သမ္မတ၊ ကာချုပ်၊ NLD ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ၏မူဝါဒများ
လက်ျာထွန်း
နိုင်ငံတော် အာဏာ၏ ဗဟိုချက် နေရာသစ်များမှာ ဦးသိန်းစိန်အစိုးရ၊ လွှတ်တော်
ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲ့ကိုင်နေသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးဆောင်နေသည့် တပ်မတော်နှင့်
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် နေသည့် ဒီမိုကရက်တစ် အတိုက်အခံများ
ဖြစ်ကြသည်။
အထက်ဖော်ပြပါ အင်းအားစု ၄ စုမှ တစ်စုချင်းစီအား သီးခြားခွဲထုတ်ထားသော ဆက်ဆံရေးကို တရုတ် နိုင်ငံက တည်ဆောက်နေပါသည်။
တရားဝင်အစိုးရချင်း ဆက်ဆံရေးအဆင့်တွင် အတိတ်ကာလ နှစ်နိုင်ငံကြား ပြဿနာများ
သည် ချောမွေ့ပြေပြစ်ခဲ့ပုံရပြီး မြန်မာနိုင်ငံနှင့်
အနောက်နိုင်ငံတို့အကြား သံခင်း တမန်ခင်း နွေးထွေး လာခဲ့သော ၂၀၁၁
ခုနှစ်ကာလနှင့် တိုက်ဆိုင်စွာ ပြဿနာများ ပေါ်ပေါက်လာခဲ့ ရသည်။
၂၀၁၃ ခုနှစ်စောစောပိုင်းတွင် ကချင်ပဋိပက္ခကို တရုတ်နိုင်ငံက တင်းတင်းမာမာ
ဝင်ရောက် စွက်ဖက်ခဲ့ပြီး နာက်နယ်စပ်ဒေသများ၌ တည်ငြိမ်လုနီးပါးအခြေအနေ
ပြန်ရခဲ့ ပါသည်။ ယခုအခါ ဒေသခံများက ဆန့်ကျင်ကန့်ကွက်နေသော လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း ကိုလည်း ပြန်လည်လုပ်ကိုင်ရန် ဦးသိန်းစိန် အစိုးရက
သဘောတူထားပြီး ဖြစ်သည်။ ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ
မြစ်ဆုံရေကာတာစီမံကိန်းကိုပင် ပြန်လည်အဖြေရှာရန် ညှိနှိုင်း
တိုင်ပင်နေကြပါသည်။
ဧပြီလက နှစ်စဉ်ကျင်းပသည့် Boao Forum တွင်
တရုတ်ခေါင်းဆောင်သစ် ရှီကျင်းပင် နှင့် လည်းကောင်း၊ အောက်တိုဘာလက
ကျင်းပခဲ့သော အရှေ့အာရှ အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ်
လီခဲ့ချန်းနှင့်လည်းကောင်း မြန်မာသမ္မတ ဦးသိန်းစိန် တွေ့ဆုံခဲ့ပြီး
လူထုပရိတ်သတ်အကြား၌ နှစ်နိုင်ငံ ဆက်ဆံရေးသည် တည်ငြိမ် ကောင်းမွန်လျက်
ရှိပုံရပါသည်။ နှစ်နိုင်ငံအစိုးရပိုင်မီဒီယာများမှ သမိုင်းဝင်နှစ်နိုင်ငံ
မိတ်ဖက် တည်ရှိမှုတို့ကို ပုံမှန်ချီးမွန်း တင်ပြနေသော်လည်း
ယနေ့မြန်မာနိုင်ငံ၏ လွတ်လပ်သော ပုဂ္ဂလိက မီဒီယာ များ ကမူ နှစ်နိုင်ငံကြား
ဆက်ဆံရေးကို ပိုမို၍ ဝေဖန်ဆန်းစစ်နိုင်ကြသည်။
တရားဝင်
ချစ်ကြည်ရေးပုံရိပ်များက နှစ်နိုင်ငံကြား မနွေးတနွေးဖြစ်နေသော ပကတိ
အခြေအနေတို့ကို ဖုံကွယ်ထားသော်လည်း တရုတ်ခေါင်းဆောင်များ၏ ၂၀၁၂ ခုနှစ်
နို်ဝင်ဘာလမှ ပြန်လည်ဖွဲ့စည်းခဲ့သည့် ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ(
Politburo Standing Committee (PBSC) မှ ခေါင်းဆောင်တစ်ဦး တစ်ယောက်မျှ
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းမရှိသည်မှာ အံ့အားသင့်စရာဖြစ်သည်။
တရုတ်သမ္မတ ရှီနှင့် ဝန်ကြီးချုပ်လီတို့သည် ယခုဆောင်းဦးကာလ ချစ်ကြည်ရေး
ခရီးစဉ် များအဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို သွားရောက်လည်ပတ်ခဲ့ပြီး
PBSC ပေါ်လစ် ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင် အချို့လည်း စင်ကာပူနှင့်
ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့ကြသည်။ တရုတ်
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်လည်း မြန်မာနှင့် ဖိလစ် နိုင်ငံမှအပ
အခြားအာဆီယံ ၈ နိုင်ငံသို့ ၆ ကြိမ်သွားရောက် လည်ပတ်ခဲ့သည်။
