December 2, 2013 at 11:19pm
(ဒီတစ်ပတ်ထုတ် Myanmar Post ဂျာနယ်မှာ ထည့်သွင်း အသုံးပြုထားတဲ့ ကျွန်တော်ရဲ့ ဆောင်းပါးကို ပြန်တင်လိုက်တာ ဖြစ်ပါတယ်။)
......................
ဒီမိုကရေစီ စနစ် တိုင်းပြည်မှာ ထွန်းကားလာရင်တိုင်းပြည် ကောင်းသွားမယ်။
လူထုရဲ့ စီးပွားရေး၊ လူမှု့ရေးတွေ တိုးတက်လာပြီး
အကျင့်ပျက်မှုတွေပပျောက်သွားနိုင်တယ်” စသဖြင့် မျှော်လင့်ချက်
ကြီးကြီးမားမား ထားနေကြသူတွေ ရှိတာကိုသတိပြုမိပါတယ်။ အာဏာရှင် စနစ်ကို
လူထုက စိတ်ကုန်နေပြီး အာဏာရှင် စနစ်လက်အောက်က လာဘ်စားမှု၊အကျင့်ပျက်မှု၊
ဖိနှိပ်မှု၊ တရားမမျှတမှုတွေကို ခံစားနေကြတာကြောင့် အာဏာရှင် စနစ်ရဲ့
ဆန့်ကျင်ဘက်ပြည်သူ့ဆန္ဒနဲ့ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အုပ်ချုပ်ရေး
စနစ် တစ်ခု ပေါ်ပေါက်လာရင်အာဏာရှင် စနစ်မှာ ဖြစ်နေတဲ့ မတရားမှုတွေ၊
ဆင်းရဲမွဲတေမှုတွေရဲ့ ဆန့်ကျင်ဘက် ရလဒ်ကို ရနိုင်တယ်လို့မြင်လာကြတာလို့
သုံးသပ်ရပါတယ်။
အထက်ပါ အမြင်တွေဟာ မှန်သလား ဆိုတဲ့မေးခွန်း
မေးစရာ ဖြစ်လာပါတယ်။ အဖြေကတော့ ဒီမိုကရေစီ စနစ် တိုင်းပြည်မှာ
ထွန်းကားလာရင်အထက်ပါ အချက်တွေ ရရှိလာနိုင်တာ မှန်ပေမယ့် ဒီမိုကရေစီ စနစ်
တိုင်းပြည်မှာ ဖြစ်ထွန်းလာပေမယ့်တိုင်းပြည်ကို နတ်ရေကန်ထဲ ပစ်ချလိုက်သလို
နေ့ချင်းညချင်း ဘာမှ မလုပ်ရဘဲ ကောင်းမွန်သွားဖို့ကတော့မရှိပါဘူး။ ပြည်သူတွ
အားလုံး ဝိုင်းဝန်း ကြိုးစားတည်ဆောက်ရဦးမှာပါ။ အချိန်တွေ
ယူရဦးမှာပါ။အဲဒီလို တည်ဆောက်ပြီးသွားရင်တောင် မကောင်းမှုတွေ
ပပျောက်သွားမယ်လို့ အာမခံလို့ မရသေးပါဘူး။လူသားတွေနဲ့
ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်း (သို့) တိုင်းပြည်တစ်ပြည်
ဖြစ်နေတာကြောင့်လူသားတွရဲ့ အမှားတွေဟာ ရှိနေတတ်ပါတယ်။ လာဘ်စားမှု၊
အကျင့်ပျက်မှု၊ အရည်အချင်း မပြည့်ဝမှုတွေဟာအာဏာရှင် စနစ်မှာတင် ရှိနေတာ
မဟုတ်ဘဲ ဒီမိုကရေစီ တိုင်းပြည်တွေမှာလည်း ရှိနေတာပါပဲ။ဆင်းရဲမှု ဆိုတာလည်း
ဒီမိုကရေစီ နိုင်ငံတွေမှာ ရှိတတ်ပါတယ်။ ဥပမာ အိန္ဒိယနိုင်ငံဟာ
ဒီမိုကရေစီနိုင်ငံ ဖြစ်ပေမယ့် ပြည်သူလူထု အများစုဟာ ဆင်းရဲကြပါတယ်။
ဒီမိုကရေစီ စနစ်နဲ့ ပက်သက်ပြီးအင်္ဂလိပ် ဝန်ကြီးချုပ်ဟောင်း
ဝစ်စတန်ချာချီရဲ့ နာမည်ကျော် မှတ်ချက်တစ်ခုကတော့
“အခြားသော
အသုံးပြုပြီးတဲ့ အုပ်ချုပ်ရေးစနစ်တွေကလွဲရင် ဒီမိုကရေစီဆိုတာ
အဆိုးဝါးဆုံးသော အုပ်ချုပ်ရေး စနစ်တစ်ခု ဖြစ်တယ်. It has been said that
democracy is the worst form of government except all theothers that have
been tried.”
