နိုင်အောင်ဝင်း
ယခုအခါ နိုင်ငံအရေးနှင့် ပတ်သက်၍ နိုင်ငံတစ်ဝန်း ပြည်သူအများစု စိတ်ဝင်တစား ပြောဆို ဆွေးနွေးနေကြသည့်ကိစ္စမှာ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်ကို ဦးဆောင်မည့် သမ္မတအသစ် မည့်သူဖြစ်မည်လဲဆိုသည့် အရေးဖြစ်သည်။ လူပုဂ္ဂိုလ်အသီးသီးတို့၏ နိုင်ငံရေး ခံယူချက်၊ အတွေးအမြင်သဘောတရားနှင့် ရိုးရိုးစင်းစင်းအားဖြင့် မိမိနှစ်သက်သူကို ဖြစ်စေလိုသည့် သာမန်ဆန္ဒတို့အရ မတူကွဲပြားသော အမြင်များရှိကြသည်မှာ သဘာဝတရားပင် ဖြစ်ပါ၏။ တစ်ဦးတစ်ယောက်ချင်းစီ၏ သဘောထားအမြင်နှင့် စေတနာဆန္ဒတရားများမှာ ပုဂ္ဂလိက လွတ်လပ်ခွင့်ဟူသည့် ဒီမိုကရေစီ၏ လက္ခဏာတစ်ရပ်ဖြစ်ပေရာ ထိုလွတ်လပ်ခွင့်ကို လေးစားကြရမည် ဖြစ်သည်။
နိုင်ငံတော်၏ အကြီးအကဲ တစ်နည်းအားဖြင့် နိုင်ငံဦးသျှောင်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံသားများက စိတ်ဝင်စားလာကြပုံမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့်အချိန်မှစ၍ ယနေ့ကာလတွင် အကြီးမားဆုံး ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် သုံးမျိုး ပေါ်ထွန်းခဲ့ရာ ယခုခေတ်ကာလတွင်မှ ဤကိစ္စ (နိုင်ငံတော်သမ္မတကိစ္စ) နှင့် ပတ်သက်၍ အထူးတလည် စိတ်ဝင်တစား ဆွေးနွေး ငြင်းခုံ နေခြင်း အပေါ် နိုင်ငံသမိုင်း ဖြစ်ပေါ်မှုနှင့် ယှဉ်၍ ကြည့်လျှင် ပိုမိုသင့်လျော်မည် ဖြစ်သည်။
ပထမလွတ်လပ်ရေးအကြိုခေတ်
မြန်မာနိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းအား နောက်ကြောင်းပြန်၍ ကြည့်ပါလျှင် ၁၉၁၀ ပြည့်နှစ်ကျော်ကာလ ဝိုင်အမ်ဘီအေအသင်း ထူထောင်ချိန်က စတင်ပါမှ ပြည့်စုံမည် ဖြစ်သည်။ ဝိုင်အမ်ဘီအေမှ နိုင်ငံရေးဆန်သည့် ဂျီစီဘီအေ အသင်းချုပ်အမည်ဖြင့် လွတ်လပ်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ၊ အစိုးရကျောင်းများတွင် မြန်မာစာ သင်ကြားခွင့်ရရေး၊ မြန်မာလူမျိုးများ နိုင်ငံခြားသား များနှင့် တန်းတူရည်တူ အစိုးရကျောင်းများ၌ ကျောင်းဆရာများအဖြစ် အမှုထမ်းခွင့် ရရေး၊ ကျေးလက်ဒေသအုပ်ချုပ်ရေး၌ မြန်မာလူမျိုးများအား သူကြီးများအဖြစ် ခန့်အပ်ရေး၊ နိုင်ငံခြားသားများအား မြေယာပိုင်ဆိုင်ခွင့် မပြုရေး၊ မြန်မာအမျိုးသမီးများ နိုင်ငံခြားသား များနှင့် လက်ထပ်ရာတွင် အမွေဆက်ခံပိုင်ခွင့် နှစ်နာဆုံးရှုံးမှုများမှ ကာကွယ်ရေးစသည့် အမျိုးသားရေးကိစ္စများ တောင်းဆိုခဲ့ကြသည်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ကို ရှေ့တန်းတင် တောင်းဆိုလှုပ်ရှားမှုဖြစ်၍ ဝံသာနုရက္ခိတ လှုပ်ရှားမှု တစ်နည်းဝံသာနု လှုပ်ရှားမှုအဖြစ် သမိုင်းတွင် ထင်ရှားသည်။
