နေထက်နီ
သူရဦးရွှေမန်း-ဒေါ်စု ၀င်ရိုးတန်း ဘာ့ကြောင့် ပြိုကွဲသွားသလဲ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးလေးကြီး လေးပွင့်ဆိုင်
ဒိုင်ယာလော့တောင်းဆိုမှုသည် သူရသူရဦးရွှေမန်း- ဒေါ်စု မဟာမိတ်အတွဲ
ပြိုကွဲသွားပြီဟု အဓိပ္ပါယ် ဖော်နိုင်မည်လား။ သူရသူရဦးရွှေမန်းသည်
စစ်အစိုးရတွင် နံပတ်(၃)ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။
၂၀၀၇-၂၀၀၈-၂၀၀၉
နိုင်ငံရေးကိစ္စများကို ကိုင်တွယ် ခဲ့သူဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်
ဦးရဲထွဋ်က ဆိုပါသည်။ ၂၀၀၇ တွင် ရွှေဝါရောင် တော်လှန်ရေးနှင့်
ဖြိုခွင်းမှုများ ဖြစ်ပွားခဲ့ သည်။ မကြာသေးခင်ကပင် ဗိုလ်ချုပ်ကြီးဟောင်း
ဦးမြင့်ဆွေက သူရဦးရွှေမန်းကို သက်သေထား၍ ရွှေဝါရောင် တော်လှန်ရေးဖြစ်စဉ်ကို
ရှင်းလင်းခဲ့ပါသည်။
အမျိုးသားလွှတ်တော်နာယက ဦးခင်အောင်မြင့်သည်
အတိုက်အခံနိုင်ငံရေးသမားများနှင့်ပတ်သက် လာလျှင် အမြင်စူးရှသူဖြစ်ကြောင်း၊
အတိုက်အခံနိုင်ငံရေးသမားများအပေါ် သူရဦးရွှေမန်းဦးစီး၍ ဆုံးဖြတ် သော
နိုင်လုံဟု ခေါ်သည့်အစည်းအဝေးများတွင် ဦးခင်အောင်မြင့် အစဉ်အမြဲတက်ရောက်
ပါဝင်ခဲ့ကြောင်း လည်း ဦးရဲထွဋ်က ပြောပြသည်။ ဤသည်တို့ကို ဆက်စပ်လိုက်လျှင်
ထွက်ပေါ်လာသော ပုံရိပ်သည် သတိထားဖွယ်ရာကောင်းသော လွှတ်တော်ဥက္ကဌ(၂)ဦးစလုံး၏
အရိပ်များ ဖြစ်နေပါသည်။ ပထမအချက် အနေဖြင့် ဤသည်တို့ကို သိရှိသွား၍ မဟာမိတ်
ဝင်ရိုးတန်း ပြိုကွဲသွားခြင်းလော စဉ်းစားစရာ ဖြစ်နေ ပါသည်။
ဒုတိယအချက်ကို ဆက်လက် တင်ပြလိုပါသည်။ သူရဦးရွှေမန်းသည် စစ်အစိုးရ၏
နံပတ်(၃)ခေါင်း ဆောင်၊ ကြံ့ခိုင်ရေးပါတီ၏လက်ရှိခေါင်းဆောင် ဖြစ်သောကြောင့်
ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အရေးကြီး သော လွှတ်တော်တွင်း ချိန်ခွင်လျှာကို
ထိန်းထားနိုင်သူ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစု ကြည်က
သူရဦးရွှေမန်း၏ အားကိုယူ၍ ပြင်ဆင်နိုင်ရေး ကြိုးပမ်းခဲ့ဖွယ် ရှိသည်ဟု
ကောက်ချက်ချနိုင် ပါသည်။ ယခုအချိန်တွင် သူရဦးရွှေမန်း၏
ဖွဲ့စည်းပုံပြင်ဆင်လိုသည့် အလားအလာကို ရိပ်စားမိ၍ သမ္မတ၊ တပ်ချုပ်တို့ နှင့်
တိုက်ရိုက်တွေ့ဆုံရန် တောင်းဆိုလိုက်ခြင်း ဖြစ်နိုင်ပါသလား။
သေချာသည့်အချက်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သူရဦးရွှေမန်းအား အားကိုး၍
မရနိုင်တော့ ဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည်လာသဖြင့် ယခုကဲ့သို့
ဆောင်ရွက်ခြင်း ဖြစ်နိုင်ပါသည်။
တတိယအချက်ကို ဆက်လက်
တင်ပြလိုပါသည်။ လွှတ်တော်အတွင်း လေ့လာသုံးသပ်ရေး ၁၀၈ ဦး ကော်မတီ၏