ဆိုလိုတာကတော့ ဒီမိုကရေစီမှာ
မကောင်းတဲ့အချက်တွေ၊ အားနည်းချက်တွေ ရှိတယ်။ ဒါပေမယ့် အခြားသော
အုပ်ချုပ်ရေး စနစ်တွေနဲ့ ယှဉ်ရင်တော့အဲဒီ စနစ်တွေထက် ကောင်းသေးတယ်လို့
ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ ဆိုရှယ်လစ်၊ အာဏာရှင်၊မြေရှင် ပဒေသရာဇ်၊
စစ်အုပ်ချုပ်ရေး၊ ကွန်မြူနစ် … စတာတွေနဲ့ ယှဉ်ရင်တော့
ပိုကောင်းပါတယ်။သို့သော် သူ့မှာလည်း အားနည်းချက်တွေ ရှိတယ်လို့
ဆိုလိုတာပါပဲ။
ဒီမိုကရေစီ စနစ်နဲ့ အခြားစနစ်တွေက
အဖြူအမဲ၊အမှားအမှန်လို ပြောင်းပြန် ကွာခြားတာမျိုး မဟုတ်ဘဲ ဒီဂရီ ပုံစံနဲ့
ကွာခြားတာဖြစ်ပါတယ်။အခြားစနစ်တွေမှာ ကောင်းနိုင်တယ်။ ဒါပေမယ့် ဒီမိုကရေစီ
စနစ်မှာ ပိုကောင်းတယ် စတဲ့ နှိုင်းယှဉ်ကွာခြားချက်တွေ ဖြစ်ပါတယ်။ အဲဒီ
အချက်တွေကို အပိုင်း ၃ ပိုင်း ခွဲခြားပြီး ကြည့်နိုင်ပါတယ်။
ပထမ အပိုင်းကတော့ “လွတ်လပ်ခွင့်” ဖြစ်ပါတယ်။လူတစ်ဦးခြင်းရဲ့
လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ စနစ်နဲ့ဟာ နီးကပ်စွာ တည်ရှိပါတယ်။
ဒီမိုကရေစီမှာလူများစုရဲ့ ဆန္ဒကို အလေးထားရတာကြောင့် လူတစ်ဦးခြင်းရဲ့
အခွင့်အရေးကို ထိခိုက်နိုင်တာတွေရှိနိုင်ပါတယ်။သို့သော် အာဏာရှင်
နိုင်ငံတွေမှာ လုံခြုံရေးကို အကြောင်းပြပြီး လွတ်လပ်ခွင့်ကို
ကန့်သတ်တာတွေရှိပါတယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဟာ တိုက်ရိုက် အချိုးကျ
တည်ရှိပါတယ်။ တချို့အချက်တွေမှာအာဏာရှင် နိုင်ငံတွေက တခါတလေ သာနိုင်ပါတယ်။
ဥပမာ သြစတေးလျနိုင်ငံကို သစ်ဥ၊ သစ်ပင် မျိုးစေ့တွေကိုမိမိရဲ့ တစ်ကိုယ်ရည်
လွတ်လပ်ခွင့်အရ ဆိုပြီး (စီးပွားရေးဖြစ် စိုက်ပျိုးမှု
မလုပ်တာတောင်)ယူလာလို့ မရပါဘူး။ မြန်မာနိုင်ငံလို အာဏာရှင် နိုင်ငံမှာတော့
ဒါမျိုးတွေက လွတ်လွတ်လပ်လပ်နိုင်ငံထဲကို သွင်းချင်သလို သွင်းယူလို့ရပါတယ်။
ဒါပေမယ့် တစ်ခုချင်းမဟုတ်ဘဲ လွတ်လပ်ခွင့်တွေကိုကျယ်ကျယ်ပြန့်ပြန့်
နက်နက်ရှိုင်ရှိုင်း ရေရှည်အတွက် ကြည့်ရင်တော့ ဒီမိုကရေစီ စနစ်က
လွတ်လပ်ခွင့်ပိုရှိပါတယ်။ လွတ်လပ်ခွင့်ကို လူ့သားအခွင့်အရေးအရ
တန်ဖိုးထားမယ်ဆိုရင် ဒီမိုကရေစီကသာလျှင်ပိုပြီးအာမခံချက် ပေးနိုင်ပါတယ်။
ဒုတိယအချက်ကတော့ “နိုင်ငံရေး တည်ငြိမ်မှု”ဖြစ်ပါတယ်။ ဒီမိုကရေစီ
အုပ်ချုပ်ရေး စနစ်နဲ့ နိုင်ငံရေး တည်ငြိမ်မှုဟာ
ယှက်နွယ်တည်ရှိနေပါတယ်။ဒီမိုကရေစီ စနစ်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ
ရှိနိုင်ပေမယ့် အဲဒီ မတည်ငြိမ်မှုတွေဟာအကြမ်းဖက်မှုတွေအထိ ဖြစ်ပွားမှုကတော့