ဝံသာနု လှုပ်ရှားမှု၏ အကျိုးဆက်ဖြင့် ၁၉၃၆ ခုနှစ်၊ မြန်မာနိုင်ငံအား အိန္ဒိယနှင့် ခွဲလိုက် သည့်အခါ တစ်စိတ်တစ်ပိုင်းအားဖြင့် ဒိုမီနီယံအဆင့် အုပ်ချုပ်ရေးပုံသဏ္ဍာန် ဖြစ်သော ဟုမ်းရူး (Home Rule) ရခဲ့သည်။
ဒို့ဗမာအစည်းအရုံး ပေါ်ပေါက်ခဲ့ပြီးနောက် ၁၉၃၆ ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေးနှင့် ပတ်သက်၍ အင်္ဂလိပ်တို့၏ ဒိုမီနီယံ အုပ်ချုပ်ရေးထက် အပြည့်အဝ လွတ်လပ်ရေးသို့ ဦးတည်လာခဲ့သည်။ သို့ရာတွင် ဒို့ဗမာအစည်းအရုံးဝင် လူငယ်များ၏ လွတ်လပ်ရေးအမြင်နှင့် လူကြီးပိုင်းတို့၏ ဒိုမီနီယံအဆင့် ကိုယ်ပိုင်အုပ်ချုပ်ရေး အမြင်များ ယှဉ်တွဲနေခဲ့သည်။
၁၉၄၇ အောင်ဆန်းအက်တလီ သဘောတူညီချက်စာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဖဆပလအဖွဲ့၏ အဓိကနိုင်ငံရေး တောင်းဆိုချက်သုံးချက်မှာ (၁) လုံးဝလွတ်လပ်ရေး၊ (၂) တစ်နှစ်အတွင်း လွတ်လပ်ရေးနှင့် (၃) တောင်တန်းဒေသများ အပါအဝင် လွတ်လပ်ရေးဟူသည့် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ပတ်သက်သည် အင်္ဂါ သုံးရပ် ပါဝင်ခဲ့သော်လည်း တောင်တန်းဒေသများကိစ္စကို ပင်လုံအထိ ရွှေ့ဆိုင်း ခဲ့သည်။
လုံးဝလွတ်လပ်ရေးထက် ဒိုမီနီယံအဆင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပိုမိုနှစ်သက်ကြသည့် ဦးစောနှင့် သခင်ဗစိန်တို့က အောင်ဆန်းအက်တလီစာချုပ်အား လက်မှတ် မထိုးခဲ့ကြချေ။
ထိုစဉ်ကတည်းက အနာဂတ်မြန်မာနိုင်ငံတော်၏ အကြီးအကဲ နိုင်ငံဦးသျှောင်သည် အင်္ဂလိပ် တို့ စိုးမိုးမှု အငွေ့အသက်ကိုမျှ လက်မခံသည့် မြန်မာလူမျိုးသာဖြစ်ရမည်ဟူသည့် အမျိုးသားရေး လက္ခဏာကို သတ်မှတ်ပြဋ္ဌာန်း ခဲ့ကြပြီး ဖြစ်သည်။
လွတ်လပ်ရေး ရပြီးခေတ်
၁၉၄၇ အခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ နိုင်ငံရေးအုပ်ချုပ်မှုစနစ်သည့် ပါလီမန် ဒီမိုကရေစီ စနစ်ဖြစ်လာခဲ့သည်။ အုပ်ချုပ်ရေးအာဏာမှာ ပါလီမန်တွင်ရှိပြီး လက်တွေ့အားဖြင့် ပါလီမန်၏ အမတ်ဦးရေ အများစု ၇ ပါတီ၏ လက်တွင်ရှိသည်။ ထိုပါတီ၏ ခေါင်းဆောင် သည် အစိုးရအကြီးအကဲ ဝန်ကြီးချုပ်ဖြစ်သည်။ နိုင်ငံဦးသျှောင် အကြီးအကဲ သမ္မတကို အုပ်ချုပ်ရေးအာဏာ ပေးအပ်ထားခြင်း မရှိဘဲ ပါလီမန်၏ အကြံပေးချက်များနှင့် အညီ သာလျှင် လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အဓိက အုပ်ချုပ်ရေး အာဏာရှိသူမှာ ပါလီမန်မှတစ်ဆင့် ဝန်ကြီးချုပ်ဖြစ်ပြီး နိုင်ငံတော်သမ္မတသည် တစ်မျိုးသားလုံး ကိုယ်စားပြု နိုင်ငံတော်၏ ဂုဏ်သိက္ခာ အဆောင်အယောင်ပြယုဂ် လက္ခဏာ သဘောဆောင်သည်။ နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးချုပ်တို့၏ အခန်းကဏ္ဍ ခွဲဝေထားပုံမှာ အခြေခံချင်း မတူညီပေ။ သမ္မတသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ ပြယုဂ် ဖြစ်ပြီး ဝန်ကြီးချုပ်မှာ နိုင်ငံအား စီမံ ခန့်ခွဲမှု အာဏာ၏ ပြယုဂ်ဖြစ်သည်။
နိုင်ငံရေးအရဆိုရလျှင် အာဏာ၏ပြယုဂ်ဖြစ်သော ဝန်ကြီးချုပ်မှာ နိုင်ငံတော်၏ အလုံးစုံ သော မူဝါဒများအတွက် လူအများ၏ အကျိုးစီးပွားအရေး ဗဟိုချက်မဖြစ်သည့် အလျောက် အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
သမ္မတနှင့် ဝန်ကြီးချုပ်တို့အား ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ၏ ပါလီမန်က ရွေးချယ်ထားခြင်းဖြစ်ရာ ပြည်သူတို့၏ တစ်ဆင့်ခံ ရွေးချယ်ခြင်းဟု ဆိုရမည်ဖြစ်သည်။
နိုင်ငံတော်၏ ကောင်းကျိုးဆိုးပြစ်များနှင့် အဓိက သက်ဆိုင်ပြီး တာဝန်ခံရသူမှာ ဝန်ကြီးချုပ် ဖြစ်သည့်အလျောက် နိုင်ငံတကာဆက်ဆံရေးတွင် အဓိကအရေးပါပြီး နိုင်ငံတော်သမ္မတမှာ အဆောင်အယောင် ကိစ္စများအတွက်သာ နိုင်ငံကို ကိုယ်စားပြုရသူဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်သမ္မတမှာ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ အမျိုးသားရေးအထိမ်းအမှတ် လက္ခဏာ၊ အချုပ်အခြာ အာဏာ၏ ပြယုဂ်ဖြစ်သည့်အလျောက် တိုင်းတစ်ပါး အထူးသဖြင့် လွတ်လပ်ရေး ရခါစ ကာလပိုင်း အင်္ဂလိပ်တို့၏ အရှိန်အဝါ အငွေ့အသက် မရှိရေးကိုသာ ရှေးရှုခဲ့ကြခြင်း ဖြစ်သည်။ သမ္မတ ရွေးချယ်မှုနှင့် ပတ်သက်၍ ပါလီမန်တွင်သာ အဓိက လုပ်ပိုင်ခွင့် ရှိခြင်း၊ လုံးဝလွတ်လပ်ရေးဟူသည့် အင်္ဂလိပ်တို့ အငွေ့အသက်နှင့် အပြီးအပိုင် လမ်းခွဲသည့် လှုပ်ရှားမှုကြီးမှ ပေါက်ဖွားလာခဲ့သည့် နိုင်ငံသစ်ဖြစ်ခြင်းတို့ကြောင့် အခြေခံဥပဒေတွင် သမ္မတ၏ အရည်အချင်းနှင့် ပတ်သက်၍ အမျိုးသားရေး ခံယူချက်ကို အထူးတလည် ဖော်ပြရန် မလိုအပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာဆိုရှယ်လစ်ခေတ်
