ဘယ်သူက ဒီမိုကရေစီ ပေးမှာလဲ
( 28/12/2013 7Day သတင်းစာဆောင်းပါး။
ဒီမိုကရေစီက တဖြည်းဖြည်းပဲ ဆင့်ကဲဖြစ်စဉ်နဲ့
ပေါ်ပေါက်လာနိုင်ပါတယ်။ လူထုနဲ့အစိုးရများ ဟန်ချက်ညီညီ
အားထုတ်နိုင်လေ ပေါ်ပေါက်ဖို့ရော တည်တံ့ဖို့ရော မျှော်လင့်နိုင်လေပါ။
အဲဒီ အစိုးရနဲ့လူထု ဟန်ချက် ပျက်ရင် ကျနော်တို့ မျှော်လင့်သလိုဖြစ်လာဖို့
မလွယ်တဲ့အကြောင်း သတိပေးချင်တဲ့ စေတနာပါ။ )
ဘယ်သူကမှ ဒီမိုကရေစီမပေးပါဘူး။ ဘယ်သူ့ဆီမှာမှလည်း ပေးစရာ ဒီမိုကရေစီ မရှိပါဘူး။
တပ်မတော်ကလည်းမပေးနိုင်သလို ပြည်ခိုင်ဖြိုးပါတီကလည်းမပေးနိုင်ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းမပေးနိုင်သလို
ဒေါ်စုလည်းမပေးနိုင်ပါဘူး။
ဒီမိုကရေစီဆိုတာ တည်ဆောက်ပြီးလေ့ကျင့်ယူမှ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့စနစ်ပါ။ တစ်စုံတစ်ယောက်က ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ
ရော့အင့်ဆိုပြီးပေးလို့ လူထုကရရှိပိုင်ဆိုင်နိုင်တဲ့ ပဒေသာပင်ကြီးမဟုတ်ပါ။
လူထုကိုယ်တိုင်က အသိတရားနဲ့ယှဉ်ပြီးလေ့ကျင့်ပျိုးထောင်ယူရမယ့်
စနစ်တစ်ခုမျှသာဖြစ်ပါတယ်။
အခုဆိုရင် အာဏာရှင်စနစ် ပျောက်ကွယ်ခါစ
အရပ်သားပုံစံအစိုးရသစ်တစ်ခု အုပ်ချုပ်လာတာ သက်တမ်းတစ်ခု
ကုန်လုလုအချိန်ကိုရောက်လာခဲ့ပေမယ့် ကျနော်တို့
ဒီမိုကရေစီရဲ့အရိပ်အယောက်မမြင်ရသေးပါဘူးလို့
အားနာနာနဲ့ပဲ
ပြောရမယ်ထင်ပါတယ်။ လူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု
မရှိသေးသလောက်အနေအထားဖြစ်နေတာမို့ပါ။၁။လက်ရှိအပြောင်းအလဲကို
ယုံကြည်စိတ်ချရန် လူထုက မဝံ့မရဲဖြစ်နေခြင်း
၂။
အာဏာရှင်စနစ်ဆိုးများအောင်
နှစ်ပေါင်းများစွာကျင်လည်နေထိုင်ခဲ့ရခြင်းကြောင့် ဒီမိုကရေစီနဲ့ဆိုင်တဲ့
အသိပညာနဲ့အလေ့အထများကို လူထုက သိရှိနားလည်ရန် လိုအပ်နေသေးခြင်း
ဆိုတဲ့ အဓိက အကြောင်းရင်းနှစ်ခုကြောင့် ဒီမိုကရေစီ ဝေးနေဦးမှာပဲလို့ သေချာပေါက် ပြောလို့ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်စုသမ္မတ တာဝန်ထမ်းဆောင်ဖို့ အများစုက
ဆန္ဒရှိနေတယ်လို့မှတ်ယူရပြီး ဒေါ်စု သာသမ္မတ ဖြစ်ရင်ငါတို့တော့
ဒီမိုကရေစီရပြီလို့လဲ တော်တော်များများကတလွဲ ယူဆနေကြပါတယ်။
လက်ရှိသမ္မတ ဦးသိန်းစိန်ဆက်လက်တာဝန်ယူရင် ဒီမိုကရေစီအခြေခိုင်မယ်လို့ယူဆသူတွေလည်းရှိပါတယ်။
ဒီယူဆချက်ကို စွဲကိုင်ထားခြင်းအားဖြင့် ဒေါ်စုသမ္မတဖြစ်ခဲ့ရင် တော်တော် ခက်ခက်ခဲခဲပြသနာတွေရင်ဆိုင်ရဖို့ရှိပါတယ်။
ဒေါ်စု လက်ထက်မှာ အရာခပ်သိမ်းပြည့်စုံမယ်လို့မှတ်ယူထားကြသူများ၊ လက်၇ှိသမ္မတ
ဆက်လုပ်မှ ပြည့်စုံမယ်လို့ယူဆကြသူများ ရှိနေပြီး အမှန်တစ်ကယ်က
ရွေးကောက်ပွဲသက်တမ်းနှစ်ခုလောက်နဲ့ နှစ်ပေါင်းမြောက်များစွာအမြစ်တွယ်ခဲ့တဲ့
အာဏာရှင်စနစ်ကွယ်ပျောက်စ လူ့ဘောင်တစ်ခုကို စီးပွားရေးအရ
ချက်ချင်းလက်ငင်းချမ်းသာအောင် ဘယ်သူကမှ စွမ်းဆောင်ပေးနိုင်မှာ မဟုတ်သလို
နိုင်ငံရေးအရလည်းခေတ်ကောင်းစနစ်ကောင်းတစ်ခုကို
ဥုံဖွဆို မန်းမှုတ်ပြီး
တည်ဆောက်ပေးလို့မရနိုင်တဲ့အကြောင်းကြိုတင်နားလည်လက်ခံထားမှသာ ၂၀၁၅ အလွန်
မြန်မာနိုင်ငံတော်သစ်ံတည်ဆောက်ရေးလုပ်ငန်းကြီး
တည်တည်ငြိမ်ငြိမ်နဲ့ခရီးဆက်နိုင်ပါလိမ့်မယ်။
လူထုခေါင်းဆောင် က
နိုင်ငံတော်အကြီးအကဲဖြစ်တာနဲ့ လူထုကလည်းလုံးဝ လွတ်လပ်ပြီး
တမုဟုတ်ချင်းတိုးတက်ပြီလို့မှတ်ယူထားကြရင် မှားပါလိမ့်မယ်။
ကျနော်တို့နိုင်ငံမှာ ဖြေရှင်းရမယ့်ပြသနာတွေကလည်းတစ်ပုံတစ်ခေါင်း၊
ပြန်လည်တည်ဆောက်ရမယ့်ကိစ္စတွေကလည်းကဏ္ဍစုံမှာ ရှိနေတဲ့အပြင် လူထုရဲ့ Mindset
လို့ခေါ်တဲ့ တွေးခေါ်မြော်မြင် ခံယူချက်သဘောထားတွေကို
ပြောင်းပြန်လှန်ပစ်နိုင်ဖို့ကလည်း
တော်တော်ကြီးခဲခဲယဉ်းယဉ်းလုပ်ကြရပါလိမ့်ဦးမယ်။ ခုရေတွင်းတူး
ခုရေကြည်သောက်လို့မရနိုင်ပါ။ လူထုကြားထဲမှာ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့
သဘောတရားက အခိုင်အမာအမြစ်တွယ်နေခဲ့တာကြပြီဖြစ်ပါတယ်။
