ပုသိမ်၊ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် ကျင်းပသော လူမှုစီးပွားဘဝ
မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏
ဒီဇင်ဘာလ ၂၄ ရက်နေ့ ပုသိမ်ခရီးစဉ်တွင် ဆိုင်းဘုတ်ကိုင်၍ ဆန္ဒဖော်ထုတ်သူ
ခေါင်းဆောင်လေးဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး
ပုသိမ်မြို့ အမှတ် (၂) ကိုးသိန်း ရဲစခန်းတွင် နံနက် ၁၀နာရီ မိနစ်၂၀ ခန့်မှ
မွန်းလွဲ ၁၂ နာရီမိနစ် ၅၀ အထိ နှစ်နာရီကြာ ထိန်းသိမ်းခဲ့ကြောင်း အဆိုပါ
ရဲစခန်းထံမှ သိရသည်။
ဆန္ဒဖော်ထုတ်သည့် ခေါင်းဆောင်များ ဖြစ်သော
ဦးထွန်းရွှေ၊ ဦးမြင့်နိုင်၊ ဦးထွန်းထွန်းဦးနှင့် ဦးအုန်းမြိုင် တို့သည်
ကန်ကြီးထောင့်မြို့နယ်နှင့် ဒါးကတိုက်နယ်မှ လယ်သမား ၃၀ ကျော်တို့နှင့်အတူ
ဆိုင်းဘုတ်ကို ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ် သဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်း
ဖြစ်ကြောင်း၊ ၄င်းတို့သည် ၁၉၉၈ ခုနှစ် အနောက်တောင်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး သူရရွှေမန်းလက်ထက် ဧရာရွှေဝါ ကုမ္ပဏီက လယ်မြေများ
သိမ်းယူခံရခြင်းနှင့် ပတ်သက်၍ ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ပြီး "နိုင်ငံတော်
သမ္မတကြီးအား လှိုက်လှဲစွာ ကြိုဆိုပါ၏။ န.တ.ခ တိုင်းမှူး သူရရွှေမန်း လက်ထက်
ဧရာရွှေဝါ ကုမ္ပဏီက အဓမ္မလယ်မြေ သိမ်းဆည်းခံရသည့် ကန်ကြီးထောင့်၊ ဒါးကမှ
သီးစားခံ လယ်သမားများ" ဟူသော စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်၍ ဆန္ဒထုတ်
ဖော်ခဲ့ကြကြောင်း ကိုးသိန်းရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧရာရွှေဝါ ကုမ္ပဏီသည် ယခင်အစိုးရ လက်ထက်က ဧရာဝတီတိုင်းဒေသကြီး အတွင်း
အဆိုပါဒေသများမှ သိမ်းယူ ထားသော လယ်မြေဧက လေးထောင်ကျော်ကို
မူလပိုင်ရှင်များ လက်သို့ ပြန်လည် ပေးအပ်ပြီးကြောင်း တိုင်းအစိုးရ ကလည်း
ဧရာရွှေဝါ ကုမ္ပဏီမှလည်း လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း အသိပေးပြီး
ဖြစ်သော်လည်း ကန်ကြီးထောင့်၊ ဒါးကရှိ လယ်သမား ၃၀ ခန့်ပိုင်ဆိုင်သည့် ဧက၂၀၀
ကျော်မှာ ယနေ့တိုင် မရရှိသေးကြောင်း ဆန္ဒဖော်ထုတ်သည့် အဖွဲ့ခေါင်းဆောင်
ထိန်းသိမ်းခံရသူ ဦးထွန်းရွှေက ပြောကြားသည်။
"လယ်သမားတွေ လယ်ပြန်
မရသေးတာကို သမ္မတကြီးကို သိစေချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တင်ပြခဲ့တာ ၂
နှစ် ကျော်နေပြီ။ သမ္မတကြီးလည်း မသိဘူး။ ပြန်လဲ မရသေးဘူး၊ ခုချိန်မှာ
ကျွန်တော်တို့ ကျပန်းလုပ်ငန်းတွေ လုပ်ပြီးတော့ ဆန်ကွဲစား နေရတဲ့ဘဝ
ရောက်နေပါတယ်။ အခုလို သိစေချင်လို့ ဆန္ဒဖော်ထုတ်ပြန်တော့ ဖမ်းဆီးပြီး
ဝန်ခံချက်တွေ လုပ်ခိုင်းတယ်ဗျာ” ဟု ဒါးက တိုက်နယ် ပိုက်သောင်ကျေးရွာမှ
လယ်မြေ ခြောက်ဧက သိမ်းဆည်းခံနေရသူ ဦးအုန်းမြိုင်က ဆိုသည်။
အရေးကြီးပုဂ္ဂိုလ်၏ ခရီးစဉ်လမ်းကြောင်းနှင့် အခမ်းအနား ဖြစ်နေ၍ လုံခြုံရေး
ယူနေချိန်တွင် မလိုလားအပ်သော အခြေအနေများ မဖြစ်စေရန်အတွက် ယခုကဲ့သို့
ခေတ္တခေါ်ယူ ထိန်းသိမ်းပြီး ခံဝန်ချက်များ လုပ်စေ၍ ပြန်လွှတ်ပေးလိုက်ပြီ
ဖြစ်ကြောင်းအမှတ် (၂) ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

No comments:
Post a Comment