စီးပွားရေး မျက်နှာစာတွင် ၂၀၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်နှင့်
နှိုင်းယှဉ်ကြည့်လျှင် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ တရုတ်တို့၏
တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည် ၉၀ ရာခိုင် နှုန်းကျော်
ကျဆင်းသွားပြီး တရုတ်စီမံကိန်းအချို့ ရပ်ဆိုင်းခံရခြင်းနှင့် မရေရာသော
မူဝါဒ များက တရုတ်အစိုးရပိုင် ကုမ္ပဏီကြီးများ၏ အစောပိုင်း
စိတ်အားထက်သန်မှုများကို ဆုတ်ယုတ်စေခဲ့သည်။
ဦးသိန်းစိန်အစိုးရ၏
အချို့မူဝါဒများသည် ပေကျင်းကို စိတ်ပျက်စေသော်လည်း ထိုအနုတ် လက္ခဏာဆောင်သော
ကိစ္စများသည် ဦးသိန်းစိန်၏ တာဝန်သာဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီနှင့် သက်ဆိုင်ခြင်းမရှိဟု တရုတ်နိုင်ငံက ယူဆသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တရုတ်နိုင်ငံ၏ မိတ်ဖက်နိုင်ငံရေး
အင်အားစု တစ်ရပ် အနေဖြင့် ဆက်လက်တည်ရှိနေလိမ့်မည်ဟု တရုတ်တို့က
မျှော်လင့်ကြပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ လက်ရှိဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်း ၏ နိုင်ငံရေး
အင်အားနှင့် ရည်မှန်းချက်တို့ကို အမြော်အမြင်ကြီးစွာ
ချီးမွန်းပြောဆိုကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဦးရွှေမန်းသမ္မတ
ဖြစ်နိုင်သည်ဟု တရုတ်သုတေသီတို့၌ ပုဂ္ဂလိက အမြင်များ ရှိနေကြပြီး ပေကျင်းက
သူရဦးရွှေမန်းနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထူထောင် ထားလိုကြသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စွမ်းရည်မြှင့်တင်ရေးအတွက် လည်း
တရုတ်တို့က ကူညီရန် စိတ်အားထက်သန်လျက် ရှိကြသည်။
တရုတ်နိုင်ငံ၏
ရှင်းလင်းသော နိုင်ငံရေး ခွဲဝေရင်းနှီးမြှုပ်နှံမှု တစ်ခုမှာ မြန်မာ့
ဒီမိုကရက်တစ် အတိုက်အခံများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း
ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး တစ်ရပ်ထူထောင်နေခြင်းပင် ဖြစ်သည်။
အထူးသဖြင့် တစ်နေ့တခြား နိုင်ငံရေးသြဇာ ကြီးမား လာသော NLD ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား ပြည်တွင်း ပြည်ပ မူဝါဒ ကိစ္စများတွင် ဖော်ပြလာရပြီး
သူမအား တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ဖိတ်ခေါ်ရန်နှင့်
နည်းလမ်းများသည် တရုတ်မူဝါဒ ချမှတ်သူတို့အတွက် ခေါင်းကိုက်စရာ အခြေအနေ
ဖြစ်နေတုန်းပင်။ သူမ၏ နိုဗယ်ဆုရှင် ရဲဘော်ရဲဘက်များ ဖြစ်ကြသည့်
ဒလိုင်းလားမားနှင့် လျှူဇီယောင်ဘိုတို့သည် တရုတ်ပြည်၌ နိုင်ငံတော်၏
ရန်သူစာရင်းဝင် များ ဖြစ်ကြကာ၊ ကမ္ဘာ့ ဒီမိုကရေစီခေါင်းဆောင် တစ်ဦးဖြစ်သည့်
ဒေါ်အောင်ဆန်းစုကြည်၏ သင်္ကတပြုသော တန်ဖိုးများသည်လည်း လက်ရှိတရုတ်
အာဏာရှင်စနစ်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသည်။
သို့သော်
တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်ကာ အငြင်းပွားဖွယ် လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်း ဆက်လက်လုပ်ကိုင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကြောင့်
လည်းကောင်း၊ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော ဘင်္ဂါလီ ပဋိပက္ခတွင်လည်း သူမက
ပြင်းထန်စွာ ဝေဖန်ပြောကြားမှု မလုပ်ခြင်းကြောင့်လည်းကောင်း
ဒေါ်အောင်ဆန်းစုကြည် အား နိုင်ငံရေး အတွေးအခေါ်ပိုင်းထက် လက်တွေ့နိုင်ငံရေး