အရိပ်အကဲကို ဒေါ်အောင်ဆန်းစုကြည် ရိပ်စားမိခြင်း ဖြစ်နိုင်ပါသည်။ ၁၀၈
ဦးကော်မတီက တင်ပြလာသောအချက်များတွင် ၅၉(စ) မပါနိုင်၊ သူရဦးရွှေမန်းကလည်း
လွှတ်တော်ဆောင်ရွက်မှု စနစ် အရ ကော်မတီ၏တင်ပြချက်ကို ထောက်ခံမည်၊
လွှတ်တော်တွင်း မဲခွဲလျှင် NLD ရှုံးမည်၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်
သမ္မတ မဖြစ်နိုင်တော့။ သူရဦးရွှေမန်းတစ်ဦးတည်းအနေဖြင့် ၅၉(စ)ကို ပြင်ဆင်
ပေးလိုပါသော်လည်း လွှတ်တော်၏ ဆုံးဖြတ်ချက်က ဤသို့ ဖြစ်နေသည်ကို
တတ်နိုင်မည်မဟုတ်။ ယခု အတိုင်း အဖြေထွက်လာမည့် အနေအထားကို
ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိလာခြင်းကြောင့် ဖြစ်နိုင်ပါသည်။
စတုတ္ထအချက်ကို ဆက်လက်တင်ပြလိုပါသည်။ သမ္မတ ဖြစ်လိုသော
သူရဦးရွှေမန်းဘက်ကကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယှဉ်ပြိုင်စရာ မဟုတ်သော
ပြိုင်ဘက်ကြီး ဖြစ်နေသည်။ သူရဦးရွှေမန်း သမ္မတဖြစ်ရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်ကို စင်ပေါ်တက်မလာစေရန်သာ ကြိုးပမ်းရမည့် အနေ အထားမျိုး
ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စနစ်တကျ တားနိုင်ဆီးနိုင်သည်မှာ ၅၉(စ)သာ
ဖြစ်သည့်အတွက် မိမိကိုအလဲထိုးမည့် ထောက်လက်သီးကို သိသိကြီး
ရင်ဆိုင်တိုးပါမည်လော။ စစ်တိုက် နေကြသော စစ်ခေါင်းဆောင်များ၏ ဓလေ့စရိုက်မှာ
ရည်မှန်းချက်ကို ဦးစွာသတ်မှတ်ပြီးမှ ပန်းတိုင် ရောက်ရှိရေး
ဖော်ဆောင်တတ်ကြခြင်း ဖြစ်ပါသည်။ သူရဦးရွှေမန်း၏ ရည်မှန်းချက်မှာ သမ္မတ
ဖြစ်ရေး ဟု အတိအလင်း သတ်မှတ်ထားပြီး ဖြစ်ရာ ယင်းပန်းတိုင်ရရှိရေးအတွက်
အစွမ်းကုန်ကြိုးပမ်းမည်သာ ဖြစ်ကြောင်း သတိပြုသင့်ပါသည်။
စစ်အောင်နိုင်ရေးအတွက် တရားမျှတမှုတို့ ရှိမည် မဟုတ် ဟူသော စကားပုံကိုလည်း
သတိ ရဖွယ်ရာပင်။
ပဉ္စမအချက်ကို ဆက်လက် တင်ပြပါမည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းနှင့် ဆက်ဆံ ရေးမြှင့်တင်ကာ
လိုလားချက်များကို ပုံဖော်ခဲ့ပါလိမ့်မည်။ ရင်းနှီးသော ဆက်ဆံရေးကို
ထူထောင်ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးကစားကွက် အလဟဿ ဖြစ်သွားပြီဟု
သိရှိလာရခြင်းကြောင့် သမ္မတ ဦးသိန်းစိန်ဘက်ကို ဦးလှည့်လိုက်ခြင်းလော
စဉ်းစားစရာ ဖြစ်နေပါသည်။
ဒေါ်စု ဘာမှားခဲ့သလဲ
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းကို
အားကိုး၍မရနိုင်တော့၊ လွှတ်တော်ကို အားကိုး၍မရနိုင်တော့ ဟု
ဆုံးချက်လိုက်ခြင်းကတော့ သေချာနေပါသည်။ ဤသို့ ဆိုလျှင်
(၂)နှစ်ခန့်အချိန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အချိန်ပေးဆောင်ရွက်ခဲ့သော
သူရဦးရွှေမန်း နှင့် မဟာမိတ်ဝင်ရိုးတန်းတည်ဆောက်ရေးဗျူဟာကြောင့်