နည်းပါးပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ပြည်တွင်းစစ်ဖြစ်ပွားမှုဟာလည်း
အာဏာရှင် နိုင်ငံတွေနဲ့ ယှဉ်ရင် နည်းပါးပါတယ်။ တချို့
အချိန်တွေမှာဒီမိုကရေစီ နိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ ရှိနိုင်ပေမယ့်
ဒီနေ့ခေတ် ဒီမိုကရေစီ နိုင်ငံတွေရဲ့လူမှု့ အကြမ်းဖက်မှုတွေဟာ ဒီမိုကရေ
အုပ်ချုပ်ရေး မဟုတ်တဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင်
နည်းပါးတယ်ဆိုတာကိုတွေ့ရမှာပါ။ ဥပမာ ဒီမိုကရေစီစနစ် မဟုတ်တဲ့ စင်္ကာပူဟာ
နိုင်ငံရေး တည်ငြိမ်မှုအရဆိုရင်ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့
ယှဉ်ရင် အကြမ်းဖက်မှု ပိုနည်းပါးတာကို တွေ့ရပေမယ့်မြန်မာနိုင်ငံလို အာဏာရှင်
နိုင်ငံတွေရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ
အကြမ်းဖက်မှုတေဟွာပိုမိုထင်ရှားပြီး အကြိမ်အရေးအတွက်လည်း ပိုများပါတယ်။
ဒီမိုကရေစီရဲ့ နိုင်ငံရေး တည်ငြိမ်မှုကိုထိန်းကြောင်းတဲ့ အဓိက အချက်ကတော့
နိုင်ငံရေး မူဝါဒတွေနဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်ခွင့်တွေကိုပုံမှန်
အပြောင်းအလဲ ရှိနေစေလို့ ဖြစ်ပါတယ်။ ဥပမာ စင်္ကာပူလို နိုင်ငံမှာ
နိုင်ငံရေးပေါ်လစီ ပြောင်းလဲဖို့နဲ့ နိုင်ငံရေး ခေါင်းဆောင် ပြောင်းလဲဖို့ဟာ
အာဏာရှင် မြောက်ကိုရီးယားနိုင်ငံမှာ“ကင်” မိသားစုနဲ့ သူတို့
သဘောထားကလွဲရင် အခြားလူ မဖြစ်နိုင်သလို စင်္ကာပူမှာလည်း “လီကွမ်ယု”မိသားစုရဲ့
သဘောထားဟာ အင်မတန် အရေးပါနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို
ဖြစ်နေမှုဟာနိုင်ငံရေး အပြောင်းအလဲ မလုပ်နိုင်ရင်တော့ တချိန်မှာ နိုင်ငံရေး
မတည်ငြိမ်မှုကို ဦးတည်သွားစေနိုင်ပါတယ်။ဥပမာ မြန်မာပြည်က ဦးနေဝင်း
မိသားစုရဲ့ တစ်ချိန်က အာဏာထွားမှု လိုပါပဲ။ နိုင်ငံတွင်းနိုင်ငံရေး
မတည်ငြိမ်ဘဲ တော်လှန်ရေးအထိ ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံရေး
မတည်ငြိမ်ရင်စီးပွားရေးလည်း တိုးတက်ဖို့ ခဲယဉ်းပါလိမ့်မယ်။
တတိယ အချက်ကတော့ နိုင်ငံတကာနဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ နိုင်ငံတကာ
သမိုင်းကြောင်းမှာ ဒီမိုကရေစီ နိုင်ငံတွေနဲ့ အာဏာရှင်
နိုင်ငံတွေစစ်ဖြစ်ကြပါတယ်။ အာဏာရှင်နိုင်ငံတွေက ဒီမိုကရေစီ နိုင်ငံတွေနဲ့
စစ်ဖြစ်ကြသလို အာဏာရှင်နိုင်ငံအချင်ချင်းလည်း စစ်ဖြစ်ကြပါတယ်။ ဒီမိုကရေစီ
နိုင်ငံအချင်းချင်းကတော့ စစ်ဖြစ်လေ့သိပ်မရှိပါဘူး။ ဒါကြောင့် ဒီမိုကရေစီ