ပတ်ဝန်းကျင်ဘာဖြစ်ဖြစ် နိုင်ငံရေးတွေ လူမှုရေးတွေအသာထား
ငါကောင်းစားဖို့အဓိကဆိုတဲ့သူက ခပ်များများဖြစ်နေတယ်ဆိုတာ ကျနော်တို့
အရင်ဆုံးဝန်ခံဖို့လိုပါတယ်။
လမ်းပေါ်မှာ ကားတွေ
တစ်စီးကိုတစ်စီးအလုအယက်ကျော်တက်နေကြတာ၊ ကိုယ့်စိတ်ကြိုက်လုပ်လို့မရတိုင်း
တစ်ယောက်နဲ့တစ်ယောက် မကြားဝံ့မနာသာ အော်ဟစ်ဆဲဆိုနေကြတာ၊ကွမ်းတံတွေးထွေးတာ၊
အမှိုက်ပစ်တာ၊စည်းကမ်းမဲ့ဈေးရောင်းတာ၊ပညာရေးစနစ်ဘယ်လိုကောင်းအောင်ပြုပြင်နေပါတယ်ပဲပြောပြော
လောလောဆယ် အတန်းပိုင်ဆရာမဆီ ကျူရှင်အပ်မှ အဆင်ပြေနေသေးတာ၊တက္ကသိုလ်အဆင့်
ဆိုတဲ့ကျောင်းသားကလေးတွေ လမ်းဘေးမှာ ဖဲထိုင်ရိုက်နေကြတာ၊ဘတ်စ်ကားတွေ
ရထားတွေပေါ် လေလွင့်နေကြတာ၊ ကောင်းမွန်သောအုပ်ချုပ်ရေး သန့်ရှင်းသောအစိုးရ
ဖြစ်အောင်အလုပ်မယ်လို့ဘယ်လိုပြောနေပြောနေ ဝန်ထမ်းတွေအကျင့်ပျက်တာကိုအစိုးရက
မနိုင်သေးတာ၊
ငွေများတရားနိုင်ဖြစ်နေတာ၊ ဘာသာရေးအရေခြုံပြီး
ကိုယ်ကျိုးရှာ သာသနာဖျက်နေကြတာ၊ ဆေးရုံသွားလို့မှ ကုပေးဖို့ဆေးမရှိသေးတာ၊
ဆရာဝန်တွေ တချို့( တချို့ဆိုတာ တော်တော်များများပါ။
)ငွေနောက်ပဲလိုက်နေကြတာ၊
အမြတ်မတရားယူပြီး ရောင်းဝယ်ဖောက်ကားနေကြတာ ပြောရရင် မိုးမဆုံးလေမဆုံးပါ။အခုထက်ထိလည်းပြင်ဖို့မပြောနဲ့တုပ်တုပ်တောင်မလှုပ်သေးပါဘူး။
ဒါတွေအားလုံးက Mindset ဆိုတဲ့ လူထုတစ်ရပ်လုံးရဲ့ ခံယူချက်သဘောထားတွေ
ပြောင်းပြန်လှန်မှ ရမယ့်ကိစ္စတွေချည်းဖြစ်ပါတယ်။ အဲသလို ပြောင်းပြန်လှန်ပြီး
မပြုပြင်သရွေ့ ဘာဒီမိုကရေစီမှ မရနိုင်ပါ။ အဲသလိုပြောင်းပြန်လှန်ပြီး
ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့ အခုအချိန်ထိ ဘာမှမလုပ်ကြရသေးပါဘူး။ ဒီတော့
၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူကပဲနိုင်လို့ အစိုးရဖွဲ့ဖွဲ့
ဘာဒီမိုကရေစီမှမရနိုင်သေးဘူးဆိုတာ ခုကတည်းက ကြိုတွေးထားသင့်ပါတယ်။ လူထုကနေ
အသိတရားရှိရှိနဲ့ မိမိတို့အကျိုးအတွက် တစ်နည်းအားဖြင့်