လိုအပ်ချက်များကို ဦးစားပေး နားလည်သူဟု တရုတ်တို့က မြင်နိုင်လာခဲ့ကြသည်။
အနာဂတ်နိုင်ငံတကာ “အုပ်စု” ရွေးချယ်မှုနှင့် ပတ်သက်ပြီး တရုတ်တို့က
ဒေါ်အောင်ဆန်း စုကြည် အပေါ်ရှိနေသည့် စိုးရိမ်မှုများသည်လည်း ခိုင်မာသော
တရုတ်-မြန်မာ ဆက်ဆံရေး ကိုသူမက လူသိရှင်ကြား ထောက်ခံလိုက်သည့်အခါ
လျော့နည်းသွား ခဲ့ရပါသည်။ အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး အနေဖြင့်
တရားဝင် လုပ်ဆောင်နိုင်စွမ်း အပေါ် အခြေခံကာ ၂၀၁၄ခုနှစ်အတွင်း တရုတ်တို့က
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် ဧည့်သည်တစ်ဦးအဖြစ်
ဖိတ်ကြားလိမ့်မည်ဖြစ်ကြောင်း တရုတ်သုတေသီ အချို့က ယုံကြည်ကြသည်။
မြန်မာနိုင်ငံရေး အခင်းအကျင်းသစ်၌ အခြေတကျဖြစ်ရန် ကြိုးစားရုန်းကန်နေကြ
သည့် နိုင်ငံရေး အင်အားစုအားလုံးတွင် တပ်မတော်သည် တရုတ်တို့၏ အရင်းနှီးဆုံး
မိတ်ဖက် အဖွဲ့အစည်း ဖြစ်ပုံရသည်။ ယင်းကိစ္စမှာလည်း ယခင်မြန်မာနိုင်ငံ
စစ်အစိုးရနှင့် တရုတ် နိုင်ငံအကြား ရှိခဲ့သည့် အထူးဆက်ဆံရေး
ကြောင့်လည်းကောင်း၊ ၂၀၁၁ ခုနှစ် မတိုင်ခင်က သြဇာကြီးမားခဲ့သော
ဗိုလ်ချုပ်တစ်ဦးချင်းစီတို့နှင့် ရှိခဲ့သော ပုဂ္ဂလိက ရင်းနှီးကျွမ်းဝင်မှု
တို့ကြောင့်လည်းကောင်း ကျန်ရှိသည့် အခြေအနေ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး
နိုင်ငံရေး အမြင်နှင့် စီးပွားရေး ဘုံအကျိုးအမြတ်တို့အတွက်
ယင်းအထူးနှောင်ကြိုးများသည် ခိုင်မာ ခဲ့ရသည်။
နှစ်နိုင်ငံအစိုးရ
နှစ်ရပ်အကြား နိုင်ငံရေးအရ၊ စီးပွားရေးအရ ဆက်ဆံရေးများ အေးစက် သွားသော်လည်
တပ်မတော်အဆင့်မြင့် အရာရှိများအကြား အပြန်အလှန် လည်ပတ်မှု များသည် ၂၀၁၃
ခုနှစ်တွင် အထူးတိုးတက်ခဲ့သည်ဟု ပေကျင်းကမြင်သည်။
တရုတ်နိုင်ငံဗဟိုစစ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းသည် ဇူလိုင်လက
မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး အပြန်အလှန်အားဖြင့်
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် တရုတ်နိုင်ငံပေကျင်းသို့ သွားရောက် လည်ပတ်ကာ
တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးသည် တရုတ်- မြန်မာတပ်မတော်နှစ်ရပ်အကြားရှိ စစ်
သင်တန်းများ၊ စစ်ရေးအကူအညီများနှင့် စစ်လက်နက် ရောင်းချမှုများအပေါ် သက်ရောက်
ရှိပုံမရပေ။
မြန်မာနိုင်ငံရေးတွင် ခြားနားနေသည့် နိုင်ငံရေးအာဏာ
ဗဟိုချက်မများအပေါ် တရုတ်တို့က ခြားနားသောချဉ်းကပ်မှုများ၊
ကွဲပြာသောမူဝါဒများကို အသုံးပြုနိုင်နေခြင်းကိုက တရုတ်နိုင်ငံ ၏ ပါးနပ်သော
မဟာဗျူဟာနှင့် သိမ်မွေ့နက်နဲသော သံရေးတမန်ရေးတို့ကို ဖော်ပြနေ သည်။
နှစ်နှစ်တာကာလမျှ ရှုပ်ထွေးပွေလီ နားလည်ရခက်သော အခြေအနေများ နောက်ပိုင်း
မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးအခြေအနေသစ်ကို တရုတ်တို့က တက်ကြွစွာ
ရင်ပေါင်တန်းအမီလိုက်နေပြီ ဖြစ်သည်။
မူလဆောင်းပါးရှင် ယွင်ဆွန်
(Yun Sun) သည် ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုများနှင့် ငြိမ်းချမ်းရေးကို
လေ့လာနေသည့် အကျိုးအမြတ်မယူသောပါတီ ဘက်လိုက်မှုကင်းသော Stimson Center မှ
East Asia Program အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
Asia Times:China adapts to news Myanmar reality, by Yun Sun ကို ဆီလျော်အောင် ပြန်ဆိုပါသည်။
Popular News ဂျာနယ် အတွဲ(၅) အမှတ်(၅၁)
No comments:
Post a Comment