မည်သည့်အကျိုးအမြတ်များ ထွက်လာခဲ့ပါသနည်း။ ဤသည်ကို ပြန်လည်သုံးသပ်ရန်
လိုအပ်နေပြီ ဖြစ်ပါသည်။
သူရဦးရွှေမန်းအနေဖြင့်
ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကို အကျိုးရှိရှိ အသုံးချ၍ အစိုးရနှင့်
ထိပ်တိုက်ရင်ဆိုင်မှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ တပ်မတော်နှင့်
ထိပ်တိုက်တွေ့ဆုံမှုများတွင် ဒေါ်အောင် ဆန်းစုကြည်သည် သူရဦးရွှေမန်းဘက်က
ရပ်တည်ပေးခဲ့ပါသည်။ တစ်ဘက်သတ်ဆန်သော၊ အာဏာရှင် ဆန်လာသော လွှတ်တော်၏
အုံနှင့်ကျင်းနှင့် လုပ်ဆောင်မှုများတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးရွှေ
မန်း ဘက်က ရပ်တည်ပေးခဲ့ပါသည်။ အမြင်သာဆုံး ဥပမာ ပြရလျှင် သူရဦးရွှေမန်း၏
သားများ ၀င်ရောက် လုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းအော်ပရေတာလိုင်စင်
ချထားပေးရေးကိစ္စတွင် အရေးကြီးအဆို တင်သွင်း၍ ကြားဝင်ရန် ကြိုးပမ်းခဲ့ရာ၌
NLD ပါတီသည် သူရဦးရွှေမန်းဘက်က ရပ်တည်ပေးခဲ့ပြီး NLD အမတ် ဦးဝင်းမြင့်
(ပုသိမ်)က တက်ကြွစွာ တိုက်ပွဲဝင်ပေးခဲ့ပါသည်။ တရား ဥပဒေစိုးမိုးရေးကို
ဦးဆောင် ရမည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ
သည် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခဲ့ ရာတွင် သူရဦးရွှေမန်းဘက်က
မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြပါသည်။
မဟာမိတ်ဝင်ရိုးတန်း
စိတ်ကူးဖြင့် လွှတ်တော်၏ လိုအပ်ချက်များ၊ မှားယွင်းမှုများကို တစ်စုံတစ်ရာ
ထောက်ပြ ပြောကြားခြင်း မပြုခဲ့ဘဲ အစိုးရအား အတိုက်အခံပြုမှုများတွင်
တက်တက်ကြွကြွ ပူးပေါင်းပါဝင် ခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေးများကို
အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသော ဦးသိန်းစိန် အစိုးရအား
အကောင်းမမြင်ကြရန်၊ ရင်းနှီးမြုပ်နှံမှုများ ၂၀၁၅
ရွေးကောက်ပွဲစောင့်ကြည့်ပြီးမှ ၀င်ရောက်ကြရန် နိုင်ငံ တကာကို
ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပြီး အစိုးရနာမည်ပျက်စေရန်
ကန်ပိန်းချဆောင်ရွက်ခဲ့ပါသည်။ တပ်မတော်သားများ နိုင်ငံရေးတွင်
ဝင်ရောက်ပါဝင်ခြင်း မပြုသင့်ကြောင်း ကြိမ်ဖန်များစွာ ၀ါဒဖြန့်ချိခဲ့ပါ သည်။
အချိန်လွန် ဒိုင်ယာလော့
ယခုအချိန်တွင် ၀င်ရိုးတန်း
အလုပ်မဖြစ်နိုင်တော့ ဟု သိရှိလာသောအခါ ဒေါ်အောင်ဆန်းစုကြည်
ဘာဆက်လုပ်ခဲ့ပါသနည်း။ သူရဦးရွှေမန်းသည် လွှတ်တော်ကို ထိန်းထားသူ ဖြစ်၍
ဖွဲ့စည်းပုံပြင်ဆင်ရေး တွင် အခရာကျပါသည်။ ထို့ကြောင့် သူရဦးရွှေမန်းဖက်ကို
ပုံအောရမည် ဟု တွေးတောခဲ့သော အတွေးအမြင်များ တက်တက်စင်အောင် လွဲချော်ခဲ့ပြီ