၁၉၇၄ ခုနှစ် အခြေခံဥပဒေမှာ ၁၀ နှစ်ကျော်မျှ သဘောတရားရေးနှင့် နိုင်ငံရေး တည်ဆောက်မှု ကာလ ကြာမြင့်ပြီးမှာ ထွက်ပေါ်လာသော အခြေခံဥပဒေဖြစ်သည်။ ဆိုရှယ်လစ် အတုလော၊ အစစ်လောဟု အတောမသတ် ငြင်းခုံမှုများ ရှိကြသော်လည်း နိုင်ငံတည်ဆောက်ရေး လုပ်ငန်းရပ်များမှာ ဆိုရှယ်လစ်နိုင်ငံများ တည်ဆောက်ပုံကို အလုံးစုံနီးပါး ရယူကျင့်သုံးထားခြင်းဖြစ်သည်။ နိုင်ငံတော်အား ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရန်အတွက် လူတန်းစား အမြင် အခြေခံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော တစ်ခုတည်းသော ပါတီက ဦးဆောင်မှု ပြုရန်၊ ကုန်ထုတ် အရင်းအနှီးအားလုံး နိုင်ငံတော်ပိုင်ဖြစ်ရန်၊ နိုင်ငံတော်စီးပွားရေး စနစ်ကို ဗဟိုက စီမံကိန်း ချစနစ်ဖြင့် ဆောင်ရွက်ရန် စသည်တို့မှာ ဆိုရှယ်လစ်နိုင်ငံများ တည်ဆောက်သည့် ပုံသဏ္ဍာန်ပင်ဖြစ်သည်။ ခြားနားချက်မှာ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး ဦးဆောင် သည့် ပါတီမှာ ကွန်မြူနစ်ပါတီ မဟုတ်ခြင်းနှင့် ပါတီ၏ ဦးဆောင် သဘောတရားမှာ မာစ့်ဝါဒ မဟုတ်ခြင်းတို့ဖြစ်သည်။ နိုင်ငံတော် အာဏာ သုံးရပ် တည်ဆောက်ရာတွင် ဆိုရှယ်လစ်ဒီမိုကရေစီစနစ်အရ စုပေါင်းဆွေးနွေးညှိနှိုင်း တိုင်ပင်ခြင်း၊ စုပေါင်းခေါင်းဆောင် ခြင်း၊ စုပေါင်း တာဝန်ယူခြင်း၊ အထက်အဖွဲ့အစည်း၏ ဦးဆောင်မှုကို အောက်အဆင့်ဆင့် အဖွဲ့အစည်းများက လိုက်နာခြင်း၊ အောက်အဆင့် အဖွဲ့အစည်းများ၏ ဆွေးနွေးချက် များကို အထက်အဖွဲ့အစည်းက လက်ခံစဉ်းစားခြင်း စသည်တို့ ဖော်ပြထား သော်လည်း လက်တွေ့အားဖြင့် ဗဟိုဦးစီးစနစ်ဖြင့်သာ လုပ်ဆောင်မှုထင်ရှားသည်။ နိုင်ငံတော်၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းမှာ လွှတ်တော်ဖြစ်သော်လည်း လွှတ်တော်များ မကျင်းပ သည့် ကာလပိုင်းတွင် လွှတ်တော်ကိုယ်စား နိုင်ငံတော်ကောင်စီက ဦးဆောင်သည်။ နိုင်ငံတော်ကောင်စီ၏ ဥက္ကဋ္ဌမှာ နိုင်ငံတော် သမ္မတဖြစ်သည်။
ဤခေတ်ကာလ၏ စနစ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် အကြီးအကဲဖြစ်သည်။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့မှာ နိုင်ငံတော်ကောင်စီ (လွှတ်တော်ကိုယ်စား) ၏ လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်ကြသည်။
အာဏာသုံးရပ်အား ကိုယ်စားပြုသူများမှ ဦးဆောင်ပါတီ၏ ကောက်ခံချက်ဖြင့် ဆောင်ရွက် ကြရသူများဖြစ်ရာ အဓိက အာဏာပိုင်စိုးသူမှာ ဦးဆောင်ပါတီဖြစ်သည်။ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ သို့မဟုတ် နိုင်ငံတော် သမ္မတမှာ ဦးဆောင်ပါတီ၏ အဆိုပြုချက်ဖြင့်သာ ရွေးချယ်ရခြင်း ဖြစ်ရာ သမ္မတ အရည်အချင်းနှင့် ပတ်သက်၍ အခြေခံဥပဒေတွင် အထူးတလည် ဖော်ပြရန် လိုအပ်ခြင်း မရှိတော့ပေ။