ဒီမိုကရေစီရရှိဖို့အတွက် ကြိုးစားအားထုတ် ပြုပြင် ပြီး
ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အလေ့အကျင့်ကောင်းတွေကို လေ့ကျင့်ကြလို့ လူထုထဲကနေ
တဖြည်းဖြည်း ပေါ်ထွက်လာပြီး လူ့ဘောင်အဖွဲ့အစည်းရဲ့ပုံရိပ်က တောက်ပြောင်လာရင်
ဒီမိုကရေစီကို ကျနော်တို့မျှော်မှန်းလို့ရပြီလို့ဆိုနိုင်မှာဖြစ်ပါတယ်။
အခုလောလောဆယ်မှာ တချို့ပြောနေရေးနေကြတာတွေရှိပါတယ်။
ဒီမိုကရေစီအစိုးရသာဆိုတယ် ဟိုဟာလည်းမရဘူး၊ဒီဟာလည်းမဖြစ်ဘူး စသဖြင့်
ပြောနေရေးနေကြတာတွေရှိပါတယ်။ဒီမိုကရေစီ ရလိုရငြား အစိုးရက
ပြုပြင်လိုပြုပြင်ငြား
စေတနာအလျောက်ရေးနေပြောနေကြတာတော့အမှန်ဖြစ်ပါတယ်။ဒါပေမယ့်နည်းလမ်းကတက်တက်စင်လွဲနေပါတယ်။အမှန်တော့
အခုအစိုးရဟာ ဒီမိုကရေစီအစိုးရမဟုတ်ပါ။ အာဏာရှင်စနစ်ကနေ
အသွင်ပြောင်းယူထားတဲ့ အသွင်ကူးပြောင်းရေးကာလအစိုးရ ( Trisitional
Government ) သာလျှင်ဖြစ်ပါတယ်။ သူ့ကို
ဒီမိုကရေစီစံနှုန်းတွေနဲ့တိုင်းလို့မရပါဘူး။ ၂၀၁၀ ရွေးရောက်ပွဲကိုက
ငြင်းစရာခုံစရာတွေနဲ့ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအာဏာရပါတီနဲ့ တပ်က
သူတို့နိုင်ငံရေးအမြင်နဲ့သူတို့ ကောင်းမယ်ထင်လို့
နိုင်ငံတော်ကိုအတည်ငြိမ်ဆုံးနည်းနဲ့
အပြောင်းအလဲလုပိဖို့ဒီနည်းအကောင်းဆုံးပဲလို့ ယူဆလို့
လုပ်ခဲ့တဲ့အပြောင်းအလဲသာဖြစ်ပါတယ်။
သူတို့ကို မှန်တယ်လို့
မပြောနိုင်ပေမယ့်
လုံးဝမှားတယ်လို့လည်းမျက်စိမှိတ်ပြောနေလို့အလုပ်မဖြစ်ပါဘူး။ အခုကာကဟာ
အရင်အာဏာရှင်အစိုးရရဲ့ ဖြေလျော့ပေးမှု Liberalization
ကာလသာဖြစ်ပြီးဒီမိုကရေစီဖြစ်ဖို့က အဝေးကြီးလို့ပြောချင်ပါတယ်။အစိုးရကကော
တပ်ကပါ ဒီအချက်ကို ခနခနထုတ်ပြောတာရရှိပါတယ်။ဒီမိုကရေစီဖြစ်ပြီလို့
သူတို့လည်းမပြောပါဘူး။
ဒီတော့
လက်ရှိအခြေအနေကိုပါးပါးနပ်နပ်နဲ့အကောင်းဆုံးအသုံးချပြီးကြိုးစားအားထုတ်မှုမပြုကြရင်
ဒီမိုကရေစီ ဝေးနေဦးမှာပါ။ ဒီမိုကရေစီဆိုတာ
လူထုအခြေပြုအုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။
ကျနော်တို့လူထု အခု ဒီမိုကရေစီ
အသိမရှိသေးတာ လူထုအပြစ်လုံးဝမဟုတ်ပါ။
နှစ်ငါးဆယ်အမှောင်ခေတ်ကိုဖြတ်သန်းထားရတာပါ။ဒါပေမယ့် တစ်ယောက်ယောက်က
အလုံးစုံပြည့်စုံတဲ့နိုင်ငံကြီးဖြစ်အောင်အတည်ဆောက်ပေးမလားလို့
တစ်မျှော်ထဲမျှော်နေရင်တော့ မှားပါလိမ့်မယ်။ အစိုးရက ဥပဒေတွေ စနစ်တွေကို
အကောင်းဆုံးဖြစ်အောင်ပြဌာန်းပေး ပြင်ဆင်ပေးဖို့ တာဝန်ရှိသလို
လူထုကလည်းကိုယ့်ကြမ္မကိုယ်ဖန်တီးဖို့
လုပ်ကြရပါတော့မယ်။ရွေးကောက်ပွဲလုပ်လို့ကိုယ်ကြိုက်တဲ့ပါတီမဲပေးလိုက်ရင်
ငါတို့တာဝန်ကျေပြီလို့ မှတ်ယူထားလို့မရပါ။ ဒီထက်မက ကြီးမားတဲ့တာဝန်တွေ
လူထုမှာရှိပါတယ်။ ဒီမိုကရေစီဆိုတာလူထုအတွက် အခွင့်အရေးများနဲ့အတူ
လူထုထမ်းဆောင်ရမယ့်
တာဝန်တွေလည်းတစ်ပုံတစ်ပင်ရှိတယ်ဆိုတာ
သိရှိနားလည်ကြဖို့လိုပါတယ်။ စုတ်ပြတ် နေတဲ့
အောက်တန်းနောက်တန်းကျနေတဲ့တိုင်းပြည်တစ်ခုကို လူစဉ်မှီအောင် ချမ်းသာအောင်
တိုးတက်အောင် ထူထောင်ဖို့ စိတ်ကူးယဉ်နေလို့မရပါ။
အားလုံးကတက်ညီလက်ညီ
အားထုတ်ကြရပါလိမ့်မယ်။ မသိတာကိုသိအောင် လုပ်ရပါမယ်။
ဒီမိုကရေစီနဲ့ပတ်သက်တဲ့အခြေခံသဘောတရားတွေ လူထုသိရပါမယ်။ အစိုးရ၊
အတိုက်အခံနဲ့အတူ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ အထူးသဖြင့်မီဒီယာများက
လူထုရဲ့နား မျက်စိကိုဖွင့်ပေးဖို့လုံးဝတာဝန်ရှိပါတယ်။
လူထုကလည်းနားမျက်စိတွေဖွင့်ထားကြဖို့တာဝန်ရှိပါတယ်။ကြိုးစားဖို့တာဝန်ရှိပါတယ်။
ပြုပြင်ပြောင်းလဲရေးကို အစိုးရလည်းလုပ် လူထုလည်းလုပ်မှသာ ဒီမိုကရေစီ
ဖြစ်နိုင်ပါလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းပြောဖူးတာလူတိုင်းသိပြီးသားပါ။
သူများနောက်ကျနေတဲ့တိုင်းပြည်၊ သူများတစ်လှမ်းဆို ကိုယ်က
လေးငါးဆယ်လှမ်းလှမ်းနိုင်မှ ၊ကုန်းလုပ်နိုင်မှ ကြုံးလုပ်နိုင်မှ
ရမှာပါ။ဗိုလ်ချုပ်မိန့်ခွန်းလာရင် လက်ခုပ်သြဘာပေးတတ်ကြပေမယ့် လက်တွေမှာတော့