ဟု ဆိုချင်ပါသည်။ တစ်ဖက်ဖက်ကို ရွေးချယ်မှု ပြုရာတွင် သူရဦးရွှေမန်း
တစ်ဖက်တည်းကိုသာ ပုံအောလိုက်သော အလောင်းအစားကို မှားသည်ဟု မပြောလိုပါ။
သို့သော်လည်း ပါဝါကြီး(၂)ခုအကြား သမမျှတအောင် လိမ္မာပါးနပ်စွာ ကစားရန်
လိုအပ် သည်ကို သိရှိခဲ့ပါလျက် တစ်ဖက်တည်းကို ပုံအောခဲ့ခြင်း၏ ရလဒ်သည်
ယခုမြင်တွေ့နေရသည့်အတိုင်း အချည်းနှီးသာ ဖြစ်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏
တွေးခေါ်ယူဆမှု၊ ဆုံးဖြတ်ချက်ချမှတ်မှု တို့သည် နိုင်ငံနှင့် ပြည်သူအတွက်
အထူးပင် အရေးကြီးပါသည်။ အများကလည်း အားကိုးတကြီး ယုံကြည်မှုကြီးစွာဖြင့်
မျှော်လင့်နေခဲ့ကြပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ၏
မျှော်လင့်ချက်များကို ကြေမွစေခဲ့သော ခြေလှမ်းမှားများ လှမ်းခဲ့ပြီး
ဖြစ်ပါသည်။
ဦးသိန်းစိန်နှင့်ရော၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ပါ နီးကပ်မလာဘဲ ပို၍ပို၍
ဝေးကွာခဲ့ရခြင်း၏ တရားခံသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သာလျှင်
ဖြစ်ပါလိမ့်မည်။ နိုင်ငံရေးခေါင်းဆောင်တို့ ၏ အကွက်မှားရွှေ့မှုများကို
ပြန်လည်ဘွာခတ်၍ မရနိုင်ပါ။ စတေးလိုက်ရသည်မှာ ပြည်သူများ၏ မျှော်လင့်
ချက်များအထိ ဖြစ်လာနိုင်ပါသည်။ ယခုကဲ့သို့ သူရဦးရွှေမန်းနှင့် လွှတ်တော်က
အားကိုးအားထား ပြု၍ မရနိုင်သော အချိန်လွန်ကာမှ ဦးသိန်းစိန်ထံ
စာရေးတောင်းဆိုခြင်းသည် သင့်လျော်ပါ၏လော ဟု မေးခွန်း ထုတ်လိုပါသည်။
ဒိုင်ယာလော့လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ရှေးဦးစွာ နားလည်မှု တည်ဆောက်ခြင်း
ရှိပါ သည်။ ဒုတိယအဆင့်အနေဖြင့် ယုံကြည်မှုတည်ဆောက်ခြင်းသို့
ကူးပြောင်းရပါသည်။ ယင်းနောက် တတိယအဆင့်တွင်မှ စေ့စပ်ညှိနှိုင်းခြင်း အမှုကို
ပြုရပါသည်။ ဤအချက်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားသည့်
“ဟင့်အင်းကို ကျော်ဖြတ်ခြင်း” စာအုပ်တွင် ပါရှိပြီး ဖြစ်ပါသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသီအိုရီများကို
လက်တွေ့အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
သူရဦးရွှေမန်းဖက်ကို
ပုံအောခဲ့သော အလောင်းအစားဖြင့် နားလည်မှုများ ပိုမိုလွဲမှားစေရန် ဆောင်ရွက်
ခဲ့ပါသည်။ ယုံကြည်မှုများ ပြိုကွဲစေရန် ဆောင်ရွက်ခဲ့ပါသည်။
အနေဝေးကွာစေရန်လည်း ဝေဖန်တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့
ဆက်ဆံရေးအခြေအနေ ဆိုးဆိုးရွားရွား ဖြစ်စေရန် အချိန်ယူ၍ တည် ဆောက်ခဲ့ပြီးမှ
ဒိုင်ယာလော့ လုပ်လိုသော သဘောမှာ နားလည်ရခက်နေပါသည်။ သူရဦးရွှေမန်းဖက်သို့