လက်ရှိကာလ
၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် ယခင်က ရှိခဲ့သော အခြေခံဥပဒေများ၏ စနစ်အခြေခံနှင့် တည်ဆောက်ပုံများ တူညီမှု မရှိချေ။ နိုင်ငံရေးအရ ပါတီစုံ ဒီမိုကရေစီစနစ်နှင့် စီးပွားရေး အရ ဈေးကွက်စီးပွားရေးစနစ် အခြေခံသော်လည်း လွှတ်တော်များမှာ ယခင်ပါလီမန်ကဲ့သို့ ဥပဒေပြုရေး သာမက အုပ်ချုပ်ရေး အာဏာပါ ကျင့်သုံးနိုင်သော အဖွဲ့အစည်းများ မဟုတ် ကြချေ။ အုပ်ချုပ်ရေးအာဏာကို သမ္မတအား အပ်နှင်းထားသည့် သမ္မတ အုပ်ချုပ်ရေး စနစ်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်သမ္မတမှာ နိုင်ငံတော်အကြီးအကဲ နိုင်ငံဦးသျှောင် သာမက အုပ်ချုပ်ရေး အကြီးအကဲလည်း ဖြစ်ပေရာ နိုင်ငံတော်၏ ဂုဏ်သိက္ခာ အထိမ်း အမှတ် လက္ခဏာ၊ အဆောင်အယောင် ပြယုဂ်အပြင် စီမံခန့်ခွဲမှု အာဏာပိုင်လည်း ဖြစ်သည်။
နိုင်ငံရေးအရ စီမံအုပ်ချုပ်ခွင့်အာဏာမှာ အရေးပါသကဲ့သို့ အမျိုးသားရေးအရ နိုင်ငံ ဂုဏ်သိက္ခာ အထိမ်းအမှတ် လက္ခဏာမှာ အရေးကြီးသည်။ သို့ဖြစ်ပေရာ နိုင်ငံတော်သမ္မတ ဖြစ်သင့်သူမှာ ဆိုခဲ့ပါ လက္ခဏာ နှစ်ရပ်လုံးနှင့် ညီညွတ်မှုရှိရန် မလွဲမသွေ လိုအပ်ပေသည်။ တစ်ဖန် သမ္မတ ရွေးချယ်ရာတွင် ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်ရခြင်း မဟုတ်ဘဲ လွှတ်တော်က ရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ရခြင်းဖြစ်ရာ သမ္မတအဖြစ် ရွေးချယ်ရာတွင် စံနှုန်းတစ်ခုခု ထားရှိရန် လိုအပ်လာသည်။ နိုင်ငံတော်၏ အမြင့်ဆုံး အုပ်ချုပ်ရေး အာဏာ ပိုင်နှင့် နိုင်ငံနှင့် အမျိုးသား အထိမ်းအမှတ် လက္ခဏာရှင်အား ရွေးချယ်ရခြင်းဖြစ်၍ လိုအပ် သည့် စံနှုန်း သတ်မှတ်ချက်မှာ အခြေခံ ဥပဒေတွင်သာ ဖော်ပြရန် ဖြစ်လာတော့သည်။
ဤ ထူးခြားချက်သည်ပင်လျှင် ယနေ့ကာလ ပြည်သူများအကြား ရှင်းလင်းမှု မရှိဘဲ မိမိတို့ ကိုယ်ပိုင်ဆန္ဒများအပေါ် မူတည်၍ အမြင်ကွဲပြားနေကြရခြင်း၏ အကြောင်းတရားဖြစ်သည့် သမ္မတအရည်အချင်းနှင့် ပတ်သက်၍ ၁၉၄၇ နှင့် ၁၉၇၄ အခြေခံဥပဒေများတွင် သီးခြား ဖော်ပြထားခြင်း မပြုသော်လည်း ၂၀၀၈ အခြေခံဥပဒေတွင်မှ ထူးခြားစွာ ဖော်ပြထားခြင်း ဖြစ်ပေသည်။
၂၄-၁၂-၂၀၁၃ ရက်ထုတ် The Voice Daily သတင်းစာ

No comments:
Post a Comment