ကျနော်တို့လူုတွေ ပျင်းကြောဆွဲနေကြတုန်းလို့ပြောပါရစေ။ မြန်မာလူထု
နိုးထဖို့အချိန်တန်ပါပြီ။ နိုင်ငံရေးသမားတွေဆိုတာ ဖောက်ပြန်တတ်တဲ့သူတွေ
အစဉ်အမြဲရောနှောနေတတ်တယ်ဆိုတာ သတိပြုပါ။ လူထုဆိုတာ
ကိုယ့်တိုင်းပြည်ကိုတာဝန်ယူအုပ်ချုပ်မယ့်သူတွေကို
မဲထည့်ရွေးချယ်တင်မြှောက်ပေးလိုက်ရုံနဲ့မပြီးပါဘူး။မျက်လုံးဒေါက်ထောက်စောင့်ကြည့်ကြဖို့
တာဝန်လည်းရှိပါတယ်။
လူထုဘက်က ပြုပြင်စရာရှိတာတွေလည်း
အင်တိုက်အားတိုက်ပြုပြင်ရပါမယ်။ အမျိုးသားရေးစိတ်ကိုမွေးရပါမယ်။
ကိုယ့်အတ္တအကျိုးကို လူ့ဘောင်အဖွဲ့အစည်းအကျိုးစီးပွားနဲ့ယှဉ်ပြီးစားတွေးခေါ်
လုပ်ကိုင်ကြဖို့အချိန်တန်ပြီဖြစ်ပါတယ်။
လူထုက နိုးကြးထကြွ လုံ့လ
စိုက်ထုတ်မှုမရှိရင် ဘယ်တော့မှ ဒီမိုကရေစီမရပါဘူး။ လူထုက စနစ်ကို
ဝိုင်းဝန်းတည်ဆောက်ဖို့လိုအပ်သလို
ဝိုင်းဝန်းထိန်းသိမ်းဖို့လည်းတာဝန်ရှိပါတယ်။ဘယ်သူက ဒီမိုကရေစီပေးမလဲ
လို့မျှော်လင့်နေမယ့်အစား ဘယ်သူအာဏာရရင်
ဒီမိုကရေစီရပြီလို့တွေးတောယူဆနေကြမယ့်အစား လူထုကိုယ်တိုင်က
ဒီမိုကရေစီအခြေခံသဘောတရားတွေကို
သိအောင်အားထုတ်ပြီးလက်တွေ့ကျကျကျင့်ကြံကြပါ။ ပြင်စရာရှိတာတွေပြင်ပြီး
တည်ဆောက်စရာရှိတာတွေကိုအတူတကွ စည်းလုံးညီညွတ်တဲ့စိတ်နဲ့
ဝိုင်းဝန်းတည်ဆောက်ကြပါ။အာဏာရှင်စနစ်
ခေါင်းထောင်မလာဖို့လည်းအသိတရားမြင့်မားတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရကို
ကိုယ်တိုင်ကိုယ်ကျ ထိမ်းသိန်းစောင့်ရှောက်ကြတဲ့လူထုကသာ တတ်နိုင်ပါတယ်။
ကမ္ဘာတလွှား ဘယ်နိုင်ငံမှာမှ ဘယ်နိုင်ငံရေးခေါင်းဆောင်ကမှ ဒီမိုကရေစီ
မပေးနိုင်ပါ။ အစိုးရဆိုတာ စနစ်တွေကောင်းအောင်တည်ဆောက်ပေးနိုင်ရုံကလွဲလို့
တိုင်းပြည်တစ်ခု စီးပွားရေးလူမှုရေးနိုင်ငံရေး တိုးတက်အောင်
စနစ်ကောင်းတစ်ခု ပေါ်ပေါက်ပြီးရေရှည်တည်တံ့အောင် တစ်ကယ်တမ်း
စွမ်းဆောင်နိုင်တာ လူထုကိုယ်တိုင်သာဖြစ်ပါကြောင်း။ ။
ပိုက်တင်
No comments:
Post a Comment