အချီကြီး ပုံအောထားသူ တစ်ယောက်ကို သမ္မတနှင့် တပ်ချုပ်က မည်သို့ သဘောထားမည်
ဟူသည်ကို လည်း အထူးတလည် စဉ်းစားနေစရာ မလိုပါ။
ဒေါ်အောင်ဆန်းစုကြည်သာ ဦးသိန်းစိန်အစိုးရ နိုင်ငံတကာအလယ်တွင်
အမှတ်လျော့အောင် မလုပ်ခဲ့ဘဲ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ပေးခဲ့ပါက
ယခုထက်ပိုမိုသာလွန်သော စီးပွားရေးအခြေအနေတစ် ရပ်ရပ်ကို ရရှိချင်
ရရှိနေပါလိမ့်မည်။ တပ်မတော်နှင့် ပိုမိုဝေးကွာစေမည့် တွန်းအားကို
မသုံးခဲ့ဘဲ ဆွဲအားကို သုံးခဲ့ပါလျှင် ယခုထက်ပိုမိုကောင်းမွန်သော
ဆက်ဆံရေးကို ရရှိချင် ရရှိနေပါလိမ့်မည်။ နားလည်ရခက်နေ သည်မှာ
ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သူရဦးရွှေမန်းဘက်ကို
ပုံအော နိုင်ခဲ့သလိုမျိုး မည်သည့်အတွက်ကြောင့် သမ္မတနှင့် တပ်မတော်ကို
စည်းရုံးရမည် ဟု မတွေးတော နိုင်ခဲ့ပါသနည်း။ ပါဝါကြီးများအကြား
ကစားနိုင်လျှင် ကစားနိုင်သလောက် အကျိုးအမြတ်ထွက်နိုင်သည့် ကြားခံပါဝါကြီး
တစ်ရပ် ဟူသော ပါဝါနိုင်ငံရေးကို မည်သည့်အတွက်ကြောင့် အရှုံးထွက်အောင်
ကစားခဲ့ ပါသနည်း ဟူ၍ ဖြစ်ပါသည်။ ပြည်သူကို ဦးဆောင်နေသော
ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံရေး အတွက်အချက် မှား၍ မရပါ။ မှားခဲ့သော
နိုင်ငံရေးကစားကွက်ကို ပြန်ပြင်၍ မရနိုင်ပါ။
ယခုအချိန်တွင် မည်သူ
ရှုံး၍ မည်သူနိုင်သနည်း တွက်ချက်ကြည့်နိုင်ပြီ ဖြစ်ပါသည်။ သမ္မတလည်း
မရှုံးပါ၊ တပ်မတော်လည်း မရှုံးပါ။ သူရဦးရွှေမန်းလည်း မရှုံးပါ။ တစ်ကယ်တမ်း
အရှုံးပြခဲ့သည်မှာ (၂)နှစ်နီးပါး အချိန်များ ရင်း၍ မည်သည့်အကျိုးအမြတ်မျှ
မထွက်အောင် ဟိုလိုလိုဒီလိုလို လုပ်ခဲ့သော NLD ပါတီသာ လျှင် ဖြစ်နေပါသည်။
ဒေါ်စုနှင့် NLD ၏ ရည်မှန်းချက် ပြည့်ဝရန် မည်သည့်ပါဝါကို
မည်သို့ကစားသင့်သည် ဟူသော အနိမ့်ဆုံးရွေးချယ်မှုကိုပင် မှန်ကန်အောင်
မလုပ်နိုင်ခဲ့သည်ကို ယခုနောက်ဆုံး လေးပွင့်ဆိုင် တောင်းဆိုချက်က
သက်သေပြနေပါသည်။ ဤသို့ မှားယွင်းသော ပါဝါနိုင်ငံရေးကို ဒေါ်အောင်ဆန်း စုကြည်
ရွေးချယ်ကစားလာခဲ့စေရန် ၀ိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော NLD
ပါတီခေါင်းဆောင်များ၊ အကြံ ပေးများ၊ လွှတ်တော်တွင်းရှိ
ဦးဝင်းမြင့်(ပုသိမ်)ဦးဆောင်သော NLD အမတ်များ အားလုံးတွင် တာဝန် ရှိသည်
ဟုသာ လက်ညိုးတည့်တည့် ထိုးလိုပါသည်။ နိုင်ငံရေးဆုံးရှုံးမှုနှင့်
နိုင်ငံရေးကစားကွက် အမှား အတွက် ဒီထက်မက ထိုးသင့်သည် ဟုသာ
ထင်မြင်မိပါတော့သည်။
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၈) မှ ကူးယူဖော်ပြသည်။
https://www.facebook.com/politicalarticlesofmyanmar
No comments:
Post a Comment