စံနှုန်းစွဲတွေ ခနလေး ဘေးဖယ်ပြီး ယထာဘူတ ကျကျ ကြည့်မယ်ဆိုရင်
၁။ တပ်က ပြင်ဆင်ခွင့်နဲ့ပတ်သက်ရင်( အရေးကြီးတဲ့ )ဆုံးဖြတ်ရေးပါဝါ( power
to decide) ကို ယူထားပါတယ်။
၂။ ဒါပေမယ့် အုပ်ချုပ်ရေးပါဝါ ( power to govern ) ကိုတော့
လူထုကိုပေးအပ်ထားတယ်ဆိုတာ ရှုင်းရှင်းလင်းလင်းမြင်နိုင်မှာဖြစ်ပါတယ်။
ကျွန်တော်လို သာမန်နိုင်ငံရေးလေ့လာသူတစ်ယောက်က ဒီလောက်လေးရှင်းပြရုံနဲ့
သဘောထားတင်းမာသူတွေ တစ်ခါတည်းလက်ခံသွားမယ်လို့ မယုံကြည်ပါ။
ဒါပေမယ့် အများပြည်သူနဲ့ နိုင်ငံရေးလောကမှာ ရှိတဲ့ ဒီမိုကရေစီလိုလားသူအားလုံး စဉ်းစားကြည့်ဖို့
မီးမောင်းထိုးပြခြင်းသာဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ ဒီမိုကရေစီဆိုတာ လူထု အုပ်ချုပ်ခြင်း ဖြစ်ပြီးတော့ လက်ရှိအခြေခံဥပဒေအရ အတိုက်အခံတို့ ကြိုးစားရင်
အနိုင်ရတဲ့အခါ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ( အစိုးရဖွဲ့ရေး) ကို လူထု ကိုယ်စား
လူထုကိုယ်စားလှယ်များက သေချာပေါက်ဆောင်ရွက်နိုင်တာကြောင့်ဖြစ်ပါတယ်။
လွှတ်တော်များမှာ အမတ်နေရာ ၇၅ရာခိုင်နှုန်းအနက် အများစုကို အနိုင်ရရှိရင်
အတိုက်အခံအစိုးရဖွဲ့နိုင်ပါတယ်။တရား ဥပဒေကိစ္စများကို စိတ်ကြိုက်
ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ တပ်အနေနဲ့အုပ်ချုပ်ရေးမှာ ဝန်ကြီးနေရာအချို့ဝင်ယူထားတာကလွဲလို့
အရပ်သားသမ္မတဟာ သူ့စိတ်ကြိုက် ကက်ဘိနက်ဖွဲ့နိုင်ပါတယ်။
တိုင်းပြည်တည်ငြိမ်နေသရွေ့ တပ်က ဘာမှ ဝင်ရောက်စွက်ဖက်မှာမဟုတ်တဲ့အပြင်
အရပ်သားသမ္မတရဲ့လက်အောက်မှာ ကာကွယ်ရေးဦးစီးချုပ်က
အခြေခံဥပဒေနဲ့ အညီ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကိုထမ်းဆောင်ပါလိမ့်မယ်။
ဒါကြောင့် လက်ရှိ အခြေခံဥပဒေ အရ လူထုမှာ ဘာပါဝါမှမရှိဘူးဆိုတာ
တော်တော်လေး ပညာမပါတဲ့ သုံးသပ်ချက်သာဖြစ်ပါတယ်။
ကျွန်တော်တို့ လောလို့မရပါဘူး။ ဒါ သိပ်ကိုသေချာပါတယ်။
သိပ်အလောတကြီးလုပ်ရင် လက်ရှိအနေအထားကိုတောင် ဆက်ထိန်းထားဖို့ အာမ
မခံနိုင်တာ အသေအချာပါ။ အရင် အာဏာရှုစနစ်အောက် ပြားပြားမှောက်နေရတဲ့လူထုမှာ ဘာမျှော်လင့်ချက် ၊ ဘာ ဆုံးဖြတ်ပိုင်ခွင့်မှမရှိတာနဲ့ ပြန်နှိုင်းယှဉ်ကြည့်ပါ။
လက်ရှိတိုးတက်ဖြစ်ထွန်းမှုတွေဟာ ဘာမှထူးခြားမှုမရှိဘူးလို့ပြောရင်တော့ ဒါ တော်တော် အမြော်အမြင်မဲ့တဲ့ တွေးခေါ်မှုဖြစ်ပါတယ်။