စနစ် ကျင့်သုံးတာဟာ နိုင်ငံအချင်းချင်း စစ်ဖြစ်ပွားနိုင်မှုကိုလျော့ချပြီး
နိုင်ငံတကာ ဆက်ဆံရေးအရ ကမ္ဘာကြီး ငြိမ်းချမ်းစေနိုင်တယ်လို့ ယူဆရတဲ့
အထိဖြစ်လာတာမျိုးတွေ ရှိလာပါတယ်။
အထက်ပါ အချက် (၃) ချက်ဟာ
ဒီမိုကရေစီနိုင်ငံတွေနဲ့ ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေကြား
ကွာခြားမှုတွေကို တွေ့ရတာ ဖြစ်ပြီးအဲဒီ ကွာခြားချက်တွေဟာ အဖြူအမဲ၊
အမှားအမှန် ကွာခြားသလို ပြောင်းပြန် တစ်ခုမှာ ရှိတာကိုနောက်တစ်ခုမှာ
မရှိတဲ့ နည်းနဲ့ ကွာခြားတာမျိုး မဟုတ်ဘဲ ဒီဂရီ ပုံစံမျိုး
အနည်းအများကွာခြားမှုတွေ ဖြစ်တယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်
အာဏာရှင် နိုင်ငံတွေဟာတစ်ခါတလေမှာ ဒီမိုကရေစီ ပုံစံကို ပြောင်းလဲဖို့
အကြောင်းပြချက်ပေးပြီး ငြင်းဆိုနေဖို့အခွင့်အရေးတွေ ရှိနေတာဖြစ်ပါတယ်။ ဥပမာ
တရုတ်ဟာ စီးပွားရေး အားကောင်းလာပြီး နိုင်ငံရေးတည်ငြိမ်တယ်လို့ ပြောဆို
ကာကွယ်စရာ ဖြစ်လာပါတယ်။ အဆိုပါ အချက်ဟာလည်း ငြင်းမရတဲ့
အချက်ဖြစ်ပါတယ်။သို့သော် အနည်းအများ ဒီဂရီကွာခြားချက်ကို ထည့်မပြောတာမျိုး
ဖြစ်နေလို့ အပြည့်အဝတော့မမှန်ပါဘူး။ တရုတ်ထက် ဒိန်းမတ်နိုင်ငံဟာ ဒုတိယ
ကမ္ဘာစစ် အလွန်ကာလ တစ်လျှောက်လုံး နိုင်ငံရေးပိုတည်ငြိမ်ပါတယ်။ ဒီလို
ဒီဂရီကွာခြားချက်ကို ဆိုလိုတာဖြစ်ပါတယ်။
အထက်ပါ အချက် (၃)
ချက်မှာ မပါဘဲ သက်သေအထောက်အထားအများအပြားလည်း မတွေ့ရပေမယ့် သေချာတဲ့ အခြား
ကောင်းမွန်တဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။အဲဒါတွေက
ဒီမိုကရေစီနိုင်ငံတွေမှာ လူသားတွေ ဖန်တီးတဲ့ ကပ်ဘေး ဒုက္ခတွေက
ကင်းဝေးပါတယ်။ရှောင်လွှဲလို့ မရတဲ့ သဘာဝ ဘေးဒဏ်တွေ ခံစားရလျှင်လည်း
လျှင်လျှင်မြန်မြန် ထိထိရောက်ရောက်တုန့်ပြန်ဆောင်ရွက်နိုင်စွမ်း
ပိုမိုများပြားပါတယ်။ ဥပမာ မြန်မာနိုင်ငံက နာဂစ် နဲ့ဖိလစ်ပိုင်က ဟိုင်ယံ
မုန်တိုင်း နှစ်ခုရဲ့ ကိုင်တွယ်ပုံကို ယှဉ်ကြည့်ရင် သိသာနိုင်ပါတယ်။
အဆုံးသတ်ရလျှင်တော့ ဒီမိုကရေစီစနစ်မြန်မာပြည်မှာ ဖြစ်ထွန်းလာရင်
တိုင်းပြည်ဟာ နေ့ချင်း ညချင်း တိုးတက် ကောင်းမွန်သွားမှာမဟုတ်ပေမယ့်
ကောင်းမွန်တဲ့ စနစ်တွေ၊ အကျင့်တွေကို တဖြည်းဖြည်းချင်း ပြောင်းလဲ
တိုးတက်ပြီးအနာဂါတ် မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံတကာနဲ့ အဆင့်တူ
ကောင်းမွန်မှု စနစ်တွေ ရရှိလာနိုင်ဖို့မလွဲမသွေ ရှိတယ်ဆိုတာကို
ဆွေးနွေးတင်ပြလိုက်ရပါတယ်။
ကိုထိုက်
၃၀.၁၁.၂၀၁၃
Ko Htike
No comments:
Post a Comment