ဒီတော့ အားလုံးက ၂၀၁၅ ကို ပိုပြီးအာရုံစိုက်သင့်ပါတယ်။ကျွန်တော်တို့
ဒီမိုကရေစီကို တက်လှမ်းနိုင်မယ့် ထူးခြားတဲ့လှေခါးထစ် တစ်ထစ်က ၂၀၁၅မှာ
ရှိနေပါတယ်။ နောက်တစ်ခုက အခြေခံဥပဒေပြင်ဆင်ရေးထက် ပိုပြီး သေချာခိုင်မာတဲ့
လက်တွေ့ကျတဲ့ ဒီမိုကရေစီရေးအတွက် ထိထိရောက်ရောက်လုပ်ဆောင်နိုင်မယ့်
လုပ်သမျှ အရာထင်နိုင်မယ့် ၂၀၁၅ ရွေးကောက်ပွဲကို အာရုံစိုက်ကြမယ်ဆိုရင် ကျန်နေတဲ့ နှစ်နှစ်ခွဲကာလမှာ ထိပ်တိုက်တွေ့မယ့် ကိစ္စတွေ လျော့နည်းနိုင်မှာဖြစ်ပါတယ်။တပ်မတော်အနေနဲ့
နှစ်ပေါင်းများစွာ အချိန်ယူရေးဆွဲထားတဲ့ အခြေခံဥပဒေကို အလွယ်တကူ
ချက်ချင်းလက်ငင်း ပြင်ဆင်ပေးဖို့ဆိုတာ အတိုင်းအတာတစ်ခုအထိပဲဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက တပ်မတော်ကလည်း ဒီမိုကရေစီနိုင်ငံတော်တစ်ခုနဲ့ ကိုက်ညီတဲ့
တပ်မတော်အဖြစ် တဖြည်းဖြည်း တည်ဆောက်ယူနေတာကို ထည့်စဉ်းစားကြပါ။ လွှတ်တော်က
၂၅ ရာခိုင်နှုန်းနဲ့ ဝန်ကြီးနေရာ သုံးနေရာကလွဲရင် ဘယ်အုပ်ချုပ်ရေးကိစ္စမှာမှ
မပါဘဲ နေလို့ရအောင်ပြင်ဆင်တည်ဆောက်နေတာအမှန်ဖြစ်ပါတယ်။
လူထုနဲ့စည်းလုံးချစ်ခင်တဲ့ တပ်မတော်အဖြစ်
ရွှေ့ယူနေတယ်ဆိုတာလည်း ငြင်းလို့ရတဲ့ကိစ္စမဟုတ်ပါ။ တပ်ဘက်အရပ်ဘက်
ရင်ကြားစေ့ရေးကို ပြောနေဆိုနေရင်း တပ်နဲ့ထိပ်တိုက်ဖြစ်မယ့်ကိစ္စများကို
လုပ်မိနေတယ်ဆိုတာလည်း နိုင်ငံတည်ဆောက်ရေးအတွက် မကောင်းလှတာအမှန်ဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေက ဒီမိုကရေစီနဲ့ကိုက်ပါညီပါတယ်လို့ တပ်ဘက်ကရော ပြည်ခိုင်ဖြိုးပါတီကပါ
ပြေသံဆိုသံမကြားဖူးပါ။ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီအောင်တိုင်းပြည်ကို
ဖြည်းဖြည်းချင်းတည်ဆောက်ယူမယ်ဆိုတာ နှစ်ဖက်စလုံးရဲ့
ခံယူချက်ဖြစ်သင့်ပါတယ်။ ဒီတော့ ၂၀၁၅ ကို အေးအေးချမ်းချမ်းနဲ့ အရောက်လှမ်းကြပါ။
အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုလည်း ဒီကြားထဲမှာရသလောက်လုပ်ပါ။
ပြင်ဆင်ရေးကို လုပ်ချင်ရင် အရေးအကြီးဆုံးက တပ်နဲ့ ထိတွေ့ပါ။ ဆက်ဆံပါ။
နားလည်မှုတိုးပွားအောင်လုပ်ပါ။ညှိနှိုင်းတိုင်ပင်ပါ။စကားပြောဆိုကြည့်ပါ။

သူတို့ကမှ စကားမပြောတာဆိုရင် လက်ခံနိုင်စရာမရှိပါဘူး။ သူတို့မပြောရင်
ကိုယ်ပြောဖို့ကြိုးစားပါ။ ကိုယ်က နိုင်ငံရေးသမား၊ သူတို့ကစစ်သားပါ။
စစ်သားဆိုတာ တောင့်တောင့်ကြီးနေတတ်တဲ့သဘာဝရှိပါတယ်။ မျက်နှာထားတင်းပါတယ်။
နိုင်ငံရေးသမားတွေဆိုတာက ပျော့ပြောင်းညင်သာရှိဖို့လိုအပ်တယ်လို့ထင်ပါတယ်။
အနည်းဆုံး လွှတ်တော်များအတွင်း စတင်ထိတွေ့ပြီး နားလည်ယုံကြည်မှုရတဲ့အထိ
တက်လှမ်းနိုင်ပါတယ်။ တပ်နဲ့ နားလည်မှုမရဘဲ ပြင်ဆင်ရေးကို တွန်းလုပ်နေရင်
ဘယ်လိုမှ ရလာဒ်မရှိတဲ့ ပုစ္ဆာာကို တွက်ချက်နေသလိုဖြစ်ပါလိမ့်မယ်။

၂၀၁၅ ဆုံမှတ်ဟာ လက်ရှိရထားတဲ့ အခြေအနေကောင်းများကို တစ်ဆင့်မြှင့်တင်ပေးနိုင်ရုံမျှမက အတိုက်အခံတို့ နိုင်ခဲ့ရင် လူထုပါဝါလည်း အသက်ဝင်နိုင်တာဖြစ်လို့ အခြေခံဥပဒေ ပြင်ဆင်ရေးကို တတ်နိုင်သလောက် ဖြစ်နိုင်သလောက် အားထုတ်ရင်းနဲ့၂၀၁၅ ကို အာရုံစိုက်ကြပါလို့ တိုက်တွန်းပါရစေ။ ။

ပိုက်တင်

No comments:

Post a Comment